အခန်း (၇) - မျိုးရိုးဗီဇနှောဆင့်ခေါ်မှု
ခရီးဆောင်အိတ်တစ်လုံးကို လက်တစ်ဖက်က ဆွဲကိုင်ထားပြီး ခေါင်းစွပ်ပါသည့် အဖြူရောင်အပေါ်အင်္ကျီနှင့် ဘောင်းဘီအနက်ရောင်ကို ဝတ်ဆင်ထားသော ဂေါ့ဖရေးသည် လေဆိပ်အတွင်း၌ လျှောက်လှမ်းလာခဲ့သည်။ လှုပ်ရှားသွားလာနေကြသော ရာနှင့်ချီသည့် လူအုပ်ကြီးထဲတွင် သူသည် ထူးခြားမှုမရှိသော သာမန်လူတစ်ယောက်သာ။ မည်သူကမျှ သူ့ကို အရေးတယူ လှည့်မကြည့်ကြသလို ၎င်းမှာလည်း သူအလိုရှိဆုံး အခြေအနေပင်ဖြစ်သည်။ သူ့ကို မည်သူမှ မမှတ်မိခြင်းကသာ အကောင်းဆုံး မဟုတ်ပါလား။
သို့သော်လည်း သူ၏ ထင်မြင်ချက်မှာ စောလွန်းသွားခဲ့သည်။ ဘယ်ဘက်မျက်လုံးအစွန်မှ တစ်ဆင့် ကြည့်လိုက်ရာတွင် လူငယ်တစ်စုမှာ သူ့ကို နာမည်ကျော်တစ်ယောက်ကဲ့သို့ လက်ညှိုးထိုးပြကာ တိုးတိုးတိုးတိုး ပြောနေကြသည်ကို မြင်လိုက်ရသည်။ ဂေါ့ဖရေး မျက်လုံးကိုမှိတ်ကာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ဤနေရာသည် သူ၏ဇာတိမြေ ‘အမေဇုန်မြို့တော်’ ဖြစ်သလို၊ မိဘများကို အရှက်ရစေသူဟူသော သူ၏ ဂုဏ်ပုဒ်ကလည်း အထွတ်အထိပ်သို့ ရောက်နေသည့် နေရာဖြစ်သည်။ ထိုကဲ့သို့ နာမည်ပျက်ရှိနေသောကြောင့်သာ ဤနေရာနှင့် အလှမ်းဝေးလှသည့် မန်ဟက်တန်သို့ သူထွက်ခွာသွားခဲ့ခြင်း မဟုတ်ပါလား။ သို့သော်လည်း မန်ဟက်တန်သည်လည်း သူထင်ထားသလောက် အဆင်မပြေခဲ့ပေ။ မျှော်လင့်ချက်ဟူသည်ကား ထိုမျှသာ။
လေဆိပ်အတွင်းရှိ စခရင်များထံ အကြည့်ပို့လိုက်ရာတွင် သတင်းကြေညာသူ အမျိုးသမီးတစ်ဦး၏ စကားကြောင့် သူ၏ မျက်ခုံးများ တွန့်ချိုးသွားခဲ့သည်။
“အမေဇုန်မြို့တော်အတွင်းမှာ အစိမ်းရောင် သားရဲတွင်းဂိတ်တွေ ပေါ်ထွက်လာမှု သိသိသာသာ မြင့်တက်လာပါတယ်။ အထူးသဖြင့် ရပ်ကွက် (အေ,ဘီ,ကေ) နဲ့ (အယ်လ်) တို့မှာ ဖြစ်ပါတယ်။ မိဘပြည်သူများအနေနဲ့ လူသူကင်းဝေးတဲ့ နေရာတွေကို သွားလာရာမှာ အထူးသတိထားကြဖို့ တိုက်တွန်းလိုပါတယ်။ လူပျောက်တိုင်ကြားမှုတွေလည်း ရှိနေတာကြောင့် အမြဲတမ်း နိုးနိုးကြားကြား ရှိနေပေးကြပါရှင်။”
သူမ၏ စကားကြောင့် ဂေါ့ဖရေး မျက်မှောင်ကြုတ်လိုက်မိသည်။ သားရဲတွင်းဂိတ် (ယများသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကတည်းက ကမ္ဘာပေါ်တွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သော်လည်း ၎င်းတို့၏ အန္တရာယ်မှာမူ လျော့ပါးမသွားပေ။ အထူးသဖြင့် အစိမ်းရောင်ဂိတ်မှာ ပို၍ ဆိုးရွားသည်။
အများသိထားကြသည့် ဂိတ်အမျိုးအစား သုံးမျိုးရှိသည်။ ‘အပြာရောင်ဂိတ်’ မှာ အမြဲတမ်းလိုလို တည်ရှိနေတတ်ပြီး ပိတ်သွားခြင်းမရှိဘဲ ထပ်ခါတလဲလဲ ဝင်ရောက်ရှင်းလင်းနိုင်သည်။ တစ်ခါတစ်ရံတွင် ပို၍ပင် ကြီးမားလာတတ်သေးသည်။ ‘အစိမ်းရောင်ဂိတ်’ မှာမူ အလွန်အန္တရာယ်ကြီးပြီး မည်သည့် အရိပ်အယောင်မျှ ပြသခြင်းမရှိပေ။ မည်သူမဆို သတိမထားမိဘဲ ထိုဂိတ်အတွင်းသို့ ကျရောက်သွားနိုင်သည်။ အပြာရောင်ဂိတ်နှင့် မတူညီသည့်အချက်မှာ သားရဲတွင်းကို အပြီးတိုင် ရှင်းလင်းနိုင်ခြင်းမရှိသရွေ့ ပြန်ထွက်လာ၍ မရခြင်းပင်။ နောက်ဆုံးတစ်ခုဖြစ်သည့် ‘အနီရောင်ဂိတ်’ ကမူ မြို့ပျက်သုဉ်းကိန်းဆိုက်စေသည့် ဘေးအန္တရာယ်မျိုးဖြစ်သည်။ အတိတ်တစ်ချိန်က ထိုအနီရောင်ဂိတ်အတွင်းမှ သန်မာတဲ့ မျိုးရိုးခြား စစ်သူရဲသတ္တဝါ ပေါင်း တစ်သိန်းကျော် ထွက်ပေါ်လာခဲ့ပြီး ၎င်းမှာ သူ၏ဖခင် ရင်ဆိုင်ခဲ့ရသော ကပ်ဘေးဆိုးကြီးလည်း ဖြစ်ခဲ့သည်။
ထိုအတွေးများဖြင့် လေးလံနေသော စိတ်ကို ထိန်းချုပ်ကာ ဂေါ့ဖရေး လေဆိပ်မှ ထွက်ခွာပြီး တက္ကစီတစ်စီး ငှားလိုက်သည်။ အမေဇုန်မြို့တော်ရှိ လူတိုင်းနီးပါး သူနေထိုင်ရာ လမ်းကို သိကြသည်။ မိနစ်နှစ်ဆယ်ခန့် မောင်းနှင်ပြီးနောက် သူသည် လူလုပ်မြက်ခင်းတုများ ဖုံးလွှမ်းနေသော မြင့်မားသည့် တံတိုင်းကြီးများနှင့် အနက်ရောင် ဂိတ်တံခါးကြီးရှေ့တွင် ဆင်းလိုက်သည်။ အပေါ်သို့ မော့ကြည့်လိုက်ရာတွင် ဖန်သားနံရံကြီးများဖြင့် ခမ်းနားထည်ဝါစွာ တည်ဆောက်ထားသည့် နှစ်ထပ်အိမ်ဖြူတော်ကြီးကို မြင်တွေ့လိုက်ရသည်။ လမ်းသွားလမ်းလာ မည်သူမဆို လည်ပြန်ကြည့်ရလောက်အောင်ပင် လှပလွန်းလှသည်။
အချက်ပေးသံတစ်ခုနှင့်အတူ ဂိတ်တံခါးမှာ ဘေးသို့ ပွင့်သွားပြီး သူသည် ခြံဝင်းအတွင်းသို့ လှမ်းဝင်လိုက်သည်။ သူ့ရှေ့တွင် ဆယ်ပေခန့်မြင့်သော ပန်းပင်ဝင်္ကပါကြီးတစ်ခုက ခြံဝင်းအပြည့် ဖြန့်ကျက်ထားပြီး လှပသောအိမ်ကြီးမှာ ထိုဝင်္ကပါ၏ တစ်ဖက်ခြမ်းတွင် ရှိနေသည်။ လူအများအတွက်မူ ဤဝင်္ကပါသည် ကြောက်စရာကောင်းသော်လည်း ဂေါ့ဖရေးအတွက်မူ မဟုတ်ပေ။ သူ လမ်းစလျှောက်တတ်ကတည်းက ဤဝင်္ကပါထဲတွင် သွားလာခဲ့ခြင်း ဖြစ်သည်။
အများပြည်သူ သိထားကြသည်မှာ မှားယွင်းနေသည်။ သူ၏ဖခင်က ရွှေထုတ်ပေးနိုင်သော ဆင့်ခေါ်သတ္တဝါဖြင့် မိသားစုကို ချမ်းသာအောင် လုပ်ပေးခဲ့ခြင်း မဟုတ်ပေ။ အမှန်တကယ်တွင်မူ သူ၏ဖခင်၌ ရှိသည်မှာ သန်မာလာစေရန် ရွှေကို စားသုံးရသည့် ‘ရွှေစားဘီလူးကြီး’ သာ ဖြစ်သည်။ မိသားစုကို အမှန်တကယ် ကြွယ်ဝချမ်းသာစေသူမှာ သူ၏မိခင် ဖြစ်သည်။ သူမ၏ ဆင့်ခေါ်သတ္တဝါသည် မည်သည့်ရောဂါနှင့် ဒဏ်ရာကိုမဆို ကုသပေးနိုင်သည့် စွမ်းအားရှိသည်။ ကိုယ်လက်အင်္ဂါ ပြတ်တောက်သွားသူများပင်လျှင် သူမ၏ ကုသခြင်းရေစင်ဖြင့် ကုသပါက ပြန်လည်ပေါက်ဖွားလာနိုင်စွမ်း ရှိသည်။ သူမ သက်ရှိထင်ရှား ရှိနေသရွေ့ ထိုရေစင်၏ စွမ်းအားမှာ ပျယ်ပြယ်သွားခြင်းမရှိပေ။
သူမ၏ ဆင့်ခေါ်သတ္တဝါမှာ ‘အဆင့်မြင့်’ အဖြစ်သာ တရားဝင် သတ်မှတ်ထားသော်လည်း ၎င်း၏ အသုံးဝင်မှုနှင့် တန်ဖိုးမှာ ‘အရှင်သခင်အဆင့်’ ထက်ပင် သာလွန်နေသည်။ ကမ္ဘာ့အနှံ့အပြားမှ သူဌေးကြီးများသည် သူမ၏ အကူအညီကို ရရှိရန် တကူးတက လာရောက် တောင်းပန်ကြရသည်။ သို့သော်လည်း အပူတပြင်းဖြစ်လာသည့်အခါတွင် လူတို့သည် ရမ်းကားလာတတ်ကြသည်။ ဤခြံဝင်းအတွင်းသို့ ခိုးဝင်ရန် ကြိုးစားသူများမှာ တစ်ခါမက ရှိခဲ့ဖူးသည်။ ထို့ကြောင့်ပင် ဤဝင်္ကပါကို ထားရှိခြင်း ဖြစ်သည်။ လူအချို့ ဤဝင်္ကပါထဲတွင် လမ်းပျောက်ကာ ရက်ပေါင်းများစွာ ပိတ်မိနေသည်ကို တွေ့ရှိရပြီးနောက်တွင် မည်သူမျှ ခိုးဝင်ရန် မကြိုးစားဝံ့ကြတော့ပေ။
ဂေါ့ဖရေးသည် အမြဲပြောင်းလဲနေသော ဝင်္ကပါလမ်းကြောင်းများကြားမှ အလွယ်တကူ ဖြတ်ကျော်ကာ တစ်ဖက်ခြမ်းသို့ ရောက်ရှိလာခဲ့သည်။ အိမ်အတွင်းသို့ ဝင်လိုက်ရာတွင် အဖြူရောင် နံရံများနှင့် လိုက်ဖက်ညီလှသော ဆိုဖာအနက်ရောင်များဖြင့် ပြင်ဆင်ထားသည့် ကျယ်ဝန်းသော ဧည့်ခန်းကြီးကို မြင်တွေ့ရသည်။ ပြတင်းပေါက်နားတွင် ဆံပင်အညိုရောင်နှင့် အမျိုးသမီးတစ်ဦး ကျောပေးကာ ရပ်နေ၏။ သူမသည် ခါးတွင် အိမ်ရှေ့ဝတ် ခါးစည်းကို ပတ်ထားပြီး လက်တွင် မီးဖိုချောင်သုံးလက်အိတ်များ စွပ်လျက် ဖုန်းတစ်လုံးကို နားတွင် ကပ်ထားသည်။
“ဒါရိုက်တာကြီး… ကျွန်မသားလေး လာနေပြီလေ။ သူ့ကို အံ့အားသင့်အောင် လုပ်ပေးချင်လို့ပါ။ သူ ဘယ်လောက်တောင် ပင်ပန်းခဲ့ရသလဲဆိုတာ ရှင်သိသားပဲ” ဟု သူမက နွေးထွေးသော အသံဖြင့် ပြောလိုက်သည်။
“ဗလင်တီးနား… တစ်ရက်တောင် ရှိသွားပြီနော်!” ဟူသော ခက်ထန်သည့် တုံ့ပြန်သံ ထွက်ပေါ်လာသည်။ “ဒီဆေးရုံမှာ ကမ္ဘာ့အနှံ့က အရေးကြီးပုဂ္ဂိုလ်တွေ ရောက်နေကြတာ။ သူတို့က ထောင်နဲ့ချီတဲ့ လူတွေရဲ့ အသက်ကို ကယ်တင်နေတဲ့ ဆင့်ခေါ်သူတွေလေ။ ဖျားတာတောင် မဟုတ်တဲ့ ကောင်လေးတစ်ယောက်အတွက်နဲ့ သူတို့ကို လျစ်လျူရှုထားလို့ မရဘူး!”
ဗလင်တီးနား မျက်မှောင်ကြုတ်သွားသည်။ “သူက ကျွန်မသားလေးလေ။”
“မဟုတ်ဘူးလို့ မပြောပါဘူး။ ဒါပေမဲ့ တစ်ပတ်လောက် ခွင့်ယူလို့တော့ မရဘူး။ မြို့တော်ဝန်ကလည်း ရှင်ကုပေးရမယ့် လူတစ်ယောက်ကို လွှတ်လိုက်ပြီ။ နောက် နာရီအနည်းငယ်အတွင်းမှာ ရှင့်ကို မြင်ချင်တယ်နော်။”
ဖုန်းကျသွားသည်။ ဗလင်တီးနား လှည့်ကြည့်လိုက်သောအခါ ကြက်သေ သေသွားလေသည်။ ဂေါ့ဖရေးက အိမ်ဦးဝတွင် ရပ်နေပြီး မျက်နှာပျက်နေသည်။ သူ အားလုံးကို ကြားလိုက်ရသည်။ သူ၏ ထက်မြက်သော အာရုံခံစားမှုနှင့် လော်စပီကာ ဖွင့်ထားသောကြောင့် မကြားဘဲ မနေနိုင်ခဲ့ပေ။
“သူတို့ အမေကို ဒီလိုမျိုး ခိုင်းစေနေတာကို ကျွန်တော် မကြိုက်ဘူး” ဟု ဂေါ့ဖရေးက လေးလံသော အသံဖြင့် ပြောလိုက်သည်။
ဗလင်တီးနား၏ မျက်နှာလေး နူးညံ့သွားပြီး သားဖြစ်သူအနားသို့ လှမ်းလာကာ ဆံပင်လေးများကို ပွတ်သပ်ပေးရင်း နဖူးကို နမ်းလိုက်သည်။ “အမေ နေ့လယ်စာ ပြင်ထားတယ်၊ သား အကြိုက်ဆုံးတွေချည်းပဲ။”
ဂေါ့ဖရေးက တစ်ချက်ညည်းတွားလိုက်သော်လည်း သူမနောက်သို့ မလိုက်ဘဲ မနေနိုင်ခဲ့ပေ။ နေ့လယ်စာ စားပြီးနောက်တွင် ဂေါ့ဖရေးသည် သူမကို အိမ်ရှေ့အထိ လိုက်ပို့ပေးခဲ့သည်။ သူတို့နှင့်အတူ ဘောင်းဘီအရှည်ကို စမတ်ကျကျ ဝတ်ဆင်ထားပြီး ခြေတံရှည်လျားလှပသည့် အရပ်မြင့်မြင့် အိမ်ထိန်း ဗစ်တိုးရီးယား လည်း ပါလာသည်။
“ဗစ်တိုးရီးယား… ကျွန်မမရှိတုန်း သားလေးကို သေချာ ဂရုစိုက်ပေးပါဦးနော်” ဟု ဗလင်တီးနားက ကားပေါ်မတက်မီ မှာကြားလိုက်သည်။ ဝင်္ကပါမှာ လမ်းကြောင်းပြောင်းသွားပြီး သူမ ထွက်ခွာသွားရန် လမ်းပွင့်ပေးလိုက်သည်။
သူမ ထွက်သွားပြီးနောက် ဂေါ့ဖရေး ထမင်းစားခန်းသို့ ပြန်လာရာ ဗစ်တိုးရီးယားက တိတ်တဆိတ် နောက်က လိုက်လာသည်။ “ထပ်စားဦးမလား ရှင့်” ဟု သူမက စားကြွင်းစားကျန်များကို သိမ်းဆည်းရင်း မေးလိုက်သည်။
ဂေါ့ဖရေး ခေါင်းခါလိုက်မိသည်။ သူ့မိခင်အား အသုံးချခံနေရခြင်း၊ သူမ၏ ဆင့်ခေါ်သတ္တဝါမှာ ကိရိယာတစ်ခုကဲ့သို့ ဖြစ်နေခြင်းနှင့် သူမ၏ ဘဝကို အခြားသူများက စီမံခန့်ခွဲနေခြင်းကို သူ မုန်းတီးလှသည်။ လူတစ်ယောက်၏ ပြတ်တောက်သွားသော အင်္ဂါကို ပြန်ပေါက်စေရန် သူမ ရက်ပေါင်းများစွာ အနားမနေ ကုသပေးရသော်လည်း၊ သူမမှာ အနားယူချိန်မရှိဘဲ လပေါင်းများစွာ ဆက်တိုက် အလုပ်လုပ်ရန် စာရင်းသွင်းခံထားရသည်။ ၎င်းမှာ တိုက်ခိုက်ရေးစွမ်းရည် မရှိသော ဆင့်ခေါ်သတ္တဝါကို ပိုင်ဆိုင်ထားရသည့်အတွက် ပေးဆပ်ရသည့် တန်ဖိုးလော။ ထို့ကြောင့်ပင် အာဏာပိုင်များက သူမကို ပိုင်ဆိုင်မှုတစ်ခုကဲ့သို့ သဘောထားပြီး၊ သူ့ကိုကျတော့ ဆင့်ခေါ်သတ္တဝါ မရှိဘဲ မန်ဟက်တန်သို့ တက်ခွင့်ပေးသကဲ့သို့သော အထူးအခွင့်အရေးများ ပေးနေကြခြင်းလော။
ဂေါ့ဖရေး လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူ့မိခင်သည် ကျွန်တစ်ယောက် မဟုတ်ပေ။ တစ်နေ့တွင် အရာအားလုံးကို သူမ စိတ်ကြိုက် ဖြစ်စေရမည်။ ထိုသို့ဖြစ်လာရန်အတွက် သူ ပို၍ သန်မာလာရမည်။
ထိုအတွေးဖြင့် သူ မျက်လုံးများကို မှိတ်လိုက်သည်။ နောက်တစ်ခဏတွင် သူသည် မိမိ၏ ‘ဝိညာဉ်နယ်ပယ်’ အတွင်းသို့ ရောက်ရှိသွားခဲ့သည်။ အဆုံးအစမရှိသော အဖြူရောင် လှေကားထစ်ကြီးများကို မြင်လိုက်ရသည့်အခါ သူ၏ မျက်လုံးများ တောက်ပသွားသည်။ ပထမဆုံးအကြိမ် မြင်ခဲ့ရစဉ်ကကဲ့သို့ပင် ညှို့ယူဖမ်းစားနိုင်ဆဲပင်။
သူသည် ကျောက်တုံးဖြူများဖြင့် တည်ဆောက်ထားသည့် ကျယ်ဝန်းသော ခန်းမဆောင်အတွင်းသို့ ရောက်ရှိလာသည်။ ခန်းမ၏ ညာဘက်အစွန်တွင် ‘မောင်တိန်း’ သည် ကျောက်ပလ္လင်ပေါ်၌ ထိုင်ကာ အနားယူနေသည်။ သူ၏ ဒိုင်းလွှားမှာ လက်ရန်း၏ ဘယ်ဘက်တွင် မှီထားပြီး၊ သန်လျက်ရှည်ကြီးမှာ ညာဘက်တွင် ရှိနေသည်။ ဂေါ့ဖရေးကို မြင်လိုက်သည်နှင့် မောင်တိန်းသည် ချပ်ဝတ်တန်ဆာသံ တဂျိဂျိဖြင့် ထရပ်လိုက်ကာ၊ သူ၏ လက်နက်များကို ကောက်ကိုင်ပြီး ဂေါ့ဖရေးရှေ့တွင် ဒူးထောက်လိုက်သည်။
ဂေါ့ဖရေးသည် သူရဲကောင်းကြီး၏ ကြီးမားလှသော ပခုံးသံချပ်ကာပေါ်သို့ လက်တစ်ဖက် တင်လိုက်ပြီး “ထပါ၊ မောင်တိန်း” ဟု ပြောလိုက်သည်။
သူရဲကောင်းသည် မဆိုင်းမတွပင် နာခံလိုက်၏။ ဂေါ့ဖရေး၏ အကြည့်များသည် နံရံများထံသို့ ရောက်ရှိသွားသည်။ ကျောက်နံရံပေါ်တွင် ပန်းချီကားများ ထွင်းထုထားသည် - ဓားနှင့် ဒိုင်းကို ကိုင်ဆောင်ထားသော သူရဲကောင်းတစ်ဦး၊ သူ၏ ဘေးတွင်မူ အရောင်အသွေးများ ပြောင်းလဲနေသည့် ပုတ်သင်ညိုနှင့်တူသော သတ္တဝါတစ်ကောင်။ ထိုသတ္တဝါသည် ရင်ဆိုင်ရသည့် ရန်သူများ၏ စွမ်းရည်ကို အသုံးပြုကာ သားကောင်ဘဝမှ အမဲလိုက်သတ္တဝါအဖြစ် အကြိမ်ကြိမ် ပြောင်းလဲသွားပုံများကိုလည်း ရေးဆွဲထားသည်။ ဂေါ့ဖရေး နားမလည်နိုင်သော ရှေးဟောင်းစာသားများ ပါရှိသော်လည်း ပန်းချီကားများကို ကြည့်ရုံနှင့်ပင် သူ အဓိပ္ပာယ်ကို ခန့်မှန်းနိုင်သည်။
“ဒါကြောင့် ‘အဂ္ဂိရတ်နည်းနဲ့ ပြုပြင်ပြောင်းလဲထားတယ်’ လို့ ဆိုလိုတာကိုး…”
မောင်တိန်းသည် သားရဲများကို သတ်ရန် သန်မာအောင် လုပ်ထားသည့် လူသားတစ်ယောက် သက်သက်မဟုတ်ပေ။ သူသည် ရှေးကျပြီး ဆန်းကြယ်လှသော တစ်ခုခု၏ ရလဒ်ပင်ဖြစ်သည်။ ထိုပုတ်သင်ညိုသတ္တဝါမှာ ‘ချီမီရာ’ တစ်ကောင်ဖြစ်ပြီး၊ မောင်တိန်းကိုယ်တိုင်မှာမူ ‘ပရိုင်မယ်’ တစ်ဦးဖြစ်သည်။ သို့သော် သူတို့ နှစ်ဦး ပေါင်းစည်းလိုက်သည့်အခါတွင်မူ မဖြစ်နိုင်သော အရာတစ်ခု ဖြစ်လာခဲ့သည်။ ၎င်းမှာ ‘မျိုးရိုးဗီဇနှော’ ပင်။ သဘာဝအလျောက် မည်သည့်အခါမျှ တည်ရှိမလာနိုင်သည့် ဆင့်ခေါ်သတ္တဝါမျိုးဖြစ်သည်။
သူ့ရှေ့တွင်မူ ဒုတိယမြောက် တံခါးကြီး ရှိနေသည်။ ၎င်းမှာလည်း နောက်ထပ် မျိုးရိုးဗီဇနှောသတ္တဝါ တစ်ကောင် ဖြစ်နေဦးမည်လော။