အခန်း (၄၃) - ကမ်းခြေပါတီ
နောက်ဆုံးတွင်တော့ လူတိုင်းမျှော်လင့်နေကြသည့် ညချမ်းအချိန်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အပန်းဖြေစခန်း၏ သီးသန့်ကမ်းခြေတစ်ခုတွင် အသက် ၁၆၊ ၁၇ အရွယ် လူငယ်အုပ်စုတစ်စုကို တီရှပ်အေးအေး၊ လက်ပြတ်အင်္ကျီ၊ ဘောင်းဘီတို၊ ကမ်းခြေပတ်လုံချည်စသည်ဖြင့် ပေါ့ပေါ့ပါးပါး ဖက်ရှင်ကိုယ်စီဖြင့် တွေ့ရသည်။ အသီးဖျော်ရည်များသာ ရရှိသည့် ဘားတန်းတွင် ထိုင်နေသော စီစီ သည် သူမ၏ ဂုတ်ဝဲဆံပင်လေးကို ဂုဏ်ယူဝင့်ကြွားစွာ ခါယမ်းနေပြီး ပိုလာရစ် ကျောင်းမှ ကျောင်းသားများနှင့် သူမကို ယခင်က ဤကဲ့သို့ မမြင်ဖူးကြသည့် အတန်းဖော်ယောကျ်ားလေးများ၏ အကြည့်များကို သဘောကျစွာ ခံယူနေသည်။
သို့သော်လည်း ထိုအကြည့်များသည် အသက် ၁၆ နှစ်အရွယ် ဆွဲဆောင်မှုရှိလှသည့် အိုင်ဆိုဒ် ပန်ဒရက်ဂွန် ကို အားရပါးရ ငေးမောပြီးမှသာ သူမထံသို့ ရောက်လာခြင်းဖြစ်သည်။ အိုင်ဆိုဒ်သည် အမြဲတမ်းအားကစားလုပ်လေ့ရှိသည့်အပြင် သဘာဝအတိုင်း လှပလွန်းသူဖြစ်ရာ သူမ၏ ရွှေဖြူရောင်ဆံနွယ်လှလှလေးများနှင့် ဆွဲဆောင်မှုရှိသော မျက်နှာပေါ်က မသိမသာခြယ်သထားသည့် မိတ်ကပ်များကြောင့် သူမလှုပ်ရှားလိုက်တိုင်း အားလုံး၏အကြည့်က ဖမ်းစားခြင်းခံရသည်။ သူမ၏အလှမှာ တစ်ဖက်လူကို မှင်တက်သွားစေလောက်သည့် 'လူသတ်အကြည့်' မျိုးဖြစ်ပြီး မိန်းကလေးချင်းတောင်မှ တစ်ချက်မျှမငေးဘဲ မနေနိုင်လောက်အောင်ပင်။ တစ်ခုတည်းသော အတားအဆီးမှာ သူမ၏ စွမ်းအားကြီးမားမှုကြောင့်သာဖြစ်ပြီး မည်သူမျှ သူမနှင့်အတူ သောက်ရန် သို့မဟုတ် ကစားရန် မဖိတ်ခေါ်ရဲကြချေ။
စီစီ မှာမူ အကြိမ်ကြိမ်ဖိတ်ခေါ်ခြင်း ခံရသော်လည်း အိုင်ဆိုဒ်နှင့် နှစ်ခုံအကွာတွင်သာ ဆက်ထိုင်နေပြီး ‘မန်ဟက်တန်ဘုရင်မ’ က ဖုန်းကိုသာ စိုက်ကြည့်နေသည်ကို အကဲခတ်နေသည်။ ထို့နောက် ဘော်လီဘောကစားနေသည့် ယောကျ်ားလေးအုပ်စုဘက်သို့ လှည့်ကြည့်လိုက်ရာ ပိုလာရစ်၏ ရုပ်ဖြောင့်လူချော ထူးချွန်အုပ်စုကို တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားသည်။ ထိုသူများသည် ‘ပိုလာရစ်အသင်း’ အဖြစ် ဖွဲ့စည်းထားပြီး ‘စနိုး’ဦးဆောင်သည့် ‘မန်ဟက်တန်အသင်း’ နှင့် ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်။ စနိုးတစ်ယောက်သာလျှင် ထိုသူတို့၏ ရုပ်ရည်ကို ယှဉ်နိုင်စွမ်းရှိသည်။ ဂိုဏ်းအသီးသီးတွင် ဖျော်ဖြေရေးသမား ဖြစ်ရန် ရည်မှန်းထားသူများသည် ၎င်းတို့၏ ရုပ်ရည်ကို မြှင့်တင်ရန်အတွက် စနိုး၏ ဆင့်ခေါ်သားရဲနှင့် အမျိုးအစားတူသူကို ငှားရမ်းလေ့ရှိသည်မှာ သာမန်ကိစ္စတစ်ခုကဲ့သို့ ဖြစ်နေသည်။ ထိုကဲ့သို့သော ဆင့်ခေါ်သားရဲများ ပေါ်ပေါက်လာပြီးနောက်တွင် ပလတ်စတစ်ဆာဂျရီဆိုသည်မှာ ခေတ်မစားတော့ပေ။
ပိုလာရစ်အသင်းက သူမတို့ကျောင်းအသင်းကို အနိုင်ယူနေသည်ကို ကြည့်ရင်း စီစီ က မကျေမနပ် စုတ်သပ်လိုက်သည်။ “ဂေါ့ဖရေး ဘာလို့မလာတာလဲ?”
သူမသည် ပါတီပွဲထဲ စတင်ဝင်ရောက်လာကတည်းက စိတ်ထဲရှိနေသည့် စကားကို အိုင်ဆိုဒ်အား နောက်ဆုံးတွင် ထုတ်ပြောလိုက်သည်။ အိုင်ဆိုဒ်သည် လက်ထဲက ဖန်ခွက်ကို တင်းတင်းဆုပ်ကိုင်လိုက်ရာ နဖူးတွင် အကြောများပင် ထောင်တက်လာသည်။ “သူလာလိမ့်မယ်လို့ ငါထင်နေတာ...” သူမက စိတ်ပျက်လက်ပျက်ဖြင့် နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။ ပို့ထားသည့် မက်ဆေ့ချ်ကို ပြန်စစ်ကြည့်ရာ ဂေါ့ဖရေးက ကြည့်ပင်မကြည့်ရသေးသည်ကို တွေ့လိုက်ရသည်။
“အခုထိ ဖုန်းပိတ်ထားတုန်းပဲ...” အိုင်ဆိုဒ်က တိုးတိုးလေး ရေရွတ်လိုက်သည်။ သူမ အသံတိုးသော်လည်း စီစီ က ကြားသွားပြီး အဓိပ္ပာယ်ပါသော အပြုံးတစ်ခုဖြင့် ထရပ်ကာ ထွက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ကမ်းခြေပါတီကို အပေါ်စီးမှ မြင်နေရသည့် အဆောက်အအုံတစ်ခု၏ ဝရန်တာတွင် အက်ဒ်ဝင် သည် ဂျူလီယာ နှင့် ပိုလာရစ်၏ အတန်းပိုင်ဆရာမ ဖယ်လီစီတီ တို့နှင့်အတူ မှန်လက်ရန်းကို မှီရပ်နေသည်။ ဖယ်လီစီတီသည် ရေကူးပြိုင်နေသူများ၊ ရန်ပွဲတိုက်နေသူများ၊ ဖဲကစားနေသူများနှင့် လူအစည်ကားဆုံးဖြစ်သည့် ဘော်လီဘောကွင်းတို့ကို ကြည့်ရင်း လက်ပိုက်ကာ ရပ်နေသည်။
“ငါ့ကျောင်းသားနှစ်ယောက်ကို ဒဏ်ရာရအောင်လုပ်ပြီး ကန္တာရသဲတီကောင်တေကို သတ်ခဲ့တဲ့ကောင်လေး ဘယ်မှာလဲ?” သူမက အက်ဒ်ဝင်ဘက်သို့ အနည်းငယ်လှည့်ကာ မေးလိုက်သည်။
“ဂေါ့ဖရေးကို ပြောတာလား?”
“ဟုတ်တယ်” ဖယ်လီစီတီက ခေါင်းညိတ်ပြရင်း အိုင်ဆိုဒ်ထံသို့ အကြည့်ပို့လိုက်သည်။ “ဟိုမှာ သူ့ကိုစောင့်နေတဲ့သူ တစ်ယောက်ရှိတယ်။ သူမ ပါတီထဲဝင်လာကတည်းက မျှော်လင့်ချက်တွေ ပြည့်နေတဲ့ မျက်ဝန်းတွေကို ငါမြင်နေရတယ်။ သူမက အရမ်းလှသလို ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိတယ်၊ ဒါပေမဲ့ အခုတော့ စိတ်ပျက်နေပုံပဲ။ အဲဒီကောင်လေးကြောင့်ပဲ ဖြစ်ရမယ်”
ဖယ်လီစီတီက နှာခေါင်းရှုံ့လိုက်ရင်း “ဒီလောက် ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးကို အလစ်စတာ နဲ့ နာသန်နီရယ် တို့က မျက်စိကျနေပြီ” ဟု ဆိုသည်။ သူမပြောမှ အက်ဒ်ဝင်လည်း သတိထားကြည့်မိရာ နာသန်နီရယ်က အိုင်ဆိုဒ်ကို ခိုးခိုးကြည့်နေသည်မှာ သိသာလှပြီး အလစ်စတာကလည်း နာသန်နီရယ်၏ ရင်ဘတ်ကို တံတောင်နှင့်တွန်းကာ အိုင်ဆိုဒ်ဘက်သို့ အကြည့်ပို့ပြီး တိုးတိုးတိတ်တိတ် စနောက်နေကြသည်။ နာသန်နီရယ်က ရယ်မောလိုက်ပြီးမှ ကစားပွဲကို ပြန်ဆက်ကြသည်။ ထိုအမူအရာများကို ကြည့်ရင်း ဖယ်လီစီတီပြောသည်မှာ မှန်ကြောင်း အက်ဒ်ဝင် သိလိုက်ရသည်။
“သူက ဘာလို့မလာတာလဲ?” ဂျူလီယာက တိုးတိုးလေး မေးသည်။
အက်ဒ်ဝင်က အသီးဖျော်ရည်ကို အေးအေးလူလူ တစ်ငုံသောက်လိုက်ရင်း “သိသာနေတာပဲ မဟုတ်လား? သူတရားထိုင်နေတာနေမှာပေါ့။ သူ့မှာရှိတဲ့ နည်းနည်းလေးသော မာန်နာ စွမ်းအင်တွေကို စုဆောင်းနေတာနေမှာပါ”
“ဒါဆိုရင်တော့ သူ့ကောင်မလေးကို သူများလုသွားလိမ့်မယ်” ဖယ်လီစီတီက ပုခုံးတွန့်ပြလိုက်သည်။ ထိုစဉ် ဂေါ့ဖရေး လက်ဦးမရယူမီ ရက်ပ်တာ ကို သတ်ခဲ့သည့် ဂျိမ်းစ်ဟူသော ကောင်လေးက အိုင်ဆိုဒ်ထံသို့ ချဉ်းကပ်သွားသည်ကို တွေ့လိုက်ရသည်။
‘အိုင်ဆိုဒ်က ဘယ်သူ့ကောင်မလေးမှ မဟုတ်ပါဘူး’ ဟု ဂျူလီယာက စိတ်ထဲကတွေးလိုက်သော်လည်း အနည်းငယ်တော့ စိုးရိမ်မိသွားသည်။ လူကြီးတွေ အပေါ်ကကြည့်နေသည်ကို မသိဘဲ ဂျိမ်းစ်က အိုင်ဆိုဒ်အနားသို့ ရောက်သွားရာ အိုင်ဆိုဒ်က သူ့ကို မျက်တောင်ဖျားကနေ ဝေ့ကြည့်လိုက်သည်။
‘ဘုရားရေ... သူမက တကယ်လှတာပဲ။ နှမြောစရာပဲ၊ အလစ်စတာက အပိုင်တွက်ထားပြီးသားတဲ့’ ဂျိမ်းစ်က စိတ်ထဲက ရေရွတ်လိုက်ပြီးမှ လည်ချောင်းတစ်ချက်ဟန့်ကာ “ပိုလာရစ်ရဲ့ ဘုရင်က မင်းနဲ့ စကားပြောချင်လို့တဲ့”
“ရတာပေါ့!” စီစီလ်က ချက်ချင်းဝင်ဖြေလိုက်သည်။ အိုင်ဆိုဒ်သည် စီစီလ် ပြန်ရောက်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားသည်။ “ပိုလာရစ်ဘုရင်နဲ့ စကားပြောတာ ဘာအကြောင်းရှိလဲ၊ နင်က မန်ဟက်တန်ရဲ့ ဘုရင်မအနေနဲ့ ကိုယ်စားပြုရမှာလေ” စီစီလ်က ပြုံးကာပြောလိုက်သည်။
‘ဂေါ့ဖရေးနဲ့ ပိုလာရစ်ကို ရန်တိုက်ပေးနိုင်မယ့် ဘယ်အရာမဆို ငါလုပ်မှာပဲ၊ အဲဒီအထဲမှာ နင်ပါဝင်နေရင်တောင်မှပေါ့ အိုင်ဆိုဒ်’ ဟု သူမက စိတ်ထဲက ခွီနေသည်။ ဂျိမ်းစ်က အလစ်စတာကို သွားခေါ်ရန် ပြေးထွက်သွားသည်ကို သူမ ကြည့်နေစဉ်မှာပင်၊ အိုင်ဆိုဒ်က ဖုန်းကိုကောက်ကိုင်ကာ ဘားတန်းမှ ထွက်သွားသဖြင့် စီစီလ် အံ့အားသင့်သွားရသည်။
အိုင်ဆိုဒ်သည် လမ်းခုလတ်တွင် အုပ်စုလိုက်လာနေသော အလစ်စတာနှင့် ဆုံရာတွင် သူမ၏ ဆံပင်လေးကို နားနောက်သို့ သပ်တင်လိုက်ရင်း “သွားလေ... သူနဲ့ သွားစကားပြောလိုက်” ဟု ဆိုကာ ဘားတန်းတွင် ကြောင်အမ်းအမ်းဖြင့် ကျန်နေခဲ့သော စီစီလ်ကို ညွှန်ပြပြီး ထွက်လာခဲ့တော့သည်။
ပါတီပွဲထဲက ထွက်လာပြီးနောက် သူမ ဂေါ့ဖရေးထံ ဖုန်းထပ်ဆက်သော်လည်း ဖုန်းပိတ်ထားဆဲပင်။ “ဂေါ့ဖရေး... နင့်ဆီရောက်လို့ နင်ဘာမှမဖြစ်ဘဲနဲ့ ငါ့ကိုအကြောင်းမကြားတာဆိုရင်တော့ နင့်နှာခေါင်းကို ကိုက်ပစ်မယ်!” အိုင်ဆိုဒ်က ဒေါသတကြီး ရေရွတ်ရင်း လူသူကင်းမဲ့ပြီး ကုန်းတက်လေးဖြစ်နေသော လမ်းအတိုင်း လျှောက်လာခဲ့သည်။
ခြေလှမ်းအနည်းငယ်အကြာတွင် နောက်၌ တစ်စုံတစ်ယောက် ရှိနေသည်ကို သတိပြုမိသွားသဖြင့် သူမ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ယှက်သန်းသွားပြီး ချက်ချင်းလှည့်ကြည့်လိုက်သည်။ “ဒါဆို နင်က အစကတည်းက ရှိနေပြီးတော့—!”
သို့သော် ရှေ့တွင် ပေါ်လာသူမှာ နာသန်နီရယ် ဖြစ်နေသဖြင့် သူမ၏ ပျော်ရွှင်မှုများ ချက်ချင်း ပျောက်ကွယ်သွားရသည်။ အသားညိုညို၊ မျက်လုံးတောက်တောက်နှင့် ပိုလာရစ်၏ ထူးချွန်သူဖြစ်သူက သာသာယာယာ ရယ်မောလိုက်ရင်း “ငါ အခုလေးတင် ရောက်လာတာပါ။ မိန်းကလေးတစ်ယောက်တည်း လမ်းမလျှောက်သင့်ဘူးလို့ ထင်တယ်၊ ငါ လိုက်ပို့ပေးရမလား?”
“ငါ့ဘာသာ သွားနိုင်တယ်” အိုင်ဆိုဒ်က လှည့်ထွက်ရန် ပြင်လိုက်သည်။ သူမ ထွက်သွားသည်ကို မြင်သောအခါ နာသန်နီရယ်က အနောက်က လိုက်လာပြီး သူမ၏ ပုခုံးကို ကိုင်ရန် ကြိုးစားလိုက်သည်။ သို့သော် အိုင်ဆိုဒ်၏ အေးစက်လှသော အသံကြောင့် သူ၏လက်မှာ လေထဲတွင် တန့်သွားရတော့သည်။
“လက်ဖျားနဲ့တောင် မထိနဲ့... မဟုတ်ရင် မင်း မလွယ်ဘူးမှတ်”