အခန်း(၇)
အိုရိုချီမာရူတစ်ချိန်က စွန့်ပစ်ခဲ့သည့် လျှို့ဝှက်အခြေစိုက်စခန်း။
ကာကာရှီ၏ ရှေ့တည့်တည့်ရှိ ဧရာမတံခါးကြီးမှာ ပေါက်ကွဲမှုကြောင့် အပိုင်းပိုင်းအစစ ဖြစ်ကာ ပြိုကျနေသည်။ မြေပြင်မှာလည်း ပေါက်ကွဲမှုဒဏ်ကြောင့် အနည်းငယ် တုန်ခါနေဆဲပင်။
အိုရိုချီမာရူသည် ဤနေရာကို စွန့်ခွာသွားသည်မှာ ကြာလှပြီ။ ကျန်ရစ်ခဲ့သည်မှာ သူတပ်ဆင်ထားခဲ့သည့် ဟောင်းနွမ်းနေသော ထောင်ချောက်အချို့သာ ဖြစ်သည်။
ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ ပုပ်အက်အက်အနံ့နှင့် စိုစွတ်သော မြေဆီလွှာအနံ့များ ရောထွေးပြီး လေထဲတွင် ပြန့်လွင့်လာကာ ပျက်စီးနေသော အခြေစိုက်စခန်းအတွင်းပိုင်းကို ပေါ်လွင်စေသည်။
ဤနေရာတွင် လူသူရောက်သည်မှာ ကြာပြီဖြစ်ကြောင်း သိသာလှသည်။ တစ်နေရာလုံးမှာ ပုပ်သိုးယိုယွင်းပြီး စွန့်ပစ်ထားသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
ကာကာရှီသည် အတွင်းသို့ ဝင်ရန် ခြေလှမ်းပြင်လိုက်စဉ် နောက်ဘက်မှ ရင်းနှီးပြီး ကြည်လင်သော အသံတစ်ခု ပေါ်လာသည်။
"ကာကာရှီ-ဆန်။"
သူသည် အသံလာရာသို့ လှည့်ကြည့်လိုက်သည်။
"ဟင်? မင်းလား၊ ကီနိုအဲ။"
သူသည် ထိုအသံကို မှတ်မိလိုက်သည်။ အမြစိ အဖွဲ့မှ ကောင်လေး၊ သစ်သားစွမ်းအား ကို အသုံးပြုနိုင်သည့် ကောင်လေး။
နောက်ပိုင်းတွင် ယာမတို ဟု လူသိများလာမည့်သူ။
အမြစ်အဖွဲ့ဝင် အများစုမှာ မိမိတို့၏ တည်ရှိမှုကို ဖုံးကွယ်ရာတွင် ကျွမ်းကျင်ကြသော်လည်း သူကိုယ်တိုင် သိမသွားအောင် ဤနေရာအထိ နောက်ယောင်ခံ လိုက်လာနိုင်ခြင်းမှာ အံ့အားသင့်စရာပင်။
"ဒီမှာ ဘာလာလုပ်တာလဲ? ဒန်ဇို-ဆာမာ လွှတ်လိုက်တာလား?"
စကားပြောရင်းနှင့်ပင် နှစ်ယောက်သား စခန်းအတွင်းပိုင်းသို့ ဆက်လက် တိုးဝင်သွားကြသည်။
ကာကာရှီ၏ နောက်မှ လိုက်ပါလာရင်း ကီနိုအဲသည် အပျက်အစီးများကြားတွင် ပုန်းအောင်းနေသူထံ လက်ဖြင့် လျင်မြန်သော အချက်ပြတစ်ခု လုပ်လိုက်သည်။
မျက်နှာဖုံးတပ်ထားသည့် အော်တ်စု သည် ခေါင်းကို အနည်းငယ် စောင်းကာ ထိုနှစ်ယောက် အတွင်းသို့ ဝင်သွားသည်ကို ကြည့်နေသည်။
ကီနိုအဲနှင့် ကာကာရှီတို့ အတွင်းသို့ ဝင်သွားပြီးနောက်တွင်မူ ဆက်လက်ပုန်းအောင်းနေစရာ အကြောင်းမရှိတော့ပေ။
အပြင်မှာပဲ စောင့်နေတာ ပိုကောင်းလိမ့်မယ်။
သို့သော် အော်တ်စု ခေါင်းမော့လိုက်သည့်အချိန်တွင် သူ့မျက်လုံးများသည် အနက်ရောင်မျက်မှန်တစ်စုံနှင့် တည့်တည့် ဆုံမိသွားသည်။
သူ၏ အထက်ရှိ ကျောက်ဆောင်မျက်နှာကျက်တွင် လူတစ်ယောက်သည် လင်းနို့ကဲ့သို့ ခေါင်းစိုက်လျက် အလွန်ထူးဆန်းသော ပုံစံဖြင့် တွဲလောင်းကျနေသည်။
ထိုလူမှာ တောက်ပပြီး ပျော်ရွှင်သော အပြုံးကို ဆင်မြန်းထားကာ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းနှုတ်ဆက်လိုက်သည်။
"အော်? မင်းတို့ ဒီမှာ ပုန်းနေတာကိုး။”
"မင်္ဂလာေန့လည်ခင်းပါခင်ဗျာ~"
ရန်သူလား?!
နဖူးစည်းလည်း မပါ၊ အမည်းရောင်ဝတ်စုံအပြည့်နဲ့၊ ပြီးတော့ ဒီလောက် ထူးဆန်းတဲ့ပုံစံနဲ့ ပေါ်လာတာ—နင်ဂျာတော့ လုံးဝ မဟုတ်ဘူး။
ဒါပေမဲ့ အော်တ်စု အော်ဟစ်ဖို့တောင် မပြင်ရသေးခင်မှာပဲ ဟာတာကေး ဆာတိုရူသည် သူ့မျက်နှာဖုံးကို ဆွဲဖယ်လိုက်ပြီး သူ့ပါးစပ်ကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့လိုက်သည်။
အမည်းရောင် အရိပ်တစ်ခု လျှပ်တစ်ပြက် ဖြတ်သန်းသွားပြီး ကျောက်နံရံမှ ကျောက်တုံးငယ်အချို့ ပြိုကျလာသည်။
ဂူထဲတွင် တိတ်ဆိတ်သွားသည်။
အောက်ဘက်တွင် ဘယ်သူမှ မကျန်တော့။
"မင်းက ဘယ်သူလဲကွ!!"
မျက်စိတစ်မှိတ်အတွင်းမှာပဲ ပတ်ဝန်းကျင် ရှုခင်းတွေက သစ်တောအုပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
အော်တ်စု၏ နှလုံးသားသည် ထိတ်လန့်သွားသည်။ သူသည် လက်ကို လျင်မြန်စွာ လှည့်လိုက်ပြီး သူ့နောက်ကွယ်ရှိ လူကို ရည်ရွယ်ကာ ကူနိုင်း ကို ပစ်လိုက်သည်။
ဒါပေမဲ့ ဘာမှ မရှိတော့ပါ။ ခဏလေးကမှ လေထဲမှာ ရှိနေတဲ့ အရိပ်ဟာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ။ အခုတော့ သူ မြေပြင်ပေါ်ကို ရောက်နေပြီ ဖြစ်သည်။
လေထဲတွင် ကျန်ရစ်ခဲ့သည့် ချိုမြိန်သော အနံ့သင်းသင်းလေးမှလွဲရင် ထိုလူ၏ တည်ရှိမှုဟာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ။
"အော်? အဲ့ဒါပဲ ပြောမှာလား?"
"ငါက မင်းကို အဲ့ဒီနေရာကနေ လွတ်အောင် ခေါ်ထုတ်လာပေးတာလေ။ ကျေးဇူးတင်သင့်တာ မဟုတ်ဘူးလား?"
ချက်ချင်းဆိုသလိုပင် အော်တ်စု၏ နောက်ကျောတွင် အရိပ်တစ်ခု လှုပ်ရှားသွားသည်။
သောက်ကျိုးနည်း!
ဒါပေမဲ့ အဲ့ဒီအတွေးတောင် သူ့စိတ်ထဲမှာ တစ်ချက်ပဲ ဖြတ်ပြေးနိုင်လိုက်တယ်—သူ့ခန္ဓာကိုယ်က အဲ့ဒီလောက် မြန်မြန် မတုံ့ပြန်နိုင်ခဲ့ပေ။
ဟာတာကေး ဆာတိုရူသည် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး အော်တ်စု၏ ဒူးခေါင်းအနောက်ကို တိကျစွာ ကန်ချလိုက်သည်။ လှုပ်ရှားမှု တစ်ချက်တည်းနှင့်ပင် အော်တ်စုကို အတင်းအကျပ် ဒူးထောက်စေပြီး မြေပြင်ပေါ်သို့ ဖိချလိုက်သည်။
"ဒန်ဇိုက တကယ်ပဲ ဘာမှမဟုတ်တဲ့သူ နှစ်ယောက်ကို လွှတ်လိုက်တာလား? ကာကာရှီရဲ့ မျက်လုံးက အဲ့လောက်တောင် တန်ဖိုးမရှိဘူးလို့ သူ ထင်နေတာလား?"
"ဘာ!!?”
"မင်း ဒါကို ဘယ်လိုလုပ်သိတာလဲ?!"
အမြစ် အဖွဲ့၏ မစ်ရှင်များသည် အလွန်လျှို့ဝှက်သည်။ အဖွဲ့အပြင်ဘက်မှ မည်သူမျှ ၎င်းတို့အကြောင်းကို သိရှိနိုင်စရာ အကြောင်းမရှိပေ။
သို့သော် ဤလူကမူ ၎င်းကို သာမန်ကိစ္စတစ်ခုလို ပေါ့ပေါ့ပါးပါး ပြောဆိုနေသည်။
အော်တ်စုသည် မယုံကြည်နိုင်စွာ မျက်လုံးများ ပြူးကျယ်လာပြီး ဟာတာကေး ဆာတိုရူကို အသေးစိတ် စိုက်ကြည့်လိုက်သည်။
သူပြောဆိုပုံအရ သူသည် ကိုနိုဟာမှ ဖြစ်ကြောင်း ထင်ရှားသည်။
သို့သော် အော်တ်စုသည် ဤလူကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
"အင်း—?"
ဟာတာကေး ဆာတိုရူသည် အသံကို ဆွဲငင်ကာ နှာခေါင်းသံဖြင့် ထွက်လိုက်ပြီး အိတ်ကပ်ထဲမှ ကြိုးတစ်ချောင်းကို ထုတ်ကာ အော်တ်စုကို သစ်ပင်တွင် တင်းကျပ်စွာ ချည်နှောင်လိုက်သည်။
အော်တ်စု၏ အံ့အားသင့်နေသော အမူအရာကို ဂရုမစိုက်ဘဲ သူသည် လက်လှမ်းကာ ဘေးသို့ ရောက်နေသည့် မျက်နှာဖုံးကို ပြန်ပြင်ပေးလိုက်သည်။
ထို့နောက် တောက်ပသော အပြုံးကို ဆင်မြန်းကာ ဟာတာကေး ဆာတိုရူသည် အနည်းငယ် ရှေ့သို့ တိုးကပ်လာပြီး ပြောလိုက်သည်။
"အော်၊ ငါက ကံကောင်းလို့ ခန့်မှန်းမိတာပါ!"
စကားပြောပြီးသည်နှင့် သူတို့၏ အောက်ခြေမြေပြင်သည် ရုတ်တရက် တုန်ခါသွားသည်။
ပြင်းထန်သော ငလျင်မျိုး မဟုတ်သော်လည်း သိသာထင်ရှားလှသည်။
အထုပ်တစ်ထုပ်ကဲ့သို့ သစ်ပင်တွင် ချည်နှောင်ခံထားရသော အော်တ်စုမှာ လှုပ်ရှား၍လည်း မရ၊ စကားပင် မပြောနိုင်တော့ပေ။
ဒီလူက ကြိုးချည်တာ တကယ်ကို ညံ့တာပဲ!
သို့သော် ဟာတာကေး ဆာတိုရူသည် သူ၏ ကြိုးချည်မှု ညံ့ဖျင်းသည်ကို ဂရုစိုက်ပုံမရပေ။
သူသည် မြေပြင်အောက်မှ စဉ်ဆက်မပြတ် တုန်ခါနေသည့် အသံများကိုသာ ပို၍ စိတ်ဝင်စားနေသည်။
ဤနေရာတွင် ဤမျှလောက် ဂယက်ထစေနိုင်သည့် အရာဆိုလျှင် တစ်ခုတည်းသာ ဖြစ်နိုင်သည်—
မြေအောက်အခြေစိုက်စခန်း၏ နက်ရှိုင်းသော နေရာတွင် လူတစ်ရပ်စာထက် မြင့်သော ဖန်ကန်လုံးကြီး နှစ်လုံးမှာ မှိုင်းညို့နေသော ပတ်ဝန်းကျင်တွင် ထင်းခနဲ ပေါ်နေသည်။
ထိုကန်များထဲမှ တစ်ခုထဲတွင် ဒေါင်လိုက်မျက်ဆံရှိသည့် ဧရာမ ရွှေရောင်မြွေကြီးတစ်ကောင်မှာ လျှောတိုက်ကာ ထွက်လာပြီး သူတို့ရှေ့ရှိ လူနှစ်ယောက်ကို လျှာဖြင့် အကြိမ်ကြိမ် လျှပ်ခတ်နေသည်။
စိမ်းဖန့်ဖန့် မီးရောင်အောက်တွင် ၎င်းသတ္တဝါမှာ မြွေတစ်ကောင်တည်း မဟုတ်ကြောင်း သူတို့ မြင်လိုက်ရသည်—
၎င်းမှာ အကောင်သေးသေးလေးများ အမြောက်အမြားဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ခေါင်းနှင့် အမြီးများမှာ တစ်ခုနှင့်တစ်ခု ရစ်ပတ်ငင်ချိတ်ကာ ရွံရှာဖွယ်ကောင်းလောက်အောင် လူးလိမ့်နေကြသည်။
ကာကာရှီကို လုပ်ကြံရန် ပျက်ကွက်ခဲ့ပြီးနောက် ကီနိုအဲ၏ လက်နှစ်ဖက်မှာ ကျောနောက်တွင် ကြိုးဖြင့် တုပ်နှောင်ခံထားရပြီး လက်ကွက် များပင် မဖော်ဆောင်နိုင်တော့ပေ။
ကာကာရှီသည် အနည်းငယ် ကိုင်းညွှတ်လျက် တစ်ဖက်တွင် ကူနိုင်းကို ကိုင်ကာ တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။
အခြားတစ်ဖက်တွင်မူ တောက်ပသော အပြာရောင် လျှပ်စီးကြောင်းများမှာ တဖျပ်ဖျပ် တောက်လောင်နေပြီး သူ၏မျက်နှာကို လင်းထိန်သွားစေသည်။
လေထုတစ်ခုလုံးတွင် ငှက်ပေါင်းတစ်ထောင်၏ အော်မြည်သံကဲ့သို့ နားကွဲမတတ် စူးရှသော အသံများဖြင့် ပြည့်နှက်နေသည်။
"ချီဒိုရီ!"
ကာကာရှီသည် ဒူးကိုကွေးကာ ရှေ့သို့ ခုန်လိုက်ပြီး တောက်လောင်နေသော စွမ်းအင်များကို သူတို့ဆီသို့ ခုန်အုပ်လာသည့် ဧရာမမြွေကြီးဆီသို့ တိုက်ရိုက် ထိုးသွင်းလိုက်သည်။
လျှပ်စီးကြောင်း ထိမှန်လိုက်သည့်အခိုက်တွင် ထိုမြွေကြီးမှာ အကောင်သေးသေးလေး အမြောက်အမြားအဖြစ် ကွဲထွက်သွားပြီး အရပ်မျက်နှာအသီးသီးသို့ လွင့်စင်သွားသည်။
ကာကာရှီ၏ ချီဒိုရီမှာ ပစ်မှတ်ကို လွဲချော်သွားခဲ့ပြီ!
ကာကာရှီ ကြောင်သွားသည့်အချိန်တွင် ဧရာမမြွေကြီးမှာ သူတို့ဆီသို့ ခုန်အုပ်လာပြီး ကီနိုအဲကို တစ်ချက်တည်းနှင့် မျိုချလိုက်သည်။
"ကီနိုအဲ!!”