ကုချင်း၀မ် ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ခြံဝင်းအတွင်းရှိ ကြီးမားလှသော ပါးကွရှစ်ကွက်မီးဖိုကြီးကို လှမ်းမြင်လိုက်ရပြီး လုချန်၏ စိတ်ထဲက ညည်းညူမြည်တမ်းသံများကိုလည်း ကြားလိုက်ရသည်။
သို့သော်လည်း သူမက ယခုမှ ရောက်လာခြင်းဖြစ်ပြီး ရှေ့ပိုင်းစကားများကို သဲသဲကွဲကွဲ မကြားလိုက်ရဘဲ နောက်ဆုံးစာကြောင်းနှစ်ကြောင်းကိုသာ ကြားလိုက်ရခြင်း ဖြစ်၏။
ယခုအချိန်တွင် ကုချင်း၀မ်အနေဖြင့် လုချန်၏ ထိုစကားနှစ်ကြောင်းက ဘာကိုဆိုလိုသည်ကို တွေးတောရန် အချိန်မရှိခဲ့ဘဲ ထိုကြီးမားလှသော ပါးကွရှစ်ကွက်မီးဖိုကြီးထံသို့သာ အာရုံစိုက်မိသွားတော့သည်။
သူမ စောစောက ရောက်လာစဉ်တုန်းက ယောင်ချီသန့်စင်နယ်မြေအတွင်း၌ အလွန်တရာ လေးလံဆန်းကြယ်ပြီး ရှေးဟောင်းဆန်လှသော အရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်ကို ခံစားလိုက်ရခြင်း ဖြစ်၏။
ဒီလိုသော လေးလံထည်ဝါလှသည့် ခံစားချက်မျိုးက လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကတည်းက တောင်ပိုင်းကျန့်ကျိုးတွင် အင်အားအကြီးဆုံးဖြစ်ခဲ့သော ကုချင်း၀မ်ကိုပင် ထိုခန့်ညားထည်ဝါလှသည့် အရှိန်အဝါကို သတိပြုမိသွားစေသည်အထိ ဖြစ်စေခဲ့သည်။
‘ဒါက ဘာလဲ…’
ကုချင်း၀မ် မျက်ခုံးအနည်းငယ် ပင့်သွားပြီး ကောင်းကင်ယံတွင် ခဏမျှ မှင်တက်ရပ်တန့်နေခဲ့ပြီးနောက် နောက်ဆုံးတွင် ခြံဝင်းထဲသို့ အသာအယာ ဆင်းသက်လိုက်တော့သည်။
ထို့နောက် သူမ ရောက်ရှိလာသည်ကို လုံးဝ သတိမထားမိဘဲ ခေါင်းငုံ့ကာ ဟင်းချက်ရာတွင် အလုပ်ရှုပ်နေသော လုချန်ကို စိုက်ကြည့်လိုက်၏။
ကုချင်း၀မ် ချောင်းတစ်ချက် ဟန့်လိုက်ပြီးနောက် ခပ်တိုးတိုး မေးလိုက်သည်...
“ဟင်းချက်နေတာလား”
လုချန် ထိုအသံကို ကြားလိုက်ရသောအခါ လန့်ဖျတ်သွားရသည်။ ခေါင်းမော့ကြည့်လိုက်ရာ ကုချင်း၀မ်သည် သူ့ရှေ့တွင် ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။
ယနေ့တွင် ကုချင်း၀မ်သည် စိမ်းဖြူရောင် ဝတ်ရုံတစ်စုံကို လဲလှယ်ဝတ်ဆင်ထားခဲ့သည်။
မနေ့က ဝတ်ဆင်ထားသော ခန္ဓာကိုယ်အလှကို ပေါ်လွင်စေသည့် ဝတ်စုံကဲ့သို့ ဆွဲဆောင်မှုမျိုး မရှိသော်လည်း သူမသည် ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပနေဆဲပင် ဖြစ်၏။
သူမ၏ ထူးကဲလှပသော မျက်နှာသွင်ပြင်အောက်တွင် မျက်ဝန်းအစုံမှာ ကြည်လင်သော ဆောင်းဦးရေပြင်ကဲ့သို့ ရှိနေပြီး ကြည့်လိုက်သည့် စက္ကန့်တိုင်းတွင် စွဲမက်ဖွယ် ကောင်းလှပေသည်။
သူမ၏ စိမ်းဖြူရောင် ဝတ်ရုံသည် နံနက်ခင်း နေရောင်ခြည်အောက်တွင် မှိန်ဖျော့ဖျော့ ဝေဝါးသော အလင်းရောင်များဖြင့် တောက်ပနေခဲ့၏။
သူမ၏ ဆံနွယ်များကို အမှတ်မထင် ပင်အပ်ဖြင့် ထိန်းထားခြင်းက သူမအား ကျေးလက်ဆန်ပြီး ကျော့ရှင်းလှပသော အလှတရားမျိုးကို ပေးစွမ်းနေသည်။
သူမ၏ လောကလွန်ဆန်သော အရှိန်အဝါနှင့်အတူ ကုချင်း၀မ်သည် ပန်းချီကားတစ်ချပ်ထဲမှ ထွက်ပေါ်လာသည့် နတ်ဘုရားမတစ်ပါးကဲ့သို့ ရှိနေပြီး လောက၏ ဖုန်မှုန့်တစ်စိမျှပင် သူမအား မထိတွေ့နိုင်သကဲ့သို့ ထင်မှတ်ရပေသည်။
လုချန်သည် သူမကို ငေးကြည့်ရင်း တံတွေးကို အသာအယာ မျိုချလိုက်မိတော့၏။
【ဒီအဘွားကြီးက တကယ်ကို ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှတာပဲ...】
ကုချင်း၀မ် ကြောင်အမ်းသွားရသည်။ လုချန်၏ အတွေးကို ကြားလိုက်ရသောအခါ သူမ စိတ်လည်းတိုမိသလို ရယ်လည်းချင်မိသွား၏။
သူမ ရယ်ချင်မိရခြင်းမှာ ဒီကောင်စုတ်လေးက... တစ်ခါလောက်တော့ စကားကောင်း ပြောတတ်၍ ဖြစ်သည်။ သို့သော် ဒေါသထွက်ရခြင်းမှာမူ... သူက ‘အဘွားကြီး’ ဟု ထပ်ပြီး ခေါ်လိုက်ပြန်ခြင်းကြောင့်ပင်။
မင်းအနေနဲ့ ကောင်းကောင်းမွန်မွန်လေးပဲ ချီးမွမ်းလို့ မရဘူးလား…
တကယ်ကို စိတ်တိုဖို့ကောင်းလိုက်တာ…
သို့သော်လည်း ကုချင်း၀မ်သည် မနေ့ကတည်းက သည်းခံခဲ့ပြီးဖြစ်သည့်အပြင် ယနေ့တွင် လုချန်က သူမကို ချီးမွမ်းစကား ဆိုခဲ့သဖြင့် မနေ့ကကဲ့သို့ ဒေါသတကြီးဖြင့် သေလုမတတ်တော့ မဖြစ်ခဲ့ချေ။
လုချန်သည် ကုချင်း၀မ် ဘာတွေးနေသည်ကို မသိပါချေ။ သူ သတိပြန်ဝင်လာပြီးနောက် သူမကို အနည်းငယ် ကြောင်တောင်တောင်ဖြင့် ကြည့်ကာ မေးလိုက်သည်...
“ဧကရီ... ကျင့်ကြံခြင်းလုပ်ဖို့အတွက် ဒီလောက်တောင် စောစောစီးစီး လာခဲ့တာလား”
ကောင်းကင်ကြီးရေ... အခုမှ နံနက်အစောပိုင်းပဲ ရှိသေးတယ်။ နေမင်းက အခုမှ ထွက်ပြူရုံရှိသေးတာကို သူမက ဘာလို့ ငါ့အိမ်တံခါးဝအထိ တန်းရောက်လာရတာလဲ။
ဒါက စောလွန်းလှချည်လား။
ကုချင်း၀မ်သည် ခြံဝင်းငယ်လေးအတွင်းရှိ အဆောက်အဦးများကို အသာအယာ အကဲခတ်လိုက်ပြီးနောက် ကြိမ်ကုလားထိုင်တစ်ခုဆီသို့ လျှောက်သွားကာ ထိုင်လိုက်သည်။ သူမ လက်ကို အသာအယာ ဝှေ့ယမ်းကာ ပြောလိုက်လိုက်၏...
“မဟုတ်ပါဘူး... ငါ အချို့သော ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ဒီဘက်ကို မတော်တဆ ဖြတ်လာမိတာနဲ့ မင်းကို လာကြည့်တာပါ မင်းဘာသာမင်း အလုပ် ဆက်လုပ်ပါ... အလောတကြီး လုပ်စရာမလိုပါဘူး”
တကယ့်လက်တွေ့မှာတော့... ကုချင်း၀မ်အနေဖြင့် နောက်ထပ် မစောင့်ဆိုင်းနိုင်တော့ခြင်း ဖြစ်၏။
မနေ့ညနေကတည်းကနေ ယနေ့နံနက်အထိ ကုချင်း၀မ်သည် ယောင်ချီ၏ သန့်စင်မြေ လက်ရှိဂိုဏ်းချုပ် နှင့် အဓိက စကားပြောဆိုခဲ့ပြီး တောင်ပိုင်းကျန့်ကျိုး၏ လက်ရှိအခြေအနေကို နားလည်အောင် လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်...မည်သည့်ဂိုဏ်းက အင်အားအကြီးဆုံးလဲ... မည်သူက အစွမ်းထက်ဆုံးလဲ ဆိုသည်ကို ဖြစ်၏။
သူမ တံခါးပိတ်ကျင့်ကြံနေခဲ့သည့် နှစ်ပေါင်းတစ်သောင်းအတွင်း မည်သည့်အရာများ ပြောင်းလဲသွားသည်ကို သိရှိလိုခြင်း ဖြစ်သည်။
သူမ အရာအားလုံးကို နားလည်သွားပြီးနောက်တွင်မူ ကုချင်း၀မ်အတွက် အခြားလုပ်စရာ ကိစ္စမရှိတော့ချေ။
ကျင့်ကြံခြင်းနှင့် ပတ်သက်၍မူ ကုချင်း၀မ်သည် ဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သာမန်ကျင့်ကြံခြင်းက သူမအတွက် များစွာ အကျိုးသက်ရောက်မှု မရှိတော့ပေ။
ဒါ့အပြင် သူမ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခါစသာ ရှိသေးသည့်အပြင် ခန္ဓာကိုယ်ထဲက နှလုံးသားမိစ္ဆာ ကိစ္စကြောင့်လည်း စိတ်အေးလက်အေးဖြင့် မကျင့်ကြံနိုင်ဘဲ ရှိနေရသည်။ ထို့ကြောင့် စဉ်းစားပြီးနောက် ကုချင်း၀မ်သည် ဒီနေရာသို့ လာရောက်ကာ လုချန်ကို ရှာဖွေရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
လုချန် ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်လိုက်ပြီး ကုချင်း၀မ်ကို ကြည့်ကာ ပြောလိုက်သည်...
“ဒါဆိုရင် ဧကရီ... ကျွန်တော်မျိုး မနက်စာ ချက်နေတာမို့လို့ နည်းနည်းလောက် သုံးဆောင်မလား ”
ကုချင်း၀မ်သည် ဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဒီလိုသော သာမန်လူသားတို့၏ အစားအစာများကို စားသုံးရန် မလိုအပ်တော့ချေ။
ဒါ့အပြင် သာမန်အစားအစာများထဲတွင် ပါဝင်သော အညစ်အကြေးများကို ပြန်လည် သန့်စင်ဖယ်ရှားရန်အတွက် အချိန်ပေးရမည်ဖြစ်ရာ ၎င်းက ကျင့်ကြံသူတစ်ဦးအတွက် အကျိုးထက် အရှုံးက ပိုများလှပေသည်။
ကုချင်း၀မ် မျက်နှာသေဖြင့် မိန့်လိုက်၏...
“ဒီလို အရာတွေကို စားတာက ကျင့်ကြံခြင်းအတွက် ဘာမှ အကျိုးမရှိဘူး။ မင်း ယောင်ချီသန့်စင်နယ်မြေမှာ ဆယ်နှစ်ကြာအောင် နေထိုင်ခဲ့ပြီးတာတောင် သာမန်လူသားခန္ဓာကိုယ်အဖြစ်ပဲ ကျန်ရှိနေရတဲ့ အကြောင်းရင်းက မင်းရဲ့ ပါးစပ်ကို မထိန်းချုပ်နိုင်လို့ပဲ”
ကုချင်း၀မ်သည် လုချန်က သာမန်လူသားတစ်ဦးကဲ့သို့ ဟန်ဆောင်ကာ အစွမ်းထက်သူများကို လှည့်စားရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိထားပြီးဖြစ်သည်...
ဒီအချက်ကို မနေ့ကတည်းက သူမ အတိုင်းသား ကြားခဲ့ရပြီး ဖြစ်၏။ ဒါပေမဲ့ မင်းက သာမန်လူသားအဖြစ် ဟန်ဆောင်နေရင်တောင်မှ တကယ်ကြီး သာမန်လူသားတစ်ယောက်လို ဖြစ်သွားလို့ မရဘူး မဟုတ်လား ဘာလို့ ဘာမှလုပ်စရာမရှိတိုင်း အစားပဲ စားနေရတာလဲ။
လုချန်သည် ကုချင်း၀မ်၏ စကားကြောင့် အံ့အားသင့်သွားရသည်။ မျက်နှာပြင်ပေါ်တွင်မူ သူသည် နာခံတတ်သော ပုံစံမျိုးဖြင့် အလျင်အမြန်ပင် ပြောလိုက်၏...
“မှန်လှပါ... မှန်လှပါ… နောင်အနာဂတ်ကျရင် ကျွန်တော်မျိုး သေချာပေါက် နည်းနည်းပဲ စားပါတော့မယ် ”
သို့သော် သူ၏ စိတ်ထဲတွင်မူ လုချန် အလွန်ပင် မကျေမနပ် ဖြစ်နေခဲ့သည်။
【ငါက သာမန်လူသားလေ ဟုတ်ပြီလား သာမန်လူသားက မစားရင် ငတ်သေမှာပေါ့ ဒီအရူးမက လူတိုင်းကို သူ့လို မဟာဧကရာဇ် ထင်နေတာလား】
လုချန်၏ အတွေးကို ကြားရသောအခါ ကုချင်း၀မ်သည် မျက်နှာအမူအရာ မပျက်ဘဲ တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ လုချန်ကို အကြိမ်ပေါင်း သောင်းချီ၍ ကျိန်ဆဲနေခဲ့၏။
’တကယ့်ကို ကျေးဇူးကန်းတဲ့ ကောင်စုတ်လေးပဲ... ငါ မင်းကို ဂရုမစိုက်တော့ဘူး’
ချက်ချင်းပင် စိတ်ကောက်သွားသကဲ့သို့ ကုချင်း၀မ် လုချန်ဘက်သို့ လှည့်မကြည့်တော့ချေ။
ကုချင်း၀မ်နှင့် စကားပြောပြီးနောက် လုချန် ဟင်းချက်ရန် အလျင်အမြန် ပြင်ဆင်လိုက်သည်။
ပုံမှန်အားဖြင့် သူ အားနေချိန်များတွင် သူ၏ မနက်စာမှာ ဟင်းပွဲအမျိုးအစား စုံလင်လှသော်လည်း ယခုအခါတွင်မူ ဧကရီတစ်ပါးက အနားတွင် စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်၏။
လုချန် အချိန်ဆွဲရန် မဝံ့ရဲတော့ချေ။ သူသည် ဆန်ပြုတ်ဖြူတစ်အိုးကို အမြန်ပြုတ်လိုက်ပြီး မနေ့ညက ကျန်ရှိသော ဟင်းအကြွင်းအကျန်အချို့ကို ပြန်နွှေလိုက်ကာ ပြီးစီးသွားတော့သည်။
ကုချင်း၀မ်သည် သေချာပေါက် မစားချင်ပါချေ... သို့သော် ထိုနေရာတွင် ခဏမျှ ထိုင်ပြီးနောက်တွင်မူ သူမ ဆက်၍ ငြိမ်မနေနိုင်တော့ပေ။
လုချန်ဟူသော ကောင်စုတ်လေးက ဘာတွေ ချက်နေတာလဲ…
ဘာလို့... ဘာလို့ ဒီလောက်တောင် မွှေးကြိုင်နေရတာလဲ…
ဒါက တကယ်ကို မွှေးလွန်းလှချည်လား…
ဒါက ဆန်ပြုတ်ဖြူတစ်အိုးနဲ့ မနေ့ညက ဟင်းကြွင်းဟင်းကျန်တွေတင် မဟုတ်ဘူးလား... ဒါပေမဲ့... ဘာဖြစ်လို့ ဒီလောက်အထိ မွှေးပျံ့နေရတာလဲ…
ဒါ့အပြင် မွှေးကြိုင်ရုံတင်မကဘဲ ကုချင်း၀မ်၏ ထက်မြက်လှသော ဧကရာဇ်နတ်ဘုရားအာရုံ အရ သူမ ယခင်က တခါမျှ မခံစားဖူးသည့် ဝိညာဉ်စွမ်းအင် အပိုင်းအစတစ်ခုကိုပါ ဖမ်းဆွဲမိလိုက်ခြင်း ဖြစ်သည်။
ထိုဝိညာဉ်စွမ်းအင်မှာ ဧကရီဖြစ်သော သူမပင် တခါမျှ မခံစားဖူးဘဲ အလွန်ပင် ဆန်းကြယ်ကာ စိတ်ကို လန်းဆန်းစေလှပေသည်။
တစ်ညလုံး တောင်ပိုင်းကျန့်ကျိုး၏ အခြေအနေများကို နားထောင်ခဲ့ရခြင်း... သူမ ခန္ဓာကိုယ်ထဲက နှလုံးသားမိစ္ဆာ ကိစ္စနှင့် လုချန်၏ ‘အဘွားကြီး’ ဟူသော ထပ်ခါတလဲလဲ စော်ကားမှုများကြောင့် ကုချင်း၀မ် အနည်းငယ် ပင်ပန်းနွမ်းနယ်ပြီး စိတ်တိုနေခဲ့ရသည်။
သို့သော် ဤဝိညာဉ်စွမ်းအင်များ သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီးနောက်တွင်မူ သူမအတွင်းရှိ မကောင်းသော စိတ်ခံစားချက်များမှာ ချက်ချင်းပင် ပျောက်ကွယ် သန့်စင်သွားခဲ့ရတော့ကာ အလွန်ပင် ဆန်းကြယ်လှပြီး နတ်ဘုရားဆေးလုံးတစ်လုံးနှင့်ပင် နှိုင်းယှဉ်နိုင်ခြေရှိသည်။
ယခုအခါ ကုချင်း၀မ်သည် လုချန် ဘာတွေချက်နေလို့ ဤမျှအထိ မွှေးကြိုင်နေရသလဲဆိုသည်ကို တကယ်ပင် သွားရောက်ကြည့်ရှုချင်စိတ် ပေါ်ပေါက်လာရသည်။
သို့သော်လည်း သူမ၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာအရ ကုချင်း၀မ်သည် ဒီလိုသော ရှက်စရာကောင်းသည့် အပြုအမူမျိုးကို ဘယ်တော့မှ လုပ်ဆောင်မည် မဟုတ်ပေ။
သူမ၏ နတ်ဘုရားအာရုံကို အသုံးပြု၍ ချောင်းမြောင်းစုံစမ်းရန် ဆိုသည်မှာလည်း မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် လုချန်သည် သာမန်လူတစ်ယောက် မဟုတ်ရာ တကယ်လို့ သူမက နတ်ဘုရားအာရုံသုံးပြီး ခိုးကြည့်တာကို လုချန် မိသွားခဲ့မည်ဆိုပါက ဒါက ပို၍ပင် ရှက်စရာ မကောင်းပေဘူးလား။
ဟင်းချက်နေစဉ်အတွင်း လုချန်သည်လည်း ဒီအခြေအနေကို သတိပြုမိလိုက်သည်။ ကုချင်း၀မ်သည် သူ၏ အိုးဆီသို့ ခဏခဏ လှမ်းလှမ်းကြည့်နေခဲ့ခြင်း ဖြစ်၏။ သူမသည် ပွင့်ပွင့်လင်းလင်း မကြည့်ဝံ့ဘဲ ခိုးကြောင်ခိုးဝှက်သာ ကြည့်ရှုနိုင်ရှာသည်။
ဆန်ပြုတ်ဖြူအိုးမှာ မကြာမီမှာတင် အဆင်သင့် ဖြစ်သွားခဲ့ပြီ။ လုချန်သည် တူနှစ်စုံကို ယူလိုက်ပြီး ဆန်ပြုတ်နှစ်ပန်းကန် ပြင်ဆင်လိုက်သည်။ ထို့နောက် မလှမ်းမကမ်းရှိ ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်ကာ သူရှိရာဘက်သို့ တမင်လှည့်မကြည့်ဘဲ နေနေသော ကုချင်း၀မ်ကို လှမ်းကြည့်ကာ ပြောလိုက်၏...
“ဧကရီ... ကြည့်ပါဦး... ကျွန်တော်မျိုး ချက်လို့ ပြီးပါပြီ… နည်းနည်းလောက် သုံးဆောင်ကြည့်ပါဦးလား”
“ဒီအတိုင်း နည်းနည်းလောက် မြည်းစမ်းကြည့်ပြီး ဧကရီရဲ့ တပည့်ဖြစ်သူရဲ့ လက်ရာ ဘယ်လိုရှိလဲဆိုတာ ဝေဖန်ပေးပါဦး”
ကုချင်း၀မ် လုချန်၏ စကားကြောင့် ကြောင်အမ်းသွားရသည်။ မကြာမီမှာပင် သူမသည် တည်ငြိမ်စွာ ထရပ်လိုက်ပြီး အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ရသည့် ပုံစံမျိုးဖြင့် လက်ကို ဝှေ့ယမ်းကာ မိန့်လိုက်တော့၏...
“မင်းက တကယ်ပဲ စိတ်ရှုပ်ဖို့ကောင်းတာပဲ။ ငါ မစားဘူးလို့ ပြောထားရက်နဲ့ မင်းက ထပ်မံ မေးနေသေးတယ်။ ကဲပါ... ကဲပါ... မင်းရဲ့ စေတနာမျက်နှာကို ထောက်ထားပြီး ငါ နည်းနည်းလောက်တော့ မြည်းစမ်းပေးရတာပေါ့”
ကုချင်း၀မ် ထမင်းစားပွဲဆီသို့ လျှောက်လာသည်ကို ကြည့်ရင်း လုချန်သည် တောက်ပသော အပြုံးတစ်ခုကို ပြသလိုက်ပြီး အလျင်အမြန်ပင် ပြောလိုက်သည်...
“ဧကရီက ကျွန်တော်မျိုးဆီ ကြွရောက်ချီးမြှင့်ပေးတာ တကယ်ကို ဝမ်းမြောက်စရာ ကောင်းလှပါတယ်”
【ဟန်ဆောင်မနေပါနဲ့…စားချင်ရင်လည်း စားချင်တယ်ပေါ့…အဘွားလေးရဲ့】
ကုချင်း၀မ်၏ ခြေလှမ်းများ ခဏမျှ တုံ့ဆိုင်းသွားရပြီး သူမ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားခဲ့သည်။ သို့သော်လည်း လုချန်၏ စိတ်ထဲက အတွေးများကို ကြားရပြီးနောက်တွင်ပင် ကုချင်း၀မ်သည် တည်ငြိမ်စွာဖြင့် ထမင်းစားပွဲဆီသို့ ဆက်လက် လျှောက်လှမ်းလာခဲ့၏။
အခြားနည်းလမ်း မရှိတော့ချေ။
လုချန် ချက်ပြုတ်ထားသော စားစရာက တကယ်ကို မွှေးလွန်းလှသည်မဟုတ်ပါလား