အခန်း (၁) - နိုးထလာခြင်း၊ သစ်သားဓာတ်နှင့် နောက်ကျမှရောက်လာသော စနစ်
"နှစ်နှစ်နဲ့ ခြောက်လတောင် ရှိနေပြီ။ နှစ်နှစ်ခွဲတောင် ကြာနေပြီကို ငါ့ရွှေလက်ချောင်းက ဘာလို့ ရောက်မလာသေးတာလဲ"
စိန့်ဝိညာဉ်ကျေးရွာရှိ တောင်ကုန်းငယ်လေးတစ်ခုပေါ်တွင် ကလေးငယ်တစ်ယောက် မြေပြင်ပေါ်၌ တိတ်ဆိတ်စွာ လှဲလျောင်းနေသည်။ သူ၏မျက်နှာတွင် မျှော်လင့်ချက်မဲ့နေသော အမူအရာအပြည့်ဖြင့် နေဆာလှုံနေလေသည်။
သူ၏အမည်မှာ စူးမင်ဖြစ်သည်။ အတိအကျဆိုရလျှင် သူသည် ကူးပြောင်းလာသူတစ်ယောက် ဖြစ်၏။
သူက ဝိညာဉ်ကူးပြောင်းလာခြင်းမဟုတ်ဘဲ တုံလော်ကမ္ဘာထဲသို့ တရားဝင် ပြန်လည်မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ အသက်သုံးနှစ်ခွဲအရွယ်တွင် သူ၏ အတိတ်ဘဝက မှတ်ဉာဏ်များ ရုတ်တရက် နိုးထလာခဲ့သည်။ ယခုဆိုလျှင် သူအသက်ခြောက်နှစ်ပြည့်ပြီဖြစ်ပြီး ယနေ့သည် သူ၏ဝိညာဉ် နိုးထရမည့်နေ့ပင် ဖြစ်လေသည်။
အတိတ်ဘဝက သူသည် ဝတ္ထုမျိုးစုံနှင့် အန်နီမေးများကို ကြည့်ရှုဖတ်ရှုရသည်ကို နှစ်သက်သော သာမန်တက္ကသိုလ်ကျောင်းသားတစ်ယောက်သာ ဖြစ်သည်။
သို့သော် တစ်ညတွင် လမ်းဖြတ်ကူးစဉ် အရှိန်လွန်လာသော ကုန်တင်ကားတစ်စီးက သူ့ကို ဝင်တိုက်သွားခဲ့သည်။ သူ၏တစ်ကိုယ်လုံး လွင့်စင်သွားပြီး သွေးများ ပန်းထွက်လာကာ စူးမင်၏အသိစိတ်များ တဖြည်းဖြည်း ဝေဝါးသွားခဲ့၏။
ထိုအချိန်၌ ကုန်တင်ကားမောင်းသမားက သူ့ကို ပြုံးပြနေသယောင်ပင် မြင်လိုက်ရသေးသည်။ လောကကြီးမှာ ဒီလိုလူမျိုးတောင် ရှိသေးတာလား။
ဝတ္ထုဇာတ်ကွက်မျိုးစုံကို နှံ့စပ်နေသော သူ၏အဖို့ ဤမြင်ကွင်းမှာ အလွန်ရင်းနှီးနေလေသည်။
ယာဉ်မောင်း၏ ပြုံးနေသောမျက်နှာကို ကြည့်ရင်း ထိုသူပြောလိုက်သော စကားသံကိုပင် စူးမင် ကြားလိုက်ရသလိုရှိသည်။ "လူငယ်လေး မင်းကူးပြောင်းသွားပြီ။ ဒီနေ့အတွက် ငါ့ပစ်မှတ်ပြည့်သွားပြီဆိုတော့ ဟိုဘက်ကမ္ဘာမှာ သာယာပျော်ရွှင်တဲ့ ခရီးစဉ်လေးဖြစ်ပါစေကွာ"
ထို့နောက် သူ့ကိုထားရစ်ကာ ကားမောင်းထွက်သွားတော့သည်။
စူးမင် အကြီးအကျယ် ဒေါသထွက်သွားသည်။
“ခွေးမသားကြီး”။
အသိစိတ်လွတ်တော့မည့်ဆဲဆဲတွင် သူတစ်ခုခုကို ရုတ်တရက် သတိရသွား၏။ ထို့ကြောင့် သူ၏နောက်ဆုံးထွက်သက်ကို အသုံးပြုကာ အိတ်ကပ်ထဲမှ ကွဲကြေနေသော ဖုန်းကိုဆွဲထုတ်ပြီး ဖုန်းထဲရှိ အချက်အလက်များအားလုံးကို ဖျက်ပစ်လိုက်သည်။
လူက သေချင်သေပါစေ အရှက်ကွဲပြီးတော့ အသေမခံနိုင်ပေ။
စူးမင် ကောင်းကင်ကြီးကို ငေးမောကြည့်နေမိသည်။ အတိတ်ဘဝက မှတ်ဉာဏ်များ နိုးထလာပြီးနောက် သူ၏စနစ် သို့မဟုတ် ရွှေလက်ချောင်းက ဆက်တိုက်ဆိုသလို ရောက်လာလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း နှစ်နှစ်ခွဲသာ ကြာသွားသည် အရိပ်အယောင်ပင် မတွေ့ရပေ။ ဤအချက်က စူးမင်ကို အလွန်စိုးရိမ်ပူပန်စေသည်။
စိန့်ဝိညာဉ်ကျေးရွာတွင် ပြန်လည်မွေးဖွားလာခဲ့သော ဤနှစ်များအတွင်း စူးမင်၌ သူ၏မိဘများနှင့်ပတ်သက်သော မှတ်ဉာဏ်များ မရှိခဲ့ပေ။ မိဘများမှာ ဝိညာဉ်သားရဲများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ပြီး သူ့ကို ရွာလူကြီး အဘိုးဂျက်က ပြုစုပျိုးထောင်ပေးခဲ့သည်ကိုသာ သူသိထားသည်။
ယနေ့သည် ဝိညာဉ်နိုးထရမည့်နေ့ဖြစ်သည်။ ကောင်းကင်ဘုံကို အံတုနိုင်သည့် ဝိညာဉ်မျိုး နိုးထလာရန် သူ မမျှော်လင့်ထားပေ။ ဝိညာဉ်စွမ်းအား အဆင့်တစ် သို့မဟုတ် အဆင့်နှစ်လောက်သာ ရှိလျှင်ပင် ကျေနပ်နေပြီဖြစ်သည်။ မဟုတ်ပါက သူ ကျင့်ကြံနိုင်မည်မဟုတ်ဘဲ သူ၏ဘဝသည် ဤအတိုင်းသာ ပြီးဆုံးသွားရပေလိမ့်မည်။
မှတ်ဉာဏ်များ နိုးထလာပြီးနောက် သူ ခြောက်လတိတိ စောင့်ဆိုင်းခဲ့သေးသည်။ စနစ်နှင့်ပတ်သက်သော သတင်းအစအနမျှ မရရှိသောအခါ သူ မျှော်လင့်ချက် စွန့်လွှတ်လိုက်ပြီဖြစ်သည်။
စနစ်မရှိမှတော့ ထန်ဆန်းနှင့် ဆက်ဆံရေးကောင်းအောင် တည်ဆောက်ရန်သာ တစ်ခုတည်းသော ရွေးချယ်စရာအဖြစ် ကျန်ရှိတော့၏။
သို့သော် ထန်ဆန်း၏စရိုက်ကို သူ ပြန်စဉ်းစားမိသွားသည်။ ယခင်ဘဝက သူသည် ရိုးအစွာဖြင့် ထန်ဆန်းကို လူကောင်းတစ်ယောက်ဟု ထင်မှတ်ခဲ့ဖူးသည်။ သို့ရာတွင် အန်နီမေးကို ကြည့်လေလေ ထန်ဆန်း၏တန်ဖိုးထားမှုများက ပြဿနာရှိနေသည်ဟု ခံစားရလေလေပင်။ သူက လုံးဝကို ဟန်ဆောင်ကောင်းသူ တစ်ယောက်ဖြစ်သည်။
ထို့ကြောင့် နောက်ပိုင်းတွင် သူ ထိုအန်နီမေးကို ဆက်မကြည့်တော့ဘဲ ထန်ဆန်းနှင့် မိတ်ဆွေဖွဲ့မည့်အကြံကို ချက်ချင်း လက်လျှော့လိုက်တော့သည်။ ဘဝကြီး အဆင်မပြေရင်နေပါစေ၊ ဒီလို သောက်ပေါနဲ့တော့ မိတ်ဆွေမဖွဲ့နိုင်ပေ။
ထိုစဉ် အဝေးမှ အသံတစ်သံ ထွက်ပေါ်လာသည်။
"စူးမင်... မင်း ဒီမှာရှိနေမယ်ဆိုတာ အဘိုးသိသားပဲ။ မြန်မြန်လာခဲ့၊ နိုးထခြင်းအခမ်းအနား စတော့မယ်။ ဝိညာဉ်သခင်ကို စောင့်ခိုင်းထားလို့ မဖြစ်ဘူးကွ"
စူးမင် ချက်ချင်းမတ်တတ်ရပ်လိုက်ပြီး "ဟုတ်ကဲ့ပါ အဘိုးဂျက်" ဟု ပြန်ဖြေလိုက်သည်။
အဘိုးဂျက်က စူးမင်ကို ဆွဲခေါ်သွားရင်း "မင်း ဝိညာဉ်သခင်တစ်ယောက် ဖြစ်လာဖို့ အဘိုး မျှော်လင့်ပါတယ်။ ငါတို့ စိန့်ဝိညာဉ်ကျေးရွာမှာ ဝိညာဉ်သခင် မပေါ်ထွက်လာတာ အတော်ကြာနေပြီလေ" ဟု ပြောလိုက်သည်။
စူးမင် ဘာပြန်ပြောရမှန်း မသိတော့ပေ။ တတ်နိုင်မည်ဆိုလျှင် သူလည်း ကျင့်ကြံနိုင်မည့် ဝိညာဉ်မျိုးကို နိုးထချင်မိပါသည်။ သို့သော် ၎င်းမှာ သူ ဆုံးဖြတ်နိုင်သောကိစ္စ မဟုတ်ပေ။ ရွှေလက်ချောင်း မရှိသည့်တိုင်အောင် ယခုအချိန်၌ ၎င်းသည် သူ၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လေသည်။
မကြာမီ အဘိုးဂျက်၏ ခေါ်ဆောင်မှုဖြင့် စူးမင် သစ်သားအိမ်ငယ်လေးတစ်လုံးရှေ့သို့ ရောက်ရှိလာခဲ့သည်။ ဤနေရာမှာ သာမန်ကလေးငယ်များ ဝိညာဉ်နိုးထစေရန် ဝိညာဉ်နန်းတော်မှ ကျေးရွာအတွင်း ဖွင့်လှစ်ထားသော စခန်းငယ်လေးဖြစ်သည်။
စူးမင်က နောက်ဆုံးမှ ရောက်လာသူဖြစ်၏။ လူအုပ်ထဲသို့ ကြည့်လိုက်သောအခါ သာမန်ရုပ်ရည်နှင့် အပြာရောင်ဆံပင်ရှိပြီး အနည်းငယ် ပိန်ပါးသော ကလေးငယ်တစ်ယောက် တစ်ကိုယ်တည်း ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုကလေးမှာ အခြားသူများနှင့် သဟဇာတမဖြစ်သလို ခံစားရသည်။
ထို့နောက် အဘိုးဂျက်က ဆူးယွင်ထောင်းအား ရိုသေလေးစားစွာဖြင့် "လေးစားရတဲ့ ဝိညာဉ်သခင်ကြီး... ကလေးတွေ အားလုံးစုံပါပြီ။ အခုလို စောင့်ဆိုင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။
ဆူးယွင်ထောင်းက သာမန်ကာလျှံကာသာ ခေါင်းညိတ်ပြပြီး "ကောင်းပြီ၊ ငါ့မှာ အချိန်သိပ်မရှိဘူး။ အခုပဲ နိုးထခြင်းအခမ်းအနားကို စတင်ကြတာပေါ့" ဟု ပြန်လည်တုံ့ပြန်လိုက်သည်။
ထို့နောက် သူက ကလေးများကိုကြည့်ကာ ညင်သာသောလေသံဖြင့် "ကလေးတို့... တစ်တန်းတည်း ရပ်ကြပါ။ မင်းတို့ရဲ့ ဝိညာဉ်တွေကို အခုပဲ နိုးထပေးမယ်"
"ငါ့နာမည်က ဆူးယွင်ထောင်းပါ။ အဆင့်နှစ်ဆယ့်ခြောက် ဝိညာဉ်မဟာသခင် တစ်ယောက်ဖြစ်ပြီး မင်းတို့ရဲ့ လမ်းပြသူပေါ့။ ခဏနေ ဘာပဲဖြစ်ဖြစ် မကြောက်ကြနဲ့နော်"
စူးမင်က ထိုလမ်းပြသူကို တိတ်တဆိတ် အကဲခတ်နေမိသည်။ အတိတ်ဘဝက အင်တာနက်ပေါ်တွင် မျက်မမြင်တုံလော်ဟု အတော်လေး နာမည်ကြီးခဲ့သူ မဟုတ်ပါလော။
သူ၏ရုပ်ရည်မှာ ကြည့်ကောင်းပြီး သူတို့လို သာမန်လူများအပေါ် ဆက်ဆံရေးမှာလည်း ဖော်ရွေလှသည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ သူက အနည်းငယ် မျက်စိမှုန်နေခြင်းပင် ဖြစ်သည်။
ထို့နောက် ဆူးယွင်ထောင်းက သူ၏အိတ်ထဲမှ အနက်ရောင်ကျောက်တုံး ခြောက်တုံးနှင့် အပြာရောင် သလင်းကျောက်လုံး တစ်လုံးကို ထုတ်ယူလိုက်သည်။ ၎င်းတို့ကို ဆဋ္ဌဂံပုံစံ ချထားပြီးနောက် သူက ခပ်တိုးတိုး ဟိန်းဟောက်လိုက်သည်။ "တစ်ကိုယ်တော်ဝံပုလွေ၊ ပူးကပ်စမ်း"
ချက်ချင်းပင် ခရမ်းရောင် ဝံပုလွေပုံစံ ဝိညာဉ်တစ်ခုက သူ၏ကျောဘက်တွင် ထွက်ပေါ်လာ၏။ ဆူးယွင်ထောင်း၏ တစ်ကိုယ်လုံးမှာ ရုတ်တရက် ဖိအားများ ပြင်းထန်လာပြီး ကြွက်သားများ သိသိသာသာ ကြီးထွားလာသည်။ ထို့အပြင် အဖြူရောင်နှင့် အဝါရောင် ဝိညာဉ်ကွင်းနှစ်ကွင်းက သူ၏ခြေအောက်မှ လင်းလက်လာလေသည်။
ဝိညာဉ်နိုးထရန် စောင့်ဆိုင်းနေသော ကလေးများမှာ ကြောက်လန့်တကြားဖြစ်ကာ မျက်နှာများ ဖြူရော်သွားကြသည်။ ခြေလှမ်းအနည်းငယ်ဆီ နောက်ဆုတ်သွားကြပြီး အချို့ဆိုလျှင် ကြောက်လွန်း၍ ငိုပင်ငိုကြလေသည်။
ဤဖိအားအောက်တွင် စူးမင်ကိုယ်တိုင်လည်း ခြေတစ်လှမ်း နောက်ဆုတ်မိသွား၏။ ဆူးယွင်ထောင်း၏ ကြောက်မက်ဖွယ်ကောင်းသော အစိမ်းရောင် မျက်လုံးများနှင့် သူ၏နောက်ကွယ်ရှိ တစ်ကိုယ်တော်ဝံပုလွေကို ကြည့်ကာ မကြောက်ဘဲနေရန် မဖြစ်နိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် သူက အတိတ်ဘဝကလို အန်နီမေးထဲမှ ကြည့်ရှုသူတစ်ယောက် မဟုတ်တော့ဘဲ လက်တွေ့ဘဝတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေသူတစ်ဦး ဖြစ်နေပြီ မဟုတ်ပါလော။
စူးမင်က သူ၏ရင်ထဲမှ အကြောက်တရားကို အတင်းအကျပ် ဖိနှိပ်ထားလိုက်ပြီးနောက် ထန်ဆန်းရှိရာဘက်သို့ တိတ်တဆိတ် ကြည့်လိုက်သည်။ ထန်ဆန်း၏မျက်နှာမှာလည်း အနည်းငယ် ဖြူရော်နေသော်လည်း သူကဲ့သို့ နောက်ဆုတ်သွားခြင်း မရှိသည်ကို တွေ့လိုက်ရ၏။ အတိတ်ဘဝက လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ဖြစ်ခဲ့သည့်အတိုင်း သူ၏စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက အလွန်အားကောင်းနေဆဲ ဖြစ်ပုံရသည်။
သို့သော် ထန်ဆန်း၏ညာဘက်လက်ကို စူးမင် သတိပြုမိသွားသည်။ ထန်ဆန်း၏ညာလက်ကို တင်းကျပ်စွာ ဆုပ်ထားသဖြင့် လက်ဆစ်များပင် ဖြူပြာနေပြီး ၎င်းမှာ စိတ်လှုပ်ရှားနေသည့် လက္ခဏာပင် ဖြစ်သည်။ သို့တိုင်အောင် ထန်ဆန်း၏ အခြေအနေက သူ့ထက် အများကြီး ပိုကောင်းနေသေးသည်။
ဆူးယွင်ထောင်းက ထန်ဆန်းနှင့် စူးမင်တို့ကို သဘာဝကျကျပင် သတိထားမိသွားပြီး ရင်ထဲမှနေ၍ တိတ်တဆိတ် ချီးကျူးလိုက်မိသည်။ ဤကလေးနှစ်ယောက်က သတ္တိကောင်းကြပေသည်။ သူတို့နှစ်ယောက် ဝိညာဉ်နိုးထလာပြီး ဝိညာဉ်စွမ်းအားများ ပိုင်ဆိုင်နိုင်ကြရန် သူ မျှော်လင့်မိသည်။
ထို့နောက် ဆူးယွင်ထောင်းက ကလေးတစ်ယောက်ကို ဆွဲယူကာ ဆဋ္ဌဂံပုံစံအခင်းအကျင်းထဲတွင် ရပ်ခိုင်းလိုက်သည်။ "ငြိမ်ငြိမ်နေနော်။ မင်း ဝိညာဉ်နိုးထနိုင်သရွေ့ ငါ့လို စွမ်းရည်မျိုး ပိုင်ဆိုင်နိုင်မှာပဲ။ အခု မင်းရဲ့ညာဘက်လက်ကို ဒီအပြာရောင်သလင်းကျောက်လုံးပေါ် တင်လိုက်ပြီး ဘယ်လိုဝိညာဉ်မျိုး နိုးထလာမလဲဆိုတာ ကြည့်ရအောင်"
အခိုက်အတန့်အကြာတွင် ကလေးငယ်၏ ညာဘက်လက်ထဲ၌ တံစဉ်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ဝိညာဉ်စွမ်းအားကို စမ်းသပ်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် မည်သည့်စွမ်းအားမျှ မရှိခဲ့ပေ။
"ငွေပြာမြက်... ဝိညာဉ်စွမ်းအား မရှိဘူး"
"ပေါက်တူး... ဝိညာဉ်စွမ်းအား မရှိဘူး"
မကြာမီ စူးမင်နှင့် ထန်ဆန်းတို့နှစ်ယောက်သာ ဝိညာဉ်နိုးထရန် ကျန်ရှိတော့ပြီး ယခင်ကလေးများအားလုံး ဝိညာဉ်စွမ်းအား မရှိခဲ့သဖြင့် ဆူးယွင်ထောင်းမှာလည်း မျှော်လင့်ချက် ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သည်။
"နောက်တစ်ယောက်... စူးမင်"
နာမည်ခေါ်ခံရသောအခါ စူးမင် စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့တိုးသွားပြီး သလင်းကျောက်လုံးပေါ်သို့ သူ၏လက်ကို တင်လိုက်သည်။
ဆူးယွင်ထောင်းက ဝိညာဉ်စွမ်းအားကို ထည့်သွင်းပေးလိုက်ရာ အခိုက်အတန့်အကြာတွင် စူးမင်၏ ညာဘက်လက်ထဲမှ အစိမ်းရောင် အလင်းလုံးတစ်လုံး ထွက်ပေါ်လာလေသည်။
"သစ်သားဓာတ်ပါလား"
ဆူးယွင်ထောင်း၏ မျက်လုံးများ အရောင်လက်သွားသည်။ နောက်ဆုံးတော့ ကောင်းမွန်သော ဝိညာဉ်တစ်ခုကို နိုးထနိုင်သူ ပေါ်လာခဲ့ပြီ။ သစ်သားဓာတ် ဝိညာဉ်များက အမြဲတမ်းလိုလို ဝိညာဉ်စွမ်းအား ပိုင်ဆိုင်ထားတတ်ပြီး ကျင့်ကြံနိုင်ခွင့် ရှိလေသည်။ ဆူးယွင်ထောင်းက ရင်ထဲမှ အံ့သြမှုကို ဖိနှိပ်ထားလိုက်ပြီး စူးမင်၏ မွေးရာပါ ဝိညာဉ်စွမ်းအားကို စမ်းသပ်ခိုင်းလိုက်သည်။
စူးမင်သည်လည်း ဆူးယွင်ထောင်း၏ အာမေဍိတ်သံကို ကြားသောအခါ အနည်းငယ် အံ့အားသင့်သွားရသည်။ သစ်သားဓာတ်။ သူ၏ အတိတ်ဘဝအတွေ့အကြုံအရ ဤဝိညာဉ်မျိုးမှာ သေချာပေါက် ကျင့်ကြံနိုင်စွမ်းရှိပြီး သူ၏ မွေးရာပါ ဝိညာဉ်စွမ်းအား မည်မျှရှိသည်ဆိုသည့် အချက်အပေါ်တွင်သာ မူတည်လေသည်။
ထို့နောက် သလင်းကျောက်လုံးက အပြာရောင်အလင်းတန်းများဖြင့် လင်းထိန်သွားသည်။ ဆူးယွင်ထောင်းက မွေးရာပါ ဝိညာဉ်စွမ်းအား အဆင့်ခုနစ် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ သူက ပါရမီရှင်တစ်ယောက်ပဲ။
သူ့ကို ဝိညာဉ်နန်းတော်ထဲ မဖြစ်မနေ ခေါ်သွင်းရမည်။
ဆူးယွင်ထောင်းက စူးမင်အား စိတ်လှုပ်ရှားစွာဖြင့် "ဂုဏ်ယူပါတယ်။ မွေးရာပါ ဝိညာဉ်စွမ်းအား အဆင့်ခုနစ်ပဲ။ ဝိညာဉ်နန်းတော်မှာ လာရောက်ပညာသင်ကြားဖို့ မင်းကို တရားဝင် ဖိတ်ခေါ်ပါတယ်။ ဘာမှ အဆင်မသင့်တာ မဖြစ်ဘူးဆိုရင် မင်းရဲ့ပါရမီနဲ့ဆို အနာဂတ်မှာ အနည်းဆုံးတော့ ဝိညာဉ်တုံလော်တစ်ယောက် ဖြစ်လာမှာ သေချာတယ်"
"ဒင်... ပိုင်ရှင်၏ ဝိညာဉ်နိုးထမှုကို ထောက်လှမ်းမိပါသည်။ ဒိုင်ယာရီစနစ် ချိတ်ဆက်နေပါသည်။ ပိုင်ရှင်... ချိတ်ဆက်လိုပါသလား"