အခန်း (၃၁) - ကံကောင်းလွန်းသော ဆုလာဘ်။ ကမောက်ကမ နတ်ဘုရားကြိတ်ဆုံ စိတ်စွမ်းအား ကျင့်စဉ် (တုံလော် ဗားရှင်း) တဲ့လား
စူးမင်က ရင်ထဲမှနေ၍ တိတ်တဆိတ် တွေးတောနေမိသည်။ သစ်သားဓာတ်၏ ပင်ကိုယ် ကုသနိုင်စွမ်းက လောလောဆယ်တွင် အတော်လေး ကောင်းမွန်နေပုံရလေသည်။
သစ်သားဓာတ်၏ ကုသနိုင်စွမ်းက မိမိအသုံးပြုလိုက်သော ဝိညာဉ်စွမ်းအား ပမာဏပေါ် မူတည်ပြီး ဒဏ်ရာများကို ကုသပေးနိုင်မည်ဟု သူ ခန့်မှန်းမိသည်။ ကိုးနှလုံး ပီဂိုနီယာ ဝိညာဉ်၏ စွမ်းရည်နှင့် အနည်းငယ် ဆင်တူလေသည်။
သို့သော် ကုသခြင်းက သစ်သားဓာတ်၏ ပင်ကိုယ်စွမ်းရည် တစ်ခုသာ ဖြစ်သဖြင့် လက်ရှိတွင် ၎င်း၏ အကျိုးသက်ရောက်မှုက ကိုးနှလုံး ပီဂိုနီယာလောက် ကောင်းမွန်မည် မဟုတ်ပေ။ စူးမင်၏ ဝိညာဉ်စွမ်းအား အဆင့် မြင့်တက်လာသောအခါ ဤအခြေအနေ ပြောင်းလဲသွားနိုင်သည်။ နောက်ဆုံးတွင် သူက ဆန်ဂျု ဟာရှီရာမာကဲ့သို့ လက်သင်္ကေတ ပြုလုပ်ရန် မလိုဘဲ မိမိကိုယ်ကို အမြဲတမ်း ကုသနိုင်စွမ်း ရှိလာနိုင်ပေသည်။
ထို့နောက် စူးမင်နှင့် ရှောင်ဝူတို့က ယာယီ လမ်းခွဲကာ ကိုယ်စီ ကျင့်ကြံရန် ထွက်လာခဲ့ကြသည်။
ဤအချက်ကပင် စူးမင်ကို သိချင်စိတ် ဖြစ်ပေါ်စေခဲ့သည်။ ရှောင်ဝူက ဘယ်အချိန်ကတည်းက ကျင့်ကြံဖို့ ဒီလောက်တောင် ကြိုးစားသွားရတာလဲ။
စူးမင်က ခေါင်းခါယမ်းလိုက်ပြီးနောက် ကျောင်းတော်မှ တစ်ယောက်တည်း ထွက်လာခဲ့သည်။ သူက အဆင့်နိမ့် ခန္ဓာကိုယ် သန့်စင်ဆေးရည်၏ အကျိုးသက်ရောက်မှုကို စမ်းသပ်ချင်နေသော်လည်း ကျောင်းတော်ထဲတွင် လုပ်ဆောင်ရန် မသင့်တော်သဖြင့် မြို့ထဲတွင် အခန်းတစ်ခန်း ငှားရန်သာ ရှိတော့သည်။
စူးမင်က ရေချိုးရန် သစ်သားစည်ပိုင်း အကြီးတစ်ခုကို အရင်ဆုံး ဝယ်ယူလိုက်ပြီးနောက် ဟိုတယ် တစ်ခုကို ကျပန်းရှာဖွေကာ အခန်းတစ်ခန်း ငှားလိုက်သည်။ ထို့နောက် ဘောက်ဆူး အနည်းငယ် ပေးကာ ဝန်ထမ်းကို စည်ပိုင်းထဲသို့ ရေဖြည့်ခိုင်းလိုက်လေသည်။
အရာအားလုံး အသင့်ဖြစ်သွားသောအခါ စူးမင်က စနစ်မှ ဆုချထားသော ခန္ဓာကိုယ် သန့်စင်ဆေးရည် တစ်ပုလင်းကို စည်ပိုင်းထဲသို့ လောင်းထည့်လိုက်ရာ ရေများက နို့နှစ်ရောင်အဖြစ် ချက်ချင်း ပြောင်းလဲသွားလေသည်။
ထို့နောက် စူးမင်က အဝတ်အစားများ အားလုံးကို ချွတ်ချလိုက်ပြီး သစ်သားစည်ပိုင်းထဲတွင် စိမ်ချလိုက်လေသည်။ သူ၏ တစ်ကိုယ်လုံး ထုံကျင်သွားပြီး အနည်းငယ် စူးရှရှ ခံစားမှုမျိုး ဖြစ်ပေါ်လာသော်လည်း လက်ခံနိုင်စရာ ရှိပေသည်။
သို့သော် ဤခန္ဓာကိုယ် သန့်စင်ဆေးရည်က သူ၏ ခန္ဓာကိုယ်အတွက် သိသာထင်ရှားသော အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ဟု စူးမင် ခန့်မှန်းမိသည်။ မည်သို့ပင်ဆိုစေ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက တစ်ကြိမ် မြှင့်တင်ခံထားရပြီးဖြစ်ကာ အဆင့်နိမ့် ခန္ဓာကိုယ် သန့်စင်ဆေးရည်၏ ဆေးစွမ်းက အနည်းငယ် လုံလောက်မှု မရှိတော့ချေ။
လောလောဆယ်တွင် သူ့ထံ၌ ခန္ဓာကိုယ် သန့်စင်ခြင်းအတွက် ကျင့်စဉ် မရှိသဖြင့် သူ၏ ခန္ဓာကိုယ်က အလိုအလျောက် စုပ်ယူရန်သာ ရှိတော့သည်။ ၎င်းက ဆေးစွမ်းအချို့ကို သေချာပေါက် အလဟဿ ဖြစ်သွားစေမည်ဖြစ်ပြီး အချိန်ပိုမို ကြာမြင့်စေမည် ဖြစ်လေသည်။
သို့သော် စူးမင်တွင် ဖြေရှင်းရန် နည်းလမ်း ရှိလေသည်။ သစ်သားစည်ပိုင်းထဲတွင် သစ်သားသုတ်တော် ကျင့်စဉ်ကို တိုက်ရိုက် လည်ပတ်စေကာ ဝိညာဉ်စွမ်းအားကို ကျင့်ကြံရင်း ခန္ဓာကိုယ်ကို သန့်စင်လိုက်ရာ ကျောက်ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင် ပစ်လိုက်သလို ဖြစ်သွားလေသည်။
မကြာမီမှာပင် မွန်းလွဲပိုင်း အချိန်ကုန်ဆုံးသွားလေသည်။ စူးမင်က ခန္ဓာကိုယ် သန့်စင်ဆေးရည် စုစုပေါင်း သုံးပုလင်း အသုံးပြုခဲ့ပြီး ကျန်ရှိနေသော ခုနစ်ပုလင်းကိုမူ ဆက်လက် အသုံးပြုရန် ရည်ရွယ်မထားတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ့အတွက် မည်သည့် အကျိုးသက်ရောက်မှုမှ မရှိတော့သောကြောင့်ပင်။
မူလက ဤအဆင့်နိမ့် ခန္ဓာကိုယ် သန့်စင်ဆေးရည်အပေါ် စူးမင် အနည်းငယ် မျှော်လင့်ထားခဲ့သော်လည်း ယခု ကြည့်ရသည်မှာ တကယ်ပဲ 'အဆင့်နိမ့်' နေပုံရလေသည်။ သုံးပုလင်းတည်းနှင့် အသုံးမဝင်တော့ချေ။ သို့သော် သူ၏ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုဖြင့်ဆိုပါက နှစ်ထောင့်ငါးရာ ဝန်းကျင်ရှိ ဝိညာဉ်ကွင်း တစ်ကွင်းကို စုပ်ယူရန် ပြဿနာ မရှိသင့်တော့ကြောင်း စူးမင် ခန့်မှန်းမိလေသည်။
စူးမင်က ပစ္စည်းများကို သိမ်းဆည်းကာ နော့တန်ကျောင်းတော်သို့ ပြန်လာခဲ့သည်။
ယခုအခါ ထန်ဆန်း မရှိသဖြင့် အနည်းငယ် ပျင်းစရာ ကောင်းနေလေသည်။ သူ့ကို ရိုက်နှက်ဖို့ အကြောင်းပြချက် မရှိတော့ချေ။ ဆက်လက် ကျင့်ကြံနေရန်သာ ရှိတော့သည်။
မကြာမီ သန်းခေါင်ယံ အချိန်သို့ ရောက်ရှိလာခဲ့ပြီး စိတ်လှုပ်ရှားစရာ အကောင်းဆုံး အခိုက်အတန့် ရောက်ရှိလာလေပြီ။
အမျိုးသမီးဇာတ်ဆောင်များ အားလုံးက သူတို့၏ အိပ်ချင်စိတ်ကို အောင့်အည်းကာ နိုးကြားစွာ စောင့်ဆိုင်းနေကြလေသည်။ ယနေ့ စူးမင် ဘယ်လို ဆုလာဘ်မျိုး ရရှိမည်ကို သူတို့အားလုံး အလွန် သိချင်နေကြသည်။ ထို့အပြင် မထင်မှတ်ထားသော အရာများ မဖြစ်ပေါ်လာပါက ဘီဘီတုန်းမှာလည်း ဒိုင်ယာရီ ပိုင်ရှင်များထဲမှ တစ်ဦးဖြစ်မည်ဟု သူတို့ ခန့်မှန်းမိကြပြီး ယနေ့အတွက် ဆုလာဘ်ကို ရရှိမည့်သူမှာ သူမသာ ဖြစ်ပေလိမ့်မည်။
[ဒင်... ယနေ့အတွက် ဒိုင်ယာရီ ရေးသားခြင်း ပြီးစီးသွားတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ရရှိလာတဲ့ ဆုလာဘ်တွေကတော့ ကမောက်ကမ နတ်ဘုရားကြိတ်ဆုံ စိတ်စွမ်းအား ကျင့်စဉ် (တုံလော် ဗားရှင်း)၊ ကံဆိုးမိုးမှောင်ကျခြင်း အဆောင်လက်ဖွဲ့ တစ်ခုနဲ့ ပျော်ရွှင်စရာ အချိုရည်ပုလင်း ဆယ်ပုလင်းတို့ပဲ ဖြစ်ပါတယ်။]
ဟာ။
စူးမင် အလွန်အမင်း တုန်လှုပ်သွားရသည်။ ယနေ့ သူ၏ ကံကြမ္မာက တကယ်ကို ကောင်းကင်ဘုံကို အံတုလွန်းနေပြီ ဖြစ်သည်။ စိတ်စွမ်းအား ကျင့်စဉ်တစ်ခုကို တကယ်ကြီး မဲနှိုက်ရရှိခဲ့သည်။ ၎င်းက သူ၏ ရှာရင်းဂန်း ကို တရားဝင် စတင် ကျင့်ကြံနိုင်ပြီဟု ဆိုလိုခြင်းပင် ဖြစ်လေသည်။
ထို့အပြင် သူ မှတ်မိတာ မမှားဘူးဆိုလျှင် ဤစိတ်စွမ်းအား ကျင့်စဉ်က အတော်လေး ကောင်းမွန်လေသည်။ သို့သော် တုံလော် ဗားရှင်း ဖြစ်နေခြင်းက အနည်းငယ် စိတ်ဝင်စားစရာ ကောင်းလေသည်။ သူ၏ သစ်သားစွမ်းအား ထုတ်လွှတ်မှုကလည်း တုံလော် ဗားရှင်း ဖြစ်နေခဲ့သည် မဟုတ်ပါလော။
ကြည့်ရသည်မှာ မူရင်းဗားရှင်းတွေက ဒီကမ္ဘာကြီး ခံနိုင်ရည်ရှိတာထက် ပိုများနေပုံရတယ်။
ချက်ချင်းပင် စူးမင်က ဤပစ္စည်း သုံးခု၏ ဖော်ပြချက်များကို ကြည့်လိုက်သည်။
[ကမောက်ကမ နတ်ဘုရားကြိတ်ဆုံ စိတ်စွမ်းအား ကျင့်စဉ် (တုံလော် ဗားရှင်း) - ယွမ်ဇွန်း ကမ္ဘာမှ စိတ်စွမ်းအား ကျင့်စဉ်တစ်ခု ဖြစ်ပါသည်။ ဤကျင့်စဉ်မှာ စနစ်မှ ပြုပြင်မွမ်းမံထားသော တုံလော် ဗားရှင်း ဖြစ်ပါသည်။ ၎င်းတွင် စိတ်စွမ်းအားကို မြှင့်တင်ရန်အတွက် ဝိညာဉ်ကို ကြိတ်ခွဲကာ ပြန်လည် ဖွဲ့စည်းပေးမည့် စိတ်စွမ်းအား ကြိတ်ဆုံ တစ်ခု ပါဝင်ပါသည်။]
[ကံဆိုးမိုးမှောင်ကျခြင်း အဆောင်လက်ဖွဲ့ - အသုံးပြုလိုသော သူ၏ နာမည်ကို စိတ်ထဲမှ ရွတ်ဆိုကာ အသုံးပြုပါ။ ၎င်းက ထိုသူအား မကြာမီ အချိန်အတွင်း ဆိုးရွားသော အရာတစ်ခုခု ကြုံတွေ့လာစေရန် လုပ်ဆောင်ပေးနိုင်ပါသည်။ ကျေးဇူးပြု၍ သတိထား အသုံးပြုပါ၊ ဟီးဟီးဟီး။]
[ပျော်ရွှင်စရာ အချိုရည် - ကာဗွန်နိတ် အချိုရည် တစ်မျိုး ဖြစ်ပါသည်။ သင့်အနေနဲ့ တစ်ပုလင်းလောက် လိုချင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။]
စူးမင်က ရင်ထဲမှနေ၍ တွေးလိုက်သည်။ ဒီစိတ်စွမ်းအား ကျင့်စဉ်က အစွမ်းတော့ ထက်ပါတယ်။ ဒါပေမဲ့ အတော်လေး ဒုက္ခများမယ့် ပုံပဲ။ ဘယ်လောက်တောင် နာကျင်ရမလဲ မသိဘူး။ ဒီထက် ပိုပြီး သာမန်ဆန်တဲ့ ကျင့်စဉ်မျိုး ဆုမချနိုင်ဘူးလား။ ဒီလောက်ကြီး အစွန်းရောက်နေဖို့ လိုလို့လား။
ဒါပေမဲ့ မရှိတာထက်စာရင်တော့ ရှိတာက ပိုကောင်းပါတယ်။ နာကျင်ရလည်း နာကျင်ရပေါ့။
ချက်ချင်းပင် စူးမင်က ပျော်ရွှင်စရာ အချိုရည် တစ်ပုလင်းကို ထုတ်ယူကာ သောက်လိုက်သည်။ ၎င်းက အေးစက်နေသေးလေသည်။
"ဝေါ့..."
"လန်းဆန်းသွားတာပဲ"
ပျော်ရွှင်စရာ အချိုရည်ကို စူးမင် တကယ် လွမ်းဆွတ်နေခဲ့သည်။ ဤကမ္ဘာတွင် ၎င်းကဲ့သို့ ကာဗွန်နိတ် အချိုရည်မျိုး မရှိပေ။ (ကိုကာကိုလာ,ပပ်စီတို့ကဲ့သို့သော ကာဘွန်နိတ်အချိုရည်)
ဆုလာဘ်များ အားလုံးကို ရယူပြီးပြီဖြစ်ရာ ၎င်းတို့ကို မှတ်တမ်းတင်ရမည့် အချိန် ရောက်လာလေပြီ။
[ဒီနေ့ ဒိုင်ယာရီ ဆုလာဘ်က တကယ်ကို ကံကောင်းလွန်းတဲ့ နေ့တစ်နေ့ပါပဲ။ အစွမ်းထက်တဲ့ ကမောက်ကမ နတ်ဘုရားကြိတ်ဆုံ စိတ်စွမ်းအား ကျင့်စဉ်ကို တကယ်ကြီး ရရှိခွင့် ပေးခဲ့တယ်။ ဒါက မူလက တခြား ကျင့်ကြံခြင်း ကမ္ဘာက ကျင့်စဉ်တစ်ခုပါ။ ဒါပေမဲ့ အဲဒီကမ္ဘာက ဒီကမ္ဘာထက် အများကြီး ပိုပြီး အစွမ်းထက်တာလေ။ မူရင်း ကျင့်စဉ်ကို ဒီကမ္ဘာက ခံနိုင်ရည် မရှိလို့ စနစ်က အနည်းငယ် ပြုပြင်မွမ်းမံမှုတွေ လုပ်ပေးထားတာပါ။]
မိန်းကလေးများမှာ တုန်လှုပ်သွားကြပြီးနောက် အားကျစိတ်များ ဖြစ်ပေါ်လာကြလေသည်။ စူးမင်တွင် ဤမျှ အစွမ်းထက်သော စိတ်စွမ်းအား ကျင့်စဉ်တစ်ခု ရှိနေလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြပေ။ ဤကမ္ဘာတွင် စိတ်စွမ်းအား ကျင့်စဉ်များ မရှိကြောင်းကို သိထားသင့်ပေသည်။
ဝိညာဉ်စွမ်းအား အဆင့်နှင့်အတူ စိတ်စွမ်းအား မြင့်တက်လာခြင်းကို ဖယ်ထားလျှင် အခြားသော တစ်ခုတည်းသော နည်းလမ်းမှာ စိတ်စွမ်းအား ခေါင်းပိုင်း ဝိညာဉ်အရိုးများကို စုပ်ယူရန်သာ ဖြစ်လေသည်။ ယခုအခါ ဤကဲ့သို့သော စိတ်စွမ်းအား ကျင့်စဉ်နှင့်ဆိုပါက စိတ်စွမ်းအား မြှင့်တင်ရန်မှာ များစွာ ပိုမို လွယ်ကူသွားမည် ဖြစ်လေသည်။
အမျိုးသမီးဇာတ်ဆောင်များ အားလုံးထဲတွင် ရှောင်ဝူက အပျော်ရွှင်ဆုံး ဖြစ်လေသည်။ စူးမင်က စိတ်စွမ်းအားကို ကျင့်ကြံနိုင်ပြီဖြစ်ရာ သူ၏ ရှာရင်းဂန်း ဆင့်ကဲပြောင်းလဲရန် အချိန်အကြာကြီး လိုတော့မည် မဟုတ်ပေ။ ရင်းနဲဂန်အဖြစ် ဆင့်ကဲပြောင်းလဲမည့်နေ့မှာ သိပ်မဝေးတော့ကြောင်း သေချာလှပေသည်။
သို့သော် ရှောင်ဝူက စူးမင်ကို ဘယ်လို ကျေးဇူးဆပ်ရမည်ကိုမူ မသိပေ။ စူးမင်၏ ဒိုင်ယာရီ မိတ္တူဖြင့် သူမက ဆုလာဘ်များ ရရှိနိုင်ပြီး စူးမင်၏ ဒိုင်ယာရီထဲတွင် သူမ၏ မိခင်ကို ရှင်သန်ထမြောက်လာစေရန် ကူညီပေးလိုသော ဆန္ဒကိုလည်း ရေးသားထားရာ ရှောင်ဝူကို ကျေးဇူးမဆပ်နိုင်တော့သလို ခံစားသွားစေခဲ့လေသည်။
ထို့နောက် စူးမင်က ဒိုင်ယာရီကို ပထမဆုံး ရရှိခဲ့စဉ်က သူမကို သူ၏ ဇနီးအဖြစ် တကယ်ကြီး ခေါ်ဝေါ်ခဲ့ကြောင်းကို သူမ ပြန်လည် သတိရသွားသည်။ ယခု ပြန်တွေးကြည့်သောအခါ သူမ အနည်းငယ် ရှက်ရွံ့နေမိဆဲပင်။ သူမက စူးမင်ရဲ့ ဇနီး တကယ် ဖြစ်ရမှာလား။
စူးမင်က အရမ်း ချောမောပြီး အစွမ်းထက်ကာ နက်နဲတဲ့ လျှို့ဝှက်ချက်တွေလည်း ရှိတယ်။ သူ့ကို လက်ထပ်ရတာ သိပ်ဆိုးမယ် မထင်ပါဘူး။
တစ်ခုတည်းသော အားနည်းချက်မှာ စူးမင်က အနည်းငယ် နှာဘူးကျပြီး မျက်စိများပုံရသည်။ အနာဂတ်တွင် သူ၌ ဇနီး တစ်ယောက်ထက်မက သေချာပေါက် ရှိလာမည် ဖြစ်လေသည်။
အကယ်၍ စူးမင်သာ သိရှိမည်ဆိုပါက သေချာပေါက် ဤသို့ ပြောလိုက်မည် ဖြစ်သည်။ 'ငါ့ကို အသရေ မဖျက်ပါနဲ့။ ငါက ကိုယ့်ဇနီးတွေအပေါ် အရမ်း ကောင်းပါတယ်။ ငါ့ဇနီးတွေအပေါ်မှာပဲ နှာဘူးကျတာပါ။ တခြားသူတွေကိုဆိုရင် လှည့်တောင် မကြည့်ပါဘူး။'
ဘီဘီတုန်း၏ ရင်ထဲတွင်လည်း မျှော်လင့်ချက်များ ဖြစ်ပေါ်နေလေသည်။ အာရို ရှင်သန်ထမြောက်လာရန် အချိန်အကြာကြီး လိုတော့မည် မဟုတ်ပေ။
ထို့နောက် ဒိုင်ယာရီက ထပ်မံ၍ အသစ်ပေါ်လာပြန်သည်။
[ဒါပေမဲ့ ဒီစိတ်စွမ်းအား ကျင့်စဉ်က အစွမ်းထက်တယ် ဆိုပေမယ့် ကျင့်ကြံဖို့တော့ မလွယ်ကူဘူး။ ကျင့်ကြံနေစဉ်အတွင်း စိတ်စွမ်းအား နယ်ပယ်ထဲမှာ စိတ်စွမ်းအား ကြိတ်ဆုံတစ်ခု ပေါ်လာလိမ့်မယ်။ ဒီကျင့်စဉ်ရဲ့ လုပ်ဆောင်ချက်က ကိုယ့်ရဲ့ ဝိညာဉ်ကို ဒီစိတ်စွမ်းအား ကြိတ်ဆုံထဲ ထည့်ပြီး ကြိတ်ခွဲကာ ပြန်လည် ဖွဲ့စည်းခြင်းအားဖြင့် ဘဝအသစ်တစ်ခုကို ရရှိစေပြီး ကိုယ့်ရဲ့ စိတ်စွမ်းအားကို မြှင့်တင်ပေးတာပဲ။]