အခန်း (၂၅) - ရှောင်ဝူ - ငါက ရည်းစားထားဖို့လောက်ပဲ အာရုံစိုက်နေမယ်ဆိုတာ လုံးဝကို မဖြစ်နိုင်တဲ့ ကိစ္စပဲ
စူးမင်သည်လည်း အပျင်းအကြောဆန့်ရင်း ဒိုင်ယာရီကိုသာ စတင် ရေးသားလေတော့သည်။ မည်သို့ပင်ဆိုစေ ဒိုင်ယာရီဟူသည် နေ့စဉ်ဖြစ်ပျက်နေသော အကြောင်းအရာများကို မှတ်တမ်းတင်ရန်ပင် မဟုတ်ပါလော။
[ဒီနေ့တော့ စနစ်က ဆုချထားတဲ့ ကျင့်စဉ်ကို ငါ ကျင့်ကြံဖြစ်ခဲ့တယ်။ အဲဒါက ဝိညာဉ်စွမ်းအားကို ဖိသိပ်ပေးနိုင်တဲ့ အကျိုးသက်ရောက်မှု တကယ်ပဲ ရှိနေပြီး ကျင့်ကြံခြင်း အမြန်နှုန်းကလည်း မနှေးဘူး။ ငါ့အတွက်တော့ အကွက်တိပဲ။]
[ကျင့်ကြံလို့ ပြီးသွားတဲ့အခါ ရှောင်ဝူကိုခေါ်ပြီး အပြင်မှာ ထမင်းသွားစားကြတယ်။ ဝိညာဉ်နန်းတော်ဆီကနေ ဝိညာဉ်သခင် ထောက်ပံ့ကြေး ဘာလို့ သွားမယူတာလဲဆိုတာကိုလည်း ရှောင်ဝူကို ငါ သိလျက်နဲ့ တမင် မေးကြည့်လိုက်သေးတယ်။ ထင်ထားတဲ့အတိုင်းပဲ ရှောင်ဝူ ဒေါသထွက်သွားတယ်။ ဒါကလည်း ငါ့ရဲ့ ခန့်မှန်းချက်ထဲမှာ ပါပြီးသားပါ။ သူမသာ ဒေါသ မထွက်ဘူးဆိုရင်တောင် ထူးဆန်းနေဦးမယ်။]
[ဘာပဲဖြစ်ဖြစ် ရှောင်ဝူရဲ့ အမေက ဘီဘီတုန်းရဲ့ သတ်ဖြတ်တာကို ခံလိုက်ရပြီး ဘီဘီတုန်းရဲ့ ဝိညာဉ်ကွင်း ဖြစ်သွားခဲ့တာကိုး။]
မိန်းကလေးများ ဤအရာကို မြင်လိုက်ရသောအခါ သူတို့လည်း အနည်းငယ် ထူးဆန်းသွားကြသည်။ သူတို့ထံတွင် ဒိုင်ယာရီ မိတ္တူများ အမှန်တကယ် ရှိနေကြောင်းကိုသာ စူးမင် သိရှိသွားမည်ဆိုပါက သူက ဇာတ်ကနေသည်ကို သူတို့ ကြည့်နေခဲ့ကြောင်း သိသွား၍ လူပုံလယ်တွင် မျက်နှာပျက်ရလောက်အောင် ဖြစ်သွားမည်လား။
သို့သော် ရှောင်ဝူ ဒေါသထွက်သင့်သည်ကတော့ အမှန်ပင်။ မည်သို့ပင်ဆိုစေ သူမ၏ မိခင်ဖြစ်သူမှာ ဘီဘီတုန်း၏ သတ်ဖြတ်မှုကို ခံခဲ့ရသည် မဟုတ်ပါလော။ သို့သော် ဤကိစ္စတွင် အမှားအမှန် မရှိဟု သူတို့အားလုံး ခံစားမိကြသည်။ ၎င်းမှာ အဓိကအားဖြင့် ရပ်တည်ချက်နှင့်သာ သက်ဆိုင်ပေသည်။ ဘာပဲဖြစ်ဖြစ် ဝိညာဉ်သခင်များနှင့် ဝိညာဉ်သားရဲများကြားရှိ ပဋိပက္ခမှာ ရှေးယခင်ကတည်းက ပြန်လည်သင့်မြတ်၍ မရနိုင်သောအရာ ဖြစ်ခဲ့သည် မဟုတ်ပါလော။
ဝိညာဉ်သခင်များသည် အဆင့်တက်ရန်အတွက် ဝိညာဉ်ကွင်းများ ရရှိရန် ဝိညာဉ်သားရဲများကို မဖြစ်မနေ အမဲလိုက်ရမည်ဟု ဤကမ္ဘာကြီးက သတ်မှတ်ထားခဲ့သည်။ နှစ်ပေါင်းများစွာ ကြာလာသောအခါ ဝိညာဉ်သခင်များနှင့် ဝိညာဉ်သားရဲများမှာ သေမလောက် ရန်သူများ ဖြစ်လာခဲ့ကြလေပြီ။
ဘီဘီတုန်းက ဝိညာဉ်နန်းတော် အတွင်း၌ စူးမင်၏ ဒိုင်ယာရီကို ကြည့်ကာ သူမ၏ ရင်ထဲတွင် ရှုပ်ထွေးနေပြီး ဘာတွေ တွေးနေမှန်း မသိနိုင်တော့ပေ။
[ဒါပေမဲ့ ငါ့ကို အကြီးအကျယ် ဇဝေဇဝါ ဖြစ်စေတဲ့ အချက်တစ်ချက် ရှိသေးတယ်။ မူရင်းဇာတ်လမ်းထဲမှာဆိုရင် ရှောင်ဝူက ဝိညာဉ်နန်းတော်က ဘီဘီတုန်းအပေါ် အမုန်းတရားတွေ ပြည့်နှက်နေသင့်တာလေ။ လူယောင်ဖန်ဆင်းပြီးတဲ့နောက်မှာ ဘွဲ့ရတုံလော် အဆင့်ကို မြန်မြန်ဆန်ဆန် ရောက်ရှိဖို့အတွက် သူမ ကြိုးကြိုးစားစား ကျင့်ကြံသင့်တာ မဟုတ်ဘူးလား။]
[ဒါပေမဲ့ မူရင်းဇာတ်လမ်းထဲမှာ ရှောင်ဝူက ဘာတွေများ လုပ်ခဲ့လို့လဲ။]
[နော့တန်ကျောင်းတော်မှာ ထန်ဆန်းနဲ့ ခြောက်နှစ်တိတိ အတူအိပ်ခဲ့ပြီး ထန်ဆန်းရဲ့ ညီမလေး ဖြစ်လာခဲ့တယ်။ ပြီးတော့ ထန်ဆန်းအပေါ် မရိုးသားတဲ့ ခံစားချက်တွေတောင် တဖြည်းဖြည်း ဖြစ်ပေါ်လာခဲ့သေးတယ်။]
[နှစ်တစ်သိန်းသက်တမ်းရှိ ဝိညာဉ်သားရဲ တစ်ကောင်အနေနဲ့ ခြောက်နှစ် ကြာပြီးနောက်မှာ သူမရဲ့ ဝိညာဉ်စွမ်းအား အဆင့်က ထန်ဆန်းနဲ့ အတူတူ အဆင့် ၂၉ မှာပဲ ရှိနေခဲ့တယ်။ ထန်ဆန်းနဲ့ ရှောင်ဝူ နှစ်ယောက်စလုံးက အဆင့်တစ်ဆယ် မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့် ရှိတယ်လို့ သတ်မှတ်ခံထားရပေမယ့် ခြောက်နှစ်အကြာမှာ ထန်ဆန်းက အဆင့် ၂၉ ဖြစ်နေတာဟာ သူ အဆင့် ၂၉ အထိပဲ တက်နိုင်လို့လေ။ ဒါပေမဲ့ ရှောင်ဝူကတော့ ကွာခြားတယ်။]
[လူယောင်ဖန်ဆင်းထားတဲ့ နှစ်တစ်သိန်းသက်တမ်းရှိ ဝိညာဉ်သားရဲ တစ်ကောင်ဖြစ်တဲ့ ရှောင်ဝူမှာ အလွန် ခိုင်မာအားကောင်းတဲ့ အခြေခံအုတ်မြစ် ရှိပြီးသားပဲ။ ဘွဲ့ရတုံလော် အဆင့်ကို မရောက်မချင်း သူမသာ ကြိုးကြိုးစားစား ကျင့်ကြံမယ်ဆိုရင် သူမရဲ့ တိုးတက်မှုနှုန်းက ထန်ဆန်းထက် သေချာပေါက် အများကြီး ပိုမြန်ဆန်နေမှာ။]
[ဒီအချက်ကို မူရင်းဇာတ်လမ်းထဲက အခြား ရွှီးလိုင်ခဲ (ရှရက်ခ်) မကောင်းဆိုးဝါးခုနစ်ပါးက သူတို့ရဲ့ ပါရမီကို မြှင့်တင်ဖို့ မသေမျိုးဆေးဖက်ဝင်အပင်တွေကို စားသုံးပြီးတဲ့နောက် ဝိညာဉ်စွမ်းအားတွေ တစ်ပြိုင်နက်တည်း အဆင့်များစွာ တိုးတက်သွားခဲ့တဲ့ အချက်ကနေ မြင်နိုင်တယ်။ ဒါပေမဲ့ ရှောင်ဝူက မသေမျိုးဆေးဖက်ဝင်အပင်တွေကို မစားသုံးခဲ့ပေမယ့် နောက်ပိုင်း သူမရဲ့ ကျင့်ကြံခြင်း အမြန်နှုန်းက တခြားသူတွေထက် လုံးဝ နောက်ကျမနေခဲ့ဘူး။]
[ဒါက ရှောင်ဝူ အရင်တုန်းက ကျင့်ကြံတဲ့နေရာမှာ ပျင်းရိခဲ့တယ်ဆိုတာကို ပြသနေတာပဲ။ အမေဖြစ်သူအတွက် ကလဲ့စားချေချင်နေတဲ့ ရှောင်ဝူက ဒီလိုမျိုးလား။ ရှောင်ဝူက ထန်ဆန်းနဲ့ ရည်းစားပဲ ထားချင်နေပြီး ကလဲ့စားချေဖို့ကို မလိုချင်တော့ဘူးလို့တောင် ခံစားရတယ်။ ကလဲ့စားချေချင်တဲ့ စိတ်ဆန္ဒက လုံးဝကို မပေါ်လွင်ခဲ့ဘူး။]