အခန်း (၉) ပိုမိုသန်မာလာခြင်း
ဂေါ့ဖရေးသည် 'ပဲ့တင်သံ' စွမ်းရည်ကို ချက်ချင်းပင် ရုပ်သိမ်းလိုက်ရာ ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာများမှာ အမှုန်အမွှားများအဖြစ် ကြေပျက်သွားပြီး လက်ထဲတွင်မူ ဧရာမဓားရှည်ကြီးတစ်လက်သာ ကျန်ရစ်တော့သည်။ အားအင်ကုန်ခမ်းလာသလို သူစတင်ခံစားနေရပြီဖြစ်ရာ ဒါသည် အတိတ်နိမိတ်မကောင်းလှပေ။ အကြောင်းမှာ ခန်းမအလယ်တွင် ရပ်နေသည့် ထိုသတ္တဝါကြီးမှာ သူတို့ယခင်က ရင်ဆိုင်ခဲ့ဖူးသည့် 'ဘီလူး' မျိုးနွယ်များနှင့် လုံးဝမတူဘဲ တစ်မူထူးခြားနေသောကြောင့်ပင်။
မျက်နှာကြက်အပေါက်မှ ဖြာကျနေသော လရောင်အောက်တွင် ရှစ်ပေခွဲခန့် မြင့်မားသည့် အော့ခ်ကြီးမှာ မိုးမောက်စွာ ရပ်နေသည်။ ၎င်း၏အသားအရေမှာ မှောင်မည်းနေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို လေးလံသော သံချပ်ကာချပ်များဖြင့် ဖုံးအုပ်ထားသည်။ ပခုံးနှစ်ဖက်ပေါ်တွင် ဦးခေါင်းခွံပုံစံ ချပ်ဝတ်တန်ဆာများကို တပ်ဆင်ထားကာ လက်ထဲတွင်မူ ဖျော့တော့သောလရောင်အောက်၌ ဝင်းလက်နေသည့် ဧရာမပုဆိန်ကြီးတစ်လက်ကို ဆုပ်ကိုင်ထားသည်။ ကျောက်ကြမ်းပြင်ပေါ်တွင် ခြေဗလာဖြင့် အခိုင်အမာရပ်နားထားပြီး အစွယ်ထွက်နေသည့် မေးရိုးများတွင်မူ 'ကျောက်မျက်နက်' ကွင်းများ ဆွဲထားသည်။ သားရဲအစွယ်များဖြင့် ကျစ်ထားသော ဆံပင်ကျစ်ဆံမြီးရှည်ကြီးများမှာ စစ်ပွဲမှရရှိသည့် အောင်နိုင်မှုအထိမ်းအမှတ်များအလား ဦးခေါင်းမှ တွဲလောင်းကျနေ၏။
ထိုသတ္တဝါကြီးက ခံစားချက်ကင်းမဲ့သောအသံဖြင့် ဟိန်းဟောက်လိုက်သည်။ အပြင်ဘက်တွင် ကျဆုံးသွားသည့် ဘီလူးများအကြောင်းကို မေးမြန်းနေခြင်းဖြစ်ကြောင်း ဂေါ့ဖရေး ခံစားမိသည်။ သို့သော် ၎င်း၏လေသံတွင် သနားညှာတာမှု အလျဉ်းမရှိဘဲ အေးစက်သော စီရင်ချက်တစ်ခုကဲ့သို့သာ ဖြစ်နေ၏။ ဂေါ့ဖရေး၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်။ ဤသံချပ်ကာဝတ် ဘီလူးကြီးဆီမှ ထွက်ပေါ်နေသော ဖိအား မှာ အသက်ရှူရပ်မတတ် ပြင်းထန်လှသည်။ 'ဒါ အဆင့်မြင့် သတ္တဝါပဲ ဖြစ်ရမယ်'
သူသည် 'မောင်တိန်း' ကို သတိပေးရန် လှည့်ကြည့်လိုက်သော်လည်း စစ်သူရဲကြီးမှာ လှုပ်ရှားနှင့်နေပြီဖြစ်သည်။ ထိုနှစ်ဦး ထိပ်တိုက်တွေ့ဆုံမှုကြောင့် ခန်းမတစ်ခုလုံး တုန်ခါသွားသည်။ မောင်တိန်းက ဘီလူးနက်ကြီး၏ ပုဆိန်ခုတ်ချက်ကို ခုခံလိုက်ရာ လေထုထဲတွင် ပေါက်ကွဲသံနှင့်အတူ ဖုန်မှုန့်များ လွင့်စင်သွားသည်။ ဂေါ့ဖရေး၏ ဆံပင်များမှာ လေပြင်းကြောင့် တဖျတ်ဖျတ်လွင့်နေ၏။ ထိုပုဆိန်ချက်သည် သူ့ဦးခေါင်းကို တည့်တည့်ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ဘီလူးကြီး လှုပ်ရှားသွားသည်ကို သူ လုံးဝမမြင်လိုက်ရဘဲ မောင်တိန်းကသာ အချိန်မီ တားဆီးပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ခွန်အားချင်း ကွာခြားချက်မှာ သိသာလွန်းလှ၏။ ပုဆိန်ချက်ကြောင့် မောင်တိန်း၏ ဒိုင်းလွှားမှာ နက်ရှိုင်းစွာ အက်ကွဲသွားပြီး အလင်းပြန်နိုင်စွမ်း ပျောက်ကွယ်သွားသည်။ မောင်တိန်း၏ ခြေထောက်များမှာ ကြမ်းပြင်အောက်သို့ နစ်ဝင်သွားကာ ကျောက်ပြင်ပေါ်တွင် အက်ကြောင်းများ အစီအရီ ပေါ်လာသည်။
အော့ခ်ကြီးက ဟိန်းဟောက်နေပြီး ၎င်း၏ သွေးရောင်လွှမ်းနေသော မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပနေသည်။ "မောင်တိန်း... 'အမှောင်လွှမ်းမိုးခြင်း အခြေအနေ' ကို အခုချက်ချင်းသုံး" ဂေါ့ဖရေးက အမိန့်ပေးရင်း ကျောက်တိုင်တစ်ခုနောက်သို့ ပြေးဝင်လိုက်သည်။ ထိုကဲ့သို့ သားရဲကြီးရှေ့တွင် သူ ရပ်နေ၍ မဖြစ်ပေ။ ချက်ချင်းပင် စစ်သူရဲကြီး၏ ရွှေရောင်သံချပ်ကာမှာ သွေးနီရောင်သန်းသော အနက်ရောင်သို့ ပြောင်းလဲသွားပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ တဟုန်ထိုး ထွက်ပေါ်လာသည်။ မောင်တိန်းသည် ဟိန်းဟောက်သံနှင့်အတူ ဘီလူးကြီးကို နောက်သို့တွန်းထုတ်လိုက်ပြီး ၎င်း၏ဝမ်းဗိုက်ကို ပြင်းထန်စွာ ဓားဖြင့်လှီးဖြတ်လိုက်သည်။ ထို့နောက် နောက်ထပ်တိုက်ခိုက်မှုကို ကြည့်ပင်မကြည့်ဘဲ ဒိုင်းဖြင့် ကာကွယ်လိုက်၏။
သို့သော် ဂေါ့ဖရေး၏ စိတ်ပျက်သွားသည်။ အော့ခ်ကြီး၏ ဒဏ်ရာမှာ ချက်ချင်းပင် ပြန်လည်စေ့သွားပြီး ဘာမှမဖြစ်ခဲ့သလို ပြန်လည်ကောင်းမွန်သွားသည်။ သံချပ်ကာဝတ် အော့ခ်ကြီးမှာ ဟိန်းဟောက်ရင်း ရှေ့သို့တိုးလာကာ မောင်တိန်း၏ ဒိုင်းကို အရှိန်ဖြင့် ကန်ထုတ်လိုက်သည်။ စစ်သူရဲကြီးမှာ လေးလံသော သံချပ်ကာဝတ်ထားသော်လည်း အလွန်လျင်မြန်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မောင်တိန်း၏ဓားသည် အော့ခ်ကြီး၏ ဝမ်းဗိုက်ကို ဖောက်ထွက်သွားသည်။
"ဗော့ဘူးဂါးးး!!" ဘီလူးနက်ကြီးက အော်ဟစ်လိုက်သည်။ ၎င်းသည် ပုဆိန်ကို ပစ်ချကာ မောင်တိန်း၏ ပခုံးနှစ်ဖက်ကို ဧရာမလက်ကြီးများဖြင့် အတင်းဖိချလိုက်ရာ စစ်သူရဲကြီးမှာ ဒူးတစ်ဖက် ထောက်ကျသွားရသည်။ ထို့နောက် ပြင်းထန်သော ဒူးတိုက်ချက်ကြောင့် မောင်တိန်း၏ သံခမောက်မှာ တုန်ခါသွားပြီး နောက်ဆက်တွဲ ဝေ့ကန်ချက်ကြောင့် ကျောက်တိုင်တစ်ခုကို ဖောက်ထွက်ကာ လွင့်စင်သွားတော့သည်။
ဂေါ့ဖရေး၏ မျက်လုံးများမှာ စူးရှသွားသည်။ 'ဒါက သူ့ကိုယ်သူ ပြန်လည်ကုစားနိုင်လို့ အကြောက်အလန့်မရှိ တိုက်နေတာပဲ။ ဒါပေမဲ့ မင်းကံဆိုးသွားပြီ... ငါတို့ဘက်မှာလည်း အဲဒီလိုလူမျိုး ရှိတယ်'
အော့ခ်ကြီး အံ့အားသင့်သွားရသည်မှာ မောင်တိန်းသည် အပျက်အစီးများကြားမှ ပြန်လည်ထလာပြီး ကျိုးပဲ့သွားသော သံချပ်ကာများနှင့် ဒိုင်းလွှားမှာ အသစ်အတိုင်း ပြန်လည်ကောင်းမွန်သွားခြင်းပင်။ ဤသည်မှာ ပိုမိုသန်မာသော၊ မည်သူမျှ မဖြိုခွင်းနိုင်သော 'မသေနိုင်သည့် ခံတပ်' ပင် ဖြစ်သည်။ မောင်တိန်းသည် အားအင်သစ်များ ရရှိလာသလို ၎င်း၏ လက်အိတ်ကို ဆုပ်နယ်လိုက်ပြီး ဒိုင်းကိုမြှောက်ကာ အရှိန်ဖြင့် ပြေးဝင်တိုက်ခိုက်တော့သည်။
ဘီလူးကြီး လွင့်ထွက်သွားစဉ်မှာပင် ဂေါ့ဖရေးက နောက်ဘက်မှ ဝုန်းခနဲ ထွက်လာသည်။ သူသည် ဓားရှည်ကို အချိန်ကိုက် ဆင့်ခေါ်လိုက်၏။ မောင်တိန်းက ၎င်း၏ဒိုင်းဖြင့် ဘီလူးကြီး၏ ဦးခေါင်းကို ရိုက်ချလိုက်ကာ ဟန်ချက်ပျက်သွားစေသည်။ ထိုအရှိန်ကို အသုံးချကာ ဂေါ့ဖရေးက ၎င်း၏ဓားဖြင့် ဘီလူးကြီး၏ ဦးခေါင်းနောက်စေ့ကို အားကုန်ထိုးစိုက်လိုက်ရာ ဓားသွားမှာ နဖူးမှ ဖောက်ထွက်သွားတော့သည်။
ဘီလူးနက်ကြီးသည် ပြင်းထန်သော အသံနှင့်အတူ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။အစိမ်းရောင်သားရဲတွင်းဂိတ် ၏ ဘုရင်မှာ နောက်ဆုံးတွင် ငြိမ်သက်သွားပြီဖြစ်သည်။ ဂေါ့ဖရေးက သက်ပြင်းတစ်ချက်ကို အားပါးတရ ချလိုက်သည်။ ထိုသတ္တဝါမှာ သာမန်မဟုတ်ဘဲ အနည်းဆုံး အဆင့် ၄.၃ ရှိသော 'အဆင့်မြင့်' သတ္တဝါဖြစ်ပြီး ခွန်အားမှာ ပုံမှန်ထက် များစွာသာလွန်နေခဲ့သည်။ မောင်တိန်း၏ အနက်ရောင်ဝတ်ရုံမှာ ဖြူစင်သောအရောင်သို့ ပြန်ပြောင်းသွားပြီး သံချပ်ကာမှာလည်း ရွှေရောင်အတိ ပြန်လည်ဝင်းလက်လာသည်။
ဂေါ့ဖရေးက စင်မြင့်ဆီသို့ လှည့်ကြည့်လိုက်ရာ လေထုထဲတွင် လွင့်မျောနေသော အနီရောင် အလင်းလုံးလေးတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ သားရဲအမြုတေပင် ဖြစ်သည်။ ဈေးကွက်ထဲတွင် ရောင်းလျှင် အလွန်တန်ဖိုးကြီးသော်လည်း ဂေါ့ဖရေးက ချမ်းသာမှုကို မမက်မောဘဲ ခွန်အားကိုသာ လိုလားသူဖြစ်သည်။
"ဒါ မင်းအတွက်ပဲ" သူက မောင်တိန်းကို ပြောလိုက်သည်။ စစ်သူရဲကြီးမှာ စင်မြင့်ပေါ်သို့ တက်ကာ အမြုတေကို ဆုပ်ကိုင်လိုက်သည်။ ခဏအတွင်းမှာပင် ထိုအထဲမှ ကြီးမားသော စွမ်းအင်များသည် မောင်တိန်း၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသည်။ ဂေါ့ဖရေးဆီသို့လည်း ထိုစွမ်းအင်များ ချက်ချင်း ရောက်ရှိလာသည်။ သူ၏ ကြွက်သားများ တင်းမာလာပြီး သွေးကြောများမှာ အသက်ဝင်လာသလို ခံစားရသည်။ အရိုးများ ပိုမိုသိပ်သည်းလာကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပိုမိုသန်မာလာသည်။ မောင်တိန်း၏ စွမ်းအားမှာ ဆင့်ခေါ်ပြီး နှစ်ရက်အတွင်းမှာပင် ၃.၀ မှ ၃.၂ သို့ မြင့်တက်သွားသည်။
ဂေါ့ဖရေးသည် သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အနီးရှိ ကျောက်တိုင်တစ်ခုကို ထိုးနှက်လိုက်သည်။ ကျောက်တိုင်မှာ အစိတ်စိတ်အမွှာမွှာ ကြွေကျသွား၏။ 'ဒါ... ငါ တကယ်လုပ်လိုက်တာလား' သူက သူ၏ လက်ဆစ်များကို ငုံ့ကြည့်လိုက်သည်။ ဒဏ်ရာမှာ အနည်းငယ်သာ ရှိသော်လည်း သူ 'ပဲ့တင်သံ' စွမ်းရည်ကို သုံးလိုက်ပါက မောင်တိန်း၏ လက်အိတ်များကြောင့် သူ ဒဏ်ရာရလိမ့်မည် မဟုတ်ပေ။ ဆင့်ခေါ်သတ္တဝါ အစွမ်းထက်သူများသည် ကားများကို မချီနိုင်သည်မှာ သူ့အတွက် ယခင်က မယုံနိုင်စရာ ဖြစ်ခဲ့သော်လည်း ယခုမူ ထိုစွမ်းအားကို ကိုယ်တိုင် ခံစားနေရပြီ ဖြစ်သည်။
သို့သော် သူ မာနမတက်ခဲ့ပေ။ သူသည် အောက်ခြေလူတန်းစားဘဝတွင် ကြာရှည်စွာ နေထိုင်ခဲ့ရသူဖြစ်ရာ အောင်မြင်မှုကြောင့် မျက်စိကွယ်မသွားခဲ့ပါ။ သူ၏ ပန်းတိုင်မှာ ရှင်းလင်းနေဆဲဖြစ်သည်။ သူသည် 'ဆီးဖရိ' ၊ 'စနိုး'၊ 'ဒေးလ်' နှင့် 'အိုင်ဆိုဒ်' တို့နှင့် ယှဉ်လျှင် ဝေးကွာနေပါသေးသည်။
ခန်းမကြီးမှာ မြူနှင်းများအလား ပျောက်ကွယ်သွားပြီး ဂေါ့ဖရေးသည် သူ၏အိပ်ခန်းထဲသို့ ပြန်လည်ရောက်ရှိလာသည်။ "ပြန်ရောက်ပြီပဲ... မောင်တိန်း၊ မင်းရော အဆင်ပြေရဲ့လား"
သူ့ဘေးရှိ စစ်သူရဲကြီးမှာ ရုတ်တရက် လှည့်ကာ ဓားနှင့်ဒိုင်းကို အသင့်ပြင်လိုက်သည်။ ဂေါ့ဖရေး လန့်သွားပြီး တံခါးဝဘက်သို့ လှည့်ကြည့်လိုက်ရာ 'ဗစ်တိုးရီးယား' ကို တွေ့လိုက်ရသည်။ သူမ၏ မျက်နှာမှာ ဖြူဖျော့နေပြီး အသက်ကို လုရှူနေရသည်။ သားရဲ၏ စွမ်းအင်များ ယိုစိမ့်လာသည်ကို သူမ ခံစားမိပြီး ဂေါ့ဖရေး၏ အခန်းဆီမှ လာသည်ကို သိလိုက်ရချိန်တွင် သူမ အလွန်စိုးရိမ်သွားခဲ့ခြင်း ဖြစ်သည်။
သူမ တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် ဂေါ့ဖရေးကို အစိမ်းရောင် သွေးများဖြင့် စိုရွှဲနေပြီး ပြုံးလျက်သား တွေ့လိုက်ရသည်။ ၎င်း၏ ဘေးတွင်မူ စစ်သူရဲကြီးတစ်ဦး...။ သူမ မျက်လုံးကို ပွတ်ကြည့်လိုက်မိသည်။ ဤသားရဲမှာ ပုံမှန်ထက် အားနည်းနေ၍လား၊ သို့မဟုတ်လျှင် လူသားပုံစံ ဆင့်ခေါ်သတ္တဝါကိုမှ ခုမှ နိုးထလာသည့် ဤကောင်လေးက မည်သို့ အသက်ရှင်ကျန်ရစ်နေသနည်း။