အခန်း (၉၃) - ဖလန်းဒါး - စူးမင်... ကျောင်းတော်ကို ပြန်ဆောက်ဖို့ ကူညီပေးနိုင်မလား။ စူးမင် - အပိုကြေးပေးမှရမယ်
ဖလန်းဒါး က ခဏတာ ရပ်တန့်လိုက်ပြီးနောက် "ခဏနေရင် မင်းတို့ထဲက တစ်ယောက်ချင်းစီတိုင်း ဘဏ္ဍာရေး တာဝန်ခံ ဆရာလီ ဆီမှာ ရွှေဒင်္ဂါး တစ်ရာစီ ပေးသွင်းရမယ်" ဟု ပြောလိုက်လေသည်။
စူးမင် မျက်မှောင်ကြုတ်သွားပြီး ရှေ့သို့ ထွက်လာကာ "ကျောင်းအုပ်ကြီး... ကျွန်တော်တို့ စာရင်းသွင်းခ ပေးပြီးပြီ မဟုတ်ဘူးလား" ဟု မေးလိုက်လေသည်။
ဖလန်းဒါး ၏ ပါးစပ်များ တွန့်ကွေးသွားလေသည်။ ဒီ ပြဿနာရှာတဲ့ ကောင်လေး ထပ်ရောက်လာပြန်ပြီပဲ။ အကယ်၍ စူးမင်သာ မရှိခဲ့ဘူးဆိုရင် အဲဒီ စာရင်းသွင်းခ တွေကို သူ ပြန်ပေးဖို့ လိုအပ်မှာလား။
သို့သော် စူးမင်၏ ပါရမီက သူ မြင်ဖူးသမျှထဲတွင် အကောင်းဆုံး ဖြစ်နေသည်ကတော့ အမှန်ပင်။ သူသာ ရှိနေမည်ဆိုပါက အချိန်တန်လျှင် ရွှီးလိုင်ခဲ က သေချာပေါက် တိုးတက်လာမည် ဖြစ်လေသည်။ ထို့ကြောင့် သူက စိတ်ရှည်လက်ရှည်ဖြင့် "အဲဒါက စာရင်းသွင်းခ လေ။ အခု ပေးရမှာက ကျောင်းလခ" ဟု ရှင်းပြလိုက်လေသည်။
စူးမင်က မည်သည့် ကျောင်းလခ ကိုမျှ မပေးချင်ချေ။ ရွှေဒင်္ဂါး တစ်ရာက သူ အချိန်အကြာကြီး သုံးစွဲရန်အတွက် လုံလောက်နေပြီ ဖြစ်လေသည်။ "ကျောင်းအုပ်ကြီး... ရှောင်ဝူ၊ ထန်ဆန်း နဲ့ ကျွန်တော့်ကို သီအိုရီမဟာသခင်ကြီး ယွီရှောင်ကန်း က မိတ်ဆက်ပေးလိုက်တာပါ။ ပြီးတော့ ထန်ဆန်းက သီအိုရီမဟာသခင်ကြီး ရဲ့ တပည့်လေ။ ဒီ မကောင်းဆိုးဝါး ကျောင်းတော် ကို လာမယ်ဆိုရင် ကျောင်းလခ ပေးစရာ မလိုဘူးလို့ သီအိုရီမဟာသခင်ကြီး က ပြောပါတယ်။ ဒီက ဆရာတွေက အစွမ်းထက်ကြပြီး ကျွန်တော်တို့ရဲ့ စွမ်းအားတွေ တိုးတက်လာအောင် ကူညီပေးနိုင်မယ်လို့ သူ ပြောခဲ့တာကြောင့် ကျွန်တော်တို့ လာခဲ့ကြတာပါ။ မဟုတ်ရင် ကျွန်တော်တို့ရဲ့ စွမ်းအားနဲ့ဆိုရင် နာမည်ကြီး အလယ်အလတ် ကျောင်းတော် တစ်ခုခုကို သွားလို့ မရဘူးလား"
"အကယ်၍ ကျောင်းအုပ်ကြီး က ကျောင်းလခ ကို အတင်း ကောက်ခံနေမယ်ဆိုရင် ရှောင်ဝူနဲ့ ကျွန်တော်က တခြား ကျောင်းတော် တစ်ခုခုကိုပဲ သွားရတော့မှာပေါ့"
"ထန်ဆန်း... မင်း သဘောမတူဘူးလား"
အကျိုးအပြစ်များကို ချိန်ဆပြီးနောက် ထန်ဆန်းက လည်း "ဟုတ်ပါတယ် ကျောင်းအုပ်ကြီး။ ဆရာက သူနဲ့ ကျောင်းအုပ်ကြီး က သူငယ်ချင်းဟောင်းတွေ ဖြစ်တယ်လို့ ပြောပြီး ကျွန်တော့်ကို ဒီကျောင်း လာတက်ဖို့ ပြောခဲ့ပါတယ်။ သူလည်း မကြာခင် ရောက်လာမှာပါ။ ပြီးတော့ ကျွန်တော့်ရဲ့ တတိယမြောက် ဝိညာဉ်ကွင်း အတွက် လူမျက်နှာ မိစ္ဆာပင့်ကူ တစ်ကောင် အမဲလိုက်ဖို့ ကျောင်းအုပ်ကြီး ကူညီပေးနိုင်မယ်လို့ သူ မျှော်လင့်နေပါတယ်" ဟု ပြောလိုက်လေသည်။
တကယ်တမ်းတွင် ယွီရှောင်ကန်း က ကျောင်းလခ ကင်းလွတ်ခွင့် အကြောင်း ဘာမှမပြောခဲ့ဖူးချေ။ သို့သော် ထန်ဆန်းက ဖြစ်နိုင်လျှင် ကျောင်းလခ ကို ချွေတာသင့်သည်ဟု တွေးလိုက်မိလေသည်။ မည်သို့ပင်ဆိုစေ အကယ်၍ တစ်ခုခု မှားယွင်းသွားပါက စူးမင်က အဓိက တရားခံ ဖြစ်သွားမည်ဖြစ်ပြီး သူက အလွန်ဆုံး ကြံရာပါ သက်သက်သာ ဖြစ်သွားမည် ဖြစ်လေသည်။ ထို့အပြင် ရွှေဒင်္ဂါး တစ်ရာက တကယ်ပင် များပြားလွန်းလှပြီး အစွမ်းထက်သော လျှို့ဝှက်လက်နက် များ ဖန်တီးရန်အတွက် ပိုက်ဆံ စုဆောင်းရန် သူ လိုအပ်လေသည်။ သူ၏ လက်ရှိ လျှို့ဝှက်လက်နက် များက သူ၏ အရှိန်အဟုန်နှင့် လိုက်မမီတော့ချေ။
ဖလန်းဒါး ခဏတာ စကားမပြောနိုင်တော့ချေ။ ထန်ဆန်း၏ ခါးတွင် ယွီရှောင်ကန်း ၏ ဝိညာဉ်လက်နက် ရှိနေသဖြင့် သူက သေချာပေါက် ယွီရှောင်ကန်း ၏ တပည့် ဖြစ်ပေမည်။ သူ လောလောဆယ်တွင် အလွန် မကျေမနပ် ဖြစ်နေရုံသာ။ စာရင်းသွင်းခ တွေကို သူ မရခဲ့တဲ့အပြင် အခု လူသုံးယောက်စာ ကျောင်းလခ ပါ ဆုံးရှုံးသွားရပြီ။
ဖလန်းဒါး က ဟန်ဆောင်ပြုံးကာ "မင်းတို့ကို ရှောင်ကန်း က မိတ်ဆက်ပေးလိုက်တာ ဆိုမှတော့ သေချာပေါက် ကျောင်းလခ ပေးစရာ မလိုပါဘူး။ ကျူးကျူချင် နဲ့ နင်းရုန်ရုန်... မင်းတို့နှစ်ယောက် ပေးကြ" ဟု ပြောလိုက်လေသည်။
နင်းရုန်ရုန် က သူမ ပေးမည်ဖြစ်ကြောင်း ပြသလိုက်လေသည်။ ဤ ငွေပမာဏ သေးသေးလေးကို သူမ ဂရုမစိုက်ချေ။ ၎င်းက သူမ၏ မုန့်ဖိုး၏ အစိတ်အပိုင်းလေး တစ်ခုမျှပင် မရှိချေ။
ကျူးကျူချင် က ကျူး မိသားစု မှ ထွက်ခွာလာခဲ့သော်လည်း သူမ ထွက်လာစဉ်က သူမ၏ ဓနဥစ္စာ အားလုံးကို ယူဆောင်လာခဲ့လေသည်။ ရွှေဒင်္ဂါး တစ်ရာက ဘာမှမဟုတ်ချေ။ သူမ၏ စရိုက်ဖြင့် ဘာမှ အပို ပြောမနေတော့ချေ။ သူမ ပိုမို အစွမ်းထက်လာနိုင်သရွေ့ အဆင်ပြေလေသည်။
ထိုနှစ်ယောက်က ပေးရန် ငြင်းဆန်ခြင်း မရှိသည်ကို မြင်သောအခါ ဖလန်းဒါး သက်ပြင်းချလိုက်လေသည်။ စူးမင်တို့ အဖွဲ့အတွက်တော့ သူ ဘာမှမတတ်နိုင်တော့ချေ။ ရှောင်ကန်း က ဤနေရာသို့ လာရန် ဆုံးဖြတ်ထားပြီးဖြစ်လေသည်။ သူက ငွေမက်သော်လည်း ဤ မျက်နှာကိုတော့ ထောက်ရမည် ဖြစ်လေသည်။ ဘာပဲဖြစ်ဖြစ် နောက်ပိုင်းကျရင် သူတို့ဆီက ငွေရနိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိဦးမှာပဲ... လောစရာ မလိုပါဘူး။
ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ဖလန်းဒါး က "စူးမင်... မင်းတို့ရဲ့ အဆောင်နဲ့ မိန်းကလေး အဆောင် တွေက အခု ဘာလို့ ပုံစံ ပြောင်းသွားတာလဲ" ဟု မေးလိုက်လေသည်။
စူးမင်က ပေါ့ပေါ့ပါးပါးပင် "အဆောင်တွေကို ပြန်ဆောက်ဖို့ ကျွန်တော့်ရဲ့ သိုင်းဝိညာဉ် ကို အသုံးပြုခဲ့တာပါ။ အရင် အဆောင်တွေက အရမ်း သေးငယ်ပြီး ကိုယ်ပိုင် လွတ်လပ်ခွင့် မရှိလို့ပါ။ ကျွန်တော် မကြိုက်ဘူး" ဟု ပြန်ဖြေလိုက်လေသည်။
ဖလန်းဒါး က ချက်ချင်းပင် စူးမင်ကို တောက်ပသော အပြုံးဖြင့် ကြည့်ကာ "စူးမင်... ကျောင်းတော် တစ်ခုလုံးကို ပြန်ဆောက်ဖို့ မင်း ကူညီပေးနိုင်မလား" ဟု မေးလိုက်လေသည်။
စူးမင်က ဖလန်းဒါး ကို အံ့အားသင့်စွာ ကြည့်လိုက်လေသည်။ သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကောက်ကျစ်ရတာလဲ။ သူ့ကို အခမဲ့ အလုပ်သမားများ ထင်နေတာလား။ မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး။
စူးမင် အနည်းငယ် ပြုံးလိုက်လေသည်။ "ကျွန်တော် လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကျောင်းအုပ်ကြီး က အပိုကြေး ပေးရမယ်။ မဟုတ်ရင် ကျွန်တော် မလုပ်ပေးနိုင်ဘူး။ အိမ်ဆောက်ဖို့ သိုင်းဝိညာဉ် ကို အသုံးပြုရတာက ကျွန်တော့်ရဲ့ ဝိညာဉ်စွမ်းအား တွေကို အများကြီး ကုန်ဆုံးစေတယ်လေ"
ဖလန်းဒါး က ဒေါသတကြီးဖြင့် "မင်းက ကျောင်းတော် ရဲ့ ကျောင်းသား တစ်ယောက် ဖြစ်နေပြီ ဆိုမှတော့ နည်းနည်းလောက် ကူညီပေးတာ ဘာမှားနေလို့လဲ။ ကျောင်းတော် ကို နည်းနည်းလောက် ပိုကောင်းသွားအောင် မင်း မလုပ်ပေးချင်ဘူးလား" ဟု ပြန်ပြောလိုက်လေသည်။
စူးမင်က ဖလန်းဒါး ကို အပြစ်ကင်းစင်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။ "လုပ်ပေးချင်ပါတယ်။ ဒါပေမဲ့ အဲဒါက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ။ ဘာပဲဖြစ်ဖြစ် ကျောင်းအုပ်ကြီး... သေချာပေါက်... အပိုကြေး... ပေးရမယ်။"
ဖလန်းဒါး က လက်ကို ယမ်းလိုက်လေသည်။ "ထားလိုက်ပါတော့... ထားလိုက်ပါတော့။ ဒီကိစ္စကို နောက်မှ ပြောကြတာပေါ့"
ဤအချိန်တွင် ဖလန်းဒါး က စူးမင်ကို ကျောင်းတော် ကို အခမဲ့ ပြန်လည်ပြုပြင်မွမ်းမံရန် ဘယ်လို နည်းလမ်းဖြင့် လုပ်ခိုင်းရမည်နည်း ဟု တွေးတောနေမိလေသည်။ ဤကဲ့သို့သော အစွမ်းထက်သည့် စွမ်းရည်မျိုးကို အသုံးမချလိုက်ရပါက နှမြောစရာ ကောင်းပေလိမ့်မည်။
ထို့နောက် ဖလန်းဒါး က လူတိုင်းကို "နင်းရုန်ရုန် နဲ့ အော်စကာ ကလွဲပြီး တခြားလူတွေ အားလုံး အဆောင်ပြန်ပြီး အနားယူလို့ ရပြီ။ ငါတို့ရဲ့ ပထမဆုံး အတန်းကို ဒီည စမယ်။ မုပိုင်... သူတို့ကို ကျောင်းတော် ရဲ့ စည်းမျဉ်းတွေ အရင် ပြောပြလိုက်ဦး။ ရှင်းရှင်းလင်းလင်း ပြောရရင် ငါတို့ ကျောင်းတော် က တခြား ကျောင်းတွေနဲ့ မတူဘူး။ မင်းတို့ အန္တရာယ် တွေနဲ့ ရင်ဆိုင်ရနိုင်တယ်။ ဒါကြောင့် ဒီည မတိုင်ခင် မင်းတို့ရဲ့ အကောင်းဆုံး အခြေအနေကို ရောက်အောင် အနားယူထားကြ" ဟု ပြောလိုက်လေသည်။
စူးမင် ရင်ထဲမှနေ၍ တိတ်တဆိတ် ညည်းတွားလိုက်လေသည်။ 'ဟုတ်ပါပြီ။ ခင်ဗျားရဲ့ ကျောင်းတော် မှာ အတော်လေး နာမည်ကြီးတဲ့ ချင်မင် တစ်ယောက်ပဲ ရှိတာလေ။ တခြား ကျောင်းသားတွေနဲ့ ပတ်သက်ပြီးတော့ကတော့ အများစုက ခင်ဗျားပြောတဲ့ အဲဒီ "အန္တရာယ်" တွေကြောင့် သေကုန်ကြပြီ ထင်တယ်'
နင်းရုန်ရုန် က ဤအခြေအနေကို မျှော်လင့်ထားပြီးဖြစ်သဖြင့် ချက်ချင်း ရှေ့ထွက်လာသော်လည်း အော်စကာ၏ မျက်နှာမှာမူ ခါးသီးနေလေသည်။ ဒီ ကျောင်းအုပ်ကြီး က သူ့ရဲ့ လှည့်ကွက်တွေကို စလုပ်တော့မယ်။
ဤစကားကို ကြားသောအခါ မာဟုန်ကျွင်း က လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားလေသည်။
တစ်ချိန်တည်းမှာပင် စူးမင်၊ ရှောင်ဝူ၊ ထန်ဆန်း နှင့် ကျူးကျူချင် တို့ ကျန်ရစ်ခဲ့ကြလေသည်။ ကျောင်းအုပ်ကြီး က နင်းရုန်ရုန် နှင့် အော်စကာကို ဘယ်လို သင်ကြားမည်နည်း ဆိုသည်ကို သူတို့ ကြည့်ချင်နေကြလေသည်။
ဖလန်းဒါး က ဂရုမစိုက်ဘဲ အော်စကာနှင့် နင်းရုန်ရုန် ကို "မင်းတို့ နှစ်ယောက်စလုံးက အထောက်အကူပြု အမျိုးအစား ဝိညာဉ်သခင် တွေပဲ။ တစ်ယောက်က ဂုဏ်သတ္တိ အထောက်အကူပြု ပေးပြီး နောက်တစ်ယောက်က အစားအသောက် အထောက်အကူပြု ပေးတယ်။ မင်းတို့လို ဝိညာဉ်သခင် တွေက များသောအားဖြင့် တခြားလူတွေရဲ့ အကာအကွယ် လိုအပ်တယ်။ မဟုတ်ရင် အသက်ရှင်သန်ဖို့ ခက်ခဲလိမ့်မယ်" ဟု ပြောလိုက်လေသည်။
"ပြီးတော့ တခြားလူတွေကလည်း မင်းတို့ကို အချိန်တိုင်း မကာကွယ်ပေးနိုင်ဘူးလေ။ ဒါကြောင့် အထောက်အကူပြု အမျိုးအစား ဝိညာဉ်သခင် တစ်ယောက်အနေနဲ့ ထွက်ပြေးခြင်း ဆိုတာက မင်းတို့ ပိုင်ဆိုင်ထားရမယ့် ရုပ်ပိုင်းဆိုင်ရာ အရည်အသွေး တစ်ခုပဲ။ မပြေးတတ်တဲ့ အထောက်အကူပြု အမျိုးအစား ဝိညာဉ်သခင် တစ်ယောက်ဟာ ဝိညာဉ်သခင် ကောင်း တစ်ယောက် မဟုတ်ဘူး။ ပြေးဖို့အတွက် ခန္ဓာကိုယ် ခွန်အား လိုအပ်တယ်။ ဒါကြောင့် မင်းတို့ နှစ်ယောက်စလုံး လေ့ကျင့်ဖို့ လိုအပ်တယ်။ အရေးကြီးတဲ့ အချိန်မှာ ခြေတစ်လှမ်း ပိုပြေးနိုင်တာက အသက်ရှင်သန်ခြင်းကို ဆိုလိုတာပဲ"
ကျောင်းအုပ်ကြီး ဤမျှ ကြီးကျယ်ခမ်းနားစွာ ပြောဆိုနေသည်ကို ကြားသောအခါ ယနေ့တွင် သူ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း အော်စကာ သိလိုက်လေသည်။
နင်းရုန်ရုန် ကမူ အရင်ကလို မဟုတ်တော့ချေ။ ဖလန်းဒါး က မှန်သင့်သလောက် မှန်သလို မှားသင့်သလောက်လည်း မှားနေသည်ဟု သူမ ခံစားရလေသည်။ အကယ်၍ အထောက်အကူပြု အမျိုးအစား ဝိညာဉ်သခင် တစ်ယောက်တွင် ရုပ်ပိုင်းဆိုင်ရာ ခွန်အားကောင်းပြီး ပြေးနိုင်လျှင်တောင်မှ သူတို့ထက် ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများ များစွာ သာလွန်သော တိုက်ခိုက်ရေး ဝိညာဉ်သခင် တစ်ယောက်ဆီက တကယ်လွတ်အောင်ထွက်ပြေးနိုင်ပါမည်လော။ နင်းရုန်ရုန် ကမူ မဖြစ်နိုင်ဟု ထင်မြင်လေသည်။
ဥပမာအားဖြင့် သူမ၏ အဘိုးဓား နှင့် အဘိုးအရိုး တို့နှင့်ဆိုလျှင် အထောက်အကူပြု အမျိုးအစား ဝိညာဉ်သခင် တစ်ယောက် ပြေးနိုင်ခြင်းက ဘာများ အသုံးဝင်မည်နည်း။ အဘိုးဓား က လူတစ်ယောက်ကို တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ဖယ်ရှားပစ်နိုင်ပြီး အဘိုးအရိုး က နေရာရွှေ့ပြောင်းခြင်း ဖြင့် လူတစ်ယောက်ကို ပျောက်ကွယ်သွားအောင် လုပ်နိုင်လေသည်။ ပြေးခြင်း တစ်ခုတည်းကိုသာ အားကိုးနေခြင်းက တကယ်တမ်းတွင် ကြီးမားသော အကျိုးသက်ရောက်မှု မရှိဟု နင်းရုန်ရုန် ခံစားရလေသည်။
စူးမင် လည်း ပြေးရမည့် အကြံအစည်အပေါ် လှောင်ပြောင်လိုက်လေသည်။ ရုပ်ပိုင်းဆိုင်ရာ ခွန်အား တည်ဆောက်ရန် ပြေးခြင်းကို သူ မကန့်ကွက်သော်လည်း ထိုသို့ လုပ်ရုံမျှဖြင့် အထောက်အကူပြု အမျိုးအစား ဝိညာဉ်သခင် တစ်ယောက်က တိုက်ခိုက်ရေး ဝိညာဉ်သခင် တစ်ယောက်လက်က ပြေးလွတ်နိုင်မည်ဟု ပြောခြင်းမှာ လုံးဝ မဖြစ်နိုင်ချေ။
သို့သော် ယနေ့ ဖလန်းဒါး ၏ စကားများက သူ့ကို သတိပေးချက် တစ်ခု ပေးလိုက်လေသည်။ မည်သည့် ထွက်ပြေးရန် ဒါမှမဟုတ် တိုက်ခိုက်ရန် နည်းလမ်းမျှ မရှိသော အထောက်အကူပြု ဝိညာဉ်သခင် တစ်ယောက်အနေဖြင့် နင်းရုန်ရုန် က တကယ်ပင် အန္တရာယ် ရှိနေလေသည်။ သူမ၏ သဘောကျမှုကို တိုးမြင့်လာစေရန် သင့်တော်သော အချိန်တွင် အကူအညီ တချို့ ပေးနိုင်လေသည်။
ဖလန်းဒါး ၏ ရှည်လျားသော စကားများအပြီးတွင် သူက သူ၏ လေ့ကျင့်ရေး သင်တန်းကို နောက်ဆုံးတွင် ကြေညာလိုက်လေသည်။ "ဒီနေ့အတွက် မင်းတို့ရဲ့ သင်ခန်းစာက ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ရေးပဲ။ အခုကစပြီး ရွာတစ်ရွာလုံးကို အပတ်နှစ်ဆယ် ပြေးရမယ်။ မွန်းတည့်ချိန် မတိုင်ခင် မပြီးရင် နေ့လယ်စာ စားရမှာ မဟုတ်ဘူး"