အခန်း (၃) - ပထမဆုံး ဒိုင်ယာရီရေးသားခြင်း၊ အထူးဆုလာဘ်နှင့် ရှာရင်းဂန်း
ထို့အပြင် သူ၏ဝိညာဉ်သတ္တိမှာ အဆုံးစွန်သစ်သားဓာတ်အဖြစ် ဆင့်ကဲပြောင်းလဲသွားခြင်းက သူ၏ သစ်သားဓာတ်ဝိညာဉ်ကို ပိုမိုအစွမ်းထက်လာစေပြီး အပင်အမျိုးအစား ဝိညာဉ်များအားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိကာ အပင်အများစုအပေါ် ဖိနှိပ်နိုင်စွမ်း ရှိသွားပြီဖြစ်ကြောင်း ဖော်ပြနေလေသည်။
ငွေပြာဧကရာဇ် သွေးဆက်ပါဝင်သည့် ထန်ဆန်း၏ ငွေပြာမြက်ကိုပင်လျှင် ဖိနှိပ်နိုင်ကောင်း ဖိနှိပ်နိုင်ပေမည်။
ယနေ့သည် သူ၏မှတ်ဉာဏ်များ ပြန်လည်ရရှိပြီးကတည်းက အပျော်ရွှင်ရဆုံးနေ့တစ်နေ့ ဖြစ်ပေသည်။ အစပြုသူ လက်ဆောင်ထုပ်ကြောင့် သူ၏ ပါရမီများမှာ ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လန်သွားသကဲ့သို့ ကြီးမားသော အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ ထို့အပြင် သူ နေ့စဉ် ဒိုင်ယာရီရေးနေသရွေ့ ခြားနားသော ဆုလာဘ်များကိုလည်း ဆက်လက်ရရှိနိုင်မည် မဟုတ်ပါလော။
ဒိုင်ယာရီရေးရမည့်အကြောင်း တွေးမိမှ ယနေ့အတွက် သူ စမရေးရသေးကြောင်း သတိရသွားသည်။ ချက်ချင်းပင် စူးမင်၏ စိတ်အာရုံကို လှုံ့ဆော်လိုက်ရာ အနက်ရောင်ဒိုင်ယာရီတစ်အုပ်က သူ၏ရှေ့မှောက်တွင် ထွက်ပေါ်လာလေသည်။
"စနစ်... ဒိုင်ယာရီက ဒီလိုမျိုး အပြင်မှာ ထွက်ပေါ်လာတာဆိုတော့ တခြားလူတွေကော မြင်နိုင်သလား"
"ဒင်... ပိုင်ရှင် စိတ်ချပါ၊ အခြားသူများ မြင်တွေ့နိုင်စွမ်း မရှိပါ"
စူးမင်က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ သိပ်ကောင်းတာပေါ့။
ထို့နောက် စူးမင်က အသိစိတ်ကိုအသုံးပြု၍ ဒိုင်ယာရီကို ဖွင့်လိုက်ပြီး ကုတင်ပေါ်တွင် လှဲလျောင်းကာ ဒိုင်ယာရီကို မည်သို့ စတင်ရေးသားရမည်ကို စဉ်းစားနေလေသည်။
အခြားသူများ မမြင်နိုင်မှတော့ သူရေးချင်တာမှန်သမျှ လွတ်လွတ်လပ်လပ် ရေးလို့ရပြီဟု စူးမင် တွေးလိုက်သည်။
"ငါ့နာမည်က စူးမင်။ တကယ်တော့ ငါက ကူးပြောင်းလာတဲ့သူ၊ မဟုတ်သေးဘူး... တုံလော်တိုက်ကြီး ဆိုတဲ့ ဝတ္ထုကမ္ဘာထဲမှာ ပြန်လည်မွေးဖွားလာခဲ့ပြီး အတိတ်ဘဝက မှတ်ဉာဏ်တွေ ရုတ်တရက် နိုးထလာခဲ့တဲ့သူလို့ ပြောရမယ်"
စူးမင်က သူ၏ဒိုင်ယာရီထဲတွင် ပထမဆုံး စာကြောင်းကို ရေးသားလိုက်ချိန်မှာပင် တုံလော်တိုက်ကြီးရှိ အမျိုးသမီး ဇာတ်ဆောင်အချို့ကလည်း ဒိုင်ယာရီ၏ အကြောင်းအရာများကို တစ်ပြိုင်နက်တည်း မြင်တွေ့လိုက်ကြရသည်။
ရှင်းတိုသစ်တောကြီးအတွင်း၌ အပြင်ထွက်ရန် ဟန်ပြင်နေသော ရှောင်ဝူမှာ ရုတ်တရက် ရပ်တန့်သွား၏။
အနက်ရောင်ဒိုင်ယာရီတစ်အုပ်က သူမ၏ မျက်စိရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာပြီး ထိုဒိုင်ယာရီပေါ်၌ "ရှောင်ဝူအတွက် သီးသန့်" ဟူသော စာတန်းကို ရေးသားထားသည်။
ဒိုင်ယာရီတစ်အုပ်က သူမရှေ့တွင် မည်သို့မည်ပုံ ရောက်လာသနည်းဟု အံ့သြနေစဉ်မှာပင် ဒိုင်ယာရီက အလိုအလျောက် စာမျက်နှာများ ပွင့်လာလေသည်။
သို့သော် ပထမဆုံး စာကြောင်းကို မြင်လိုက်ရသောအခါ သူမ၏ ရင်ထဲတွင် တုန်လှုပ်သွားရသည်။ ဤစူးမင်ဆိုတာ ဘယ်သူလဲ။ သူတို့၏ ကမ္ဘာကြီးကို ဝတ္ထုကမ္ဘာတစ်ခုဟု အဘယ်ကြောင့် ဖော်ပြထားရသနည်း။ ဝတ္ထုဆိုတာကရော ဘာလဲ။
ထိုစာကြောင်းတစ်ကြောင်းတည်းကပင် ရှောင်ဝူ၏ ရင်ထဲတွင် မေးခွန်းများစွာကို ထွက်ပေါ်လာစေခဲ့သည်။
သူမ တစ်ယောက်တည်းသာမက ဒိုင်ယာရီ ပိုင်ဆိုင်ထားသော အမျိုးသမီးဇာတ်ဆောင် အားလုံးမှာလည်း အလားတူ မေးခွန်းများ ရှိနေကြသည်။
ထို့နောက် ဒိုင်ယာရီက ထပ်မံ၍ စာများ ပေါ်လာပြန်သည်။
"ပြီးတော့ ငါ့မှာ ဒိုင်ယာရီရေးတဲ့ စနစ်တစ်ခုလည်း ရှိနေတယ်။ စနစ်ရဲ့ အစပြုသူ လက်ဆောင်ထုပ်က ငါ့ရဲ့ သစ်သားဓာတ်ဝိညာဉ်ကို အဆုံးစွန်သစ်သားဓာတ်အဖြစ် ပြောင်းလဲပေးခဲ့တဲ့အပြင် မွေးရာပါ ဝိညာဉ်စွမ်းအားကလည်း အဆင့်ခုနစ်ကနေ အဆင့်တစ်ဆယ်အထိ တိုးတက်သွားခဲ့တယ်"
"မနက်ဖြန်ကျရင် အဘိုးဂျက်နဲ့အတူ ပညာသင်ဖို့ နော့တန်ကျောင်းတော်ကို သွားလို့ရပြီ။ ပြီးတော့ ငါ့ရဲ့ ဇနီးလေး ရှောင်ဝူနဲ့လည်း တွေ့ရတော့မယ်။ ငါ့ဇနီးလေး ရှောင်ဝူက ဝတ္ထုထဲက ဖော်ပြချက်တွေနဲ့ အတူတူပဲလားဆိုတာ သိချင်မိတယ်"
"မနက်ဖြန်အတွက် တကယ်ကို မျှော်လင့်နေတာပဲ။ ငါ့ဇနီးလေး ရှောင်ဝူကို မြန်မြန်တွေ့ချင်လှပြီ။ ဝမ်းနည်းစရာကောင်းတာက ငါ့ဇနီးလေး ရှောင်ဝူက အခုချိန်မှာ ကလေးမလေး အရွယ်ပဲ ရှိသေးတာလေ။ မဟုတ်ရင် ငါ့ဇနီးလေးရဲ့ ခြေတံလှလှလေးတွေကို တဝကြီး ခံစားကြည့်လို့ရပြီ။ ပြီးတော့ ငါ့ဇနီးလေး ရှောင်ဝူက မူရင်းဇာတ်လမ်းထဲကလို အကြမ်းဖက်တတ်တဲ့ ကောင်မလေးများ ဖြစ်နေမလားပဲ"
စူးမင်ရရှိခဲ့သော အစပြုသူ လက်ဆောင်ထုပ်က ဝိညာဉ်ဆင့်ကဲပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်ကြောင်း သိလိုက်ရသဖြင့် ရှောင်ဝူမှာ တအံ့တသြ ဖြစ်နေဆဲဖြစ်သည်။ ဒိုင်ယာရီထဲတွင် ရေးထားသည်များက အမှန်ဟုတ်မဟုတ် သူမ မသိသေးဘဲ အတည်ပြုရန် လိုအပ်နေသေးသည်။
ထိုစဉ်မှာပင် စူးမင်က သူမအား ဒိုင်ယာရီထဲ၌ ဇနီးလေးဟု ခေါ်ဝေါ်ထားသည်ကို ရှောင်ဝူ မြင်တွေ့လိုက်ရသည်။
ယင်းက ရှောင်ဝူ၏ မျက်နှာကို ရဲခနဲ ဖြစ်သွားစေပြီး သူမက "စူးမင်... ဒီလူနှာဘူး။ သူကများ ငါ့ကို ဇနီးလေးလို့ ခေါ်ရတယ်လို့။ ပြီးတော့ ငါက လုံးဝ အကြမ်းမဖက်တတ်ပါဘူးနော်" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင် သူမကိုယ်တိုင်ကလည်း လူသားကမ္ဘာသို့သွား၍ နေထိုင်ရန် စီစဉ်ထားပြီးဖြစ်ရာ ဤစူးမင်ဆိုသူမှာ မည်သို့သောလူစားမျိုး ဖြစ်ကြောင်း သိရှိနိုင်ရန် နော့တန်ကျောင်းတော်ဆိုသည့် နေရာသို့ သွားကြည့်ရမည် ဖြစ်သည်။
ဒိုင်ယာရီထဲတွင် သူမကို ဇနီးလေးဟု ခေါ်ဆိုထားသော်လည်း ယခုအခါ ရှောင်ဝူ၏ ရင်ထဲတွင် ဤစူးမင်ဆိုသူနှင့် ပတ်သက်၍ သိချင်စိတ်များဖြင့် ပြည့်နှက်နေလေသည်။
ထို့နောက် ဒိုင်ယာရီက ဆက်လက်၍ စာများပေါ်လာသည်ကို သူမ စောင့်ကြည့်နေလိုက်သည်။
"မနက်ဖြန် နော့တန်ကျောင်းတော်ကို အဘိုးဂျက်နဲ့ ငါ နှစ်ယောက်တည်း သွားရမလား၊ ဒါမှမဟုတ် ထန်ဆန်းပါ ငါတို့နဲ့အတူ လိုက်လာမလား ဆိုတာ စဉ်းစားနေမိတယ်"
"ဒီကမ္ဘာရဲ့ ကံကြမ္မာသားတော် ထန်ဆန်း။ မူရင်းဇာတ်လမ်းအရဆိုရင် စိန့်ဝိညာဉ်ကျေးရွာက တစ်ခုတည်းသော ပညာသင်ဆု နေရာက သူ့အတွက်လေ။ ဒါပေမဲ့ အခုတော့ အဲဒီနေရာကို ငါက ယူလိုက်ပြီ။ သူ နော့တန်ကျောင်းတော်ကို သွားခွင့်ရဦးမလား"
"ထားလိုက်ပါတော့၊ ဒါက ငါ တွေးပူနေရမယ့် ကိစ္စမှ မဟုတ်တာ။ ပြီးတော့ ဟန်ဆောင်ကောင်းတဲ့ ဒီထန်ဆန်းကို ငါ ဘယ်လိုမှ သဘောမကျနိုင်ဘူး"
"ပြောရမယ်ဆိုရင် ထန်ဆန်းရဲ့အဖေ ထန်ဟောက်အကြောင်းကို ထည့်ပြောရလိမ့်မယ်။ ထန်ဟောက်က ဟောက်ထျန်းဂိုဏ်းက ဆင်းသက်လာသူဆိုပေမယ့် လူယောင်ဖန်ဆင်းထားတဲ့ နှစ်တစ်သိန်းသက်တမ်းရှိ ဝိညာဉ်သားရဲ ငွေပြာဧကရာဇ် အာရင်နဲ့ ချစ်ကြိုက်ခဲ့ကြတယ်။ အဲဒီနောက်မှာတော့ 'မတော်တဆမှု' တစ်ခုကြောင့် ကိုယ်ဝန်ဆောင်ထားရတဲ့ အာရင်ကို ဝိညာဉ်နန်းတော်ကလူတွေ တွေ့ရှိသွားပြီး လိုက်လံဖမ်းဆီးကြတော့တာပဲ"
"နောက်ဆုံးမှာတော့ တခြားရွေးချယ်စရာမရှိဘဲ သူမကိုယ်သူမ ထန်ဟောက်အတွက် စတေးလိုက်ရပြီး ထန်ဟောက်ရဲ့ ကိုးခုမြောက် ဝိညာဉ်ကွင်း ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ ပြဿနာက အဲဒီမှာတင် မပြီးသေးဘူး"
"ထန်ဟောက်က နောက်ဆုံးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် သူ့ရဲ့ အမှားကြောင့် ဝိညာဉ်နန်းတော်ရဲ့ ပစ်မှတ်ထားခြင်းကို ခံလိုက်ရတဲ့ ဟောက်ထျန်းဂိုဏ်းကတော့ ဂိုဏ်းကို ပိတ်သိမ်းပြီး ပုန်းအောင်းနေဖို့ ဖိအားပေးခံလိုက်ရတယ်"
"နောက်ပိုင်းကျတော့ ထန်ဆန်းရဲ့ ပါရမီက ကောင်းလွန်းတော့ ထန်ဟောက်က သူ့သားကို မိသားစုအသိုင်းအဝိုင်းဆီ ပြန်သွားစေချင်ပြီး ဟောက်ထျန်းဂိုဏ်းကို ကိုယ်စား တောင်းပန်ခိုင်းခဲ့တယ်"
"အစကတော့ ဒါက သိပ်ကြီးကြီးမားမား ပြဿနာ မဟုတ်ပါဘူး။ ဒီကိစ္စက တကယ်ကို ထန်ဟောက်ရဲ့ အမှားပဲလေ။ ဒီကမ္ဘာမှာ လူသားတွေနဲ့ ဝိညာဉ်သားရဲတွေက မွေးရာပါ ရန်သူတွေဖြစ်ကြတယ်။ ဝိညာဉ်နန်းတော်က ဝိညာဉ်သားရဲတွေကို အမဲလိုက်တာ မမှားဘူး။ ထန်ဟောက်အနေနဲ့ အာရင်ကို ချစ်မိသွားနိုင်ပေမယ့် နှစ်တစ်သိန်းသက်တမ်းရှိ ဝိညာဉ်သားရဲ တစ်ကောင်ဖြစ်တဲ့ သူမကို ကာကွယ်ပေးနိုင်စွမ်း မရှိရင် ဝိညာဉ်နန်းတော်ကို အပြစ်တင်လို့ရမလား။ ထန်ဟောက်က ဟောက်ထျန်းဂိုဏ်းကိုတောင် ဒုက္ခပေးလိုက်သေးတယ်"
"ငါသာဆိုရင် စနစ်မရှိရင်တောင် ငါ့ရဲ့ချစ်သူက ဝိညာဉ်သားရဲဆိုတာကို သိလိုက်ရရင် သူမ အရွယ်ရောက်ပြီး လူသားအဖြစ် လုံးဝ ပြောင်းလဲသွားတဲ့အထိ ကျင့်ကြံဖို့ နေရာတစ်ခုကို သေချာပေါက် ရှာပေးမှာပဲ။ မဟုတ်ရင်လည်း သူတို့ရဲ့ ဝိညာဉ်သားရဲ အငွေ့အသက်တွေကို ဖုံးကွယ်ဖို့ နည်းလမ်းတစ်ခုခု သုံးရမှာပေါ့။ ဒါဆိုရင် တခြားသူတွေ မသိနိုင်တော့ဘူး မဟုတ်လား။ ဒါပေမဲ့လည်း နှစ်တစ်သိန်းသက်တမ်းရှိ ဝိညာဉ်ကွင်းနဲ့ ဝိညာဉ်အရိုးကို ဘယ်သူကများ မမက်မောဘဲ နေပါ့မလဲ"
"ထန်ဆန်း အင်အားနည်းနေချိန်တုန်းက သူ့အဖေကိုယ်စား ဟောက်ထျန်းဂိုဏ်းကို တောင်းပန်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်း သူ့အင်အား ကြီးမားလာတဲ့အခါမှာတော့ သူက ရဲတင်းလာပြီး ဟောက်ထျန်းဂိုဏ်းက အကြီးအကဲတွေကို သူ့အဖေလုပ်ရပ် မမှားဘူးလို့ တိုက်ရိုက် ရင်ဆိုင်ပြောဆိုတော့တာပဲ"
"ကြည့်စမ်း... ဒါက သာမန်လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရား စံနှုန်း ဟုတ်ရဲ့လား"
"အင်အားနည်းတုန်းကတော့ အဖေ့အတွက် တောင်းပန်လိုက်ပြီး အစွမ်းထက်လာတဲ့အခါကျမှ 'ငါ့အဖေ ဘာအမှားလုပ်ခဲ့လို့လဲ' တဲ့လား… သောက်ပေါ မျက်နှာနှစ်ဖက်နဲ့ကောင်"
ဤအချိန်တွင် စိန့်ဝိညာဉ်ကျေးရွာ၏ တောင်နောက်ဘက်ရှိ စိုစွတ်သော ဂူတစ်ခုအတွင်း၌ အပြာနှင့်ရွှေရောင် အစင်းကြောင်းများ ပါရှိသော ငွေပြာမြက်တစ်ပင်မှာ အဆက်မပြတ် ယိမ်းနွဲ့နေလေသည်။
ထိုငွေပြာမြက်မှာ ကိုယ်ကျိုးစွန့် အနစ်နာခံပြီးနောက် ကျန်ရစ်ခဲ့သော ငွေပြာဧကရာဇ် အာရင်ပင် ဖြစ်လေသည်။
သူမသည်လည်း ဒိုင်ယာရီ ပိုင်ရှင်တစ်ဦးဖြစ်ပြီး ဒိုင်ယာရီထဲတွင် သူမ၏သား ထန်ဆန်းအကြောင်း ပါလာသောအခါ သူမက ပို၍ ဂရုစိုက်မိသွားသည်။
မည်သို့ပင်ဆိုစေ စူးမင်က သူ၏ အတိတ်ဘဝမှ မှတ်ဉာဏ်များ နိုးထလာခဲ့ပြီး တုံလော်တိုက်ကြီးနှင့် ပတ်သက်သည့် အရာများကို သိရှိထားလေရာ အနာဂတ်တွင် ထန်ဆန်း မည်သို့ဖြစ်လာမည်ကို သူ သိသင့်ပေသည်။
သို့သော် စူးမင်က ထန်ဆန်းကို ဟန်ဆောင်ကောင်းသူဟု ခေါ်ဝေါ်လိုက်သည်ကို မြင်လိုက်ရသောအခါ သူမ မယုံနိုင်အောင် ဖြစ်သွားရသည်။ သူမ၏ကိုယ်လုံးလေး ပြင်းထန်စွာ တုန်ယင်သွားပြီး ရှေ့ဆက်၍ ဘာဖြစ်လာမည်ကို သူမ သိချင်နေမိသည်။
စူးမင်၏ ဒိုင်ယာရီမှတစ်ဆင့် ဟောက်ထျန်းဂိုဏ်းအပေါ် ထန်ဆန်း၏ ပြောင်းလဲသွားသော သဘောထားများကို သူမ သိရှိလိုက်ရသောအခါ အာရင်က အံ့သြမှင်သက်သံဖြင့် ရေရွတ်လိုက်သည်။ "မဖြစ်နိုင်ဘူး၊ ဒါက ငါ့သား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီနှစ်တွေတစ်လျှောက်လုံး ထန်ဟောက်က သူ့သားကို ဒီလိုမျိုး သွန်သင်ဆုံးမနေခဲ့တာလား"
ဒိုင်ယာရီပိုင်ဆိုင်ထားသော အခြားအမျိုးသမီးများမှာလည်း မူလက ကံကြမ္မာ၏သားတော် ထန်ဆန်းအပေါ် အနည်းငယ် စိတ်ဝင်စားနေခဲ့သော်လည်း သူက ကိုယ်ကျင့်တရားနှင့်မညီသော ဤကဲ့သို့ လုပ်ရပ်မျိုးကို လုပ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။ ဤသို့သော လူတစ်ယောက်က ကံကြမ္မာ၏ သားတော်အဖြစ် သတ်မှတ်ခံရရန် ထိုက်တန်ပါသလား။
ရုတ်တရက်ပင် အမျိုးသမီးများ၏ ထန်ဆန်းအပေါ် အမြင်မှာ ပိုမိုဆိုးရွားသွားပြီး အနည်းငယ်ပင် ရွံရှာသွားကြလေသည်။
ရှင်းတိုသစ်တောကြီးထဲမှ ရှောင်ဝူက အနက်ရှိုင်းဆုံး ခံစားလိုက်ရသည်။ မည်သို့ပင်ဆိုစေ သူမကိုယ်တိုင်ကလည်း နှစ်တစ်သိန်းသက်တမ်းရှိ ဝိညာဉ်သားရဲ ဖြစ်ပြီး သူမ၏မိခင်မှာလည်း ဝိညာဉ်နန်းတော်မှ လူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည် မဟုတ်ပါလော။
ထို့အပြင် ထန်ဆန်း၏ဖခင်က ဘွဲ့ရတုံလော်တစ်ပါး ဖြစ်နေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။ ထို့ကြောင့် ထန်ဆန်းက နောက်ဆုံးတွင် နော့တန်ကျောင်းတော်သို့ သွားမည်ဆိုပါက သူ၏ဖခင်က သူ့နောက်သို့ တိတ်တဆိတ် လိုက်လာမည်လား။ ထိုသို့ဖြစ်လာလျှင် နှစ်တစ်သိန်းသက်တမ်းရှိ ဝိညာဉ်သားရဲဆိုသည့် သူမ၏ ကိုယ်ပိုင်လက္ခဏာ ပေါ်လွင်သွားမည် မဟုတ်ပါလော။
ယခုအခါတွင်မူ ရှောင်ဝူမှာ နော့တန်ကျောင်းတော်သို့ သွားရမည်လား မသွားရဘူးလား ဆိုသည်ကို အနည်းငယ် ဝေခွဲမရ ဖြစ်နေလေသည်။
ထို့နောက် ရှောင်ဝူ၏ အကြည့်များက ဒိုင်ယာရီပေါ်သို့ ကျရောက်သွားသည်။ "မြန်မြန်လေး ဆက်ပေါ်လာစမ်းပါ။ ထန်ဆန်းရဲ့အဖေက သူ့နောက်ကို လိုက်သွားလား မသွားဘူးလား ဆိုတာ ငါ သိချင်နေပြီ"
ထိုအခိုက်တွင် ဒိုင်ယာရီက တကယ်ပင် ထပ်မံပေါ်လာလေသည်။
"ငါက ငါ့ရဲ့ဇနီးလေး အာရင်အတွက် တကယ်ကို နာကျင်မိပါတယ်။ ဒီလို ဟန်ဆောင်ကောင်းတဲ့ သားမျိုး ရှိနေရတဲ့အပြင် ထန်ဟောက်ကိုယ်တိုင်ကလည်း လူကောင်းတစ်ယောက် မဟုတ်ဘူးလေ။ ရုပ်ကလည်း သိပ်ကြည့်ကောင်းတာ မဟုတ်ဘဲ ငါ့လောက်တောင် မချောတာကို အာရင်က သူ့ကို ဘယ်လိုများ သဘောကျသွားရတာလဲ"
"အဲဒီအချိန်တုန်းက အာရင်က ကိုယ်ဝန်ကြီးနဲ့လေ။ ထန်ဟောက်က ကလေးမွေးဖို့အတွက် သူမကို ရှင်းတိုသစ်တောကြီး ဒါမှမဟုတ် ဝေးလံခေါင်ဖျားတဲ့ နေရာတစ်ခုခုကို ခေါ်မသွားခဲ့ဘူး။ အဲဒီအစား ဝိညာဉ်မြို့တော်ဆီကို ခေါ်သွားခဲ့လို့ နောက်ဆုံးမှာ သူမရဲ့ ဝိညာဉ်သားရဲဆိုတဲ့ အမှတ်အသား ပေါ်သွားခဲ့ရတာပဲ။ ကျွတ် ကျွတ်... ဒီကိစ္စက နည်းနည်းတော့ လွဲနေသလိုပဲ"
"ကဲပါ... ဒီနေ့အတွက် ဒိုင်ယာရီကတော့ ဒီလောက်ပါပဲ။ ဒီညရမယ့် ဆုလာဘ်ကို ငါ တကယ်ကို မျှော်လင့်နေပြီ"
ဒိုင်ယာရီပိုင်ရှင် အမျိုးသမီးများ - "အဲ အဲ အဲ... ဒီလူကတော့ စိတ်ဝင်စားဖို့ ကောင်းတဲ့နေရာရောက်မှ ရပ်လိုက်ပြန်ပြီ။ ပြီးအောင် ရေးပါတော့လား"
တစ်ချိန်တည်းမှာပင် ယနေ့ည စူးမင် မည်သို့သော ဆုလာဘ်မျိုး ရရှိမည်ကိုလည်း သူတို့ အနည်းငယ် သိချင်နေကြသည်။
ထိုစဉ် ဂူထဲရှိ အာရင်၏ ရင်ထဲတွင် ရုတ်တရက် လေးလံသွားပြီး နှလုံးခုန်ရပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ "ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဟောက် က အဲဒီလိုလူမျိုး မဟုတ်ပါဘူး"
ထို့နောက် သူမ၏ ကိုယ်လုံးလေးမှာ ပြင်းထန်စွာ ယိမ်းနွဲ့သွားလေသည်။ သူမသာ တတ်နိုင်မည်ဆိုပါက ထန်ဟောက်အနားသို့ ချက်ချင်းသွား၍ သူ့ကို မေးခွန်းထုတ်ပစ်လိုက်ချင်သည်။
ကံမကောင်းစွာဖြင့် အာရင် မည်မျှပင် ကြိုးစားစေကာမူ လက်တစ်လုံးမျှပင် ရွှေ့လျားနိုင်ခြင်း မရှိပေ။
နောက်ဆုံးတွင် စူးမင် ညသန်းခေါင်ယံအထိ စောင့်ဆိုင်းနေခဲ့သည်။
"ဒင်... ပထမဆုံး ဒိုင်ယာရီရေးသားခြင်း ပြီးမြောက်သွားသည့်အတွက် ပိုင်ရှင်အား ဂုဏ်ပြုပါသည်။ အထူးဆုလာဘ်ကို ဖွင့်လှစ်လိုက်ပြီး (အဆင့်တက်နိုင်သော) တိုမိုအဲတစ်စက် ရှာရင်းဂန်း တစ်စုံနှင့် ရွှေဒင်္ဂါး တစ်ထောင်ကို ရရှိပါသည်"
"ရှာရင်းဂန်း။ သောက်ကျိုးနည်း... ဒီဆုလာဘ်က လန်းလှချည်လား"
သို့သော် သူ အရင်ဆုံး ရှင်းလင်းအောင် သိချင်သည့် မေးခွန်းတစ်ခု ရှိနေသေးသည်။ "စနစ်... ဒီရှာရင်းဂန်းက ဘယ်လိုမျိုး အဆင့်တက်ပြီး ကြီးထွားလာမှာလဲ။ နာရူတိုထဲက ရှာရင်းဂန်းလိုမျိုးပဲလား၊ ပြီးတော့ ဘေးထွက်ဆိုးကျိုးတွေကော ရှိလား"
"ဒင်... ပိုင်ရှင်၊ စနစ်၏ အဆင့်မြှင့်တင်မှုများအရ ပိုင်ရှင်အနေဖြင့် မိမိ၏ စိတ်စွမ်းအားကို ကြိုးစားမြှင့်တင်ရုံဖြင့် ရှာရင်းဂန်းကို အဆင့်တက်စေနိုင်ပြီး မန်ဂဲခယို ရှာရင်းဂန်းနှင့် ရင်းနဲဂန် အထိပင် အဆင့်တက်နိုင်စွမ်းရှိကာ မည်သည့် ဘေးထွက်ဆိုးကျိုးမျှ လုံးဝမရှိပါ"
စနစ်၏ ရှင်းပြချက်ကို ကြားပြီးနောက် စူးမင်မှာ ပျော်လွန်း၍ ကောင်းကင်ပေါ်သို့ပင် ပျံတက်သွားတော့မတတ် ဖြစ်သွားရသည်။ ဘေးထွက်ဆိုးကျိုးမရှိသော ရှာရင်းဂန်းတစ်ခုက အလွန်မိုက်ပေသည်။ သူသာ အချိန်တစ်ခုယူ၍ စောင့်ဆိုင်းပြီး သူ၏သစ်သားစွမ်းအားဖြင့် ပေါင်းစပ်ကာ ဗုဒ္ဓရုပ်ပွားတော်ကြီးကို ဆူဆာနို အကာအကွယ်ဖြင့် လွှမ်းခြုံထားနိုင်မည်ဆိုလျှင် ဤတိုက်ကြီးပေါ်၌ သူ့ကို ယှဉ်နိုင်မည့် ပြိုင်ဘက် ရှိတော့မည်မဟုတ်ပေ။