ယောင်ချီ သန့်စင်နယ်မြေ…ယွင်ဟိုင် တောင်တန်း…
ရှန်ယွန်းတောင်ထိပ်သို့ တက်ရာ တောင်ပတ်လမ်းလေးပေါ်တွင် လုချန်သည် သီချင်းလေးတညည်းညည်းနှင့် ဝါးခြင်းတောင်းလေးကို လွယ်ကာ အေးအေးလူလူ လျှောက်လှမ်းနေခဲ့သည်။
လုချန်၏ ခြေလှမ်းများသည် နှေးကွေးလှသော်လည်း ခြေတစ်လှမ်း လှမ်းလိုက်တိုင်းတွင်မူ နက်ရှိုင်းလှသော တာအိုအရှိန်အဝါများ စီးဆင်းနေသကဲ့သို့ ရှိနေ၏။
ဆိတ်ငြိမ်လွန်းလှသည့် အုတ်ကြွပ်ပြားစိမ်းများ... အင်္ဂတေနံရံဟောင်းများနှင့် လမ်းဘေးဝဲယာရှိ မြက်ရိုင်းပင်များကို ငေးမောရင်း လုချန်၏စိတ်ထဲတွင် လွမ်းဆွတ်တမ်းတမှု အနည်းငယ် ဖြစ်ပေါ်လာသည်။
‘ဆယ်နှစ်တောင် ရှိသွားပြီပဲ...’
‘ငါ အခု ဘယ်လောက်တောင် သန်မာနေပြီလဲ မသိဘူး’
လွန်ခဲ့သော ဆယ်နှစ်ခန့်က လုချန်သည် ရှန်လင်းတိုက်ကြီး ဟု ခေါ်တွင်သော ဤကျင့်ကြံခြင်းကမ္ဘာထဲသို့ ကူးပြောင်းရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ အခြားသော ကူးပြောင်းသူများနည်းတူ လုချန်တွင်လည်း ထူးခြားသည့် "စနစ်" တစ်ခု ပါရှိခဲ့သည်။
သို့သော် လုချန်၏ စနစ်မှာ အနည်းငယ် ထူးဆန်းလှ၏။ သူသည် နေ့စဉ်နေ့တိုင်း သာမန်လူသား တစ်ဦးကဲ့သို့သာ နေထိုင်ရုံဖြင့် တဖြည်းဖြည်း သန်မာလာနိုင်ကာ အမျိုးမျိုးသော ဆုလာဘ်များကိုပါ ရရှိနိုင်မည့် သာမန်လူသား စနစ်မျိုး ဖြစ်သည်။
ထို့ကြောင့် ပြီးခဲ့သော ဆယ်နှစ်တာလုံးလုံး လုချန်သည် နေ့ထွက်လျှင် အလုပ်လုပ်... နေဝင်လျှင် အနားယူကာ စစ်မှန်သော သာမန်လူသားတစ်ဦးကဲ့သို့ စည်းစနစ်တကျ နေထိုင်ခဲ့သည်။
ဆယ်နှစ်တာ အချိန်ကာလအတွင်း လုချန်ကိုယ်တိုင်ပင် သူ၏ ကျင့်ကြံမှုအဆင့် ဘယ်အဆင့်သို့ ရောက်ရှိနေပြီလဲဆိုသည်ကို သေချာမသိတော့ပေ။
သို့သော်လည်း ဒီ ‘အောက်လောက’ တွင်မူ သူသည် အလွန်အမင်း အစွမ်းထက်သည့် တည်ရှိမှုတစ်ခု ဖြစ်နေလိမ့်မည်ဟု ခံစားနေရသည်။ အနည်းဆုံးတော့ အခြားသူများ၏ သားကောင်ဖြစ်မည့် အခြေအနေမျိုး မဟုတ်သည်တော့ သေချာသည်။
သို့သော်ငြားလည်း သူ အလွန်အမင်း ဘဝင်မြင့်၍မရသေးပေ။ အကြောင်းမှာ သူရောက်ရှိနေသော အရပ်သည် အောက်လောကသာ ရှိသေးပြီး သူ၏အထက်တွင် ‘အထက်လောက’ ဆိုသည် ရှိနေသေးသောကြောင့် ဖြစ်သည်။
ထို့ကြောင့်... အလောတကြီး လုပ်ရန်မလိုပါ။ စနစ်၏ ကူညီပေးမှုနှုန်းထားအရ သူသာ နောက်ထပ် အနှစ်နှစ်ဆယ်... သုံးဆယ်ခန့် မထင်မရှား အေးအေးဆေးဆေး ဆက်နေလိုက်ပါက ဒီလောကကြီးထဲတွင် စိတ်ကြိုက် လှည့်လည်သွားလာနိုင်မည် ဖြစ်သည်။
ဒါ့အပြင် လက်ရှိဘဝကလည်း အလွန်ပင် မွေ့လျော်ဖွယ်ကောင်းလှရာ လုချန်အနေဖြင့် ဒီလိုအေးချမ်းပြီး ပူပင်ကြောင့်ကြမဲ့သည့် လူနေမှုပုံစံကို သဘောကျနှစ်ခြိုက်နေမိသည်။
တကယ်၍ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စရာ သောကတစ်ခု ရှိသည်ဆိုလျှင်မူ... ဒါက လုချန်သည် ယောင်ချီသန့်စင်နယ်မြေတွင် ရေပန်းစားလွန်းနေခြင်းပင် ဖြစ်၏။
ယောင်ချီသန့်စင်နယ်မြေတွင် အမျိုးသားကျင့်ကြံသူဟူ၍ သိပ်မရှိလှပေ။ အရှင်းဆုံး ပြောရလျှင်မူ လုချန်သည် တစ်ဦးတည်းသော အမျိုးသား အတွင်းစည်းတပည့်ဖြစ်သည်။
သူ၏ အစွမ်းများကို အခြားသူများ မရိပ်မိစေရန် စနစ်က ဖုံးကွယ်ပေးထားသော်လည်း သူ သန်မာလာသည်နှင့်အမျှ ဖြစ်ပေါ်လာသည့် စရိုက်လက္ခဏာနှင့် အရှိန်အဝါကိုမူ ဖုံးကွယ်ထား၍မရနိုင်ပေ။
မူလကတည်းက ရုပ်ရည်ချောမောလှပသူ ဖြစ်သည့်အပြင် လက်ရှိသူ၏ ပုံပန်းသွင်ပြင်မှာမူ ‘ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့ပြီး အနှိုင်းမဲ့သည့် သခင်လေး’ ဟုပင် တင်စားနိုင်လောက်သည်။
ထို့ကြောင့် ယောင်ချီသန့်စင်နယ်မြေရှိ စီနီယာအစ်မများနှင့် ဂျူနီယာညီမလေးများမှာ လုချန်ကို မြင်လိုက်ရုံနှင့် မျက်ဝန်းများတွင် အသည်းပုံများ ပေါ်လာကာ လုံးဝ စွဲလန်းရူးသွပ်နေကြတော့သည်။ သူတို့သည် နေ့စဉ်ရက်ဆက်ပင် အကြောင်းပြချက်မရှိဘဲ လုချန်၏ နေရာသို့ လာရောက်ကာ သူနှင့်တွေ့ဆုံခွင့် ရရှိရန် နည်းမျိုးစုံဖြင့် ကြိုးစားတတ်ကြသည်။
ကံကောင်းထောက်မစွာဖြင့် သူ၏တောင်ထိပ်တွင် အလွန်ချောမောလှပသည့် သူ၏ဆရာ တောင်ထိပ်သခင်မလေး ရှိနေသောကြောင့် ထိုစီနီယာ... ဂျူနီယာ အမျိုးသမီးများမှာ စည်းကျော်ပြီး အလွန်အကျွံ မလုပ်ရဲကြခြင်း ဖြစ်သည်။ သို့သော် သူသာ ရှန်ယွန်းတောင်ထိပ်မှ ထွက်ခွာသွားပါက အခြေအနေမှာ တခြားစီ ဖြစ်သွားတတ်သည်။
ဒါကိုတော့ ပျော်ရွှင်ဖွယ်ရာ သောကတစ်ခုဟုသာ ခေါ်ရပေမည်။ လုချန်သည် ယောင်ချီသန့်စင်နယ်မြေတွင် တကယ့်ကို စိတ်ချမ်းမြေ့စရာ ဘဝကို ဖြတ်သန်းနေရသည်။
တစ်နာရီကျော်ခန့် ကြာပြီးနောက် လုချန်သည် ရှန်ယွန်းတောင်ထိပ်သို့ ရောက်ရှိလာခဲ့သည်။ တောင်ထိပ်တွင် လုချန်တစ်ဦးတည်း နေထိုင်သည့် အိမ်ဝင်းလေးတစ်ခုသာ ရှိသည်။
သူ၏ လှပချောမောလှသော ဆရာမလေး အကြောင်းကို တွေးမိသည့်အခါ လုချန်၏စိတ်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်လာရပြန်သည်။ သူသည် ထိုဆရာမလေးကို တစ်နှစ်လျှင် အချိန်အနည်းငယ်မျှသာ တွေ့ရတတ်သည်။
လုချန် ဒီရှန်လင်းတိုက်ကြီးသို့ စတင်ရောက်ရှိခါစက သူမသည် လုချန်ကို ယောင်ချီသန့်စင်နယ်မြေသို့ ခေါ်ဆောင်လာခဲ့ပြီးနောက် မကြာမီမှာပင် အပြင်လောကသို့ ကျင့်ကြံခြင်း အတွေ့အကြုံယူရန် ခရီးထွက်သွားခဲ့သည်။
သူမသည် လုချန်ကို တစ်ယောက်တည်း ထားရစ်ခဲ့သော်လည်း... သူမသည် စကားနည်းပြီး အလုပ်ဖြင့် သက်သေပြတတ်သည့် ဆရာမျိုး ဖြစ်သည်။
လုချန်ကို များစွာ မသင်ကြားပေးခဲ့သော်လည်း ဆုံတွေ့သည့် အကြိမ်တိုင်းတွင်မူ အမျိုးမျိုးသော နတ်ဘုရားပညာရပ်များ... ကျင့်စဉ်များနှင့် ရတနာဆေးလုံးများကို ပေးကမ်းရန် ဘယ်သောအခါမှ လက်တွန့်မနေခဲ့ပေ။
ထိုအရာများသည် လုချန်အတွက် သိပ်ပြီး အသုံးမဝင်သော်လည်း ဂရုစိုက်ခံရသည့် ခံစားချက်ကတော့ တကယ်ကို ရင်ထဲထိစေပါသည်။ အမှန်အတိုင်း ပြောရလျှင် လုချန်သည် သူ၏ ဆရာမလေး အပေါ် ကျေးဇူးတင်စိတ် အပြည့်ရှိသည်။
သူ၏ စနစ်က မည်သည့်နေရာတွင်မဆို သာမန်လူလို နေရုံဖြင့် သန်မာစေနိုင်သည်ဆိုသော်ငြားလည်း ဒီအရာက ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းနိုင်ခြင်း ရှိ... မရှိပေါ်တွင်လည်း မူတည်နေသေးသည်။
ဥပမာအားဖြင့်... အုတ်ခဲသယ်ရုံဖြင့် သန်မာလာနိုင်သည်ဆိုသော်လည်း လုချန်ကို ဆယ်နှစ်ပတ်လုံး အုတ်ခဲကြီးပဲ လိုက်သယ်ခိုင်း၍ မရနိုင်သည် မဟုတ်ပါလား။
တကယ်လို့ သူသာ သာမန်လူသားများကြားထဲတွင် သွားရောက်နေထိုင်ပါက လောကီလူသားတို့၏ ရှုပ်ထွေးလှသော ကိစ္စရပ်များနှင့် မလွဲမသွေ ကြုံတွေ့ရမည်ဖြစ်ပြီး စိတ်ညစ်၍ သေသွားနိုင်ရုံသာ ရှိသည်။
တကယ်လို့ တခြားသော ဂိုဏ်းများသို့ သွားရောက်ကာ ကျင့်ကြံမှုအဆင့် တိုးတက်မလာဘဲ နေ့တိုင်း သာမန်လူလို ဟန်ဆောင်နေမည်ဆိုပါကလည်း တစ်လအတွင်း ဂိုဏ်းကနေ မောင်းထုတ်ခံရမှာ သေချာသည်။
သို့သော် ဒီနေရာတွင်မူ မတူညီပေ။ သူသည် နေ့စဉ်နေ့တိုင်း ဘာပူပင်ကြောင့်ကြမှုမှမရှိဘဲ မိမိစိတ်ကြိုက် နေထိုင်နိုင်သည်။
ကျင့်ကြံမှုအဆင့်နှင့် ပတ်သက်၍လည်း သူ၏ ကြင်နာတတ်သော ဆရာမလေးက ဘယ်သောအခါမျှ မေးခွန်းထုတ်လေ့မရှိ။ သူသည် ကောင်းကင်နှင့်မြေကမ္ဘာ၏ ရတနာ မြောက်မြားစွာကို သုံးစွဲခဲ့ပြီးနောက် မည်သည့် တိုးတက်မှုကိုမျှ မပြသနိုင်ခဲ့သော်လည်း နောက်တစ်ကြိမ် ပြန်ဆုံသည့်အခါတိုင်းတွင် သူမသည် ရတနာအပုံကြီးကိုသာ ထပ်မံပေးမြဲ ပေးနေခဲ့သည်။
အပြစ်တင်ခြင်း သို့မဟုတ် အထင်သေးခြင်း အရိပ်အယောင် စိုးစဉ်းမျှ မရှိခဲ့ပေ။ သူ၏ဆရာမလေး သာမရှိလျှင် လုချန်သည် ပြီးခဲ့သည့် ဆယ်နှစ်တာကို ယခုကဲ့သို့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ခဲ့မည် မဟုတ်ပေ။
ယခုအခါ လုချန်သည် သူ၏လက်ရှိအစွမ်းက ဆရာထက် မသာလွန်သေးလျှင်ပင် သူမ၏ ဝန်ထုပ်ဝန်ပိုးအချို့ကို ကူညီထမ်းပိုးပေးနိုင်လိမ့်မည်ဟု ထင်နေမိသည်။ နောက်တစ်ကြိမ် ပြန်ဆုံသည့်အခါ သူမအား ကူညီပေးစရာ ရှိ... မရှိ မေးမြန်းကြည့်ရမည်။
လုချန်တစ်ယောက် သီချင်းလေးတညည်းညည်းဖြင့် ဝါးခြင်းတောင်းထဲမှ ဟင်းချက်စရာ ပါဝင်ပစ္စည်းများကို ထုတ်ရန် ပြင်ဆင်နေစဉ်မှာပင်...
ရှန်ယွန်းတောင်ထိပ်တစ်ခုလုံး...မဟုတ်ပါ... အတိအကျ ပြောရလျှင် ယောင်ချီသန့်စင်နယ်မြေ တစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါလာခဲ့တော့သည်။
လုချန် မျက်မှောင် အနည်းငယ်ကုတ်သွားကာ တံခါးဝသို့ ထွက်လာခဲ့ပြီး လားရာတစ်ခုသို့ စူးစိုက်ကြည့်လိုက်ရင်း မျက်ခုံးပင့်ကာ ပြောလိုက်မိသည်။
"ဟို ဒဏ္ဍာရီလာ ဧကရီတွေ အဆင့်ကျော်လွန်ပြီး အောင်မြင်မှု ရသွားတာလား"
ထိုအချိန်မှာပင် ယောင်ချီသန့်စင်နယ်မြေမှ တောက်ပသော အလင်းတန်း များစွာသည် ကောင်းကင်သို့ ပျံတက်သွားကြပြီး လုချန်ကြည့်နေသည့် လားရာဘက်သို့ ဦးတည်ပျံသန်းသွားကြသည်။
လုချန် တစ်ချက်မျှ ကြောင်အမ်းသွားစဉ်မှာပင် ရှေးဟောင်းဆန်ပြီး လေးနက်လှသောအသံ ‘ဒေါင်... ဒေါင်...’ ဟူသည့် ခေါင်းလောင်းသံကို အရပ်မျက်နှာအနှံ့မှ ကြားလိုက်ရလေသည်။
ယောင်ချီသန့်စင်နယ်မြေ၏ "မြင့်မြတ်သောဝိညာဉ် ခေါင်းလောင်း" မြည်ဟည်းလာခြင်း ဖြစ်သည်။
ထိုခေါင်းလောင်းသံသည် အလွန်တရာ ကြီးမားသော ကိစ္စရပ်များ ဖြစ်ပွားလာသည့် အခါမျိုးတွင်မှသာ မြည်ဟည်းလေ့ရှိပြီး ဒီအသံသည် ယောင်ချီသန့်စင်နယ်မြေရှိ တပည့်အားလုံး ဂိုဏ်း၏ပင်မခန်းမဆောင်ရှေ့သို့ ချက်ချင်း စုဝေးရမည်ဟူသော အမိန့်လည်း ဖြစ်သည်။
သတိပြန်ဝင်လာပြီးနောက် လုချန်သည် လက်ထဲကအရာများကို ချထားလိုက်ကာ ထိုနေရာသို့ သွားရန် ပြင်ဆင်လိုက်သည်။
လုချန်သည် ယောင်ချီသန့်စင်နယ်မြေတွင် ထူးခြားသော အဆင့်အတန်းတစ်ခု ရှိနေသော်လည်း ဂိုဏ်း၏ တပည့်တစ်ဦးဖြစ်သည်မှာ အမှန်ပင်ဖြစ်ရာ အစုအဝေးသို့ သွားရောက်ရန် လိုအပ်ပေသည်။
ဆယ်နှစ်တိုင်တိုင် သာမန်လူသားအဖြစ် ဟန်ဆောင်လာခဲ့သည့် လုချန်တွင် ကိုယ်ပိုင်အတွေ့အကြုံ ရှိနှင့်ပြီးသား ဖြစ်သည်...‘ဘယ်အရာမှာမှ ထူးခြားမနေစေနဲ့... အခြားလူတွေ လုပ်သလိုပဲ လိုက်လုပ်ပါ'
သို့သော်လည်း လုချန်ကို စိုးရိမ်ပူပန်စေသည့်အရာမှာ ထိုနေရာသို့ မည်သို့သွားရမည်နည်း ဆိုသည့်အချက် ဖြစ်၏။
ဂိုဏ်း၏ ပင်မခန်းမဆောင်မှာ ရှန်ယွန်းတောင်ထိပ်နှင့် အလွန်ဝေးကွာလှသည်။ ကျင့်ကြံသူများအဖို့မူ ဓားပျံကိုစီးနင်းပြီး မိနစ်ဝက်အတွင်း ပျံသန်းသွားနိုင်သော်လည်း လုချန်သာ မပျံသန်းပါက ထိုနေရာသို့ ရောက်ရန် နာရီပေါင်းများစွာ အပြေးသွားရပေလိမ့်မည်။
အမှန်စင်စစ် လုချန်၏ လက်ရှိအစွမ်းဖြင့် လေဟာနယ်ကို ကျော်ဖြတ်ကာ သွားနိုင်စွမ်း ရှိပြီးသား ဖြစ်သည်။ သို့သော်... သူသာ အစွမ်းထုတ်ပြီး သွားလိုက်ပါက သူ၏ ကျင့်ကြံမှုအဆင့် ပေါ်ထွက်သွားမည့်အပြင် အရေးကြီးဆုံးအချက်မှာ ယခုအချိန်သည် ညနေစောင်းနေပြီ ဖြစ်သည်။
တစ်ရက် ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်ရာ သူသာ ပျံသန်းလိုက်ပါက ယနေ့အတွက် ရရှိမည့် စနစ်၏ ဆုလာဘ်များ ဆုံးရှုံးသွားပေလိမ့်မည်။
ဒါကတော့ တကယ်ကို ရင်ကျိုးစရာ ကိစ္စပင်။
လုချန်တစ်ယောက် မည်သို့လုပ်ရမည်ကို စဉ်းစားရကျပ်နေစဉ်မှာပင် သူ၏နောက်ကျောဘက်မှ မွှေးပျံ့သော လေပြေလေးတစ်ချက် ဖြတ်သန်းသွားပြီး နားထဲတွင် ချိုသာသော ရယ်မောသံလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ညီမလေးက စီနီယာအစ်ကိုကြီးကို လိုက်ပို့ပေးမယ်လေ"
ထိုအသံ ဆုံးသည်နှင့်တစ်ပြိုင်နက် လုချန်သည် သူ၏ကျောပြင်ထက်တွင် နူးညံ့အိစက်သော အထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်။ ကျောက်စိမ်းကဲ့သို့ ဖြူစင်နူးညံ့သော လက်တစ်စုံက သူ့ကို နောက်ကနေ သိုင်းဖက်လိုက်ပြီးနောက် ဓားပျံပေါ်တွင် အတူတူရပ်ကာ ကောင်းကင်ယံသို့ ပျံတက်ပြီး ဂိုဏ်း၏ ပင်မခန်းမဆောင်ဘက်သို့ ဦးတည်ပျံသန်းသွားတော့သည်။
လုချန်အနေဖြင့် လှည့်ကြည့်စရာပင်မလိုဘဲ နောက်ကလူက မည်သူလဲဆိုသည်ကို ကောင်းကောင်းသိသည်။ သူမကတော့ ရှန်ဖုန်းတောင်ထိပ် မှ ဂျူနီယာညီမလေး ‘လုဝမ်ဝမ်’ ပင် ဖြစ်၏။
လုချန်သည် ယခုကဲ့သို့သော ထိတွေ့မှုမျိုးကို ကျင့်သားရနေပြီ ဖြစ်သည်။ ယောင်ချီသန့်စင်နယ်မြေရှိ စီနီယာ... ဂျူနီယာအမျိုးသမီးများမှာ သူ့ကို မြင်သည်နှင့် အနီးကပ်ပွတ်သီးပွတ်သပ်လုပ်ရန် အမြဲတမ်း ချောင်းနေတတ်ကြသည်။ ဒီလို တရားဝင်ပြီး ပေါ်ပေါ်ထင်ထင် ဖက်တွယ်ခွင့်ရမည့် အခွင့်အရေးမျိုးကို ထိုစီနီယာ... ဂျူနီယာများအနေဖြင့် လုံးဝ လက်လွတ်ခံကြမည် မဟုတ်ပေ။
သူ၏ နောက်ကျောဘက်မှ နူးညံ့မှုများကို ခံစားရင်း လုချန်တစ်ယောက် စိတ်ထဲကနေ သက်ပြင်းချလိုက်မိတော့သည်။
‘တစ်ခါတလေကျတော့လည်း... လူချစ်လူခင် အရမ်းများလွန်းတာက သိပ်ပြီးတော့ ကောင်းလှပါလား...’