အခန်း (၅) - အသက်သုံးဆယ်အရွယ် ဝိညာဉ်တစ်ခုလား။ ထန်ဟောက် - ရှောင်ဆန်း... မင်း ညာဘက်လက်က မြက်ပင်ကို ကာကွယ်ဖို့ ဘယ်ဘက်လက်က တူကို သုံးရမယ်။
စူးမင်က အခွင့်အရေးကို အရယူကာ သူ၏စိတ်အာရုံဖြင့် ဒိုင်ယာရီကို ခေါ်ထုတ်လိုက်ပြီး နေ့စဉ်မှတ်တမ်းများကို စတင်ရေးသားလေသည်။ ထို့နောက် အနည်းငယ် မြည်တွန်တောက်တီးလိုက်သေးသည်။ ဤသို့ဖြင့် သူ နေ့စဉ် ဆုလာဘ်များ ရရှိနိုင်မည် ဖြစ်ရာ စူးမင်တစ်ယောက် အလွန်အမင်း ကျေနပ်နေမိသည်။
"ဒီနေ့မနက်စောစောမှာပဲ အဘိုးဂျက်က ငါ့ကို နော့တန်ကျောင်းတော်ဆီ ပညာသင်ဆုကျောင်းသားအနေနဲ့ ခေါ်သွားချင်နေတယ်။ ထန်ဆန်းကလည်း ဝိညာဉ်နဲ့ ဝိညာဉ်စွမ်းအား နိုးထလာတာဆိုတော့ သူ့ရဲ့ပါရမီကို အလဟဿ အဖြစ်မခံသင့်ဘူးလို့ အဘိုးက တွေးမိပုံရတယ်။ ဒါကြောင့် ဆူးယွင်ထောင်းဆီကနေ ထောက်ခံစာတစ်စောင် တောင်းပေးခဲ့ပြီး ထန်ဆန်းကိုပါ ပညာသင်ဆုကျောင်းသား ဖြစ်လာစေဖို့ သူ မျှော်လင့်နေခဲ့တာ"
"တကယ်တော့ ရွာမှာ ပညာသင်ဆုနေရာက တစ်ခုတည်းရှိတာလေ။ အဘိုးဂျက်ကလည်း သဘာဝကျကျပဲ သူနဲ့ ပိုရင်းနှီးတဲ့သူကို ပေးမှာပေါ့။ ငါ့အမြင်တော့ ဒါက လုံးဝကို သာမန်ကိစ္စပါပဲ"
ဒိုင်ယာရီ ဖတ်ရှုနေကြသော အမျိုးသမီးဇာတ်ဆောင်များကလည်း ၎င်းမှာ သာမန်ကိစ္စရပ်တစ်ခုဟုသာ မြင်ကြသည်။ စူးမင်ကို အဘိုးဂျက်က မွေးစားထားခဲ့ခြင်းဖြစ်ရာ ထန်ဆန်းထက် သူတို့ဆက်ဆံရေးက ပိုမိုကောင်းမွန်နေမည်မှာ သေချာလှသည်။ ထို့ကြောင့် တစ်ခုတည်းသော နေရာကို စူးမင် ရရှိသွားခြင်းက သဘာဝပင် ကျနေလေသည်။
ထန်ဆန်းအတွက် ထောက်ခံစာတစ်စောင် ရရှိခဲ့ခြင်းကပင် အလွန်ကောင်းမွန်နေပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေ နောက်ထပ် ပညာသင်ဆု နေရာတစ်ခုသာဖြစ်ပြီး ကျောင်းတော်များကလည်း ဝိညာဉ်နန်းတော်၏ မျက်နှာကို ထောက်ထားတတ်ကြသည် မဟုတ်ပါလော။
ထန်ဆန်းက အဘိုးဂျက်ကို သေချာပေါက် ကျေးဇူးတင်လိမ့်မည်ဟု သူတို့ ထင်မှတ်နေစဉ်မှာပင် ဒိုင်ယာရီ၏ အကြောင်းအရာများက သူတို့ကို အံ့အားသင့်သွားစေခဲ့သည်။
"ဒါပေမဲ့ ရိုးရိုးသားသားပြောရရင် အဘိုးဂျက်က ထန်ဆန်းအတွက် ဆူးယွင်ထောင်းဆီကနေ ထောက်ခံစာ တောင်းပေးလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး။ အသက်သုံးဆယ်အရွယ် ဝိညာဉ်ရှိနေတဲ့ ထန်ဆန်းကတော့ ဒီကိစ္စမှာ ဘယ်လောက်အထိ အန္တရာယ်ရှိလဲဆိုတာကို နားလည်မှာ သေချာတယ်။ ဒီထောက်ခံစာက အသုံးဝင်ချင်မှ ဝင်မှာလေ။ ဖြစ်နိုင်ခြေနည်းတယ်ဆိုပေမယ့် ရွာရဲ့ ပညာသင်ဆုနေရာက ပိုပြီး စိတ်ချရတာပေါ့"
"အခုတော့ ထန်ဆန်းက အဘိုးဂျက်ကို ကျေးဇူးတင်ဖို့ဆိုတာ ဝေလာဝေး။ ရင်ထဲမှာရော အဘိုးဂျက်ကို အငြိုးထားနေမလား မသိဘူး။ ဘာပဲဖြစ်ဖြစ် သူ သက်သောင့်သက်သာတော့ ခံစားနေရမှာ မဟုတ်ဘူး"
"အရင်ဘဝတုန်းက ထန်ဆန်း ငယ်ငယ်က ထန်ဟောက်က သူ့ကို သိပ်မကြည်ဖြူဘဲ အရက်ကိုသာ အလွန်အကျွံ သောက်နေတတ်တယ်။ ထန်ဟောက်ရဲ့ စားဝတ်နေရေးကိုပါ ထန်ဆန်းက တာဝန်ယူပေးခဲ့ရပြီး သူ့ဘဝက သိပ်မသာယာခဲ့ပါဘူး။ အဘိုးဂျက် တစ်ယောက်တည်းကသာ သူ့ကို တကယ် ဂရုစိုက်ခဲ့ပြီး သူ့အတွက်နဲ့ သူ့အဖေကိုတောင် ဆူပူကြိမ်းမောင်းပေးခဲ့တာ"
"အဲဒါကို ထန်ဆန်းက ကျေးဇူးမတင်တဲ့အပြင် အဘိုးဂျက်ကို 'ကျွန်တော့်အဖေအကြောင်း ပြောစရာ ခင်ဗျားမှာ ဘာခွင့်ပြုချက်ရှိလို့လဲ။ ဘာပဲဖြစ်ဖြစ် သူက ကျွန်တော့်အဖေပဲ' ဆိုပြီး အေးတိအေးစက်တောင် ပြန်ပြောလိုက်သေးတယ်"
"အရင်ဘဝက ဒါကိုဖတ်ရတုန်းက ဒေါသထွက်လွန်းလို့ ရယ်တောင်ရယ်ချင်မိတယ်။ အဘိုးဂျက်က ကူညီပေးတာတောင်မှ ကျေးဇူးမသိတတ်ဘူးလေ"
"နောက်ပိုင်းကျတော့လည်း အဘိုးဂျက်က တစ်ခုတည်းသော ပညာသင်ဆုနေရာကို ထန်ဆန်းကိုပဲ ပေးခဲ့ပြန်တယ်။ ဒါပေမဲ့ ကျောင်းပိတ်ရက်တစ်ရက်မှာ အိမ်တစ်ခေါက် ပြန်လာပြီးတဲ့နောက်မှာတော့ ထန်ဆန်းက စိန့်ဝိညာဉ်ကျေးရွာကို ဘယ်တော့မှ ပြန်မလာခဲ့တော့ဘူး။ အဲဒီတစ်ခေါက် ပြန်လာတာကလည်း သူ့အဖေကို တွေ့ချင်လို့ ပြန်လာခဲ့တာ"
"ထန်ဟောက် ထွက်သွားပြီးတဲ့နောက်မှာတော့ ထန်ဆန်းက တစ်ခေါက်မှကို ပြန်မလာတော့တာ"
"ဒီနေ့လည်း အဘိုးဂျက်ပေးတဲ့ ထောက်ခံစာကို ထန်ဆန်းက ခပ်ပေါ့ပေါ့ပဲ ကျေးဇူးတင်စကားဆိုပြီး ယူသွားခဲ့တယ်။ သူ့စိတ်ထဲမှာတော့ ဒါက သူရထိုက်တာလို့များ တွေးနေမလားပဲ"
မိန်းကလေးများမှာ စူးမင်၏ ဒိုင်ယာရီကြောင့် မှင်သက်သွားကြလေပြီ။
အသက်သုံးဆယ်အရွယ် ဝိညာဉ်တစ်ခုတဲ့လား။ ဘာတွေ ဖြစ်ကုန်တာလဲ။ ထန်ဆန်းကလည်း စူးမင်လိုမျိုးပဲ ကူပြောင်းလာသူလား။
ထို့နောက် ထန်ဆန်းက သူ့ဖခင်အပေါ် အကာအကွယ်ပေးကာ တုံ့ပြန်ပုံကို သိလိုက်ရသောအခါ သူတို့ အံ့သြတုန်လှုပ်သွားကြသည်။ လူတစ်ယောက်က ဘယ်လိုလုပ် ဒီလိုမျိုး စိတ်ဓာတ်ရှိနေရတာလဲ။
အခြားသော အမျိုးသမီးဇာတ်ဆောင်များကမူ သိပ်မထူးခြားလှပေ။ အများဆုံးရှိလှ ထန်ဆန်းအပေါ် သူတို့၏အမြင် အနည်းငယ် ပိုဆိုးသွားရုံသာ ဖြစ်သည်။
ထို့အပြင် ဤဒိုင်ယာရီမှာ စူးမင် ကိုယ်တိုင်သာ ကြည့်ရှုရန် ရေးသားထားခြင်းဖြစ်ရာ ၎င်းတွင် စူးမင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေးများနှင့် ခံစားချက်များ အချို့ ပါဝင်နေလျှင်ပင် အဖြစ်အပျက် အများစုမှာ အမှန်တကယ်ပင် ဖြစ်ပေလိမ့်မည်။
တစ်စုံတစ်ယောက်က သူ၏ဒိုင်ယာရီကို ဖတ်နေမှန်း စူးမင် သိနိုင်စရာ အကြောင်းမရှိသလို အဓိပ္ပာယ်မရှိသည့် အကြောင်းအရာများကိုလည်း လျှောက်ရေးနေမည် မဟုတ်ပေ။
စူးမင်၏ ဒိုင်ယာရီကို ဖတ်ပြီးနောက် အာရင်က တုံ့ပြန်မှု အကြီးမားဆုံး ဖြစ်နေသည်။ မနေ့က သူမသည် သေချာပေါက်ရမည့် ဆုလာဘ်ကို ရရှိခဲ့ပြီး ဝိညာဉ်စွမ်းအား တစ်ရာခိုင်နှုန်း တိုးလာခဲ့ရာ ကံကောင်းလွန်းသူ တစ်ယောက်လို ဖြစ်နေခဲ့သည်။
ထိုအရာက သူမ၏ ဝိညာဉ်သားရဲ သက်တမ်းကိုလည်း အတိုင်းအတာတစ်ခုအထိ တိုးလာစေခဲ့သည်။ ဤလက်တွေ့ကျသော ခံစားမှုက ဒိုင်ယာရီမှာ အစစ်အမှန်ဖြစ်ကြောင်း သူမကို ယုံကြည်သွားစေခဲ့သည်။
ဤအရာက သူမကို မျှော်လင့်ချက်များလည်း ပေးစွမ်းနိုင်ခဲ့သည်။ ဒိုင်ယာရီကိုသာ ဆက်လက်ဖတ်ရှုပြီး ခုနစ်ရက်တစ်ကြိမ် ဝိညာဉ်စွမ်းအားများ တိုးတက်လာမည်ဆိုပါက သူမ၏ နှစ်တစ်သိန်း ကျင့်စဉ်အဆင့်ကို ပြန်လည်ရရှိပြီး လူသားအသွင် ပြောင်းလဲနိုင်မည့်အချိန်မှာ များစွာကြာမည် မဟုတ်ဟု သူမ ယုံကြည်နေမိသည်။
ထို့အပြင် ထန်ဟောက်ကို သူမ မေးချင်သော မေးခွန်းအချို့လည်း ရှိနေသေးသည်။ ထိုအချိန်က ဝိညာဉ်နန်းတော်မှ သူမကို ဝိညာဉ်သားရဲမှန်း သိသွားခဲ့ခြင်းမှာ တကယ်ပဲ သူထောင်ထားသည့် ထောင်ချောက်တစ်ခု ဖြစ်နေခဲ့သလား။
ယခုအခါတွင် သူမနှင့် သက်ဆိုင်သော အခြားအရာတစ်ခုကို မြင်လိုက်ရပြန်သည်။ ထန်ဆန်း၏ ခန္ဓာကိုယ်ထဲတွင် အသက်သုံးဆယ်အရွယ် ဝိညာဉ်တစ်ခု ရှိနေသည်တဲ့လား။ သူနဲ့ စူးမင်က လူသားမျိုးနွယ်စု တစ်ခုတည်းလား။
သူမသား၏ ခန္ဓာကိုယ်ထဲတွင် အခြားလူတစ်ယောက်၏ ဝိညာဉ် ရှိနေသည်ကို သူမ လုံးဝ လက်မခံနိုင်ပေ။
အာရင်မှာ ယခုအခါ အလွန်စိုးရိမ်ပူပန်နေသော်လည်း သူမ ဘာမျှ မတတ်နိုင်ခဲ့ပေ။ ဆုံးဖြတ်ချက်တစ်ခု ချနိုင်ရန်အလို့ငှာ စူးမင်၏ ဒိုင်ယာရီထဲတွင် ထန်ဆန်းအကြောင်းများ ပို၍ရေးလာမည်ကိုသာ သူမ မျှော်လင့်နိုင်တော့သည်။
ထန်ဆန်းက အဘိုးဂျက်၏ ကျေးဇူးကို မသိတတ်ခြင်း ကိစ္စမှာမူ အသက်သုံးဆယ်အရွယ် ဝိညာဉ်ကိစ္စနှင့် နှိုင်းယှဉ်လျှင် အရေးမကြီးလှပေ။
အကယ်၍ ထန်ဆန်း၏ ကိုယ်တွင်း၌ အသက်သုံးဆယ်အရွယ် ဝိညာဉ်တစ်ခု အမှန်တကယ် ရှိနေမည်ဆိုပါက ထန်ဆန်းသည် သူမ၏သား မဟုတ်တော့ပေ။
အသက် ခြောက်နှစ်အရွယ် ကလေးတစ်ယောက်က သူ့ကို ကူညီချင်သောလူတစ်ယောက်အပေါ် ဘယ်လိုလုပ် ဒီလိုမျိုး ဆက်ဆံနိုင်မှာလဲ။ ပြီးတော့ ဒီအဖြစ်အပျက်အရ ထန်ဆန်း၏ စရိုက်လက္ခဏာက သူမဆီမှ အမွေဆက်ခံထားခြင်း မဟုတ်ကြောင်း ခပ်ရေးရေး မြင်တွေ့နိုင်လေသည်။
တုန်လှုပ်သွားပြီးနောက် သူတို့၏ အကြည့်များက ဒိုင်ယာရီထံသို့ ပြန်ရောက်သွားကြသည်။ မည်သို့ပင်ဆိုစေ ထန်ဆန်းက သူတို့နှင့် ဘာမှ သက်ဆိုင်ခြင်း မရှိရာ ထိုအတင်းအဖျင်းစကားများကို ဆက်လက်ခံစားရန်သာ ဆုံးဖြတ်လိုက်ကြသည်။
"တကယ်တော့ ထန်ဆန်းက ဒီပညာသင်ဆု နေရာကို မရခဲ့ရင်တောင် သိပ်အရေးမကြီးပါဘူး။ ထန်ဆန်းမှာက အမြွှာဝိညာဉ်တွေ ရှိနေတာလေ။ ဒီတိုက်ကြီးရဲ့ သမိုင်းတစ်လျှောက်လုံးမှာ အမြွှာဝိညာဉ် နိုးထလာသူ ဘယ်နှယောက်များ ရှိခဲ့လို့လဲ"
"ထန်ဆန်းရဲ့ ပါရမီနဲ့ဆို ဘွဲ့ရတုံလော်တစ်ပါး ဖြစ်တဲ့ ထန်ဟောက်က သူ့ကို ဒီတိုင်း ပစ်ထားမှာ မဟုတ်ဘူး"
"ဒီနေရာမှာ အဲဒီနာမည်ကြီး ပြကွင်းပြကွက်ကို (ငါ့အမြင်အရတော့) မဖြစ်မနေ ထည့်ပြောရလိမ့်မယ်။ တွေးကြည့်ရုံနဲ့တင် ရယ်ချင်လာပြီ"
စူးမင် ထိုသို့ပြောလိုက်သည်ကို မြင်သောအခါ လူတိုင်း၏ သိချင်စိတ်က ပိုမိုပြင်းပြလာကြသည်။
"အစတုန်းက ထန်ဆန်းက မွေးရာပါ ဝိညာဉ်စွမ်းအားအပြည့် နိုးထလာတဲ့အကြောင်း ထန်ဟောက်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြောပြခဲ့တာ။ ထန်ဟောက်က ကြားကြားချင်း နည်းနည်း ကျေနပ်သွားပေမယ့် ထန်ဆန်းရဲ့ ဝိညာဉ်က ငွေပြာမြက် ဖြစ်နေတာကို မြင်တော့ သူ့သဘောထားက ချက်ချင်းကို အေးစက်သွားတာပဲ"
"အဲဒီနောက် ထန်ဆန်းက နောက်ထပ်ဝိညာဉ်တစ်ခုဖြစ်တဲ့ ဟောက်ထျန်းတူကို ထုတ်ပြလိုက်တဲ့အခါကျမှ ထန်ဟောက်ရဲ့ သဘောထားက ချက်ချင်းကို ကြီးကြီးမားမား ပြောင်းလဲသွားခဲ့တာ။ သူက ထန်ဆန်းကို ချက်ချင်းပဲ စိတ်လှုပ်ရှားစွာနဲ့ ဖက်လိုက်တော့တယ်"
"အဲဒီနောက် သူက ထန်ဆန်းရဲ့ ပခုံးကို ဆုပ်ကိုင်ပြီး 'ရှောင်ဆန်း... မင်း ဒီတူဝိညာဉ်ကို လောလောဆယ် ထုတ်ပြလို့ မဖြစ်သေးဘူး။ အနာဂတ်မှာ မင်း ညာဘက်လက်က မြက်ပင်ကို ကာကွယ်ဖို့ ဘယ်ဘက်လက်က တူကို သုံးရမယ်' ဆိုပြီး စိတ်လှုပ်ရှားစွာ ပြောတော့တာပဲ"
"အဲဒါက ရှေ့နောက်မညီဘူး မဟုတ်လား။ ဟောက်ထျန်းတူကို အသုံးပြုခွင့်မပေးဘဲနဲ့ ညာဘက်လက်က ငွေပြာမြက်ကို ကာကွယ်ဖို့ ဘယ်ဘက်လက်က ဟောက်ထျန်းတူကို သုံးရမယ်လို့ ပြောနေသေးတယ်။ တကယ်ကို ရယ်စရာကောင်းလွန်းပါတယ်။ အရေးကြီးဆုံးအချက်က ထန်ဆန်းကလည်း အလေးအနက်ထားပြီး ခေါင်းညိတ်ပြလိုက်သေးတာလေ…သောက်တောသား"
"နောက်ပိုင်းကျတော့ ထန်ဆန်း အများဆုံးသုံးတဲ့ ဝိညာဉ်က ငွေပြာမြက်ပဲလေ။ သူ လှုပ်ရှားလိုက်တာနဲ့ ပြိုင်ဘက်တွေကို ငွေပြာမြက် နှောင်ကြိုးနဲ့ ချည်နှောင်တော့တာပဲ။ အဲဒါကို အင်တာနက်အသုံးပြုသူ အများစုက 'အမေ့ရဲ့ နှောင်ကြိုး' ဆိုပြီး နောက်ပြောင်ခေါ်ဝေါ်ကြတယ်။ ဟားဟားဟား... အရမ်းရယ်ရတာပဲ"
အမျိုးသမီးဇာတ်ဆောင်များ ဤနေရာကို ဖတ်မိသောအခါ သူတို့၏ မျက်လုံးများက တစ်မျိုးတစ်ဖုံ ဖြစ်သွားကြသည်။ သို့သော် ထန်ဆန်း၏ မိခင်မှာ ငွေပြာဧကရာဇ် ဖြစ်လေရာ "အမေ့ရဲ့ နှောင်ကြိုး" ဟု ခေါ်ဆိုခြင်းက ပြဿနာမရှိဟု ထင်ရလေသည်။
အာရင်က ဤအရာကို ဖတ်လိုက်ရသောအခါ သူမ လုံးဝကို သက်သောင့်သက်သာ မဖြစ်တော့ပေ။ မူလက ငွေပြာမြက် နှောင်ကြိုးဆိုသည်မှာ ပြဿနာ တစ်စုံတစ်ရာ မရှိလှပေ။ မည်သို့ပင်ဆိုစေ ငွေပြာမြက်မှာ အပင်တစ်မျိုးဖြစ်ရာ ပြိုင်ဘက်များကို ချည်နှောင်ခြင်းက သာမန်ကိစ္စတစ်ခု မဟုတ်ပါလော။ သို့သော် စူးမင်က ထိုကဲ့သို့ ပြောလိုက်ပြီးနောက်တွင်မူ ထိုအရာက တစ်ခုခု ထူးဆန်းနေသလို သူမ ခံစားလာရသည်။
ဤအချိန်တွင် အဘိုးဂျက်က သူတို့နှစ်ယောက်လုံး အဆင်သင့်ဖြစ်နေသည်ကို မြင်သောအခါ "စူးမင်၊ ထန်ဆန်း... ငါတို့ သွားကြရအောင်" ဟု ပြောလိုက်သည်။
စူးမင်လည်း အဘိုးဂျက်၏ စကားကို ကြားလိုက်ရသဖြင့် သူ၏ ဒိုင်ယာရီကို သိမ်းဆည်းလိုက်ပြီး အဘိုး၏နောက်မှ လိုက်သွားလေသည်။ ထန်ဆန်းကလည်း အသိစိတ်ဖြင့် နောက်မှ လိုက်လာခဲ့ပြီး သူတို့နှစ်ယောက်ကြားတွင် မည်သည့် စကားသံမှ ထွက်ပေါ်မလာခဲ့ပေ။