အခန်း( ၂၅)
အမြစ် အဖွဲ့ထဲကို လူတွေ ခိုးဝင်ဖူးပေမဲ့ ဒီလိုပုံစံမျိုးတော့ မဟုတ်ခဲ့ဖူး။ နေ့ခင်းကြောင်တောင်ကြီး ပေါ်ပေါ်တင်တင်နဲ့၊ ဖုံးကွယ်ဖို့တောင် မကြိုးစားဘဲ၊ ဒီလိုမျိုး အမူအရာနဲ့လား? ဒါကတော့ တစ်ခါမှ မကြားဖူးတဲ့ ကိစ္စဖြစ်သည်။
မျက်နှာဖုံးက သူ့အထောက်အထားကို ဖုံးကွယ်ဖို့ဆိုတာ သေချာပေမဲ့ ဒီလူ့ကို ကြည့်ရတာတော့ သူတို့ကို လှောင်ပြောင်နေသလိုမျိုး ခံစားရသည်။
သူက သူ့အိမ် သူပြန်လာသလိုပဲ အေးအေးဆေးဆေး လမ်းလျှောက်ဝင်လာသည်။ အမြစ် အဖွဲ့ထဲက ဘယ်သူ့ကိုမှ သူ အလေးမထားဘူးဆိုတာကတော့ အရှင်းသားပင်။
"ဟေ့—ဒန်ဇို ဒီမှာ မရှိဘူးလား?"
စကားသံ မဆုံးခင်မှာတင် အပေါ်က သစ်သားတံတားတွေပေါ်ကနေ ကူနိုင်ဓားတွေက မိုးရွာသလို ကျလာသည်။
ကူနိုင်ဓားအချို့တွင် ပေါက်ကွဲစေတတ်သော စက္ကူပြားများပင် ကပ်ထားသည်။ ဟာတာကေး ဆာတိုရူကို သတ်နိုင်မယ်ဆိုရင် သူတို့ကိုယ်ပိုင် တံတားကိုတောင် ဖျက်ဆီးပစ်ဖို့ ဝန်မလေးကြပေ။
"ဟမ်? ဒီလှုပ်ရှားမှုမျိုးကို အရင်က မလုပ်ဖူးဘူးလား?"
"အဲ့ဒီအတိုင်း ထပ်လုပ်နေလည်း ငါ့ကို ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူးဆိုတာ သိထားဖို့ လိုမယ်နော်။"
ဆာတိုရူက လှောင်ပြုံး ရယ်မောလိုက်သည်။ အပြာဖျော့ရောင် စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး ကူနိုင်ဓားအားလုံးကို လေထဲမှာတင် ရပ်တန့်သွားစေသည်။
နေရာတစ်ခုလုံးကပါ သူတို့နဲ့အတူ အေးခဲသွားသလိုပင်။
"ဒီလူက ဘာဖြစ်နေတာလဲ?!"
အမြစ် အဖွဲ့ဝင်တစ်ဦးက အံကို တင်းတင်းကြိတ်ပြီး ကြောင်တောင်တောင် ဖြစ်သွားသည်။ အာရုံခံနိုင်သော နင်ဂျာတွေတောင် ဆာတိုရူဆီကနေ ချာကရာ စီးဆင်းမှု တစ်စက်မှ မခံစားမိပေ။
ထိုအပြာရောင် စွမ်းအင်မှာ ဘယ်ကနေ ထွက်လာမှန်း ရှာမရနိုင်။ ဒီလို ဂျူဆုမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးသော်လည်း၊ အဝေးမှ တိုက်ခိုက်မှုများသည် သူ့အတွက် အသုံးမဝင်ကြောင်းကိုတော့ ခဏလေးအတွင်းမှာပဲ သိလိုက်ရသည်။
အနီးနားရှိ အချို့သောသူတို့သည် တံတားပေါ်မှ ခုန်ချလာပြီး ဓားများကို ကိုင်ကာ သူရှိရာသို့ တန်းတန်းမတ်မတ် ပြေးလာကြသည်။
လက်ချောင်းလေး တစ်ချက် ဖြတ်လိုက်ရုံဖြင့် သူ၏ ဝန်းကျင်တွင် ပျံဝဲနေသော ကူနိုင်းဓားများမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။
"အား!"
နေရာအနှံ့တွင် အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ကူနိုင်းဓားများနှင့် လူများအကြားရှိ အကွာအဝေးကို ဖျက်ဆီးပစ်လိုက်သည့်နှယ်—သူတို့ ရပ်နေသည့် နေရာမှာတင် အကုန်အပေါက်ခံလိုက်ရသည်။ အလောင်းများမှာ တံတားပေါ်မှ လိမ့်ကျသွားသည်။
ထို့နောက် တိတ်တဆိတ် လောင်ကျွမ်းနေသော ပေါက်ကွဲစေတတ်သော စက္ကူများမှာ တစ်ပြိုင်နက် ပေါက်ကွဲသွားပြီး အဆောက်အုံ တစ်ခုလုံး တုန်ခါသွားသည်။ သစ်သားစများ၊ ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ လေထဲသို့ လွင့်စဉ်သွားသည်။
ကျိုးပဲ့နေသော တံတားမှာ လောင်ကျွမ်းနေပြီး ယမ်းနံ့နှင့် မီးခိုးငွေ့များက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ သွေးနံ့နှင့် မြေကြီးနံ့တို့ကို ဖုံးကွယ်သွားသည်။
"ဒါကတော့ တရားမမျှတဘူး။ ငါ့မှာ အဲ့ဒီလို လက်နက်မျိုးတောင် မရှိဘူးလေ၊" ဟု ဆာတိုရူက ရေရွတ်သည်။
သူသည် ခန္ဓာကိုယ်ကို ပျော့ပျောင်းစွာ နောက်သို့ ယိုင်လိုက်ပြီး ရှည်လျားသော ဓားတစ်လက်ဖြင့် ခုတ်ချက်ကို ရှောင်ရှားလိုက်ကာ ခြေထောက်တစ်ဖက်ဖြင့် ပြင်းထန်စွာ ကန်လိုက်ရာ တိုက်ခိုက်သူမှာ ဘေးသို့ လွင့်စဉ်သွားသည်။
သူ့ရင်ဘတ်ရှိ သံချပ်ကာမှာ ထိုကန်ချက်ကြောင့် အက်ကွဲသွားသည်။ ထိုလူမှာ ကျောက်တုံးတစ်တုံးလို နံရံကို တိုက်မိသွားပြီး နံရံတစ်ခုလုံး တုန်ခါသွားသည်။
သူတိုက်မိသည့်နေရာမှ ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများ ပြန့်ထွက်သွားပြီးနောက်၊ ခဏအကြာတွင် ထိုလူမှာ မြေပြင်ပေါ်သို့ ပုံလျက်သား ပြုတ်ကျသွားသည်။
အနီးနားတွင် ဓားကိုင်ထားသော ကျန်နှစ်ယောက်မှာ ချွေးများ ပြန်လာသည်။ သူတို့၏ လက်ကောက်ဝတ်များမှာ သူတို့ဆန္ဒမပါဘဲ တုန်ယင်နေသည်။
ဒါက လူသတ်ပွဲတစ်ခုသာ ဖြစ်သည်။ လုံးဝ အနိုင်ယူခြင်း ဖြစ်သည်။ သူတို့သာ တစ်ခုခု လှုပ်ရှားလိုက်လျှင် ချက်ချင်း အသတ်ခံရမည်။ တစ်ယောက်က တုံ့ပြန်မှုတစ်ခုလို တိုးတိုးလေး ပြောလိုက်သည်။
"ငါ... ငါ လှုပ်လို့ မရဘူး..."
ငှက်တစ်ကောင်သည် မြွေ၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရလျှင် ကြောက်လန့်ပြီး အေးခဲသွားသလိုမျိုး။ သူတို့က ထိုငှက်များ ဖြစ်ပြီး၊ ဤလူကတော့ လျှာကို အကြိမ်ကြိမ် ထုတ်နေသည့် မြွေတစ်ကောင်ပင်။
"ဖယ်ကြ၊ ဖယ်ကြ။ အဲ့ဒီအတိုင်း တောင့်တောင့်ကြီး ရပ်နေတာက လမ်းပိတ်နေတယ်၊ လမ်းမပိတ်ကြနဲ့။"
ဟာတာကေး ဆာတိုရူ၏ လက်က သူတို့ပခုံးကို ထိလိုက်သည်နှင့် ဆိုင်းငံ့ထားသော တံတား၏ မြူဆိုင်းနေသော အစွန်းဘက်မှ လေပြင်းတစ်ခု ရုတ်တရက် တိုက်ခတ်လာသည်။
မီးခိုးငွေ့များမှာ လျင်မြန်စွာ စုစည်းလာပြီး လေဆင်နှာမောင်းလို လည်ပတ်နေသည့် လေထဲတွင် ရှူရီကန် များမှာ အရှိန်ပြင်းစွာ လည်ပတ်နေပြီး လိုက်ကြည့်ရန်ပင် ခက်ခဲသည်။
"အသံကျယ်ကျယ်နဲ့ ပြောတာကလည်း အကျိုးရှိသားပဲ။ ကိုယ်တိုင် ဝင်စရာ မလိုတော့ဘူးနဲ့ တူတယ်၊" ဟာတာကေး ဆာတိုရူက ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။ သူ၏ လက်ဖဝါးမှ အပြာရောင် မြူငွေ့များ ထွက်ပေါ်လာပြီး ဘေးနားရှိ နှစ်ယောက်၏ ပခုံးဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
မရပ်မနားဘဲ ထိုနှစ်ယောက်မှာ ဘေးနှစ်ဖက်ရှိ နံရံများဆီသို့ အပြင်းအထန် ပစ်ပေါက်ခံလိုက်ရသည်။
လည်ပတ်နေသော ရှူရီကန်များမှာ ပြင်းထန်သော လေဓားသွားများကို သယ်ဆောင်လာပြီး တစ်ခုမှာ ဟာတာကေး ဆာတိုရူ၏ မျက်နှာဖုံးကို ဖြတ်တောက်ရန် အသင့်ရှိနေသည်။
သို့သော် ဖုန်မှုန့်များ ရုတ်တရက် ထလာမှုကြောင့် ရှူရီကန်မှာ ပစ်မှတ်ကို လွဲချော်သွားသည်။
မီးခိုးငွေ့နောက်ကွယ်တွင် ရပ်နေသော ဒန်ဇိုက လက်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
သူ၏ လက်ဖဝါးတွင် မြှုပ်ထားသော ရှာရင်ဂန်မှာ ပွင့်လာပြီး မီးခိုးငွေ့ထဲမှ လူကို စူးစမ်းသည်။
သို့သော် လူက လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ပင်—မည်သည့်အရိပ်အယောင်မျှ မရှိ။ သူသာ လှုပ်ရှားခဲ့လျှင် ချာကရာ စီးဆင်းမှု ရှိရမည်။ မီးခိုးငွေ့က ရှာရင်းဂန်အတွက် ပြဿနာ မဟုတ်ပေ။
ဒါဆို ဒီလူ ဘယ်ရောက်သွားတာလဲ!?
"ငါ့ကို ရှာနေတာလား?"
ဟာတာကေး ဆာတိုရူ၏ အသံမှာ အပေါ်မှ ပဲ့တင်ထပ်လာသည်။
"မင်း ဘယ်တုန်းက အပေါ် ရောက်သွားတာလဲ—?!"
ဒန်ဇိုက အပေါ်ကို အမြန် မော့ကြည့်လိုက်ရာ ဟာတာကေး ဆာတိုရူကို တွေ့လိုက်ရသည်။ ဘာအရိပ်အယောင်မှ မရှိ၊ လှုပ်ရှားမှု မရှိ၊ ဘာမှ မရှိခဲ့ပေ။ သူသည် ဒန်ဇို၏ ခေါင်းပေါ်တွင် ရုတ်တရက် ပေါ်လာသလိုပင်!
"ခုနလေးတင်ပါ။ မင်း မမြင်ဘူးလား?!"
ဟာတာကေး ဆာတိုရူ၏ ပုံရိပ်မှာ လေထဲတွင် တုန်ခါသွားပြီးနောက် အပေါ်မှ ပြင်းထန်သော လက်သီးချက်တစ်ခု ကျလာသည်။
သို့သော် ၎င်းမှာ လေကိုသာ ထိမိသည်။ "ဖုန်း" ဆိုသည့် အသံနှင့်အတူ လက်သီးချက်အောက်ရှိ "ဒန်ဇို" မှာ အဖြူရောင် မီးခိုးလုံးအဖြစ် ပျောက်ကွယ်သွားသည်။
"မဆိုးဘူး၊ အဘိုးကြီး။ မင်း မှတ်ဉာဏ်တွေ ပျောက်တော့မှာ မဟုတ်ဘူးပေါ့။"
ဒန်ဇိုက ဘေးသို့ ရှောင်လိုက်ပြီး ခြေမခိုင်ခင်မှာပင် ဟာတာကေး ဆာတိုရူ၏ အသံမှာ သူ၏ နားနားသို့ ရောက်လာသည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!? ဒီလူက တစ်စက္ကန့်တုန်းကမှ လေထဲမှာ ရှိနေတာ! ဘယ်လောက်ပဲ မြန်မြန်၊ မင်းဘေးမှာ ချက်ချင်း ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး!
အဖြူရောင် မျက်နှာဖုံးမှာ ဒန်ဇို၏ ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး သူ၏ မျက်နှာကို တည့်တည့် ထိုးလိုက်သော လက်သီးချက်မှာ ပြင်းထန်လွန်းသည်။
"အူး—!"
ဒန်ဇို ရှောင်ချိန်မရလိုက်ဘဲ အင်အားပြင်းစွာ လွင့်စဉ်သွားသည်။ သူသည် လေထဲတွင် ကိုယ်ကို လှည့်လိုက်ပြီး တံတား၏ ကျိုးပဲ့နေသော အပိုင်းတစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။
"မြန်လိုက်တာ!"
ဒန်ဇိုသည် တံတားပေါ်တွင် ဟန်ချက်ထိန်းရန် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်သည်။
သူသည် ချာကရာစီးဆင်းမှုကို မမြင်ရ၊ လှုပ်ရှားမှုကို လိုက်မမှီ။ ဒီလူ လှုပ်ရှားနေသလိုတောင် မခံစားရဘဲ—နေရာလွတ်ကို ကျော်ဖြတ်ပြီး ရောက်လာသလိုမျိုး!
အဲ့ဒီအတိုင်းဆိုရင် သူ တိုက်ခိုက်မည့် အကွာအဝေးကို ချဲ့ပြီး အရှိန်မြှင့်မှ ဖြစ်မည်!
ဒန်ဇိုမှာ စစ်မှန်သော တိုက်ပွဲများစွာကို ဖြတ်သန်းခဲ့သူ ဖြစ်သည်။ ဟာတာကေး ဆာတိုရူ သုံးနေသော နည်းလမ်းကို သူ နားမလည်ရင်တောင်—
အတွေ့အကြုံဖြင့် သူ တုံ့ပြန်နိုင်သည်။
"လေစွမ်းအား: ဗက်ကျူမ် ဘူလက်
ဒန်ဇိုသည် လက်ကို ပါးစပ်နားသို့ မြှောက်ကာ အတွင်းတွင် ချာကရာ များကို လျင်မြန်စွာ စုစည်းလိုက်သည်။
အစိမ်းဖျော့ရောင် မြူငွေ့များမှာ ကျည်ဆန်ငယ်လေးများအဖြစ် စုစည်းသွားပြီး ဟာတာကေး ဆာတိုရူဆီသို့ လျင်မြန်စွာ ပစ်လွှတ်လိုက်သည်။
လေထဲတွင် ဖုန်မှုန့်များ ငြိမ်ကျလာချိန်တွင် ဟာတာကေး ဆာတိုရူ၏ ပုံရိပ်မှာ သူရပ်နေသည့်နေရာ၌ ခဏတာ တုန်ခါသွားသည်။ လေကျည်ဆန် အချို့မှာ သူ့ကို ထိမှန်သွားပုံရသည်။
သို့သော် သူတို့က သူ့ကို အနည်းငယ် နှေးကွေးသွားစေသော်လည်း၊ ဒန်ဇိုအတွက်မူ ဟာတာကေး ဆာတိုရူမှာ တုန်ခါနေသော အရိပ်တစ်ခုအဖြစ်သာ မြင်နေရသည်။
ဒန်ဇိုနှင့် တစ်မီတာ အကွာသို့ ရောက်လာသည့်အခါ ထိုအရိပ်မှာ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ၏ တည်ရှိမှုမှာ လုံးဝ ပျောက်ကွယ်သွားသည်။
ဒန်ဇိုသည် ကြေမွနေသော မြေပြင်နှင့် သူ၏ အပေါ်ဘက်ရှိ နေရာကို သတိထား၍ ဝေ့ကြည့်နေသည်။
"လေစီးကြောင်းတွေက ငါ့ကို ဖြတ်တိုက်သွားတာ ဟုတ်တယ်၊ ဒါပေမဲ့ သူတို့ ငါ့ကို တကယ် ထိမှန်လို့ မရဘူး။"
ဟာတာကေး ဆာတိုရူ၏ အသံမှာ အောက်ရှိ ဆိုင်းငံ့တံတားအောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
ဒန်ဇို အောက်ကို ငုံ့ကြည့်လိုက်သည့်အခါ ဟာတာကေး ဆာတိုရူမှာ တံတားအောက်တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။ သူသည် လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်ထားပြီး—သူ့လက်ကြားတွင် အနက်ရောင် လုံးဝန်းသည့် စွမ်းအင်အတွင်း၌ အနီရောင် အလင်းတန်းများ လျင်မြန်စွာ လည်ပတ်နေသည်။(T/N : –မူရင်းမာတည်းကအနက်လို့ရေးထားတာပါနော် Hallow purpleမဟုတ်ပါဘူး)
"ဟာ!”