အခန်း (၁၆) - စူးမင် - ထန်ဆန်းရဲ့ မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်က ဖောင်းပွနေတာပဲ
ထို့နောက် ရှောင်ဝူက "ငါက စူးမင်ကို ရှုံးသွားပေမယ့် နင်တို့အားလုံး ငါ့ကို မမရှောင်ဝူလို့ ခေါ်ရမယ်၊ ကြားလား" ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ မမရှောင်ဝူ"
ရှောင်ဝူသည် သူတို့အားလုံးထက် အသက်ငယ်ရွယ်သော်လည်း စွမ်းအားမြင့်မားလှသဖြင့် မမရှောင်ဝူဟု သဘာဝကျကျပင် ခေါ်ဆိုလိုက်ကြသည်။ မခေါ်လျှင်လည်း ရှောင်ဝူ၏ ဒေါသနှင့်ဆိုပါက အရိုက်ခံရနိုင်ခြေရှိရာ ဤသည်ကားလုံးဝ တန်မည်မဟုတ်ပေ။ စူးမင်နှင့် အလွန်ဆုံးရှိလှ ထန်ဆန်းတို့မှလွဲ၍ ကျန်သူများမှာ ရှောင်ဝူကို ယှဉ်နိုင်စွမ်း မရှိကြချေ။
ရှောင်ဝူက ပြုံးလျက် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး "အရမ်းကောင်းတယ်။ နင်တို့အားလုံးက ငါ့ကို မမရှောင်ဝူလို့ ခေါ်မှတော့ အခုကစပြီး မမက နင်တို့ကို စောင့်ရှောက်ပေးမယ်" ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ"
ဤမြင်ကွင်းကိုကြည့်ကာ စူးမင်မှာ မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားပြီး ခေါင်းခါယမ်းလိုက်မိသည်။ ရှောင်ဝူက အစ်မကြီး နေရာကို တကယ် သဘောကျတာပဲ။
စူးမင်က ရှောင်ဝူအား "ငါကတော့ မမရှောင်ဝူလို့ ခေါ်စရာ မလိုလောက်ဘူးမလား။ ဘာပဲဖြစ်ဖြစ် နင်က ငါ့ကို နိုင်တာမှ မဟုတ်တာ၊ ငါ့ကို ဘယ်လိုလုပ် စောင့်ရှောက်ပေးနိုင်မှာလဲ" ဟု စနောက်လိုက်သည်။
ထိုစကားကို ကြားသောအခါ ရှောင်ဝူ၏ ပျော်ရွှင်နေသော စိတ်အခြေအနေမှာ လွင့်စင်ပျောက်ကွယ်သွားရသည်။ စူးမင်က တကယ်ကို ဆိုးသွမ်းလွန်းလှသည်။ အပြင်ပန်းတွင် ကြည့်ကောင်းနေသော်လည်း ဒိုင်ယာရီရေးသောအခါ၌မူ နှာဘူးတစ်ကောင်နှင့် တူနေသည် မဟုတ်ပါလော။
ချက်ချင်းပင် ရှောင်ဝူက နှာမှုတ်လိုက်ပြီး "နင်က ငါ့ကို ရှောင်ဝူလို့ပဲ ခေါ်လို့ရပါတယ်။ စောင့်ကြည့်နေလိုက်၊ အနာဂတ်ကျရင် နင့်ကို သေချာပေါက် အနိုင်ယူပြမယ်၊ အဲဒီအခါကျမှ နင့်ပါးစပ်ကနေ မမရှောင်ဝူလို့ ကျေကျေနပ်နပ်ကြီး ခေါ်လာအောင် လုပ်ပြမယ်" ဟု ပြောလိုက်သည်။
ထို့နောက် စူးမင်၏ အနောက်တွင် ရပ်နေသော လူတစ်ယောက်ကို ရှောင်ဝူ သတိထားမိသွားသည်။ ထိုသူမှာ သူမကို စိုက်ကြည့်နေသော ထန်ဆန်းပင် ဖြစ်လေသည်။
ဤအချိန်တွင် ထန်ဆန်း၏ မျက်နှာတစ်ခြမ်းမှာ ဖူးယောင်နေပြီး ဝက်ခေါင်းတစ်ခြမ်းနှင့်ပင် တူနေလေသည်။
ထန်ဆန်း၏ မျက်နှာကို စူးမင် ထိုးကြိတ်ခဲ့ကြောင်း ရှောင်ဝူ သိထားသော်လည်း ထိုအချိန်က စူးမင်က တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ပစ်ခဲ့သည် မဟုတ်ပါလော။ ထန်ဆန်း၏ မျက်နှာက ဤမျှအထိ ဆိုးဆိုးရွားရွား ဖြစ်သွားလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။ မူလကတည်းက သာမန်ရုပ်ရည်သာရှိသော ထန်ဆန်း၏ လက်ရှိပုံစံမှာ ဖော်ပြရန်ပင် ခက်ခဲလွန်းလှပေသည်။
ရှောင်ဝူက ရယ်ချင်စိတ်ကို အစွမ်းကုန် အောင့်ထားလိုက်ပြီး ထန်ဆန်းကို သိချင်ဟန်ဖြင့် ကြည့်ကာ စူးမင်အား "ဟင်... ဒီလူ့မျက်နှာက ဘာဖြစ်လာတာလဲ" ဟု မေးလိုက်သည်။
စူးမင် စကားမပြောရသေးမီမှာပင် ထန်ဆန်းက အနေခက်စွာဖြင့် "အယ်... ငါက မင်းထက်စောပြီး အဆောင်ခုနစ်ကို ရောက်လာတာလေ။ ခုနက စူးမင်နဲ့ လက်ရည်စမ်းရင်း မတော်တဆ ရသွားတဲ့ ဒဏ်ရာလေးပါ။ ရက်အနည်းငယ်နေရင် ပျောက်သွားမှာပါ" ဟု ဝင်ပြောလိုက်သည်။
သူ့ကိုယ်သူ ဘာဖြစ်နေမှန်း ထန်ဆန်း နားမလည်နိုင်အောင် ဖြစ်နေမိသည်။ သေးသွယ်ချစ်စရာကောင်းပြီး အနည်းငယ် ဗိုလ်ကျတတ်သော သူ၏ရှေ့မှ ကောင်မလေးအပေါ်၌ တစ်စုံတစ်ခုသော ခံစားချက်မျိုး ဖြစ်ပေါ်နေသလိုပင်။ ဤသည်မှာ သူ၏ အတိတ်ဘဝတစ်လျှောက်လုံး တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးသော ခံစားချက်မျိုးဖြစ်ရာ တကယ်ကို ထူးဆန်းလွန်းလှပေသည်။
[ဟုတ်လောက်တယ်၊ ထန်ဆန်းက ရှောင်ဝူကို သဘောကျသွားတာ ဖြစ်ရမယ်။ သူ ရှောင်ဝူကို သဘောကျနေမှန်း သူ့ကိုယ်သူ မသိသေးတာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အတိတ်ဘဝကလည်း လုပ်ကြံရေး လူသတ်သမား တစ်ယောက်ဆိုတော့ ဒီလိုခံစားချက်မျိုးကို နားမလည်နိုင်တာက သာမန်ပါပဲ။]
[ဘဝနှစ်ခုပေါင်း အသက်လေးဆယ်နီးပါး ရှိနေတဲ့လူက ရှောင်ဝူလို ကလေးမလေးကို မြင်မြင်ချင်း ချစ်မိသွားလိမ့်မယ်လို့ ငါ ထင်မထားခဲ့မိဘူး။ အဲဒါက တကယ်ကို ရာဇဝတ်မှု မြောက်လွန်းတယ်။ ဒါပေမဲ့ အခု ငါ ရောက်နေပြီဆိုတော့ ရှောင်ဝူက ထန်ဆန်းရဲ့လူ လုံးဝ ဖြစ်ခွင့်မရှိတော့ဘူး။]
[ထန်ဆန်းကို အဲဒီလို ပြောနေပေမယ့် တကယ်တော့ ငါကိုယ်တိုင်လည်း ရှောင်ဝူလိုမျိုး သေးသွယ်ချစ်စရာကောင်းတဲ့ ကောင်မလေးတွေကို သဘောကျတာပါပဲ။ သူမ ကြီးလာရင် အရမ်းလှတဲ့ အလှကညာလေး ဖြစ်လာမှာလေ။ ပုံမှန် ယောက်ျားတစ်ယောက်ဆိုရင် သူမကို သဘောကျမှာချည်းပဲ မဟုတ်လား။]
[ဒါ့အပြင် တုံလော်ကမ္ဘာက အလှကညာတွေက သဘာဝအတိုင်းကို လှပနေကြတာ။ ငါ့ရဲ့ အရင်ဘဝက နာမည်ကြီး မင်းသမီးတွေလိုမျိုး ကြည့်ကောင်းအောင် ခွဲစိတ်ပြုပြင်တာတွေ၊ မိတ်ကပ်တွေ သုံးထားကြတာ မဟုတ်ဘူးလေ။ အခုလို ကမ္ဘာသစ်မှာ ပြန်လည်မွေးဖွားလာပြီး ဒီလိုအလှတရားမျိုးနဲ့ ရင်ဆိုင်ရချိန်မှာ ငါ ဘယ်လိုလုပ်ပြီး စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ။]
ထန်ဆန်း၏ အကြည့်များက ရှောင်ဝူအပေါ်၌သာ စူးစိုက်နေဆဲဖြစ်ကြောင်း မြင်သောအခါ စူးမင်က သူတို့နှစ်ဦးကြားသို့ ဝင်ရပ်လိုက်ပြီး ရှောင်ဝူအား ပြုံးလျက် "သူက ထန်ဆန်းတဲ့။ ဝိညာဉ်ကတော့ ငွေပြာမြက်ပေါ့။ မင်းလိုပဲ မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်၊ အဆင့်တစ်ဆယ်ကို ပိုင်ဆိုင်ထားတယ်" ဟု မိတ်ဆက်ပေးလိုက်သည်။
ရှောင်ဝူမှာ သူမရှေ့ရှိ ဒိုင်ယာရီကို ကြည့်ကာ အနည်းငယ် မှင်သက်သွားပြီး ရင်ထဲတွင် ဂနာမငြိမ် ဖြစ်သွားရသည်။ ဒိုင်ယာရီထဲက အကြောင်းအရာအရဆိုလျှင် အနာဂတ်မှာ သူမက ထန်ဆန်းကို ချစ်မိသွားမယ်တဲ့လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ထန်ဆန်းရဲ့ တန်ဖိုးထားမှုတွေ၊ ပြီးတော့ သူ့ရဲ့ သာမန်ရုပ်ရည်မျိုးကို မူရင်းဇာတ်လမ်းထဲမှာ ငါက ဘာလို့များ သဘောကျခဲ့ရတာလဲ။ အဲဒါက လုံးဝ တွေးကြည့်လို့တောင် မရနိုင်ဘူး၊ အရမ်းကို ရူးမိုက်လွန်းတယ်။
ထို့နောက် စူးမင်က သူမကို အလှကညာလေးဟု ခေါ်ဆိုကာ သဘောကျကြောင်း ရေးသားထားသည်ကို မြင်လိုက်ရသဖြင့် သူမ၏ ရင်ထဲတွင် အနည်းငယ် ကြည်နူးသွားရသည်။ မိမိလှပကြောင်း ချီးကျူးခံရခြင်းကို မနှစ်သက်သော မိန်းကလေးများ ရှိပါမည်လား။
ထန်ဆန်းနှင့် နှိုင်းယှဉ်ပါက ယခုအခါတွင် သူမက စူးမင်အပေါ် ပို၍ အမြင်ကြည်လင်နေလေပြီ။
စူးမင်က သူ၏ရှေ့ရှိ ရှောင်ဝူကို ကြည့်ကာ ဇဝေဇဝါဖြင့် "ရှောင်ဝူ... ဘာဖြစ်လို့လဲ။ ဘာလို့ ရုတ်တရက်ကြီး ငေးမောနေတာလဲ" ဟု မေးလိုက်သည်။
ချက်ချင်းပင် ရှောင်ဝူက သတိပြန်ဝင်လာပြီး "ဘာမှမဖြစ်ပါဘူး။ ငါ နည်းနည်း အံ့သြသွားလို့ပါ။ ထန်ဆန်းရဲ့ ဝိညာဉ်က ငွေပြာမြက် ဖြစ်နေပါလျက်နဲ့ မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့် ရှိနေတာကိုး" ဟု ပြန်ဖြေလိုက်သည်။
ရှောင်ဝူ၏ အံ့အားသင့်မှုအပေါ် ထန်ဆန်းက ခေါင်းကုတ်လိုက်ပြီး ပြုံးသာ ပြပြလိုက်သည်။
ထန်ဆန်း၏ ပြုံးနေသော ဖူးယောင်နေသည့် ဝက်ခေါင်းတစ်ခြမ်းနှင့် ရင်ဆိုင်လိုက်ရသောအခါ ရှောင်ဝူမှာ တကယ်ကို ပျို့အန်ချင်စိတ် ပေါက်သွားရလေသည်။
ထိုစဉ် ဒိုင်ယာရီက ထပ်မံ၍ အသစ်ပေါ်လာပြန်သည်။
[ဟက်... ထန်ဆန်းမှာ မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့် ရှိတာ မဟုတ်ဘူး၊ သူ့ရဲ့ ဝိညာဉ်စွမ်းအားအပြည့် ဆိုတာက ဖောင်းပွနေတာပဲ။]
သို့သော် စူးမင်၏ စကားများက အမျိုးသမီးဇာတ်ဆောင်များစွာ၏ အာရုံစိုက်မှုကို ချက်ချင်း ဖမ်းစားသွားလေသည်။ မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်ဆိုတာက တကယ်ပဲ ဖောင်းပွနိုင်တာလား။ အဲဒါက မွေးကတည်းက ပုံသေ သတ်မှတ်ခံထားရတာ မဟုတ်ဘူးလား။
သေချာသည်မှာ စနစ်ကို ပိုင်ဆိုင်ထားသော စူးမင် ကဲ့သို့သော သူများမှလွဲ၍ပေါ့။ စူးမင်ကတော့ ချန်လှပ်ထားရမည့်သူ ဖြစ်လေသည်။
[ထန်ဆန်း ကိုယ်တိုင်ကလည်း ချန်လှပ်ထားရမယ့်သူပဲ။ သူနဲ့အတူ ပါလာတဲ့ လျှို့ဝှက်ကောင်းကင်ကျင့်စဉ်က ဒီကမ္ဘာကြီးမှာ တကယ်ကို လှည့်စားမှုတစ်ခုလို ဖြစ်နေတာ။]
မိန်းကလေးများ - နင့်မှာ ထန်ဆန်းကို အဲ့လိုပြောစရာ အခွင့်အရေး ရှိလို့လား။ နင့်ရဲ့ စနစ်ကမှ ကောင်းကင်ဘုံကို အံတုနိုင်လောက်တဲ့အထိ ပိုဆိုးနေတာ မဟုတ်ဘူးလား။
[ငါ မှတ်မိသေးတယ်၊ မူရင်းဇာတ်လမ်းထဲမှာ ပြကွင်းပြကွက်တစ်ခု ရှိတယ်။ ထန်ဆန်းက ငယ်ငယ်ကတည်းက တောင်နောက်ဘက်မှာ တစ်ယောက်တည်း နေပြီး အတိတ်ဘဝက ထန်ဂိုဏ်းရဲ့ ကျင့်စဉ်ဖြစ်တဲ့ လျှို့ဝှက်ကောင်းကင်ကျင့်စဉ်ကို ကျင့်ကြံနေခဲ့တာ။ ဝိညာဉ်နိုးထခြင်း အခမ်းအနား မလုပ်ခင် အချိန်လေးမှာပဲ သူက တိုးတက်မှု ရပ်တန့်နေတဲ့ အခြေအနေတစ်ခုကို ရောက်သွားခဲ့တာလေ။]
[အဲဒီ တိုးတက်မှု ရပ်တန့်နေတဲ့ အဆင့်က လျှို့ဝှက်ကောင်းကင်ကျင့်စဉ်ရဲ့ ပထမဆုံးအဆင့်ပဲ။ သူ ဘယ်လောက်ပဲ ကျင့်ကြံပါစေ၊ ဒုတိယအဆင့်ကို ချိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိခဲ့ဘူး။ ဝိညာဉ်နိုးထပြီး ပထမဆုံး ဝိညာဉ်ကွင်းကို အမဲလိုက် စုပ်ယူပြီးတဲ့အချိန်ကျမှ သူ့ရဲ့ လျှို့ဝှက်ကောင်းကင်ကျင့်စဉ်က ဒုတိယအဆင့်ကို ချက်ချင်း ရောက်ရှိသွားခဲ့တာ။ ဝိညာဉ်နန်းတော်မှာ သွားပြီး မှတ်ပုံတင်တဲ့အခါ သူ့ရဲ့ ဝိညာဉ်စွမ်းအားက အဆင့်ဆယ့်သုံး ဖြစ်နေခဲ့တယ်လေ။]
[ဝိညာဉ်ဆိုင်ရာ အဓိက သီအိုရီဆယ်ခုထဲက တစ်ခုဖြစ်တဲ့ တိုးတက်မှု ရပ်တန့်ခြင်းနဲ့ ကျင့်ကြံခြင်း သီအိုရီအရဆိုရင် ဝိညာဉ်သခင် တစ်ယောက်ဟာ အဓိက နယ်ပယ်တစ်ခုရဲ့ အထွတ်အထိပ်ကို ရောက်နေတဲ့အချိန်မှာ ဝိညာဉ်ကွင်း မရရှိသေးရင်တောင် ပုံမှန်အတိုင်း ဆက်လက် ကျင့်ကြံနိုင်သေးတယ်။ အဲဒီကာလအတွင်းမှာ ကျင့်ကြံရရှိခဲ့တဲ့ ဝိညာဉ်စွမ်းအားတွေက ဝိညာဉ်ကွင်း ရရှိပြီးတဲ့အခါမှာ အကျိုးသက်ရောက်မှုအဖြစ် ပေါ်လွင်လာမှာပဲ။]
[ဒီသီအိုရီက မှန်ကန်ပါတယ်။ အဲဒါက ထန်ဆန်းရဲ့ မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်ဆိုတာ လျှို့ဝှက်ကောင်းကင်ကျင့်စဉ်ကို ကျင့်ကြံခြင်းကနေ ရရှိလာတာဖြစ်ကြောင်းကိုလည်း သက်သေပြနေတာပဲ။ မဟုတ်ရင် သူက ဝိညာဉ်ကွင်း စုပ်ယူပြီးတာနဲ့ နောက်တစ်ဆင့်ကို ချက်ချင်း ချိုးဖောက်ဝင်ရောက်သွားနိုင်ပါ့မလား။]
[ဒါ့အပြင် နှစ်လေးရာသက်တမ်း ဝန်းကျင်ရှိတဲ့ မန်ဒါရာမြွေ ဝိညာဉ်ကွင်း တစ်ကွင်းက ထန်ဆန်းရဲ့ ဝိညာဉ်စွမ်းအားကို အများဆုံးမှ အဆင့်နှစ်ဆင့်ပဲ တိုးမြှင့်ပေးနိုင်မှာပါ။ ဒါပေမဲ့ သူက အဆင့်သုံးဆင့်တောင် တိုးသွားခဲ့တယ်။ အဲဒါကလည်း ထန်ဆန်းအနေနဲ့ လျှို့ဝှက်ကောင်းကင်ကျင့်စဉ်ရဲ့ ပထမအဆင့်မှာ တိုးတက်မှု ရပ်တန့်နေချိန်တောင် ကျင့်ကြံခြင်းကို လက်မလျှော့ခဲ့လို့ပဲ။]
ရှောင်ဝူ တစ်ယောက်တည်းသာမကဘဲ နင်းရုန်ရုန်၊ ကျူးကျူချင်နှင့် အခြားသူများအားလုံးမှာလည်း စူးမင် ရေးသားထားသော သုံးသပ်ချက်များကို မြင်တွေ့လိုက်ရသောအခါ အလွန်အမင်း အံ့အားသင့်သွားကြလေသည်။
မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်ကို ကျင့်ကြံမှုဖြင့် တိုးမြှင့်ရယူနိုင်လိမ့်မည်ဟု သူတို့ တစ်ခါမျှ မသိရှိခဲ့ကြပေ။
သူတို့၏ နားလည်ထားမှုအရ မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်ဆိုသည်မှာ မိမိဝိညာဉ်၏ အရည်အသွေးအပေါ် မူတည်၍ မွေးရာပါ ပုံသေ သတ်မှတ်ခံထားရခြင်း ဖြစ်သည်။ ဝိညာဉ်၏ အရည်အသွေး မြင့်မားမှသာ မွေးရာပါ ဝိညာဉ်စွမ်းအားက ပိုမိုမြင့်မားမည် ဖြစ်လေသည်။ သို့သော် ယခုအခါတွင်မူ ခြွင်းချက်တစ်ခု ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
ထန်ဆန်း ပိုင်ဆိုင်ထားသော လျှို့ဝှက်ကောင်းကင်ကျင့်စဉ်ဆိုသည်မှာ ကြီးမားလှသော လှည့်စားမှုကြီး တစ်ခုပင် ဖြစ်လေသည်။