အခန်း (၁၀၀) - ဆန့်ကျင်ဘက် အခြေအနေတွေ ပေါ်ထွက်လာခြင်း၊ မာဟုန်ကျွင်း - မိန်းမတွေက လူတွေ မဟုတ်ဘူး၊ အရင်းအမြစ်တွေပဲ
ချက်ချင်းပင် အစီအစဉ် တင်ဆက်သူရော ကြည့်စင်များပေါ်ရှိ ပရိသတ်များပါ တိတ်ဆိတ်သွားကြလေသည်။ အဓိကအားဖြင့် ရှောင်ဝူ၏ တိုက်ခိုက်မှုက အံ့ဩစရာ ကောင်းလွန်းသောကြောင့်ပင်။ သူမနှင့် သူမ၏ ပြိုင်ဘက်များကြားတွင် အရည်အသွေးပိုင်းအရ ကွာဟချက် ရှိနေကြောင်းကို သိထားရမည် ဖြစ်သော်လည်း ရှောင်ဝူက သူတို့ကို အလွယ်တကူ အနိုင်ယူသွားခဲ့လေသည်။ ထို့အပြင် သူမ၏ အသင်းဖော်က ဘေးမှ ရပ်ကြည့်နေစဉ်အတွင်း ၎င်းက တစ်ယောက်တည်း နှစ်ယောက်ကို အနိုင်ယူသွားခဲ့ခြင်း ဖြစ်လေသည်။
သေချာတာပေါ့... စူးမင်က ရှောင်ဝူကို အခွင့်ကောင်း ယူနေသည်ဟု သူတို့ မထင်ကြချေ။ မည်သို့ပင်ဆိုစေ ယခင် ပွဲစဉ်များကို ကြည့်ခြင်းအားဖြင့် စူးမင်၏ စွမ်းအားကလည်း အလွန်အမင်း ကြောက်စရာ ကောင်းပြီး ရှောင်ဝူထက် ပိုမို အစွမ်းထက်နိုင်ခြေ များလေသည်။
အစီအစဉ် တင်ဆက်သူ သတိပြန်ဝင်လာပြီး နှစ်ချက်ခန့် ချောင်းဟန့်ကာ "ဒါက တကယ်ကို အံ့မခန်း တိုက်ပွဲ တစ်ပွဲပါပဲ။ လက်တစ်ထောင် ညှို့ယူယုန်မလေး အသင်း အနိုင်ရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်" ဟု ကြေညာလိုက်လေသည်။
ပရိသတ်များ - "..."
ဒီတိုက်ပွဲက တကယ်ပဲ အံ့မခန်း ဖြစ်ခဲ့ပါတယ်။ မူလက နဂါးနဲ့ ကျားတို့ကြားက ပြင်းထန်တဲ့ တိုက်ပွဲ တစ်ပွဲ ဖြစ်လာမယ်လို့ သူတို့ မျှော်လင့်ထားခဲ့ကြပေမယ့် လှုပ်ရှားမှု အနည်းငယ် အတွင်းမှာပဲ ပြီးဆုံးသွားလိမ့်မယ်လို့ သူတို့ ထင်မှတ်မထားခဲ့ကြဘူး။
စူးမင်ကလည်း ရှောင်ဝူကို ကူကယ်ရာမဲ့စွာဖြင့် စူးရဲစွာ ကြည့်လိုက်လေသည်။ သူမ ဘာလို့ ဒီလောက် ပြင်းပြင်းထန်ထန် ကန်ရတာလဲ။ နောက်ဆုံးတော့ သူကပဲ ဒီ မျက်စိနောက်စရာတွေကို ရှင်းရတဲ့သူ ဖြစ်နေတာပဲ။ ချက်ချင်းပင် ကုသပေးသော အစိမ်းရောင် အလင်းတန်း တစ်ခုက မော့ ညီအစ်ကို ကို ဖုံးလွှမ်းသွားပြီး သူတို့က တစ်ယောက်ပြီးတစ်ယောက် သတိပြန်လည်လာကြလေသည်။
ထို့နောက် စူးမင်နှင့် ရှောင်ဝူတို့က အခြားသူများထံသို့ ပြန်သွားကြလေသည်။ ကျူးကျူချင် နှင့် နင်းရုန်ရုန် တို့၏ ရတနာခုနစ်ပါး ဝိညာဉ်ကြောင်မလေး အသင်း နှင့် ပတ်သက်၍မူ သူတို့၏ အလှည့်က စူးမင်၏ ပွဲစဉ် စတင်ပြီး မကြာမီမှာပင် ရောက်လာခဲ့လေသည်။
ထို့ကြောင့် သူတို့နှစ်ယောက်က အခြား သိုင်းကွင်း တစ်ခုသို့ သွားခဲ့ကြလေသည်။ ခဏအကြာတွင် သူတို့လည်း အောင်ပွဲခံကာ ပြန်လာခဲ့ကြလေသည်။
သို့သော် သူတို့၏ အသင်းတွင် သိသာထင်ရှားသော အားနည်းချက် တစ်ခု ရှိနေသည်ကို စူးမင် မြင်တွေ့ခဲ့ရလေသည်။ နင်းရုန်ရုန် ၏ ရတနာခုနစ်ပါး မှန်ကြွေကျောင်းဆောင် ၏ မြှင့်တင်မှုအောက်တွင် ကျူးကျူချင် ၏ စွမ်းအားက အဆင့် ၄၀ သို့ ချဉ်းကပ်သွားသော်လည်း နင်းရုန်ရုန် က တိုက်ခိုက်ရေး သို့မဟုတ် ရှောင်တိမ်းရေး စွမ်းရည်များ မရှိသော အထောက်အကူပြု အမျိုးအစား ဝိညာဉ်သခင် တစ်ယောက် သက်သက်သာ ဖြစ်လေသည်။ ဆိုလိုသည်မှာ ကျူးကျူချင် က သူမကို စောင့်ရှောက်ရန် မကြာခဏ အာရုံစိုက်နေရမည် ဖြစ်လေသည်။ မည်သို့ပင်ဆိုစေ ဦးနှောက် အလုပ်လုပ်သော မည်သည့် ပြိုင်ဘက်မဆို ပြိုင်ဘက် အသင်းမှ အထောက်အကူပြု အမျိုးအစား ဝိညာဉ်သခင် ကို အရင်ဆုံး တိုက်ခိုက်ရမည် ဆိုသည်ကို သိရှိထားလေသည်။
တကယ်တမ်းတွင် ရှောင်ဝူနှင့် အသင်းဖွဲ့ရန် သူ ရွေးချယ်လိုက်ကတည်းက ဤအခြေအနေကို စူးမင် မျှော်လင့်ထားပြီး ဖြစ်လေသည်။ အကယ်၍ စူးမင်က နင်းရုန်ရုန် နှင့် အသင်းဖွဲ့ရန် ရွေးချယ်ခဲ့မည်ဆိုပါက ပြဿနာ များများစားစား ရှိမည် မဟုတ်ချေ။ သို့သော် ရှောင်ဝူက နောက်ပိုင်းတွင် အဆင့် ၄၀ သို့ ရောက်ရှိသွားသောအခါ သူမနှင့် ကျူးကျူချင် တို့က ဝိညာဉ်ဘိုးဘေး အဆင့်ရှိ အသင်းများနှင့် ရင်ဆိုင်ရမည် ဖြစ်လေသည်။ ၎င်းက ရှောင်ဝူအတွက် ကြီးမားသော ပြဿနာ တစ်ခု မဟုတ်နိုင်သော်လည်း ကျူးကျူချင် အတွက် အတော်လေး ခက်ခဲနိုင်ခြေ ရှိလေသည်။
ထို့ကြောင့် သူတို့ ဘယ်လိုပဲ အသင်းဖွဲ့ဖွဲ့ အခက်အခဲ တချို့ကို သေချာပေါက် ရင်ဆိုင်ရမည် ဖြစ်လေသည်။ ကျူးကျူချင် နှင့် နင်းရုန်ရုန် တို့က ဝိညာဉ်စွမ်းအား အဆင့်ချင်း ဆင်တူသဖြင့် အသင့်တော်ဆုံး အသင်း ဖြစ်ပြီး တစ်ခုတည်းသော ပြဿနာမှာ နင်းရုန်ရုန် တွင် လောလောဆယ် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း မရှိခြင်းပင်။
ထို့ကြောင့် သူတို့၏ ဆက်ဆံရေး အနည်းငယ် ပိုမို ကောင်းမွန်လာသောအခါ သူမကို မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း အနည်းငယ် ပေးစွမ်းနိုင်ရန်အတွက် နင်းရုန်ရုန် ကို လင်ဘို ခြေလှမ်း သင်ပေးရန် စူးမင် စီစဉ်ထားလေသည်။
လင်ဘို ခြေလှမ်း ကို အသုံးပြုသည့်အခါ ဝိညာဉ်စွမ်းအား များကို အသုံးပြုရန် စနစ် က ပြင်ဆင်ပေးထားသဖြင့် နင်းရုန်ရုန် က သေချာပေါက် သင်ယူနိုင်လေသည်။ အချိန် ဘယ်လောက် ကြာမည်နည်း ဆိုသည်နှင့် ပတ်သက်၍မူ ၎င်းက သူမ၏ ကိုယ်ပိုင် ပါရမီ အပေါ်တွင်သာ မူတည်လေသည်။
ရှောင်ဝူ၏ ကိုယ်ပိုင် နေရာရွှေ့ပြောင်းခြင်း က မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း ပေးစွမ်းပြီး ဖြစ်သဖြင့် ရှောင်ဝူကို လင်ဘို ခြေလှမ်း အသုံးပြုပုံ စူးမင် မသင်ပေးခဲ့ချေ။
တကယ်တမ်းတွင် စူးမင်က ရှောင်ဝူ၏ နေရာရွှေ့ပြောင်းခြင်း စွမ်းရည်ကို အလွန် အားကျမိလေသည်။ ၎င်းက အလွန်အမင်း အံ့မခန်း ဖြစ်ပြီး ဝိညာဉ်စွမ်းအား အလွန် နည်းပါးစွာ ကုန်ဆုံးစေကာ အကွာအဝေး ကျယ်ပြန့်သဖြင့် လင်ဘို ခြေလှမ်း ထက် အများကြီး ပိုအသုံးဝင်လေသည်။
ကျူးကျူချင် နှင့် နင်းရုန်ရုန် တို့ အခြား သိုင်းကွင်း မှ ပြန်ရောက်လာသောအခါ လူတိုင်းက ပြန်သွားရန် ပြင်ဆင်ကြလေသည်။ ယနေ့တွင် ထန်ဆန်းနှင့် တိုင်မုပိုင် တို့မှလွဲ၍ ပွဲစဉ်များတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူတိုင်းက အနိုင်ရခဲ့ပြီး ဆုကြေးငွေ ရွှေဒင်္ဂါး များနှင့် အမှတ်များ ရရှိခဲ့ကြလေသည်။
ထန်ဆန်းက တိုင်မုပိုင် ကို "ကျောင်းအုပ်ကြီး ဘယ်မှာလဲ" ဟု မေးလိုက်လေသည်။
တိုင်မုပိုင် က ကူကယ်ရာမဲ့စွာဖြင့် "ကျောင်းအုပ်ကြီး ဘယ်ကို ထွက်သွားပြန်ပြီလဲ ဆိုတာ ဘုရားပဲ သိလိမ့်မယ်။ ငါတို့ရဲ့ ဝိညာဉ် တိုက်ပွဲတွေ ပြီးသွားတာနဲ့ ကျောင်းတော် ကို တိုက်ရိုက် ပြန်ကြဖို့ သူ ညွှန်ကြားချက် ပေးခဲ့ပြီး သူ ကိုယ်တိုင် ပြန်သွားပြီ" ဟု ပြန်ပြောလိုက်လေသည်။
အဖွဲ့သားများက ဝိညာဉ်သိုင်းကွင်း ထဲမှ ထွက်လာပြီးနောက်တွင်ပင် အတွင်းမှ အားပေးအော်ဟစ်သံများကို သူတို့ ကြားနေရဆဲပင်။ ယနေ့ ဝိညာဉ် တိုက်ပွဲများက လူတိုင်းအတွက် အလွန် ကျေနပ်စရာ ကောင်းခဲ့လေသည်။
စူးမင်အတွက်မူ ဤ ဝိညာဉ် တိုက်ပွဲများက သူ၏ စွမ်းအား တိုးတက်မှုအတွက် များများစားစား အကူအညီ မဖြစ်သော်လည်း သိုင်းဝိညာဉ် များနှင့် ဝိညာဉ်စွမ်းရည် အမျိုးမျိုးကို သူ မြင်တွေ့ခဲ့ရသဖြင့် ဆန်းသစ်သော ခံစားချက်များဖြင့် ပြည့်နှက်နေစေလေသည်။
ရင်ထဲမှ ညည်းတွားနေစဉ်မှာပင် သူက အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိသေးလေသည်။ ဘာလို့ ဒီကမ္ဘာက လူတွေက အသက် ခြောက်နှစ် အရွယ်မှာ သိုင်းဝိညာဉ် နှိုးဆော်ခြင်း ကို ခံယူနိုင်ကြတာလဲ။ ပြီးတော့ သိုင်းဝိညာဉ် တွေရဲ့ ဇာစ်မြစ် က ဘယ်နေရာမှာလဲ။
ထန်ဆန်း လည်း သူ၏ စိတ်ထဲတွင် ပွဲစဉ်များကို ပြန်လည် စဉ်းစား သုံးသပ်နေမိလေသည်။ သူ၏ ငွေပြာမြက် က ခိုင်မာမှုပိုင်းတွင် ဖြစ်စေ အခြားသော ကဏ္ဍများတွင် ဖြစ်စေ စူးမင် ဖန်တီးခဲ့သော စပျစ်နွယ်ပင် များထက် အများကြီး ပိုမို အားနည်းကြောင်း သူ တွေ့ရှိခဲ့လေသည်။ ၎င်းက အဆင့် ကွာဟချက် ကြောင့်လား ဒါမှမဟုတ် ငွေပြာမြက် ရဲ့ မွေးရာပါ အားနည်းချက်တွေ ကြောင့်လား။
သူ့ဆရာ နောက်တစ်ကြိမ် ရွှီးလိုင်ခဲ ကျောင်းတော် သို့ လာသောအခါ သူ၏ ငွေပြာမြက် နှင့် စူးမင်၏ သစ်သားဓာတ် တို့ကြားက ကွာဟချက် ဘာကြောင့် ဒီလောက် ကြီးမားနေရသနည်း ဆိုသည်ကို သူ သေချာပေါက် ရှင်းရှင်းလင်းလင်း မေးမြန်းရမည် ဖြစ်လေသည်။
စူးမင်၏ သစ်သားဓာတ် သိုင်းဝိညာဉ် က တိုက်ခိုက်ရေး၊ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် အထောက်အကူပြု မှုတို့တွင် စွယ်စုံရပြီး လက်တွေ့အားဖြင့် အရာအားလုံးကို စွမ်းဆောင်နိုင်လေသည်။ တစ်ချိန်တည်းမှာပင် သူ၏ ငွေပြာမြက် က ထိန်းချုပ်ရေးကို အာရုံစိုက်သော်လည်း စူးမင်၏ သိုင်းဝိညာဉ် လောက်ပင် အစွမ်းမထက်ချေ။ ၎င်းက သူ့ကို အလွန် ဆုံးရှုံးသွားသကဲ့သို့ ခံစားရစေလေသည်။ ငွေပြာမြက် က ထိန်းချုပ်ရေး အမျိုးအစား လမ်းကြောင်းအတွက် တကယ်ပဲ သင့်တော်ရဲ့လား။
ဝိညာဉ်သိုင်းကွင်း ထဲမှ ထွက်လာပြီးနောက် မာဟုန်ကျွင်း ၏ မျက်လုံးသေးသေးလေးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး "မင်းတို့ အရင်ပြန်သွားကြ။ ကျောင်းအုပ်ကြီး က သူ့ဆိုင်ကို လာခဲ့ဖို့ အခုလေးတင် ငါ့ကို ပြောလိုက်လို့" ဟု ရုတ်တရက် ပြောလိုက်လေသည်။
မာဟုန်ကျွင်း ၏ အမူအရာကို ကြည့်ကာ စူးမင်က ၎င်းက အဲဒီလောက် ရိုးရှင်းမည် မဟုတ်ဟု ခံစားလိုက်ရလေသည်။ ကျောင်းအုပ်ကြီး ၏ ဆိုင်ကို သွားရုံဖြင့် လူတစ်ယောက်က ဒီလောက် စိတ်လှုပ်ရှားနိုင်ပါ့မလား။
သူက ဘယ်သူ့ကို လှည့်စားဖို့ ကြိုးစားနေတာလဲ။
သူက ဝိညာဉ် တိုက်ပွဲမှ ပိုက်ဆံ နိုင်ခဲ့သဖြင့် ပျော်ပါးရန် သွားဖို့ မစောင့်နိုင်တော့ခြင်း ဖြစ်နိုင်သည်ဟု စူးမင် ခန့်မှန်းလိုက်လေသည်။ ခွေးက ချေးစားတဲ့ အကျင့်ကို တကယ် မဖျောက်နိုင်ပါလား။ အရင်က စူးမင် ပြောခဲ့သော စကားများက အလဟဿ ဖြစ်သွားခဲ့လေပြီ။ သို့သော် ဝိညာဉ်သခင် တစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေး ဖြင့်ဆိုလျှင် ဇာတ်လမ်း၏ နောက်ပိုင်း အဆင့်များအထိ သူ အသက်ရှင်လျက် ရှိနေသေးသည်ကို ထည့်တွက်လျှင် ထိုကဲ့သို့သော ရောဂါမျိုး သူ ကူးစက်ခံရမည် မဟုတ်လောက်ချေ။
တိုင်မုပိုင် ၏ မျက်နှာပေါ်တွင် တစ်ဝက်တစ်ပျက် အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။ "ဒါဆိုလည်း ငါတို့ အရင် ပြန်သွားမယ်။ သွား... ပြီးရင် မြန်မြန် ပြန်လာခဲ့"
ထိုသို့ပြောရင်း တိုင်မုပိုင် က တမင်သက်သက်ပဲဖြစ်ဖြစ် မတော်တဆပဲဖြစ်ဖြစ် စူးမင်ကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။ မာဟုန်ကျွင်း ချက်ချင်း နားလည်သွားလေသည်။ အရမ်းကြီး သိသာအောင် မလုပ်နဲ့။
မာဟုန်ကျွင်း က အဲဒါတွေကို ဂရုမစိုက်ချေ။ သူက ဘယ်သူ့ကိုမှ အတင်းအကျပ် မလုပ်ခဲ့သလို တရားမျှတစွာ ပိုက်ဆံပေးပြီး လုပ်နေခြင်း ဖြစ်လေသည်။ စူးမင်တောင်မှ သူ့ကို ဘာမှလုပ်၍ မရချေ။ ထို့နောက် သူက နောက်ပြောင်ချင်သော အမူအရာဖြင့် "အစ်ကိုတိုင်... ခင်ဗျားရော လိုက်မလား" ဟု မေးလိုက်လေသည်။
"ငါ မလိုက်ဘူး။ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့။ သွားစရာ ရှိတာ သွား" ထိုသို့ပြောရင်း တိုင်မုပိုင် က မာဟုန်ကျွင်း ကို စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် စူးရဲစွာ တစ်ချက် ကြည့်လိုက်ပြီးနောက် ကျူးကျူချင် ကို အပြစ်ရှိသလို တစ်ချက် လှမ်းကြည့်လိုက်လေသည်။
မာဟုန်ကျွင်း က အနည်းငယ် ဉာဏ်နှေးနေသေးပြီး တိုင်မုပိုင် ဘာကို ဆိုလိုသနည်း ဆိုသည်ကို မသိသဖြင့် "အတူတူ သွားကြတာပေါ့။ အစ်ကိုတိုင်... ခင်ဗျားပဲ မိန်းမတွေက လူတွေ မဟုတ်ဘူး... အရင်းအမြစ်တွေပဲ လို့ ပြောခဲ့တာ မဟုတ်ဘူးလား" ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
မာဟုန်ကျွင်း က တိုင်မုပိုင် နှင့် ကျူးကျူချင် တို့ကြားက ဆက်ဆံရေးကို မသိရှိချေ။ မဟုတ်ပါက ထိုကဲ့သို့သော စကားမျိုးကို သူ ဘယ်တော့မှ ပြောမည် မဟုတ်ချေ။
တိုင်မုပိုင် စကားမပြောနိုင်မီမှာပင် ရှောင်ဝူ သည်းမခံနိုင်တော့ချေ။ မိန်းမတွေက လူတွေ မဟုတ်ဘူး... အရင်းအမြစ်တွေပဲ ဆိုတာ ဘာအဓိပ္ပာယ်လဲ။
ရှောင်ဝူက ဒေါသတကြီးဖြင့် "ဖက်တီးပုတ်.. သတ္တိရှိရင် အဲ့စကားကို နောက်တစ်ခါ ထပ်ပြောကြည့်စမ်း။ မိန်းမတွေက လူဦးရေ စာရင်းဝင်သလား မဝင်ဘူးလား ဆိုတာကို ငါ ပြမယ်။ ဒီ တဏှာရူး ဖက်တီး... နင် ထွက်သွားတော့မယ် ဆိုရင်လည်း အခုပဲ ထွက်သွားတော့" ဟု အော်ပြောလိုက်လေသည်။
ရှောင်ဝူ၏ ဒေါသတကြီး အသံကို ကြားသောအခါ ဖက်တီး နောက်ဆုံးတွင် သတိပြန်ဝင်လာလေသည်။ သူက သူ၏ မိစ္ဆာမီးတောက် ကို အလျင်အမြန် ဖိနှိပ်ထားလိုက်ပြီး သူ၏ မျက်နှာ အနည်းငယ် ပြန်ကောင်းလာလေသည်။ မိစ္ဆာမီးတောက် က အခုလေးတင် ထကြွလာသဖြင့် သူ၏ ပါးစပ်ကို သူ မထိန်းချုပ်နိုင်ဘဲ ထိုစကားများကို အမှတ်မထင် ပြောထွက်သွားခဲ့ခြင်း ဖြစ်လေသည်။
ထို့နောက် မာဟုန်ကျွင်း က အပြစ်ရှိသလိုဖြင့် ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်လေသည်။ ရှောင်ဝူ အပြင် ကျူးကျူချင် နှင့် နင်းရုန်ရုန် တို့ကလည်း သူ့ကို ဒေါသနှင့် အေးစက်စက် အကြည့်များဖြင့် ကြည့်နေကြလေသည်။ သူ အနည်းငယ် လွန်သွားခဲ့ပြီ။ လောလောဆယ်တွင် သူက ရှောင်ဝူ သို့မဟုတ် ကျူးကျူချင် ကို မနိုင်နိုင်သလို အထောက်အကူပြု အမျိုးအစား တစ်ယောက် ဖြစ်သော နင်းရုန်ရုန် ကပင် သူ့ထက် ဝိညာဉ်စွမ်းအား အဆင့် ပိုမြင့်နေလေသည်။
'မိန်းမတွေက လူတွေ မဟုတ်ဘူး၊ အရင်းအမြစ်တွေပဲ' ဟု ပြောလိုက်ခြင်းဖြင့် သူက လူတိုင်း၏ ဒေါသကို ဆွပေးလိုက်ပြီး တိုင်မုပိုင် ကိုပါ အောက်သို့ ဆွဲချသွားခဲ့လေပြီ။
မာဟုန်ကျွင်း စကားမပြောတော့ဘဲ လှည့်ထွက်သွားလေသည်။ အကယ်၍ သူ ဆက်ပြောနေမည်ဆိုပါက အရိုက်ခံရမည်ကို သူ ကြောက်လန့်နေလေသည်။
ထန်ဆန်းက ဘေးမှနေ၍ "မုပိုင်... ဖက်တီးက ကျောင်းအုပ်ကြီး ကို သွားရှာမှာ မဟုတ်ဘူးလား။ အဲဒါက မိန်းမတွေနဲ့ ဘယ်လိုလုပ် ပတ်သက်သွားရပြန်တာလဲ" ဟု မေးလိုက်လေသည်။
တိုင်မုပိုင် က "ဖက်တီးက သူ့ရဲ့ မိစ္ဆာမီးတောက် ကို မဖိနှိပ်ထားနိုင်တော့လို့ ပြည့်တန်ဆာအိမ် ကို သွားပြီး ဖြေဖျောက်ဖို့ စီစဉ်နေတာ ဖြစ်မယ်" ဟု ပြန်ဖြေလိုက်လေသည်။
ထန်ဆန်းက မယုံနိုင်သော အမူအရာဖြင့် "မင်း ပြောချင်တာက ကျောင်းအုပ်ကြီး က မာဟုန်ကျွင်း ကို အဲဒီလို နေရာမျိုးဆီ ခေါ်သွားတာပေါ့လေ" ဟု မေးလိုက်လေသည်။
မာဟုန်ကျွင်း က အသက် ဆယ့်နှစ်နှစ်သာ ရှိသေးကြောင်း သိထားရမည် ဖြစ်လေသည်။ ကျောင်းအုပ်ကြီး က သူ့ကို ပြည့်တန်ဆာအိမ် သို့ ခေါ်သွားပြီး သူကလည်း အဲဒီကို အမြဲတမ်း သွားနေတဲ့သူ တစ်ယောက်လိုပဲ... ဒီကမ္ဘာက သူ့ရဲ့ အတိတ်ဘဝ ကမ္ဘာနဲ့ အရမ်း ကွာခြားလွန်းတယ်။ ဒီအသက်အရွယ်နဲ့...
တိုင်မုပိုင် က စူးမင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် "တခြား နည်းလမ်းမှ မရှိတာ။ ဖက်တီးရဲ့ သိုင်းဝိညာဉ် က ထိပ်တန်း ဖီးနစ် သိုင်းဝိညာဉ် အဖြစ် ဆင့်ကဲပြောင်းလဲလာခဲ့ပေမယ့် အားနည်းချက် တစ်ခု ရှိတယ်။ သူ့ရဲ့ ရုပ်ရည်နဲ့ဆိုရင် သူက ဝိညာဉ်သခင် ကောင်မလေး တစ်ယောက်ကို လုံးဝ ရှာလို့ မရနိုင်သလို သာမန် အရပ်သားတွေကလည်း အချိန်အကြာကြီး ဒဏ်မခံနိုင်ကြဘူးလေ။ ကျောင်းအုပ်ကြီး လည်း သူ့ကို ပြည့်တန်ဆာအိမ် တွေဆီ ခေါ်သွားရုံပဲ တတ်နိုင်တော့တာပေါ့" ဟု ရှင်းပြလိုက်လေသည်။
"ဖက်တီးက ဘာပဲဖြစ်ဖြစ် ကျောင်းအုပ်ကြီး ရဲ့ တပည့်အရင်းကြီးလေ။ သူ ကျင့်ကြံတာကို စွန့်လွှတ်လိုက်ဖို့ ဒါမှမဟုတ် သူ့ခန္ဓာကိုယ် ပေါက်ကွဲထွက်ပြီး သေသွားဖို့ကို ကျောင်းအုပ်ကြီး က ဒီအတိုင်း ကြည့်မနေနိုင်ဘူး"
စူးမင်က သူ၏ ရင်ထဲတွင် ရွံရှာနေမိလေသည်။ သူ၏ အတိတ်ဘဝတွင် သူ့၌ ကောင်မလေး မရှိခဲ့ချေ။ သူ့တွင် ဆန္ဒများ ဖြစ်ပေါ်လာသောအခါ လူတစ်ယောက်ယောက်ကို သွားရှာမည့်အစား အစွမ်းထက်တဲ့ အံ့မခန်း အရာတစ်ခုကို ဖန်တီးဖို့ သူ့ကိုယ်ပိုင် လက်နှစ်ဖက်ကိုပဲ အားကိုးခဲ့တယ်။ ထို့ကြောင့် သူက ယခုအခါတွင် စာရွက်အလွတ် တစ်ရွက်လို ဖြစ်နေဆဲပင်။
သေချာတာပေါ့... လှပသော အမျိုးသမီးများအကြောင်း စိတ်ကူးယဉ်ခြင်းက ယောကျာ်းလေးများ၏ မွေးရာပါ အလိုဆန္ဒ ဖြစ်သော်လည်း သာမန် နည်းလမ်းများကို အသုံးပြု၍ သူတို့ကို ပိုးပန်းသင့်လေသည်။ 'လူတစ်ယောက်ယောက်ကို သွားရှာခြင်း' နှင့် ပတ်သက်၍မူ စူးမင်က ၎င်းကို အလွန် ငြင်းဆန်ကြောင်း ပြသခဲ့လေသည်။ သူက စိတ်ပိုင်းဆိုင်ရာအရ လက်ခံနိုင်မည် မဟုတ်သလို အနေရခက်စေသည်ဟု ခံစားရလေသည်။
ရှောင်ဝူက ဘေးမှနေ၍ ရွံရှာစွာဖြင့် "သိုင်းဝိညာဉ် လွှမ်းမိုးမှုကို ခံရတယ် ဆိုတာက ဘာအဓိပ္ပာယ်လဲ။ ဖက်တီးက မွေးရာပါ ဒီလိုစရိုက် ရှိနေလို့ သူ့ရဲ့ သိုင်းဝိညာဉ် က ဒီလို ပြောင်းလဲသွားတာ ဖြစ်နိုင်တယ်လေ။ အကယ်၍ ဖက်တီးရဲ့ သိုင်းဝိညာဉ် မှာ အားနည်းချက် မရှိခဲ့ဘူးဆိုရင် သူ ပြည့်တန်ဆာအိမ် ကို သွားမှာ မဟုတ်ဘူးလို့ ငါ မယုံဘူး။ ပြီးတော့ ဖက်တီး ကောင်မလေး ရှာမရဘူး ဆိုရင် သူ့ဘာသာသူ အကြောင်းရင်းကို ပြန်ရှာသင့်တယ် မဟုတ်ဘူးလား။ အဲဒီအတွက် သူ ကြိုးစားအားထုတ်ဖူးလို့လား။ သူ့ရဲ့ ခန္ဓာကိုယ် ပုံစံကို ကြည့်ရုံနဲ့တင် ကြိုးစားအားထုတ်ထားတဲ့ အရိပ်အယောင် တစ်ခုလေးတောင် မရှိဘူး" ဟု ဝင်ပြောလိုက်လေသည်။
ရှောင်ဝူ၏ စကားများအတွက် စူးမင်က ရင်ထဲမှနေ၍ လက်မထောင်ပြလိုက်လေသည်။ ဖက်တီး ဝိတ်ကျသွားပြီးနောက်တွင် သူ ကြည့်ကောင်းသွားပြီး အနည်းဆုံးတော့ ယခုထက် အများကြီး ပိုချောသွားကြောင်း သူ မှတ်မိနေသေးလေသည်။ အကယ်၍ ဖက်တီးသာ ကြိုးကြိုးစားစား လုပ်ခဲ့မည်ဆိုပါက ကောင်မလေး ရှာဖို့အတွက် သူ စိုးရိမ်နေစရာ လုံးဝ မလိုချေ။ အားလုံးက ဆင်ခြေတွေချည်းပါပဲ။
ဤအချိန်တွင် ကျူးကျူချင် လည်း ရှားရှားပါးပါး စကားတစ်ခွန်း ဝင်ပြောလိုက်လေသည်။ "ယောကျာ်းတွေ အားလုံး ညစ်ပတ်တယ်"
ရှောင်ဝူက ဘေးမှနေ၍ ရယ်မောလိုက်လေသည်။ "ကျူချင်... နင့်ရဲ့ တိုက်ခိုက်မှုကို အရမ်းကြီး ကျယ်ပြန့်အောင် မလုပ်ပါနဲ့။ အစ်ကို စူးမင် က အရမ်း သန့်ရှင်းပါတယ်။ တိုင်မုပိုင် နဲ့ မာဟုန်ကျွင်း တို့လို လုံးဝ မဟုတ်ပါဘူး။ အလွန်ဆုံး သူက သူခိုးစိတ်တော့ ရှိတယ်၊ သတ္တိတော့ မရှိဘူး ပေါ့။ ပြောချင်တာက ခိုးချင်တဲ့စိတ်တော့ရှိတယ် တကယ်ခိုးဖို့ကြ သတ္တိမရှိတောပေါ့"
ထန်ဆန်း လည်း ဘေးမှနေ၍ ဝင်ပြောချင်ခဲ့လေသည်။ 'ငါလည်း အရမ်း သန့်ရှင်းပါတယ်'
ရှောင်ဝူ၏ စကားများက စူးမင်ကို အနည်းငယ် ရှက်ရွံ့သွားစေလေသည်။ ဒုတိယတစ်ဝက်ကို ပြောစရာ မလိုပါဘူး။ ပြီးတော့ 'သူခိုးစိတ်တော့ ရှိတယ်၊ သတ္တိတော့ မရှိဘူး' ဆိုတာက ဘာအဓိပ္ပာယ်လဲ။ ယုံချင်ယုံ မယုံချင်နေ... အချိန်ကောင်းတစ်ခု ရှာပြီး နင့်ကို ငါ လုပ်ပြမယ်။ စူးမင်က ရှောင်ဝူကို စူးရဲစွာ ကြည့်လိုက်လေသည်။
ရှောင်ဝူက နောက်ပြောင်သည့်အနေဖြင့် သူမ၏ လျှာလေးကို ထုတ်ပြလိုက်လေသည်။
တိုင်မုပိုင် က ဒေါသတကြီးဖြင့် "ကောင်းပါပြီ... မင်းတို့ရဲ့ စူးမင် က ဖြူစင်ပြီး မြင့်မြတ်တယ်။ ငါတို့ကတော့ အားလုံး ညစ်ပတ်နေကြတယ်။ လုံလောက်ပြီလား။ ဒါပေမဲ့ ငါက ဖက်တီးထက် အများကြီး ပိုအဆင့်အတန်း ရှိပါတယ်" ဟု ပြောလိုက်လေသည်။
ထန်ဆန်းက ဘေးမှနေ၍ "ငါလည်း ဖြူစင်ပြီး မြင့်မြတ်ပါတယ်" ဟု အေးစက်စက် ဝင်ပြောလိုက်လေသည်။
ထိုသို့ပြောရင်း သူက ရှောင်ဝူ၏ အာရုံစိုက်မှုကို ဆွဲဆောင်ချင်သဖြင့် ရှောင်ဝူကို တိတ်တဆိတ် လှမ်းကြည့်လိုက်သော်လည်း ရှောင်ဝူက ဂရုမစိုက်ချေ။
စူးမင် ရင်ထဲမှနေ၍ ရယ်မောလိုက်လေသည်။ 'ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... ဖြူစင်ပြီး မြင့်မြတ်တဲ့ ထန်ဆန်း။ မုန်ယီရန် မင်းကို နမ်းတုန်းက မင်း ဘာလို့ မရှောင်ခဲ့တာလဲ။ ဟို့ဝူ မင်းကို နမ်းတုန်းကရော မင်း ဘာလို့ မရှောင်ခဲ့တာလဲ။ တစ်ခဏလောက် သတိမထားမိလိုက်လို့ တခြားလူတွေ နမ်းတာကို ခံလိုက်ရတယ်လို့ လာမပြောနဲ့။ ဘာပဲဖြစ်ဖြစ် အဲဒါကို စူးမင် မယုံဘူး။ နမ်းခံရတယ် ဆိုရင်လည်း နမ်းခံရတာပဲလေ။ ဒါတောင် မင်းက အပြစ်ကင်းတဲ့ မျက်နှာကို လုပ်ထားသေးတယ်'
အကယ်၍ စူးမင်သာ ဆိုပါက သူက ပွင့်ပွင့်လင်းလင်း ဝန်ခံပေလိမ့်မည်။ လှပသော အမျိုးသမီး တစ်ယောက်၏ အနမ်းကို ရင်ဆိုင်ရသောအခါ သူ ရှောင်ချင်မည် မဟုတ်ချေ။ ဒီကမ္ဘာက စနစ် က သူ့ရဲ့ အတိတ်ဘဝ နဲ့ မတူဘူးလေ။ တစ်လင်တစ်မယား စနစ် ပဲ ရှိရမယ်လို့ ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းမှ မရှိတာ။ သူက ဘာလို့ ရှောင်ရမှာလဲ။
ရှောင်ဝူက တိုင်မုပိုင် ကို ကြည့်ကာ 'ဒီလိုပါပဲလေ' ဟူသော အမူအရာကို ချက်ချင်း ပြသလိုက်သဖြင့် တိုင်မုပိုင် က ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်ရင်း ခါးသီးမှု တစ်လှိုင်းကို ခံစားလိုက်ရလေသည်။
ထို့နောက် တိုင်မုပိုင် က ကျူးကျူချင် ကို တိတ်တဆိတ် လှမ်းကြည့်လိုက်သောအခါ ကျူးကျူချင် ကလည်း သူ့ကို ကြည့်နေကြောင်း တွေ့လိုက်ရသော်လည်း သူမ၏ မျက်လုံးများထဲရှိ အကြည့်က ပို၍ပင် အေးစက်နေလေသည်။ ကောင်မလေးက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး တိုင်မုပိုင် ၏ အရှေ့သို့ ရုတ်တရက် ရောက်လာကာ "နင့်ရဲ့ အဆင့်အတန်း က သူ့ထက် ပိုမြင့်တယ် ဟုတ်လား။ ဘာလဲ နင်တို့က အမြွှာညီအစ်မ တွေလား" ဟု ရေခဲတမျှ အေးစက်စွာ ပြောလိုက်လေသည်။
တိုင်မုပိုင် မှင်သက်သွားပြီး သူ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားလေသည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က နှင်းဆီဟိုတယ် ကို အမြွှာညီအစ်မ တွေ သူ ခေါ်သွားတုန်းက အမြင်ခံလိုက်ရတာများလား။ မဟုတ်ရင် ကျူချင် က အမြွှာညီအစ်မ တွေ အကြောင်း ဘာလို့ ရုတ်တရက် ပြောလာရမှာလဲ။
တိုင်မုပိုင် က ဗလုံးဗထွေးဖြင့် "ကျူချင်... ငါ..."
ဤအချိန်တွင် သူ စကားမှားသွားကြောင်း တိုင်မုပိုင် လည်း သိလိုက်လေသည်။ ဖက်တီး၏ လှုံ့ဆော်မှုကြောင့် သူ၏ မူလစရိုက်ကို အမှတ်မထင် ဖော်ပြမိသွားခဲ့လေသည်။ ကျူးကျူချင် ဤနေရာတွင် ရှိနေသဖြင့် ၎င်းက အတော်လေး ဆိုးရွားလှပေသည်။
သူ၏ အဆင့်အတန်း က ပိုမြင့်သည် ဆိုလျှင်တောင် ဘာဖြစ်လဲ။ သူက အဲဒီလို အလုပ်မျိုးကို လုပ်နေတုန်းပဲလေ။ ဘယ်သူက ဘယ်သူ့ထက် ပိုမြင့်မြတ်နေလို့လဲ။
ကျူးကျူချင် ၏ မျက်လုံးများက ရွံရှာမှုနှင့် အထင်အမြင် သေးမှုများဖြင့် ရုတ်တရက် ပြည့်နှက်သွားလေသည်။ "နင်က ဆယ့်ငါးနှစ်ပဲ ရှိသေးတာလေ။ နင်က ငါ့ကို ရွံစရာကောင်းအောင် လုပ်နေတာပဲ။ ငါ ဒီကို မလာခဲ့သင့်ဘူး"
ထိုသို့ပြောပြီးနောက် ကျူးကျူချင် က လှည့်ပြီး ထွက်သွားလေသည်။
ကျူးကျူချင် ရွှီးလိုင်ခဲ ကျောင်းတော် သို့ ရောက်လာကတည်းက တိုင်မုပိုင် က သူ့ကိုယ်သူ ဖိနှိပ်ထားပြီး သူမကို သည်းခံနေခဲ့သော်လည်း ကျူးကျူချင် က သူ့ကို ဘယ်တော့မှ အာရုံမစိုက်ဘဲ အေးစက်စက် မျက်နှာထားကို အမြဲတမ်း ထိန်းသိမ်းထားခဲ့လေသည်။ အခုလေးတင်က သူတို့ တွေ့ဆုံပြီးကတည်းက သူတို့ရဲ့ ပထမဆုံး စကားပြောဆိုမှု ဖြစ်ပေမယ့် သူမက တိုင်မုပိုင် ရဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှုကို မြေကြီးထဲ ရောက်အောင် နင်းခြေပစ်လိုက်တယ်။
အမြဲတမ်း အေးစက်ပြီး မာနကြီးသော သူက သူ၏ ရင်ထဲရှိ ဒေါသများကို ဆက်လက် မထိန်းချုပ်နိုင်တော့ဘဲ "အဲဒီမှာ ရပ်လိုက်စမ်း" ဟု ဟိန်းဟောက်လိုက်လေသည်။
စူးမင်မှလွဲ၍ ကျန်လူတိုင်းက တိုင်မုပိုင် ၏ ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်သံကြောင့် လန့်ဖြန့်သွားကြလေသည်။
တိုင်မုပိုင် ဒေါသထွက်သွားခြင်းက ပုံမှန်ပင် ဖြစ်သည်ဟု စူးမင် ခံစားရလေသည်။ မည်သို့ပင်ဆိုစေ သူက မူလက မင်းသား တစ်ပါး ဖြစ်လေသည်။ ပြိုင်ပွဲ မပြီးဆုံးမီ သူက မင်းသား တစ်ပါး ပိုင်ဆိုင်သော အခွင့်အရေးများ ရှိခဲ့ပြီး သူ မရနိုင်သောအရာ ဘာရှိသနည်း။
သူ ထွက်ပြေးပြီး ဤနေရာသို့ ရောက်လာပြီးနောက်တွင်ပင် သူ၏ ရုပ်ရည်နှင့် ဝိညာဉ်သခင် အဆင့်အတန်း တို့ကြောင့် သူက ရေထဲက ငါးတစ်ကောင်လို ပျော်ရွှင်စွာ နေထိုင်နေခဲ့လေသည်။ သို့သော် ကျူးကျူချင် က သူ့ကို အမြဲတမ်း အေးစက်စက် ဆက်ဆံနေသဖြင့် သူ ဒေါသထွက်မည်မှာ သေချာလေသည်။ သို့သော် ၎င်းက တိုင်မုပိုင် က သူ၏ ပါးစပ်ကို သူ မထိန်းချုပ်နိုင်သောကြောင့် ဖြစ်ပြီး ကျူးကျူချင် က သူ့ကို အဲဒီအချိန်မှာ အတိအကျ မြင်တွေ့ခဲ့ရလို့ပါပဲ။ ဘယ်သူမဆို ဒေါသထွက်မှာပဲလေ။
သို့သော် ကျူးကျူချင် ကဲ့သို့ အေးစက်ပြီး မာနကြီးသော စရိုက်ရှိသည့် အမျိုးသမီး တစ်ယောက်အတွက် သူမကို အနိုင်ယူချင်ပါက မျက်ကန်းပြီး သူမကို လိုက်လျောနေရုံဖြင့် မရနိုင်ကြောင်း စူးမင် ယုံကြည်လေသည်။ သူမကို ဖိနှိပ်ရန် စွမ်းအားကို အသုံးပြုရန် လိုအပ်ပြီး ၎င်းအပြင် သူမ၏ နှလုံးသားထဲသို့ ဝင်ရောက်နိုင်ရန် ကံတရား အနည်းငယ်လည်း လိုအပ်သေးလေသည်။
တိုင်မုပိုင် ၏ ဒေါသကို ရင်ဆိုင်ရသောအခါ ကျူးကျူချင် က သူ့ကို လုံးဝ လျစ်လျူရှုထားလိုက်လေသည်။ သူမက မရပ်တန့်ရုံသာမက သူမ၏ ခြေလှမ်းများကိုပင် ပိုမြန်လိုက်သေးလေသည်။ တိုင်မုပိုင် က သူမကို တစ်ခုခု လုပ်နိုင်လိမ့်မည်ဟု သူမ မယုံကြည်ချေ။
"မင်း..."
တိုင်မုပိုင် က သူ၏ ညာဘက်လက်ကို ကြမ်းတမ်းစွာ မြှောက်လိုက်ရာ သူ၏ လက်ဖဝါးတွင် အစွမ်းထက်သော အလင်းဖြူ တစ်ခု စုစည်းလာလေသည်။ သူက ဘယ်တော့မှ စိတ်သဘောထား ကောင်းသူ တစ်ယောက် မဟုတ်ခဲ့ချေ။ ဒါမှမဟုတ် သူ့ရဲ့ ဒေါသက အရမ်းကို ကြမ်းတမ်းတယ်လို့ ပြောရမယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ အပြစ်ရှိသလို ခံစားနေရလို့သာ နေရာတိုင်းမှာ သူ အလျှော့ပေးနေခဲ့တာ။ ကျားတစ်ကောင်ရဲ့ ဒေါသက သေးငယ်တာ မဟုတ်ဘူး။
စူးမင်က ဘေးမှနေ၍ မျက်မှောင်ကြုတ်လိုက်ပြီးနောက် "မုပိုင်... မင်း ဘာလုပ်ချင်နေတာလဲ။ တစ်ခုခု ရှိရင် သေချာ ပြောလေ။ လက်ပါဖို့ မစလာနဲ့" ဟု အသံနက်ကြီးဖြင့် ပြောလိုက်လေသည်။
ထန်ဆန်းကလည်း ဘေးမှနေ၍ "မုပိုင်... ငါတို့ အားလုံးက အတန်းဖော်တွေလေ။ ထားလိုက်ပါတော့" ဟု ဝင်ပြောလိုက်လေသည်။