အခန်း (၁၄) - အပြန်အလှန် ဟန်ဆောင်နေကြသူ နှစ်ဦးနှင့် မှင်သက်သွားသော အဆောင်ခုနစ်မှ လူအုပ်ကြီး
[ဝိုး... တကယ်ကို ကျေနပ်ဖို့ ကောင်းတာပဲ။ နောက်ဆုံးတော့ ထန်ဆန်းကို ရိုက်နှက်ဖို့ အခွင့်အရေး ရသွားခဲ့ပြီ။ သူ့ကို အသေထိုးကြိတ်ချင်နေတာ ကြာလှပြီလေ။]
[ဒါပေမဲ့ ငါ တမင်လုပ်တယ်ဆိုတာကိုတော့ လုံးဝ အသိခံလို့ မဖြစ်ဘူး။ နောက်ထပ် နှစ်အနည်းငယ်လောက်တော့ အေးအေးချမ်းချမ်း နေချင်သေးတယ်။ ထန်ဆန်းက တိတ်တဆိတ် ဒုက္ခပေးလာရင် မကောင်းဘူးလေ။]
မိန်းကလေးများ - စူးမင်က တကယ်ကို ကောက်ကျစ်လွန်းတာပဲ။
ချက်ချင်းပင် စူးမင်က တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ပြီး ထန်ဆန်းအနီးသို့ လျှောက်သွားကာ သူ့ကို ဆွဲထူပေးလိုက်သည်။ ထို့နောက် စိတ်ပူဟန်ဆောင်လျက် "ထန်ဆန်း... မင်း အဆင်ပြေရဲ့လား။ မင်း ရှောင်နိုင်လိမ့်မယ်လို့ ငါ ထင်လိုက်တာ။ တကယ်ကို တောင်းပန်ပါတယ်ကွာ" ဟု ပြောလိုက်သည်။
ထန်ဆန်းက ယိမ်းယိုင်ယိုင်ဖြင့် မတ်တတ်ရပ်လိုက်ပြီး သူ၏ မျက်နှာကို ဖိကိုင်ထားရင်း "ရပါတယ်။ ငါ သတိလက်လွတ် ဖြစ်သွားတာပါ။ မင်းကို အပြစ်မတင်ပါဘူး။ ဒီပွဲမှာ မင်း နိုင်သွားပါပြီ" ဟု ပြန်ဖြေလိုက်သည်။
ထို့နောက် ထန်ဆန်းက စူးမင်ကို သိချင်စိတ်ဖြင့် မေးလိုက်သည်။ "စူးမင်... မင်းရဲ့ စွမ်းရည်တွေက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အစွမ်းထက်နေရတာလဲ။ ပြီးတော့ ခုနက မင်းမျက်လုံးတွေက ဘာလို့ ရုတ်တရက် အနီရောင် ပြောင်းသွားတာလဲ"
စူးမင်က ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။ "ငါက ထူးထူးခြားခြား ပါရမီပါလာလို့ နေမှာပေါ့။ ငယ်ငယ်ကတည်းက လေ့ကျင့်ရေးကိုပဲ အဓိကထားပြီး လုပ်ခဲ့တာလေ။ မျက်လုံးတွေ နီသွားတဲ့ ကိစ္စကတော့ ငါလည်း ဘာလို့လဲ မသိဘူး။ ဝိညာဉ်နိုးထပြီးကတည်းက ငါ့မျက်လုံးတွေ ဒီလိုဖြစ်သွားတာပဲ။ အဲဒါကို ငါက ရှာရင်းဂန်းလို့ နာမည်ပေးထားတယ်"
သူ လိမ်ပြောနေခြင်း မဟုတ်ပေ။ ဝိညာဉ်နိုးထပြီးနောက် ဒိုင်ယာရီစနစ်က ဆုချထားသော ရှာရင်းဂန်းမှာ အပြစ်အနာအဆာကင်းစွာ ထွက်ပေါ်လာခဲ့သည် မဟုတ်ပါလော။ ဟီးဟီး။
ထို့နောက် စူးမင်က ပြန်လည် မေးခွန်းထုတ်လိုက်သည်။ "ဒါဆို မင်းကရော ဘယ်လိုလဲ။ ခုနက တိုက်ပွဲမှာ မင်းရဲ့လက်တွေက ကျောက်စိမ်းရောင် ပြောင်းသွားပြီး မျက်လုံးတွေကလည်း ခရမ်းရောင် ဖြစ်သွားတယ်လေ"
ထန်ဆန်းက သဘာဝကျကျပင် "ဒါတွေက ငါကိုယ်တိုင် ဖန်တီးထားတဲ့ ဝိညာဉ်စွမ်းရည်တွေလို့ သတ်မှတ်လို့ ရပါတယ်။ ကျောက်စိမ်းလက်ဝါးနဲ့ ခရမ်းရောင် မိစ္ဆာမျက်လုံးတဲ့။ သိပ်တော့ မကျွမ်းကျင်သေးပါဘူး" ဟု ဖြေလိုက်သည်။
စူးမင်က အံ့အားသင့်သွားဟန်ဆောင်လိုက်ပြီး "ဝိုး... ထန်ဆန်း၊ မင်းက တကယ်ကို အံ့မခန်းပဲ။ ဝိညာဉ်နိုးထပြီး သိပ်မကြာခင်မှာပဲ ကိုယ်ပိုင် ဝိညာဉ်စွမ်းရည်တွေကို ဖန်တီးနိုင်နေပြီ။ ပြီးတော့ မင်းဆီမှာ မွေးရာပါ ဝိညာဉ်စွမ်းအား အဆင့်တစ်ဆယ်တောင် ရှိနေတာဆိုတော့ မကြာခင်မှာ မင်းရဲ့ ဝိညာဉ်အတွက် ဝိညာဉ်ကွင်း တပ်ဆင်နိုင်တော့မှာပဲ။ အားကျလိုက်တာကွာ" ဟု ပြောလိုက်သည်။
ထို့နောက် စူးမင်က စိတ်လှုပ်ရှားစွာဖြင့် "ငါလည်း ကြိုးစားရမယ်။ ကိုယ်ပိုင် ဝိညာဉ်စွမ်းရည်တွေကို သေချာပေါက် ဖန်တီးပြမယ်" ဟု ဆက်ပြောလိုက်သည်။
ထန်ဆန်းကလည်း ယဉ်ကျေးစွာဖြင့် အားပေးစကား ဆိုလိုက်သည်။ "ဆက်ကြိုးစားပါ။ မင်းက အခု ဝိညာဉ်စွမ်းအား အဆင့်ခုနစ် ရှိနေပြီဆိုတော့ လအနည်းငယ်လောက် ကြာတာနဲ့ ကိုယ်ပိုင် ဝိညာဉ်ကွင်း ရနိုင်တော့မှာပါ။ ကိုယ်ပိုင် ဝိညာဉ်စွမ်းရည်တွေ ဖန်တီးဖို့ဆိုတာ အတော်လေး ခက်ခဲပါတယ်။ တတ်နိုင်သလောက်ပဲ ကြိုးစားပါ"
စူးမင်နှင့် ထန်ဆန်းတို့မှာ အပေါ်ယံတွင် အလွန် ရင်းနှီးခင်မင်ဟန် ရှိသော်လည်း သူတို့နှစ်ဦးစလုံး၏ ရင်ထဲတွင် ကိုယ်ပိုင် အကြံအစည်များ အသီးသီး ရှိနေကြလေသည်။
စူးမင်၏ ရှာရင်းဂန်းက ဝိညာဉ်နိုးထလာစဉ်ကတည်းက ပါလာခဲ့တာတဲ့လား။ ဘယ်သူ့ကို လာလှည့်စားနေတာလဲ။ မည်သို့ပင်ဆိုစေ ထန်ဆန်းကတော့ လုံးဝ မယုံကြည်ပေ။ စူးမင်၏ ရှာရင်းဂန်းက သူ၏ ခရမ်းရောင် မိစ္ဆာမျက်လုံးကဲ့သို့ပင် မျက်စိစွမ်းရည် တစ်မျိုး ဖြစ်နေကြောင်း သိသာလှသည်။ ဝိညာဉ်နိုးထမှုကနေ မွေးရာပါအနေနဲ့ ဘယ်လိုလုပ်ပြီး ပါလာနိုင်မှာလဲ။
သို့သော် ထန်ဆန်းက ဆက်လက်၍ မေးခွန်းထုတ်ရန် အစီအစဉ် မရှိပေ။ စူးမင်က သူ့ကို သေချာပေါက် ပြောပြမည် မဟုတ်သလို သူကိုယ်တိုင်ကလည်း သူ၏ စွမ်းရည်များ မည်သည့်နေရာမှ ရလာသနည်းဆိုသည်ကို စူးမင်အား ဖွင့်ဟမည် မဟုတ်ပေ။ ထိုအချက်ကို သူတို့နှစ်ဦးစလုံးက နှုတ်ဆိတ်စွာပင် သဘောပေါက် နားလည်ထားကြလေသည်။
[ဟီးဟီး... ငါ ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက်နေရတာလဲ၊ ပြီးတော့ ရှာရင်းဂန်းက ဘယ်ကရလာတာလဲဆိုတာကို ထန်ဆန်းက မေးချင်နေတာလေ။ ငါကတော့ ဝိညာဉ်နိုးထပြီးကတည်းက ပေါ်လာတာလို့ပဲ ပြောလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ငါ လိမ်ပြောခဲ့တာမှ မဟုတ်တာ။]
မိန်းကလေးများ - ဟားဟားဟား... စူးမင်၊ နင်က တကယ်ကို ကောက်ကျစ်တဲ့ခွေးကောင်လေးပဲ။
[သူက ငါ့ကို မေးလာမှတော့ သေချာပေါက် ငါလည်း ပြန်မေးရမှာပေါ့။ ထန်ဆန်းက သူအသုံးပြုခဲ့တဲ့ စွမ်းရည်တွေကို ကိုယ်ပိုင် ဖန်တီးထားတဲ့ ဝိညာဉ်စွမ်းရည်တွေလို့ ပြောရလောက်အောင် အရှက်မရှိဘူးပဲ။ ယုံကြည်နိုင်စရာကောင်းတဲ့ အကြောင်းပြချက်တစ်ခုတောင် မပေးနိုင်ဘူး။ ဝိညာဉ်နိုးထပြီး နောက်တစ်နေ့မှာတင် ကိုယ်ပိုင် ဝိညာဉ်စွမ်းရည်တွေ ဒီလောက်အများကြီး ရှိနေတယ်ဆိုတာ သာမန်လူတစ်ယောက်အတွက်တော့ သိသာထင်ရှားတဲ့ လိမ်ညာမှုကြီးပဲ။]
[အဲဒါတွေကို ထုတ်မပြခင် အနည်းဆုံးတော့ အချိန်တစ်ခုအထိ စောင့်ဆိုင်းသင့်တာပေါ့။ ငါ့ရဲ့ သစ်သားစွမ်းအား ထုတ်လွှတ်မှု နည်းစနစ်တွေက ငါကိုယ်တိုင် ဖန်တီးထားတာ မဟုတ်ပေမယ့် အချိန်အတိုင်းအတာ တစ်ခုအထိတော့ ငါ ဖုံးကွယ်ထားဦးမှာပဲ။ အဲဒီလိုဆိုရင် ငါကိုယ်တိုင် ဖန်တီးထားတဲ့ ဝိညာဉ်စွမ်းရည်တွေလို့ ပြောရင်တောင် သံသယဝင်စရာ အကြောင်းမရှိတော့ဘူး။ လူတွေက ငါ့ကို ပါရမီရှင်လို့တောင် ထင်သွားနိုင်သေးတယ်။]
[ဟင်... ငါက စံနှုန်းနှစ်ခု ထားပြီး ဆက်ဆံနေသလို ဘာလို့ ခံစားနေရတာလဲ။ ဒါတော့ မဖြစ်သေးပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာမှာ ထန်ဂိုဏ်းရဲ့ သိုင်းပညာတွေ ဒါမှမဟုတ် သစ်သားစွမ်းအား ထုတ်လွှတ်မှု နည်းစနစ်တွေကို ဘယ်သူမှ သိထားတာ မဟုတ်ဘူးလေ။ ဒီအကွက်တွေကို ထန်ဆန်းနဲ့ ငါကိုယ်တိုင် ဖန်တီးခဲ့တာလို့ပဲ သတ်မှတ်ရမှာပေါ့။ ထန်ဆန်းက စောလွန်းတဲ့အချိန်မှာ ထုတ်ပြလိုက်လို့ သဘာဝကျကျ သံသယ ဝင်စရာ ဖြစ်သွားရုံပါပဲ။]
စူးမင်က မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ သူ၏ ဒိုင်ယာရီထဲတွင် ရေးသားနေစဉ် မိန်းကလေးများမှာမူ ထူးဆန်းသော အမူအရာ ကိုယ်စီဖြင့် ဒိုင်ယာရီကို ကြည့်နေကြလေသည်။
နင့်ကိုယ်နင် သေချာ ဖုံးကွယ်ထားနိုင်ပြီလို့ ထင်နေတာလား။ ငါတို့အားလုံးဆီမှာ နင့်ဒိုင်ယာရီရဲ့ မိတ္တူတွေ ရှိနေလိမ့်မယ်လို့ နင် ထင်မထားခဲ့ဘူးမလား။ နင့်ရဲ့ လျှို့ဝှက်ချက်တွေကို ငါတို့ အကုန်သိနေပြီ။ နင်က ဒီလိုလူမျိုး ဖြစ်နေလိမ့်မယ်လို့ ငါတို့ လုံးဝ ထင်မထားခဲ့ဘူး။
ထိုစဉ် စူးမင်က သူ၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသလို ခံစားလိုက်ရပြီး နှာချေလိုက်လေသည်။ ဘယ်အလှကညာလေးကများ သူ့အကြောင်း တွေးနေတာလဲဟု သူ ရင်ထဲမှ မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
စူးမင်နှင့် ထန်ဆန်းတို့ အပြန်အလှန် လှည့်စားနေကြချိန်တွင် အဆောင်ခုနစ်မှ အခြားသူများမှာမူ မှင်သက်နေကြပြီ ဖြစ်သည်။ ထန်ဆန်းတွင် မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့် ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားခဲ့သလို စူးမင်က တကယ် အနိုင်ရသွားလိမ့်မည် ဟုလည်း သေချာပေါက် ထင်မှတ်မထားခဲ့ကြပေ။ တကယ်ကို အံ့မခန်းပါပဲ။
ထို့နောက်တွင်မူ ရူးသွပ်လောက်သော ဝမ်းမြောက်မှုက ဝင်ရောက်လာလေသည်။ ဒီနှစ်မှာ ဒီလိုပါရမီရှင် ပညာသင်ဆုရကျောင်းသား နှစ်ယောက်တောင် ပေါ်လာခဲ့မှတော့ အဲဒီ မျိုးနွယ်မြင့်တွေရဲ့ အနိုင်ကျင့်တာကို သူတို့ ဘယ်တော့မှ ခံရတော့မှာ မဟုတ်ဘူး။ သူတို့ ပညာသင်ဆုကျောင်းသားတွေ ခေါင်းမော့နိုင်တော့မယ်။
"ကျွီ..." ထိုစဉ် အဆောင်ခုနစ်၏ တံခါးမှာ ထပ်မံပွင့်လာပြီး ကင်းမြီးကောက်ဆံမြီးရှည်လေးနှင့် ချစ်စရာကောင်းသော ကောင်မလေးတစ်ယောက် အထဲသို့ ဝင်လာလေသည်။
စူးမင်၏ မျက်လုံးများ အရောင်လက်သွားသည်။ သူ၏ ဇနီးလေး ရှောင်ဝူက နောက်ဆုံးတော့ ပေါ်လာခဲ့ပြီ။ သူမ၏ ငယ်ရွယ်စဉ် ကလေးမလေး ရုပ်သွင်က တကယ်ကို ချစ်စရာကောင်းလွန်းလှသည်။ သို့သော် အရွယ်ရောက်လာမည့် ရှောင်ဝူက ပို၍ ကြည့်ကောင်းလိမ့်မည်ဟု စူးမင် တွေးနေမိဆဲပင်။
အရွယ်ရောက်လာမည့် ရှောင်ဝူ၏ မျက်နှာသွင်ပြင်က အလွန် သပ်ရပ်လှပပြီး အရာအားလုံးက ကောင်းစွာ ဖွံ့ဖြိုးလာလိမ့်မည်။ အထူးသဖြင့် ထိုခြေတံရှည်ရှည်လေးများ...
သူမ အထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် ရှောင်ဝူက အားလုံးကို စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်သည်။ "အားလုံးပဲ မင်္ဂလာပါ။ ငါ့နာမည်က ရှောင်ဝူ... ကခုန်ခြင်းဆိုတဲ့ အဓိပ္ပာယ်ရတဲ့ ဝူ ပေါ့။ ငါ့ဆီမှာ မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်ရှိပြီး ငါ့ရဲ့ ဝိညာဉ်ကတော့ ယုန်လေးပါ"
စူးမင်မှလွဲ၍ ကျန်သူများအားလုံး ထပ်မံ၍ တုန်လှုပ်သွားကြပြန်သည်။ ဒီနေ့ ဘာတွေ ဖြစ်နေတာလဲ။ နောက်ထပ် ပါရမီရှင် ပညာသင်ဆုရကျောင်းသား တစ်ယောက် ရောက်လာပြန်ပြီ။ ပြီးတော့ သူမက အရမ်းလည်း လှနေသေးတယ်။
ဝမ်ရှန်း သိထားသလောက်ဆိုလျှင် ကျောင်းတော်၏ လက်ရှိ ခေါင်းဆောင်မှာ ဆဋ္ဌမနှစ်မှ ရှောင်ချန်ယွီ ဖြစ်သော်လည်း သူက အဆင့်ဆယ့်တစ်သာ ရှိသေးသည်။ ထန်ဆန်းနှင့် ရှောင်ဝူတို့သာ သူတို့၏ ဝိညာဉ်ကွင်းများ ရရှိသွားပါက ဘယ်သူက သူတို့ကို အနိုင်ကျင့်ရဲဦးမလဲ ဆိုတာ စောင့်ကြည့်ရဦးမည်။
စူးမင်နှင့် ပတ်သက်၍မူ သူ၏ မွေးရာပါ အဆင့်ခုနစ်က အနည်းငယ် အားနည်းနေသယောင် ရှိလေသည်။ သူ ဝိညာဉ်ကွင်းရရန် နောက်ထပ် လအနည်းငယ်လောက် လိုအပ်နေဦးမည် ဖြစ်သည်။
ဝမ်ရှန်း မသိခဲ့သောအရာမှာ ရှောင်ဝူက အဆင့်ဆယ့်တစ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကိုပင်။ မည်သို့ပင်ဆိုစေ သူမက နှစ်တစ်သိန်းသက်တမ်းရှိ ဝိညာဉ်သားရဲ တစ်ကောင်ဖြစ်ပြီး သူမ၏ ဝိညာဉ်ကွင်းများက အလိုအလျောက် ဖြစ်တည်လာခြင်း ဖြစ်သည်။ သူမအနေဖြင့် ဝိညာဉ်သားရဲများကို အမဲလိုက်ရန် လုံးဝ မလိုအပ်ပေ။
ရှောင်ဝူက သူမကိုယ်သူမ မိတ်ဆက်ပြီးနောက် စူးမင်ကို စိုက်ကြည့်နေလေသည်။ ယခင်က တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် စူးမင်၏ ပုံပန်းသွင်ပြင်ကို မြင်တွေ့ခဲ့ရသော်လည်း မျက်နှာချင်းဆိုင် တိုက်ရိုက် မြင်တွေ့ရခြင်းကဲ့သို့ မည်သို့လုပ်၍ အစစ်အမှန် ဆန်နိုင်မည်နည်း။
ထိုအချိန်မှာပင် ဒိုင်ယာရီက ထပ်မံ၍ အသစ်ပေါ်လာပြန်သည်။
[ငါထင်ထားတဲ့အတိုင်းပဲ၊ ငါ့ဇနီးလေး ရှောင်ဝူက အဆောင်ခုနစ်မှာပဲ နေရာချထားခံရတာပဲ။ ဒီကောင်မလေးရဲ့ ရုပ်သွင်က အရမ်းကို ချစ်စရာကောင်းလွန်းတယ်။ အဲဒီ ကလေးမလေးရဲ့ ပါးပြင်လေးကို ငါ အားရပါးရ ညှစ်ပြီး ပွတ်သပ်ပစ်ချင်လိုက်တာ။ အရမ်းကို နူးညံ့နေမယ့်ပုံပဲ၊ ကိုင်ကြည့်ရရင် တကယ် ကောင်းမှာပဲ။]
[ကျစ်... ငါ့ရဲ့ ဒီအတွေးက နည်းနည်းလေး လွန်သွားပြီလား။ တော်သေးတာပေါ့၊ ငါရေးနေတဲ့ ဒိုင်ယာရီကို ဘယ်သူမှ မမြင်နိုင်လို့။]
မိန်းကလေးများ - သံသယဝင်နေစရာ မလိုပါဘူး။ စူးမင်၊ နင်က တကယ်ကို နှာဘူးလေးပဲ။ နင့်မှာ ဘယ်လိုလုပ်ပြီး ဒီလိုအတွေးမျိုး ရှိနေရတာလဲ။ အဲဒါက တကယ်ကို တရားမဝင်ဘူးနော်။
[အယ်... ရှောင်ဝူရဲ့ မျက်နှာက ဘာလို့ ရုတ်တရက်ကြီး နီရဲလာတာလဲ။ သူမကိုယ်သူမ မိတ်ဆက်ပြီးလို့ ရှက်သွားတာလား။ အဲဒါက သူမရဲ့ စရိုက်နဲ့ သိပ်မတူပါဘူး။ သူမက ခါးထောက်ပြီး ခေါင်းဆောင် လုပ်ချင်နေရမှာ မဟုတ်ဘူးလား။]
အကယ်၍ ယခုအချိန်၌ မြေပြင်တွင် အက်ကွဲကြောင်း တစ်ခုသာ ရှိနေမည်ဆိုပါက ရှောင်ဝူက အထဲသို့ ဝင်ပုန်းချင်နေမိမည် ဖြစ်သည်။ ရှက်ရွံ့မှုကြောင့် သက်သက်မဟုတ်ဘဲ လူပုံလယ်တွင် မျက်နှာပျက်ရလွန်းသောကြောင့်ပင် ဖြစ်လေသည်။
ဒိုင်ယာရီကို ရရှိထားသူက သူမ တစ်ယောက်တည်း မဟုတ်ကြောင်း ယခုအခါ သူမ သေချာပေါက် သိရှိသွားလေပြီ။ သူမက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေစဉ် မျက်နှာပြင်၏ အပေါ်ဘက် ညာဘက်ထောင့်တွင် ကြည့်ရှုနေသူ အရေအတွက်ကို အတိအကျ ဖော်ပြထားသည်။ သို့သော် သူမ၏ ခန့်မှန်းချက်အရဆိုလျှင် စူးမင်က ထိုအချက်ကို သိရှိပုံမပေါ်ပေ။
သူမအနေဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုတွင် စာတိုများ သို့မဟုတ် တစ်ခုခု ပေးပို့၍ရမရ စမ်းသပ်ကြည့်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် အလုပ်မဖြစ်ခဲ့ပေ။
အား... ထားလိုက်ပါတော့၊ မျက်နှာပျက်ရရင်လည်း ပျက်ပါစေလေ။ သူမဆီမှာ ဒိုင်ယာရီ ရှိနေမှန်း စူးမင် သိသွားလို့တော့ လုံးဝ မဖြစ်ဘူး။ ရှေ့ဆက်သွားလိုက် ရှောင်ဝူ၊ နင် လုပ်နိုင်ပါတယ်။
ချက်ချင်းပင် ရှောင်ဝူက လက်တစ်ဖက်ဖြင့် ခါးထောက်ကာ လူအုပ်ကြီးကို လက်ညှိုးထိုးလျက် "နင်တို့ အဆောင်မှာ ဘယ်သူက အသန်မာဆုံးလဲ။ လာ... ငါနဲ့ တစ်ပွဲလောက် ယှဉ်ချကြည့်ရအောင်။ ငါနိုင်ရင် နင်တို့အားလုံး ငါ့ကို ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုပြီး မမရှောင်ဝူ လို့ ခေါ်ရမယ်" ဟု ပြောလိုက်သည်။
[အာ... ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ၊ အဲဒီအရသာပဲ။ ရှောင်ဝူက ဒီလိုမျိုး ဖြစ်နေရမှာပေါ့။ ဟီးဟီး... ငါက ဘယ်လိုလေး ပညာပေး... အဟွတ် အဟွတ်၊ သင်ခန်းစာ ပေးလိုက်မလဲဆိုတာ စောင့်ကြည့်လိုက်စမ်းပါ။]