အခန်း (၁၂) - အဆောင်ခုနစ်၏ ခေါင်းဆောင်ဖြစ်လာခြင်းနှင့် စူးမင်၏ ကတိစကား
မကြာမီတွင် စူးမင်သည် နော့တန်ကျောင်းတော်မှ သူ့အတွက် သတ်မှတ်ပေးထားသော အဆောင်ခုနစ်သို့ ရောက်ရှိလာခဲ့သည်။
အဆောင်ခုနစ်မှာ ပညာသင်ဆုရကျောင်းသားများ နေထိုင်ရသော အဆောင်ဖြစ်သည်။ တကယ်တမ်းဆိုရလျှင် စူးမင်၏ လက်ရှိ ငွေကြေးအခြေအနေအရ ငွေအနည်းငယ် သုံးစွဲလိုက်ရုံဖြင့် ကျောင်းတော်ရှိ သီးသန့်အခန်းတစ်ခန်းကို ပြောင်းလဲရယူရန် ဖြစ်နိုင်ပေသည်။
သို့သော် စူးမင် ထိုသို့မလုပ်ခဲ့ပေ။ ပထမအကြောင်းရင်းမှာ ဘာမှလွဲချော်မှုမရှိခဲ့လျှင် ရှောင်ဝူသည်လည်း အဆောင်ခုနစ်သို့ သေချာပေါက် ရောက်လာမည်ဖြစ်ပြီး အခြားအကြောင်းရင်းနောက်တစ်ခုမှာတော့ ထန်ဆန်းကြောင့်ပင် ဖြစ်လေသည်။
သူနှင့် ထန်ဆန်းတို့ နှစ်ဦးစလုံးက စိန့်ဝိညာဉ်ကျေးရွာမှ လာခဲ့ကြသူများဖြစ်ရာ ယုတ္တိဗေဒအရဆိုလျှင် သူ့ထံတွင် ထိုမျှလောက် ငွေကြေးများစွာ ရှိမနေသင့်ပေ။ သူသာ သီးသန့်အခန်းသို့ ပြောင်းရွှေ့သွားပါက ထန်ဆန်း၏ မသင်္ကာမှုကို သေချာပေါက် ခံရပေလိမ့်မည်။
ထန်ဆန်းက သူ့ငွေတွေ ဘယ်ကရလာသလဲဟု တွေးတောနေမည်သာမက သူ ဒီလောက်ချမ်းသာနေပါလျက်နှင့် ပညာသင်ဆု နေရာကို ဘာကြောင့် လုယူရတာလဲ စသည်ဖြင့် တွေးတောလာနိုင်ပေသည်။
ယခုအချိန်တွင် စူးမင်က ထန်ဆန်းနှင့် ထိပ်တိုက် မတွေ့ချင်သေးပေ။ ၎င်းမှာ ထန်ဆန်း၏ လျှို့ဝှက်လက်နက်များကို ကြောက်ရွံ့နေ၍ မဟုတ်ပါချေ။ မည်သို့ပင်ဆိုစေ ထန်ဆန်း၏ လျှို့ဝှက်လက်နက်များမှာ အဆင့်နိမ့်နေသေးပြီး သူ၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် အလွယ်တကူ ရှောင်တိမ်းနိုင်သည့်အပြင် ထန်ဆန်းကိုပင် ပြန်လည်သတ်ဖြတ်ပစ်နိုင်စွမ်း ရှိလေသည်။
သူ တကယ်တမ်း ကြောက်ရွံ့နေသည်မှာ အမှောင်ထဲတွင် ပုန်းကွယ်နေသော ထန်ဟောက်ကိုပင် ဖြစ်သည်။ ယခုအချိန်၌ ဘွဲ့ရတုံလော်တစ်ပါးကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း သူ့ထံတွင် မရှိသေးပေ။ ဘွဲ့ရတုံလော်အဆင့်ရှိ ထန်ဟောက်ထံမှ ထွက်ပေါ်လာမည့် ဖိအားတစ်ချက်ကပင် သူ့ကို လှုပ်ရှားနိုင်စွမ်း ကင်းမဲ့သွားစေရန် လုံလောက်နေပေသည်။
လောလောဆယ်တော့ နေ့စဉ်ဆုလာဘ်များ ရရှိရန်အတွက် ဒိုင်ယာရီရေးသားခြင်းကိုသာ ဦးစားပေး လုပ်ဆောင်ရန် လိုအပ်သေးသည်။ သေချာသည်မှာ နေ့စဉ် ဝိညာဉ်စွမ်းအား ကျင့်ကြံခြင်းနှင့် သစ်သားစွမ်းအား ထုတ်လွှတ်မှု နည်းစနစ် လေ့ကျင့်ခြင်းများကိုလည်း မဖြစ်မနေ လုပ်ဆောင်ရမည် ဖြစ်သည်။ စနစ်တစ်ခု ရှိနေသည်ဆိုရုံဖြင့် သူက အချောင်ခိုနေမည် မဟုတ်ပေ။
စနစ်၏ အထောက်အပံ့နှင့် သူ၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုတို့ ပေါင်းစပ်လိုက်ပါက အချိန်တိုအတွင်း သူ၏စွမ်းအားများ သေချာပေါက် တိုးတက်လာမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ အနာဂတ်တွင် ထန်ဆန်းနှင့် မည်သည့်အချိန်၌ ပဋိပက္ခ ဖြစ်ပွားလာမည်ကို မသိနိုင်ရာ ကြိုတင်ပြင်ဆင်မှုများ အပြည့်အဝ လုပ်ဆောင်ထားရန် လိုအပ်လှပေသည်။
ထို့အပြင် အရေးကြီးသောအချက် တစ်ချက် ကျန်ရှိနေသေးသည်။ ရှောင်ဝူနှင့် ထန်ဆန်းတို့ကို ကုတင်တစ်လုံးတည်း အတူတူ အိပ်ခိုင်းထားသည်မျိုး သူ လုံးဝ မလိုလားပေ။ အချိန် ခြောက်နှစ်တိတိ ကြာမြင့်မည် မဟုတ်ပါလော။
သူ ဤတုံလော်ကမ္ဘာထဲသို့ ကူးပြောင်းလာခဲ့ပြီးမှတော့ ထိုအလှကညာလေးများက ထန်ဆန်းနှင့် ဘာမှသက်ဆိုင်တော့မည် မဟုတ်ပေ။
ရှောင်ဝူကို သိမ်းသွင်းရန်မှာ တကယ်တော့ အလွန်လွယ်ကူလှသည်။ သူမက နှစ်တစ်သိန်းသက်တမ်းရှိ ဝိညာဉ်သားရဲ ဖြစ်သော်လည်း ငယ်စဉ်ကတည်းက ရှင်းတိုသစ်တောကြီး၏ အလယ်ဗဟို၌သာ နေထိုင်ခဲ့ပြီး မိခင်ဖြစ်သူအပြင် တာ့မင်နှင့် အာမင်တို့၏ အကာအကွယ်အောက်တွင် ကြီးပြင်းလာခဲ့ရသဖြင့် တကယ်တမ်းတွင် သူမက အလွန် ဖြူစင်ရိုးသားလှပေသည်။
အဆောင်ခုနစ်၏ တံခါး ပွင့်သွားလေသည်။
စူးမင် အထဲသို့ ဝင်ရောက်သွားသည်နှင့် တပြိုင်နက် အဆောင်ခုနစ်ရှိ အခြားသူများ၏ အာရုံစိုက်မှုကို ချက်ချင်းပင် ဖမ်းစားသွားလေသည်။
အားလုံးက ခဏမျှ မှင်သက်သွားကြပြီးနောက် အဆောင်ထဲမှ လူတစ်ယောက်က မတ်တတ်ရပ်ကာ "မင်းက ဒီနှစ်အတွက် ပညာသင်ဆုရကျောင်းသား ဖြစ်ရမယ်၊ ဟုတ်တယ်မလား။ ဒါဆိုလည်း လာစမ်းပါ... ငါတို့ တစ်ပွဲတစ်လမ်းလောက် စမ်းကြည့်ရအောင်" ဟု ပြောလိုက်သည်။
သူ၏ရှေ့မှ ဤလူမှာ ဝမ်ရှန်း ဖြစ်မည်ဟု စူးမင် ခန့်မှန်းလိုက်သော်လည်း ပြုံးလျက် ယဉ်ကျေးစွာပင် "တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ၊ ကျွန်တော့်နာမည် စူးမင်လို့ ခေါ်ပါတယ်။ အစ်ကို့နာမည် ဘယ်လိုခေါ်လဲ မသိဘူး။ ပြီးတော့ ဘာလို့ တစ်ပွဲတစ်လမ်းလောက် စမ်းကြည့်ရမှာလဲဆိုတာလေး သိပါရစေ" ဟု မေးလိုက်သည်။
စူးမင် အတော်လေး ယဉ်ကျေးနေသည်ကို မြင်သောအခါ ဝမ်ရှန်းက "ငါ့နာမည်က ဝမ်ရှန်း၊ အဆောင်ခုနစ်ရဲ့ လက်ရှိ ခေါင်းဆောင်၊ အဆောင်မှူးပဲ။ ငါတို့ အဆောင်မှာ စည်းမျဉ်းတစ်ခု ရှိတယ်။ အသစ်ရောက်လာတဲ့သူတိုင်းက အဆောင်ခေါင်းဆောင်နဲ့ တစ်ပွဲလောက်တော့ ယှဉ်ချရတယ်" ဟု ပြန်ဖြေလိုက်သည်။
"မင်း နိုင်ခဲ့ရင် မင်းက အဆောင်ခုနစ်ရဲ့ ခေါင်းဆောင်သစ် ဖြစ်သွားမယ်။ ဘာလို့ အဆောင်မှူးကို ဒီလိုနည်းလမ်းနဲ့ ရွေးချယ်ရသလဲဆိုရင် ငါတို့က ပညာသင်ဆုရကျောင်းသားတွေ ဖြစ်နေလို့ပဲ။ ပညာသင်ဆုရကျောင်းသားတွေကို ဦးဆောင်ဖို့နဲ့ မြင့်မြတ်တဲ့ မျိုးနွယ်ဝင် ကျောင်းသားတွေကြားထဲမှာ ငါတို့ကိုယ်ငါတို့ ကာကွယ်နိုင်ဖို့ဆိုရင် အစွမ်းထက်တဲ့ ခေါင်းဆောင်တစ်ယောက် လိုအပ်တယ်လေ"
စူးမင်က နားလည်သဘောပေါက်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ဤကျောင်းတော်ရှိ မျိုးနွယ်မြင့်ကျောင်းသားများ၏ ခေါင်းဆောင်မှာ ဖခင်ဖြစ်သူက နော့တန်မြို့စားဖြစ်သော ရှောင်ချန်ယွီ အမည်ရှိ ဇာတ်ပို့တစ်ယောက် ဖြစ်ပုံရသည်။ မူရင်းဇာတ်လမ်းအရဆိုလျှင် ထန်ဆန်း ကျောင်းအပ်ပြီး မကြာမီမှာပင် အဆောင်ခုနစ်က သူတို့နှင့် ပဋိပက္ခ ဖြစ်ပွားခဲ့လေသည်။
နောက်ဆုံးတွင် ထန်ဆန်းက ရှောင်ချန်ယွီကို အနိုင်ယူခဲ့ပြီး ရှောင်ဝူအား နော့တန်ကျောင်းတော်၏ ခေါင်းဆောင်သစ် ဖြစ်လာစေခဲ့သည်။
စူးမင် ခဏမျှ တွေးတောလိုက်ပြီးနောက် သဘောတူလိုက်သည်။ အဆောင်ခုနစ်၏ အဆောင်မှူးသစ် ဖြစ်လာခြင်းက သူ့အတွက် အကျိုးကျေးဇူးများ ရှိနေလေသည်။
ပထမအချက်အနေဖြင့် ဝမ်ရှန်းနှင့် အခြားသူများကို လက်အောက်ငယ်သားများအဖြစ် သူ ရရှိမည်ဖြစ်သည်။ သူတို့၏ စွမ်းအားက မကြီးမားလှသော်လည်း အသေးအမွှား ကိစ္စရပ်များကိုတော့ ခိုင်းစေနိုင်ပေသည်။ ဒုတိယအချက်အနေဖြင့် သူသာ အဆောင်ခုနစ်၏ ခေါင်းဆောင်ဖြစ်လာပါက ထန်ဆန်းကို ထိုးကြိတ်ရန် အကြောင်းပြချက်တစ်ခု ရရှိသွားမည် ဖြစ်သည်။ ထန်ဆန်း၏ လက်ရှိစွမ်းအား မည်မျှရှိသည်ကို သူ သိချင်နေပြီး စမ်းသပ်ကြည့်ရန် လိုအပ်နေလေသည်။
ထို့အပြင် စနစ်ထံမှ ကိုယ်ခံပညာ ကျွမ်းကျင်မှုအဆင့်ကို ရရှိထားသော်လည်း သေချာ လေ့ကျင့်ရမည့် အခွင့်အရေး မရသေးပေ။ ယခုအခါ ဝမ်ရှန်းကို အသုံးပြု၍ သွေးပူလေ့ကျင့်ခန်း လုပ်နိုင်ပြီ ဖြစ်သည်။
ဝမ်ရှန်း : ကျေးဇူးတင်လိုက်တာကွာ။
ချက်ချင်းပင် သူတို့နှစ်ဦး အသင့်ပြင်လိုက်ကြသည်။ စူးမင်က "လာ... အစ်ကို အရင်စပြီး တိုက်ခိုက်လိုက်ပါ၊ မဟုတ်ရင် အခွင့်အရေး ရတော့မှာ မဟုတ်ဘူး" ဟု စကားစလိုက်သည်။
ဝမ်ရှန်းက အေးစက်စက် နှာမှုတ်လိုက်ပြီး "မောက်မာလိုက်တာ" ဟု ပြောလိုက်သည်။
ထို့နောက် စူးမင်ထံသို့ အလျင်အမြန် ပြေးဝင်သွားပြီး စူးမင်၏ ဗိုက်ဆီသို့ လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထိုးချလိုက်သည်။
"လုပ်လိုက် ခေါင်းဆောင်"
"လုပ်လိုက်"
အဆောင်ခုနစ်မှ အခြားသူများက ဝမ်ရှန်းကို အားပေးနေကြပြီး သူတို့ရှေ့မှ ဤမောက်မာလွန်းသောလူကို ပညာပေးနိုင်ရန် မျှော်လင့်နေကြသည်။
ဝမ်ရှန်းက ဤပညာသင်ဆုကျောင်းသားများကြားတွင် အတော်လေး ရေပန်းစားကြောင်း သိသာနေသည်။ မဟုတ်ပါက အားလုံးက သူ့ကို ဝိုင်းဝန်းအားပေးနေကြမည် မဟုတ်ပေ။
သို့သော် စူးမင်ကမူ "နှမြောစရာပဲ၊ မင်းတို့ရဲ့ အဆောင်ခေါင်းဆောင်နေရာက မကြာခင် ပြောင်းလဲတော့မှာ" ဟု တိတ်တဆိတ် တွေးလိုက်မိသည်။
စူးမင်က ဝမ်ရှန်း၏ လက်သီးချက်ကို ဘေးဘက်သို့ အေးအေးဆေးဆေးပင် ရှောင်တိမ်းလိုက်သည်။ ထို့နောက် သူ၏ လက်မောင်းကို ဖမ်းဆုပ်ကာ အနည်းငယ် ကိုင်းညွတ်၍ အားယူလိုက်ပြီး ဝမ်ရှန်းအား ပခုံးကျော် ပစ်ပေါက်ချလိုက်လေသည်။
"ဘုန်း"
ဝမ်ရှန်းမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားလေသည်။
"အဟွတ် အဟွတ်"
စူးမင်က ဝမ်ရှန်းကို ဆွဲထူလိုက်ပြီး "ကျွန်တော် နိုင်သွားပြီ" ဟု ပြောလိုက်သည်။
စူးမင်၏ တိုက်ခိုက်ရေးစွမ်းရည်များကို မြင်တွေ့လိုက်ရသောအခါ ဝမ်ရှန်းမှာ ယုံကြည်နိုင်စရာ မရှိအောင် ဖြစ်သွားရသည်။ ဒါက တကယ်ပဲ ဝိညာဉ်နိုးထကာစ ကျောင်းသားတစ်ယောက် ဟုတ်ရဲ့လား။
သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက လွန်ခဲ့သော နှစ်အတော်ကြာကတည်းက ဝိညာဉ်နိုးထခဲ့သူ သူ့ထက်ပင် ဘယ်လိုလုပ်ပြီး ပိုမို သန်မာနေရတာလဲ။
ဝမ်ရှန်းက ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ဖိထားလိုက်သည်။ ခုနက ပခုံးကျော် ပစ်ပေါက်ခံလိုက်ရမှုကြောင့် သူ အနည်းငယ် သက်သောင့်သက်သာ မဖြစ်သလို ခံစားနေရသည်။
ထို့နောက် ဝမ်ရှန်းက "စူးမင်... မင်းရဲ့ မွေးရာပါ ဝိညာဉ်စွမ်းအားက ဘယ်လောက်လဲ၊ ပြီးတော့ ဘယ်လိုဝိညာဉ်မျိုး နိုးထလာတာလဲ၊ ဘာလို့ မင်းရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ဒီလောက်တောင် သန်မာနေရတာလဲ" ဟု မေးလိုက်သည်။
ဝမ်ရှန်းက လူတိုင်း သိချင်နေသော မေးခွန်းကို မေးလိုက်ခြင်းပင်။
ဝိညာဉ်တစ်ခု နိုးထလာသောအခါ ယေဘုယျအားဖြင့် ဝိညာဉ်သခင်၏ ခန္ဓာကိုယ်ထံသို့ စွမ်းအင်အနည်းငယ် ပြန်လည် စီးဆင်းလေ့ရှိသည်။ ထိုပမာဏမှာ မများပြားလှသော်လည်း မွေးရာပါ ဝိညာဉ်စွမ်းအား မြင့်မားလေ အကျိုးကျေးဇူး ပိုရလေဖြစ်သည်။ ၎င်းတို့အနက် သားရဲဝိညာဉ် နိုးထလာသူများက စွမ်းအင် ပြန်လည်ရရှိမှု အများဆုံးဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို တိုးတက်လာစေနိုင်သည်။
မည်သို့ပင်ဆိုစေ ဖုံးကွယ်ထားစရာ အကြောင်းမရှိသဖြင့် စူးမင်က ရိုးသားစွာပင် "ကျွန်တော့်ရဲ့ ဝိညာဉ်က သစ်သားဓာတ်ပါ၊ မွေးရာပါ ဝိညာဉ်စွမ်းအားကတော့ အဆင့်ခုနစ်ပါ" ဟု ဖြေလိုက်သည်။
ယခုအခါ ဝမ်ရှန်းနှင့် အခြားသူများ အံ့သြတုန်လှုပ်သွားရမည့် အလှည့် ရောက်လာလေပြီ။ မွေးရာပါ ဝိညာဉ်စွမ်းအား အဆင့်ခုနစ်ဆိုသည်မှာ ပါရမီရှင်တစ်ယောက်ပင် ဖြစ်လေသည်။ သူ ဒီလောက် အစွမ်းထက်နေတာ အံ့သြစရာ မရှိတော့ပါဘူးလေ။
ဝမ်ရှန်းကလည်း ထိုစကားကိုကြားသောအခါ ချက်ချင်းပင် အရှုံးပေးလိုက်ပြီး အားလုံးကို "အခုကစပြီး စူးမင်က ငါတို့ အဆောင်ခုနစ်ရဲ့ ခေါင်းဆောင်သစ်ပဲ။ ခေါင်းဆောင်ကို နှုတ်ဆက်ကြ" ဟု ပြောလိုက်သည်။
ဝမ်ရှန်းက ဦးဆောင်၍ "မင်္ဂလာပါ ခေါင်းဆောင်" ဟု အော်လိုက်သည်။
"မင်္ဂလာပါ ခေါင်းဆောင်"
"မင်္ဂလာပါ ခေါင်းဆောင်"
စူးမင်အနေဖြင့် ခေါင်းဆောင်တစ်ယောက်အဖြစ် ပထမဆုံးအကြိမ် ဆက်ဆံခံရခြင်းဖြစ်ရာ ဘာမှမခံစားရဘူးဟု ပြောလျှင် လုံးဝ မဖြစ်နိုင်ပေ။ ခေါင်းဆောင်ဖြစ်ရတဲ့ ခံစားချက်က တကယ်ကို ကောင်းမွန်လွန်းလှသည်။
ထို့နောက် စူးမင်က အားလုံးကို ကတိပေးလိုက်သည်။ "အားလုံး စိတ်ချပါ၊ ငါ ဒီမှာရှိနေသရွေ့ အဲဒီမျိုးနွယ်မြင့်တွေ မင်းတို့ကို အနိုင်ကျင့်တာမျိုး အဖြစ်မခံဘူး"
အဆောင်ခုနစ်၏ ခေါင်းဆောင် ဖြစ်လာပြီဖြစ်ရာ ထိုက်တန်သော တာဝန်ဝတ္တရားများကို သူ ထမ်းဆောင်ရမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ရှောင်ချန်ယွီ ကဲ့သို့သော ဇာတ်ပို့ဇာတ်ရံများကို သူ မကြောက်ပေ။
ရှောင်ချန်ယွီမှာ လက်ရှိတွင် အဆင့်ဆယ့်တစ် ဝိညာဉ်သခင် တစ်ယောက်သာ ဖြစ်ပြီး သူ၏ ဝိညာဉ်ကွင်းကလည်း ဆယ်နှစ်သက်တမ်းသာ ရှိသေးသည်။ စူးမင်အနေဖြင့် ဝိညာဉ်ကွင်း မစုပ်ယူရသေးလျှင်တောင်မှ သူ့ကို ကြောက်ရွံ့နေမည် မဟုတ်ပေ။
သို့သော် လက်ရှိအချိန်တွင် မည်သည့်အဆင့်ရှိသော သစ်သားစွမ်းအားကို သူ ထုတ်လွှတ်နိုင်မည်နည်း၊ သူ၏ ဝိညာဉ်စွမ်းအားနှင့် စိတ်စွမ်းအားတို့က ထိုစားသုံးမှုများကို ခံနိုင်ရည်ရှိမည်လား ဆိုသည်ကို စမ်းသပ်ရန် အချိန်တစ်ခု ရှာဖွေရဦးမည် ဖြစ်သည်။ စိတ်စွမ်းအားအတွက် ကျင့်စဉ်တစ်ခုကို စနစ်က ဆုချပေးရန် သူ တကယ် မျှော်လင့်နေမိသည်။ မဟုတ်ပါက စိတ်စွမ်းအား တိုးတက်လာစေရန်မှာ အလွန်ခက်ခဲလှပေသည်။
လက်ရှိအချိန်၌ သူ၏ စိတ်စွမ်းအားကို မြှင့်တင်ရန်အတွက် စူးမင် တွေးမိသော နည်းလမ်း နှစ်ခုသာ ရှိလေသည်။ တစ်ခုမှာ ထန်ဆန်း၏ ခရမ်းရောင် မိစ္ဆာမျက်လုံးကို ရှာရင်းဂန်းဖြင့် တိတ်တဆိတ် ကူးယူပြီး နံနက်တိုင်း ထွက်ပေါ်လာသော ခရမ်းရောင်စွမ်းအင်ကို အသုံးပြု၍ သူ၏ စိတ်စွမ်းအား နယ်ပယ်ကို ကျင့်ကြံမြှင့်တင်ရန် ဖြစ်သည်။
ဒုတိယနည်းလမ်းမှာ စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်သည့် ခေါင်းပိုင်း ဝိညာဉ်အရိုးတစ်ခုကို ပိုင်ဆိုင်ရန် ဖြစ်သော်လည်း ၎င်းမှာ လောလောဆယ် သူ့အတွက် သိပ်ပြီး လက်တွေ့မကျလှပေ။