ဟမ်…
လုချန်သည် စနစ်က ပြသနေသော "ပါးကွရှစ်ကွက် မီးဖိုကြီး" ဆိုသည့် စာသားကို ကြည့်ကာ ဇဝေဇဝါ ဖြစ်သွားရသည်။ ထိုက်ရှန်းလောင်ကျွင်းရဲ့ မီးဖိုကိုလည်း ပါးကွရှစ်ကွက်မီးဖို လို့ပဲ ခေါ်တာ မဟုတ်ဘူးလား။
သူသည် စဉ်းစားခန်းဝင်ရင်းနှင့်ပင် အခြေအနေကို သိရှိနိုင်ရန်အတွက် သူ၏ခါးတွင် ချိတ်ဆွဲထားသော ချန်ခွန်းအိတ်ကို ဖွင့်ကာ မီးဖိုကြီးကို ထုတ်ယူရန် ပြင်လိုက်တော့သည်။
ချန်ခွန်းအိတ်သည်လည်း ယခုပါးကွရှစ်ကွက်မီးဖိုကဲ့သို့ပင် စနစ် ထံမှ ရရှိထားသော ဆုလာဘ်တစ်ခု ဖြစ်၏။ စနစ်သည် အဆင့်အလိုက် ပေးအပ်ထားသော တာဝန်များကို အောင်မြင်သည့်အခါမျိုးတွင် လုချန်ကို ဒီလိုသော ပစ္စည်းမျိုးစုံ ဆုချလေ့ရှိသည်။
လုချန်အတွက်မူ ချန်ခွန်းအိတ်က အသုံးပြုရသည်မှာ အတော်ပင် အဆင်ပြေလှပေသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ကျင့်ကြံခြင်းမပြုနိုင်ဘဲ ဝိညာဉ်စွမ်းအင် မရှိသဖြင့် ဤကမ္ဘာက ကျင့်ကြံသူများ အသုံးပြုကြသည့် ‘သိုလှောင်လက်စွပ်’ များကို အသုံးပြု၍မရနိုင်ရာ အိတ်ကသာ သူနှင့် အကိုက်ညီဆုံး ဖြစ်နေခြင်းကြောင့် ဖြစ်၏။
ချန်ခွန်းအိတ် သည် သိုလှောင်လက်စွပ်ထက်ပင် ပစ္စည်းများစွာ ပိုမိုဆံ့သော်လည်း အားနည်းချက်တစ်ခုမှာမူ... ကြောင်ကမ္ဘာက ‘ဒိုရေးမွန်’ ၏ ၄ ဖက်မြင် မှော်အိတ်ကပ်ကဲ့သို့ပင် ဖြစ်နေခြင်းဖြစ်ပြီး ပစ္စည်းတစ်ခုခုကို ရှာဖွေလိုလျှင် လက်နှိုက်ကာ အတန်ကြာ မွှေနှောက်ရှာဖွေနေရခြင်း ဖြစ်သည်။
အသိစိတ်တစ်ခုတည်းဖြင့် ပစ္စည်းကို အပြင်သို့ တန်းထုတ်နိုင်သည့် သိုလှောင်လက်စွပ်များကဲ့သို့တော့ မလွယ်ကူလှချေ။
အတန်ကြာ မွှေနှောက်ပြီးနောက် နောက်ဆုံးတွင် လုချန်သည် အိတ်ထဲမှနေ၍ အလွန်တရာ ကြီးမားလှသော ဆေးဖော်စပ်မီးဖိုကြီးကို ဆွဲထုတ်လိုက်နိုင်တော့သည်...၎င်းက ပါးကွရှစ်ကွက် မီးဖိုကြီးပင် ဖြစ်၏
ပါးကွရှစ်ကွက်မီးဖိုကြီးမှာ အလွန်ပင် ကြီးမားလှပြီး လုချန်၏ အိမ်ငယ်လေးနီးပါးခန့် မြင့်မားကာ အမြင့် ၃ မီတာ သို့မဟုတ် ၄ မီတာခန့် ရှိပေလိမ့်မည်။
မီးဖိုကြီးတစ်ခုလုံးသည် တောက်ပြောင်သော အရောင်မရှိဘဲ ရှေးဟောင်းအရှိန်အဝါများဖြင့် မှောင်မည်းနေပြီး နံရံထက်တွင် မီးတောက်အင်းကွက် ပန်းချီကားချပ်များ ထုဆစ်ထားသည်။ မီးဖိုကြီး ထွက်ပေါ်လာရုံမျှဖြင့်တင် လုချန်သည် ကျယ်ပြောလှသော ဟင်းလင်းပြင်ကြီးတစ်ခုလုံး၏ အရှိန်အဝါမျိုးကို ခံစားလိုက်ရရှာ၏။
လုချန်သည် ပါးကွရှစ်ကွက်မီးဖိုကြီးကို တကယ့်လက်တွေ့တွင် တခါမျှ မမြင်ဖူးခဲ့ချေ။
အမှန်တော့ သူ၏ ဗဟုသုတဟူသမျှမှာ ယခင်ဘဝက ၁၉၈၆ ခုနှစ်ထွက် ‘စွန်းဝူခုံး’ ဇာတ်လမ်းတွဲထဲမှ မြင်တွေ့ခဲ့ရခြင်းသာ ဖြစ်သည်။ သို့သော်လည်း ထိုဇာတ်လမ်းတွဲသည် မူရင်းစာအုပ်အတိုင်း ရိုက်ကူးထားခြင်း မဟုတ်ဘဲ သိသိသာသာ ပြုပြင်ထားခြင်း ဖြစ်ရာ ယခုသူ့ရှေ့က မီးဖိုကြီးမှာ တီဗီဇာတ်လမ်းတွဲထဲကနှင့် လုံးဝ မတူညီဘဲ ကွာခြားလှပေသည်။
ဒီလိုသော ခန့်ညားထည်ဝါလှသည့် ဆန်းကြယ်သော အရှိန်အဝါကြောင့် လုချန်ပင် မှင်တက်သွားရရှာ၏။
ဒါက... တကယ်ပဲ နတ်ဘုရား ထိုက်ရှန်းလောင်ကျွင်းရဲ့ ပါးကွရှစ်ကွက်မီးဖိုကြီးများလား။
လုချန် ခဏမျှ စဉ်းစားပြီးနောက် ဆက်၍ အဖြေရှာမနေတော့ပေ။ ဘာပဲဖြစ်ဖြစ် အစွမ်းထက်နေရင် ပြီးတာပဲ မဟုတ်ပါလား
သူသည် ကြီးမားလှသော မီးဖိုကြီးကို ကြည့်ရင်း... ငါ ဆေးလုံးတစ်လုံးလောက် ဖော်စပ်ကြည့်ရင် ကောင်းမလားဟု တွေးလိုက်မိသည်။
အမှန်စင်စစ် လုချန်သည် ဤကမ္ဘာ၏ ဆေးဖော်စပ်နည်းပညာ ကို တတ်မြောက်ထားသည်မှာ ကြာလှပြီ ဖြစ်၏။
ယခင်က စနစ်သည် လုချန်ကို "ဆေးဖော်စပ်ခြင်း စိတ်နှလုံး" ဟုခေါ်သော စာအုပ်တစ်အုပ် ဆုချဖူးပြီး ထိုစာအုပ်ထဲမှ ပညာရပ်အားလုံးကို လုချန် အကြွင်းမဲ့ ကျွမ်းကျင်ထားပြီးသား ဖြစ်သည်။
သို့သော် ပြဿနာတစ်ခုမှာ... သူ တခါမျှ လက်တွေ့မလုပ်ဖူးခြင်း ဖြစ်ပြီး ပျင်းရိ၍ မဟုတ်ဘဲ သူ့တွင်... "မီး" မရှိခြင်းကြောင့် ဖြစ်၏။
လုချန်အနေဖြင့် သာမန်လူသားတို့၏ မီးကို အသုံးပြု၍ ဆေးဖော်စပ်နိုင်သော်လည်း ထိုသို့ဖော်စပ်ထားသော ဆေးလုံးများမှာ အာနိသင် အလွန်နည်းပါးလှပေလိမ့်မည်။
ခေါင်းကိုက်ခြင်း... ဖျားနာခြင်းကဲ့သို့သော သာမန်ရောဂါငယ်လေးများကိုသာ ကုသနိုင်မည် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် စွမ်းအားကြီးမားလှသော ဆေးလုံးများကို ဖော်စပ်ရန်အတွက် အဆင့်မြင့်မားလှသော ကောင်းကင်နှင့်မြေကြီး၏ ရတနာဆေးပင်များကို အသုံးပြုရမည်ဖြစ်ရာ ထိုဆေးပင်များကို သာမန်မီးဖြင့် မည်သို့မျှ ချက်လုပ်၍ မရနိုင်ခြင်းကြောင့် ဖြစ်သည်။
ဥပမာအားဖြင့် ‘နှင်းလမြက်ပင်’ တစ်ပင်ကို ဖော်စပ်လိုပါက လုချန်အနေဖြင့် ယောင်ချီသန့်စင်နယ်မြေတစ်ခုလုံးရှိ သစ်ပင်အားလုံးကို ခုတ်လဲပြီး မီးရှို့ရင်တောင်မှ ထိုမြက်ပင်ကို အရည်ပျော်အောင် လုပ်နိုင်မည် မဟုတ်ပေ။
စစ်မှန်သော ဆေးဖော်စပ်ခြင်းပညာဟူသည် ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ ထူးခြားသော မီးတောက်များကို ဖန်တီးကာ ဖော်စပ်ရခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် လုချန်သည် ယခင်က ဆေးဖော်စပ်ရန် အခွင့်အရေး မရှိခဲ့ခြင်း ဖြစ်၏။
သို့သော် ယခုအခါတွင်မူ...
လုချန်သည် လှေကားတစ်ခုကို ရှာဖွေကာ မီးဖိုကြီးပေါ်သို့ တက်ပြီး ပါးကွရှစ်ကွက်မီးဖိုကြီး၏ လေဝင်ပေါက်တစ်ခုထဲသို့ ငုံ့ကြည့်လိုက်သည်။ အတွင်းပိုင်းမှာ မှောင်မည်းနေသော်လည်း အတွင်းနံရံများပေါ်တွင် မီးတောက်နံရံဆေးရေးပန်းချီများစွာ ရှိနေသည်ကို တွေ့ရ၏။ လုချန် မှတ်မိသလောက်ဆိုလျှင် ထိုက်ရှန်းလောင်ကျွင်း၏ မီးဖိုထဲတွင် ကောင်းကင်မီးတောက်ကြီး လေးခုထဲမှ တစ်ခုဖြစ်သော ‘လျူတင် နတ်ဘုရားမီးတောက်’ ရှိသည်။
တကယ်လို့ သူ့တွင် ထိုမီးတောက်သာ ရှိခဲ့မည်ဆိုပါက သူ ဖော်စပ်ချင်သည့် ဆေးလုံးမှန်သမျှကို အလွယ်တကူ ဖော်စပ်နိုင်မည် မဟုတ်ပါလား။
သို့သော်လည်း အတွင်းထဲတွင် ဘာမှမရှိဘဲ မှောင်မည်းနေဆဲ ဖြစ်သဖြင့် လုချန် အနည်းငယ် စိတ်ပျက်သွားရသည်။ တကယ်လို့ လျူတင့်နတ်ဘုရားမီးတောက်သာ မရှိဘူးဆိုရင် ဤမီးဖိုကြီးက အစစ်ဖြစ်နေရင်တောင်မှ ဘာမှ အသုံးဝင်မှာ မဟုတ်တော့ချေ။
လုချန် စဉ်းစားနေစဉ်မှာပင် ပါးကွရှစ်ကွက်မီးဖိုကြီးသည် သူ၏ အတွေးကို ရိပ်မိသွားပုံရသည်။ မီးဖိုအတွင်းရှိ နံရံဆေးရေးပန်းချီများမှာ ရုတ်တရက် သက်ရှိထင်ရှားဖြစ်လာသကဲ့သို့ လှုပ်ရှားလာပြီး... ဝုန်းခနဲ အသံနှင့်အတူ မီးဖိုကြီးတစ်ခုလုံးအတွင်း၌ နတ်ဘုရားမီးတောက်များ ချက်ချင်းပင် တောက်လောင်လာတော့သည်။
ဒီမြင်ကွင်းကို မြင်လိုက်ရသောအခါ လုချန် ဝမ်းသာအားရ ဖြစ်သွားရတော့၏။ စနစ်က ပေးထားသော ပစ္စည်းများသည် သူနှင့် အလိုလို ဆက်နွှယ်နေသဖြင့် သူ၏ စိတ်အလိုကို သေချာပေါက် နားလည်နိုင်ကြပေသည်
သူသည် စိတ်လှုပ်ရှားစွာဖြင့် အတန်ကြာ စောင့်ကြည့်ပြီးနောက် မီးဖိုထဲက မီးတောက်များကို ပျောက်ကွယ်သွားရန် စိတ်ထဲကနေ ဆုတောင်းလိုက်ရာ သူ ထင်မှတ်ထားသည့်အတိုင်းပင် မီးတောက်များမှာ ချက်ချင်းပင် ငြိမ်းသတ်သွားခဲ့ပြန်သည်။
ထိုအခြေအနေကို မြင်ရမှသာ လုချန်သည် စိတ်ကျေနပ်စွာဖြင့် လှေကားပေါ်မှ ပြန်လည်ဆင်းသက်ခဲ့တော့၏။
အရာအားလုံး အဆင်ပြေသွားပြီ…
ဒီည ပြန်လာတဲ့အခါကျရင် ဆေးဖော်စပ်တာကို စမ်းသပ်ကြည့်ရမယ်။
အခုလောလောဆယ်တော့...
မနက်စာ အမြန်ချက်စားပြီး ကုချင်း၀မ်ဆီကို သွားဖို့ ပြင်ရမယ်။
ဟင်းချက်နေစဉ်အတွင်း လုချန်သည် အနည်းငယ် သိချင်စိတ် ဖြစ်ပေါ်လာမိသည်... မနေ့က ဘာဖြစ်လို့ သာမန်လူသားမှတ်တွေ အဲဒီလောက်အထိ အများကြီး ရခဲ့တာလဲ သူ ဤနေရာသို့ ရောက်ရှိနေသည့် ဆယ်စုနှစ်တစ်ခုအတွင်းမှာတင် တစ်ကြိမ်တည်းနှင့် သာမန်လူသားမှတ် တစ်ထောင်ကျော် ရဖူးခြင်းမျိုး လုံးဝ မရှိခဲ့ချေ။
အများဆုံး ရခဲ့ဖူးသည်မှာ သူ စတင်ကူးပြောင်းရောက်ရှိခါစက ဖြစ်ပြီး ထိုစဉ်က တစ်ရက်လျှင် လေးငါးရာခန့် ရရှိကာ နောက်ပိုင်းတွင် တစ်ရာ သို့မဟုတ် နှစ်ရာခန့်သာ ရရှိတော့ခြင်း ဖြစ်သည်။
ငါ မနေ့က... ဘာတွေ လုပ်ခဲ့လို့လဲ…
ငါ ယောင်ချီရဲ့ ဧကရီနဲ့ပဲ တွေ့ခဲ့တာ မဟုတ်ဘူးလား…
ပြီးတော့...
ထိုအချက်ကို စဉ်းစားမိလိုက်သည်နှင့်... လုချန် ရုတ်တရက် ကြောင်အမ်းသွားပြီး သူ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်းနှင့် ထူးဆန်းသွားရတော့သည်။
ဒါက... ဖြစ်နိုင်တာက...
ဟုတ်တယ် အဲဒါပဲ…
လုချန် ရုတ်တရက် အချက်တစ်ခုကို သတိရသွားခဲ့သည်... သူသည် ယခင်က ကိစ္စရပ်အချို့ကို လွဲမှားစွာ နားလည်ထားခဲ့ခြင်း ဖြစ်၏
သာမန်လူသားဆိုတာ ဘာလဲ..
သာမန်လူသားဟူသည် ‘လောကီအာရုံ စိတ်ခံစားချက် မျိုးစုံ’ ရှိကြသည် မဟုတ်ပါလား ချစ်ခြင်း... စိတ်ဆိုးခြင်း... ဝမ်းနည်းခြင်း... ပျော်ရွှင်ခြင်း..သူတို့သည် သာမန်လူသားတစ်ဦး၏ စံနှုန်းပြ အင်္ဂါရပ်များ ဖြစ်ကြသည်။
သူ၏ မနေ့က စိတ်လှုပ်ရှားမှုနှင့် စိတ်ပူစရာအခြေအနေမှာ စစ်မှန်သော သာမန်လူသားတစ်ဦးတွင် ရှိအပ်သည့် အခြေအနေမျိုး ဖြစ်၏ အတိတ်ကို ပြန်လည်စဉ်းစားကြည့်လျှင် သူသည် နေ့စဉ် သာမန်လူသားကဲ့သို့ စားသောက်... အိပ်စက်နေခဲ့သော်လည်း... စိတ်နေစိတ်ထားပိုင်းတွင်မူ သာမန်လူသားတစ်ဦးနှင့် လုံးဝ မတူညီခဲ့ချေ။
ယခင်က လုချန်သည် ယောင်ချီသန့်စင်နယ်မြေတွင် အလွန်ပင် သက်တောင့်သက်သာ နေထိုင်ခဲ့ရသည်။ စီနီယာအစ်မများနှင့် ဂျူနီယာညီမလေးများသည် သူ့ကို ရှက်သွားအောင် စနောက်ရုံမျှသာ ပြုလုပ်ကြသဖြင့် သူ စိတ်ဆိုးဒေါသထွက်စရာ အကြောင်းမရှိခဲ့ချေ။
ဒ့ါအပြင် သူ၏ နေထိုင်ရေးအတွက်လည်း ပူပန်စရာမလိုဘဲ အထက်တွင် ဆရာမလေးရှိကာ အောက်တွင် ညီမငယ်များ ရှိနေသဖြင့် မည်သူမျှ သူ့ကို ဂိုဏ်းထဲကနေ မောင်းထုတ်မည် မဟုတ်ရာ သဘာဝကျစွာပင် ပူပန်သောက ကင်းဝေးနေခဲ့ရခြင်း ဖြစ်သည်။
နေ့စဉ်နှင့်အမျှ စိုးရိမ်ပူပန်မှုကင်းဝေးကာ ပေါ့ပေါ့ပါးပါး နေထိုင်နေရသည့် စိတ်ဓာတ်မျိုးမှာ သာမန်လူသားတစ်ဦး၏ စိတ်နေစိတ်ထားမျိုး မဟုတ်ချေ။
သို့သော် မနေ့ကမူ... သူသည် တစ်ဖက်တွင်လည်း ကုချင်း၀မ်ကို မျက်နှာလိုမျက်နှာရ စကားကောင်းများ ပြောဆိုနေရပြီး... အခြားတစ်ဖက်တွင်လည်း သူမက သူ့ကို ဂိုဏ်းထဲကနေ မောင်းထုတ်လိုက်မလား သို့မဟုတ် နေ့တိုင်း ကျင့်ကြံခြင်းလုပ်ဆောင်ရန် အတင်းအကျပ် ခေါ်ဆောင်သွားမလားဆိုသည်ကို ပူပန်ထိတ်လန့်နေခဲ့ရသည်။
ဒီလိုသော သောကရောက်... ပူပန်နေရသည့် စိတ်နေစိတ်ထားမျိုးကမှ စစ်မှန်သော သာမန်လူသားတစ်ဦး၏ စိတ်ဓာတ် ဖြစ်ပေသည်။
တကယ်လို့ အဲဒါကသာ အမှန်ဆိုရင်...
လုချန်သည် ထူးဆန်းသော မျက်နှာပေးဖြင့် မျက်ခုံးပင့်လိုက်မိတော့သည်။ သူသည် ပစ္စည်းများသိမ်းဆည်းကာ ထွက်ပြေးဖို့ မလိုတော့သည့်အပြင် ထိုယောင်ချီဧကရီ၏ အနားတွင် ပိုမိုနီးကပ်စွာ ကပ်နေရပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဧကရီ၏ အနားတွင် နာရီဝက်ခန့် ရှိနေခြင်းကပင် သူ၏ ယခင် ကျင့်ကြံခြင်း ဆယ်ရက်စာထက် ပိုမိုတန်ဖိုးရှိနေခြင်းကြောင့် ဖြစ်၏
[ဒါက ၁ ဆ ၁၀ ဆပဲ…]
[အမြတ်အစွန်း အကြီးကြီးပဲဗျို့…]
ထိုအချိန်မှာပင်... ရှန်ယွန်းတောင်ထိပ်၏ ကောင်းကင်ယံအထက်တွင် ကုချင်း၀မ်သည် ထူးဆန်းသော မျက်နှာအမူအရာဖြင့် အောက်မှာ မနက်စာချက်ပြုတ်နေသော လုချန်ကို စိုက်ကြည့်နေခဲ့သည်။
ဘာ ၁ ဆ ၁၀ ဆလဲ…
ဘာအမြတ်အစွန်းအကြီးကြီးလဲ…