အခန်း (၄) - အံ့ချီးဖွယ်ရာ အစွမ်းသတ္တိ
“ဆင့်ခေါ်သတ္တဝါတိုင်းမှာ ကိုယ်စီအားသာချက်တွေ ရှိကြတာချည်းပဲလား?”
ရယ်စရာကောင်းလိုက်တာ။ သူ့ရှေ့က ကြောက်မက်ဖွယ် သတ္တဝါကြီးတွေနဲ့ ယှဉ်ရင် အနိမ့်စားအဆင့် ဆင့်ခေါ်သတ္တဝါလေးက ဘယ်လိုအားသာချက်မျိုး ရှိနိုင်မှာမို့လို့လဲ။ အမိုးပွင့် ကွင်းပြင်ကျယ်ကြီးထဲက လူအုပ်ကြားထဲမှာ ရပ်နေရင်း ဂေါ့ဖရေးတစ်ယောက် စင်မြင့်ကျယ်ကြီးပေါ်က အချင်းချင်း ရင်ဆိုင်နေကြတဲ့ လူနှစ်ယောက်ကို ကြည့်နေမိသည်။ တစ်ဖက်မှာတော့ အိုင်ဆိုဒ် ရှိနေပြီး သူမရဲ့ ဘေးမှာတော့ အဖြူရောင် အကြေးခွံတွေနဲ့ သားရဲတစ်ကောင် ရှိနေသည်။ ရှေးဟောင်း စစ်သင်္ဘောကြီးတွေရဲ့ ရွက်တိုင်တွေအလား ဖြန့်ကားထားတဲ့ ၎င်းရဲ့ အတောင်ပံတွေက ရှေ့ခြေထောက်တွေနဲ့ ဆက်နေပြီး၊ သန်မာတဲ့ နောက်ခြေတွေနဲ့ ယမ်းခါနေတဲ့ အမြီးကတော့ မြေပြင်ကို တုန်ခါသွားစေသည်။ သို့သော် လူတိုင်းကို အသက်ရှူမှားစေတာကတော့ ထိုသတ္တဝါ၏ ဦးခေါင်းပင် ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်တဲ့ တွားသွားသတ္တဝါပုံစံ ဦးခေါင်းရှိပြီး၊ ပါးစပ်ထဲ ကျရောက်လာသမျှ ဘာကိုမဆို အပိုင်းပိုင်း ပြတ်သွားစေနိုင်လောက်အောင် ချွန်ထက်တဲ့ အပ်ချောင်းသဏ္ဍာန် သွားတန်းကြီးတွေ ရှိနေသည်။ ၎င်းက အဖြူရောင်နဂါးမျိုးနွယ်ဝင် သတ္တဝါ တစ်ကောင် ဖြစ်သည်။ အဆင့် ၅.၂ ရှိပြီး အလားအလာ ၇.၀ ရှိကာ လက်ရှိအဆင့်မှာ ၆.၈ အထိ ရှိနေပြီဖြစ်သည်။
သူတို့နဲ့ ရင်ဆိုင်နေရတာကတော့ ဒေးလ်နဲ့ သူ၏ ဆင့်ခေါ်သတ္တဝါ ‘သံချပ်ကာ ဧကရာဇ်နွားသိုး’ ပင် ဖြစ်သည်။ ပုခုံးအထိ ၇ ပေခန့် မြင့်ပြီး ခါးကုန်းနေသော ထိုနွားသိုးကြီး၏ ချွန်ထက်သော ဦးချိုနှစ်ခုက အပေါ်သို့ ထောင်တက်နေကာ လျှပ်စီးတန်းများ တဖျတ်ဖျတ် ထွက်ပေါ်နေသည်။ ကျောကုန်းပေါ်တွင်လည်း လျှပ်စီးရောင် အချွန်အတက်များ ထွက်နေပြီး တစ်ကိုယ်လုံးကို ကျည်ဆန်ပင် မဖောက်နိုင်တဲ့ အနက်ရောင် သံချပ်ကာအခွံမာကြီးများဖြင့် ဖုံးအုပ်ထားသည်။ ၎င်းက အဆင့် ၅.၂ ရှိပြီး အလားအလာ ၆.၂ ရှိသည်။ အိုင်ဆိုဒ်ရော ဒေးလ်ပါ စာတောင် ကောင်းကောင်း မဖတ်တတ်ခင်ကတည်းက အစွမ်းထက်တဲ့ ဆင့်ခေါ်သတ္တဝါတွေနဲ့ ပေါင်းစည်းခွင့်ရခဲ့တဲ့ ကံထူးရှင်တွေပင် ဖြစ်သည်။
ဒေးလ်က ယုံကြည်မှုအပြည့်နဲ့ ပြုံးလိုက်သော်လည်း အိုင်ဆိုဒ်ရဲ့ ရှေ့မှာတော့ သူ၏ ပုံမှန် မောက်မာမှုတွေက လျော့နည်းနေပုံရသည်။ “ငါ့ရဲ့ နွားသိုးက လက်ရှိမှာ အဆင့်မြင့် ၆.၁ တောင် ရောက်နေပြီ၊ လျှပ်စီးအစွမ်းကိုလည်း သုံးနိုင်တယ်”
“အင်း”
အိုင်ဆိုဒ်၏ တုံ့ပြန်မှုက တိုတောင်းလှပြီး ဂရုမစိုက်သလိုပင်။ သူမ၏ အဖြူရောင်နဂါးက ခေါင်းကို မော့လိုက်ပြီး အေးစက်ကာ ဉာဏ်ရည်ထက်မြက်တဲ့ မျက်လုံးတွေနဲ့ နွားသိုးကြီးကို ငုံ့ကြည့်လိုက်သည်။ ဒေးလ်၏ အပြုံးက ပျက်သွားသော်လည်း သွားကို တင်းတင်းစေ့ကာ သူ၏ နွားသိုးကို အချက်ပြလိုက်သည်။ သားရဲကြီးက ရှေ့သို့ ပြေးထွက်သွားရာ အရှိန်ကြောင့် စင်မြင့်ကျောက်သားပေါ်မှာ လျှပ်စီးတန်းတွေ မြွေတစ်ကောင်လို ပျံ့နှံ့သွားသည်။ ဦးချိုနှစ်ခုကြားမှာ လျှပ်စစ်စွမ်းအင်တွေ စုစည်းလာပြီး ပြင်းထန်တဲ့ လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ အိုင်ဆိုဒ်၏ ဝိုင်ဗန်က ဟိန်းဟောက်လိုက်ရာ လည်ချောင်းထဲက တုန်ခါသံကြီး ထွက်ပေါ်လာသည်။ ၎င်း၏ ပါးစပ်ထဲမှ အဖြူရောင် မြူခိုးများ မှုတ်ထုတ်လိုက်ရာ တစ်ခဏအတွင်းမှာပင် ပြေးဝင်လာတဲ့ နွားသိုးကြီးမှာ ရေခဲတုံးကြီးအတွင်း ပိတ်မိကာ ရပ်တန့်သွားတော့သည်။
ကျောင်းသားများကြားမှ အံ့ဩတကြီး အာမေဍိတ်သံများ ထွက်ပေါ်လာသည်။ ‘သူမရဲ့ အဖြူရောင်နဂါးက... ဒြပ်စင်အစွမ်းကို သုံးနိုင်တာလား!’
ရေခဲတွေက စင်မြင့်တစ်လျှောက် ပျံ့နှံ့သွားပြီး ကျောက်သားတွေကို အက်ကွဲစေသည်။ လျှပ်စီးတွေက ရေခဲကို ဖောက်ထွက်ဖို့ ကြိုးစားစဉ်မှာပဲ အေးခဲနေတဲ့ နွားသိုးကြီးက အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။ ဝိုင်ဗန်ကလည်း ထိုနေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အကြေးခွံတွေနဲ့ ဖုံးအုပ်ထားတဲ့ အမြီးကြီးနဲ့ ဝှေ့ယမ်းလိုက်ရာ နွားသိုး၏ လည်ပင်းကို ထိမှန်သွားပြီး သံချပ်ကာ သားရဲကြီးမှာ ကွင်းပြင်တစ်လျှောက် လွင့်စင်သွားကာ ပါးစပ်မှ သွေးများ အန်ထွက်လာတော့သည်။
ဒေးလ်၏ လက်အစုံ တုန်ရင်နေပြီး သူ၏ လက်မောင်းတစ်လျှောက် လျှပ်စီးများ အားနည်းစွာ ထွက်ပေါ်နေသည်။
“အိုင်ဆိုဒ် အနိုင်ရတယ်”
တိုက်ခိုက်ရေး နည်းပြ၏ အသံက ပြတ်သားစွာ ထွက်ပေါ်လာသည်။ “ဒေးလ်၊ မင်းရဲ့ ဆင့်ခေါ်သတ္တဝါကို ပြန်ခေါ်ပြီး ကုသပေးလိုက်တော့။ မင်းက ပြိုင်ဘက်ကို ပေါ့ပေါ့တန်တန် သဘောထားခဲ့တယ်။ သူမရဲ့ သတ္တဝါက မင်းထက် အဆင့်သာနေတာ မှန်ပေမဲ့၊ မင်းရဲ့ ရှုံးနိမ့်မူကတော့ မင်းရဲ့အစွမ်းကို ကောင်းကောင်း အသုံးမချနိုင်မှုကြောင့်ပဲ”
ဒေးလ်က သွားကို ကြိတ်ကာ သူ၏ နွားသိုးကို ပြန်သိမ်းလိုက်သည်။ ဂေါ့ဖရေး၏ အကြည့်ကတော့ ပွဲကြည့်စင်ဘက် ပြန်တက်သွားတဲ့ အိုင်ဆိုဒ်ဆီမှာပဲ ရှိနေသည်။ လူတိုင်းက သူမကို အားကျတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြသည်။ သူမက လှပရုံတင်မကဘဲ ပါရမီလည်း ရှိကာ အနာဂတ်ကလည်း တောက်ပနေသူ ဖြစ်သည်။ ခဏတာမျှ သူမက ခေါင်းလှည့်ကြည့်လိုက်ရာ ဂေါ့ဖရေးနဲ့ အကြည့်ချင်း ဆုံသွားသည်။ ဂေါ့ဖရေးက ပြုံးလိုက်ပြီး “ဆင့်ခေါ်သတ္တဝါက လန်းတယ်ဗျာ” ဟု အသံမထွက်ဘဲ နှုတ်ခမ်းလှုပ်ရုံ ပြောလိုက်သည်။ သူမက ထိုစကားကို သတိထားမိသွားပြီး ဂုဏ်ယူတဲ့ အပြုံးလေးတစ်ခု ပြန်ပေးလိုက်သည်။
“စနိုး အနိုင်ရတယ်”
ထိုအသံကြောင့် ဂေါ့ဖရေး၏ အာရုံက ကွင်းထဲသို့ ပြန်ရောက်သွားသည်။ လူတစ်ယောက်စာလောက် ရှိပြီး ထူးခြားစွာ ဆွဲဆောင်မှုရှိတဲ့ လိပ်ပြာကြီးတစ်ကောင်ရဲ့ အောက်မှာ စနိုး ရပ်နေတာကို တွေ့လိုက်ရသဖြင့် သူ မျက်လုံးပြူးသွားမိသည်။ ထိုလိပ်ပြာ၏ အတောင်ပံများက ကြွေလွင့်နေတဲ့ ကြယ်မှုန်တွေအလား တဖျတ်ဖျတ် တောက်ပနေတဲ့ အနီရောင် အလင်းတန်းတွေကို ထုတ်လွှတ်နေသည်။ ထိုအလင်းမှုန်တွေက အခြားမိန်းကလေးတစ်ယောက် ဆင့်ခေါ်ထားတဲ့ မြွေဆီသို့ လွင့်မျောသွားရာ ဆင့်ခေါ်သတ္တဝါရော၊ ဆင့်ခေါ်သူပါ ချက်ချင်း ကျောက်ရုပ်အဖြစ် ပြောင်းလဲသွားတော့သည်။
ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ စနိုးက ပျင်းရိစွာဖြင့် လက်ဖျောက်တစ်ချက် တီးလိုက်သည်။ သူ၏ ‘တောက်ပသောတောင်ပံလိပ်ပြာ’ က အတောင်ပံကို တစ်ချက် ခတ်လိုက်ရာ ထွက်ပေါ်လာတဲ့ အရောင်စုံ အလင်းမှုန်တွေကြောင့် ကျောက်ဖြစ်နေတာတွေ ပျော်ဆင်းသွားတော့သည်။ ထိုမိန်းကလေးမှာတော့ ကြောက်လန့်တုန်ရင်ကာ မြေပြင်ပေါ် လဲကျသွားပြီး၊ မိမိကိုယ်ကိုယ် ကျောက်ရုပ်အဖြစ် ပိတ်မိနေခဲ့တဲ့ အတွေ့အကြုံကြောင့် မျက်လုံးအပြူးသားဖြင့် ငိုကြွေးနေရှာသည်။
“နောက်တစ်ခါ လျှော့လုပ်ဦး၊ သူတို့က မင်းရဲ့ အတန်းဖော်တွေလေ” ဟု နည်းပြက ခပ်ပြတ်ပြတ် ပြောလိုက်သည်။
“ဒါ လျှော့ထားတာပဲလေ” စနိုးက အေးစက်စွာ ပြန်ပြောပြီး စင်ပေါ်က ဆင်းလာခဲ့သည်။
လူအုပ်ကြားထဲမှာ တီးတိုးပြောသံတွေ ပျံ့နှံ့သွားသည်။ ထိုလိပ်ပြာက သာမန် ဆင့်ခေါ်သတ္တဝါ မဟုတ်ပေ။ အဆင့် ၆.၀ ရှိပြီး အလားအလာ ၆.၅ ရှိသည်။ တိုက်ပွဲမှာ သေစေနိုင်လောက်အောင် အစွမ်းထက်ရုံတင်မကဘဲ ပိုပြီး ကြောက်စရာကောင်းတာက ၎င်း၏ ဘေးထွက်ဆိုးကျိုးပင် ဖြစ်သည်။ ထိုလိပ်ပြာနဲ့ သခင်ကြားမှာ သံယောဇဉ် ကြာရှည်လေလေ၊ ဆင့်ခေါ်သူက ပိုမိုလှပလာလေလေ ဖြစ်သည်။ စနိုးကတော့ ထိုအချက်ရဲ့ သက်သေပင် ဖြစ်သည်။
ဂေါ့ဖရေး မြင်လိုက်ရတာတွေကို ကောင်းကောင်း မသုံးသပ်နိုင်ခင်မှာပဲ နည်းပြ၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။
“ဂေါ့ဖရေး ဒန်နီယယ်၊ မင်းအလှည့်ပဲ”
သူ့ရင်ထဲမှာ စိုးရိမ်စိတ်ကြောင့် အလုံးကြီးတစ်ခု ပိတ်နေသလို ခံစားရသော်လည်း အသက်ကို ဖြည်းညင်းစွာ ရှူထုတ်ပြီး စိတ်ကို ထိန်းလိုက်သည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ပြန်လွှတ်လိုက်ကာ ရှေ့သို့ လှမ်းတက်ခဲ့သည်။ ဒါက သူ ဆင့်ခေါ်သူတစ်ယောက် ဖြစ်လာပြီးနောက် ပထမဆုံး တိုက်ပွဲဖြစ်သလို၊ သူ့ဘဝရဲ့ အခြေခံ အပြောင်းအလဲတစ်ခု ဖြစ်လာလိမ့်မည်။ သူ၏ ပြိုင်ဘက်မှာ ဆံပင်နှစ်ဖက် ခွဲစည်းထားတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပြီး သူမကတော့ အနိုင်ရဖို့ သေချာနေသလိုမျိုး ပြုံးနေသည်။
ဂေါ့ဖရေးက ခဏမျှ မျက်စိမှိတ်လိုက်ပြီး သူ၏ စစ်သည်တော်ကို တွေ့ရှိခဲ့တဲ့ ပလ္လင်ဘေးက မှော်ဖန်သားပြင်အချပ်ပေါ်မှာ ထွင်းထုထားတဲ့ စာသားတွေကို ပြန်လည် အမှတ်ရလိုက်သည်။
ဆင့်ခေါ်သတ္တဝါ - ရွှေရောင်အမိန့်တော်ပြန် အဖွဲ့၏ စစ်ဗိုလ်ချုပ်
အမျိုးအစား - ပေါင်းစပ်အမျိုးအစား
အဆင့် - ၃.၀
အလားအလာ - ၆.၀
ဖော်ပြချက် - [ဓားနှင့် ဒိုင်းအဖွဲ့၏ စစ်ဗိုလ်ချုပ် - အားလုံးထဲမှာ အထက်မြတ်ဆုံး။ ရွှေရောင်အမိန့်တော်ပြန် အဖွဲ့၏ သစ္စာခံ စစ်သည်တော်။ သားရဲကြီးများကို သတ်ဖြတ်ရန် ဆေးဖော်စပ်မှုဖြင့် ပြုပြင်ထားသူ။ ပေါင် ၅၀ လေးသော ဓား၊ ပေါင် ၁၀၀ လေးသော ဒိုင်းနှင့် ပေါင် ၁၅၀ လေးသော သံချပ်ကာကို ဝတ်ဆင်သည်။ ‘အနက်ရောင်အရှိန်အဝါ အခြေအနေ’ တွင် ဤစစ်ဗိုလ်ချုပ်သည် သူ၏ အခြေခံ ခွန်အားကန့်သတ်ချက်များကို ကျော်ဖြတ်ကာ အဆင့်မြင့်သို့ တက်လှမ်းနိုင်ပြီး ရန်သူ၏ စွမ်းရည်များကို တုပနိုင်သည်။]
ဂေါ့ဖရေးက သူ၏ ဝိညာဉ်နယ်ပယ် ထဲမှာ ပြုံးလိုက်မိသည်။ ‘စစ်ဗိုလ်ချုပ်ပေါ့ ဟုတ်လား? ဒါဆို မင်းကို 'မာကြောသောတောင်ကြီး မောင့်တိန်း 'လို့ငါ ခေါ်မယ်’
သူ မျက်လုံးဖွင့်လိုက်ချိန်မှာတော့ ပြိုင်ဘက်မိန်းကလေး၏ ဆင့်ခေါ်သတ္တဝါ ‘သံလက်သည်း ဂဏန်းကြီး’ က ထွက်ပေါ်လာသည်။ ၎င်း၏ သံမဏိ လက်သည်းခွံကြီးတွေက တဖျတ်ဖျတ် တောက်နေပြီး ညှပ်လိုက်တိုင်း နံရံတစ်ခုကို အလွယ်တကူ ဖြိုချနိုင်လောက်တဲ့ အားပါလှသည်။
‘မောင့်တိန်း... အချိန်တန်ပြီ။ ထွက်လာခဲ့’
သူ့ဘေးမှာ ရွှေရောင် မှော်အမှတ်အသားတစ်ခု တောက်ပလာပြီး မြင့်မားတဲ့ စစ်သည်တော်ကြီး ထွက်ပေါ်လာသည်။ အလင်းရောင်အောက်မှာ ရွှေရောင်နဲ့ သံမဏိရောင်တွေ တောက်ပနေပြီး အဖြူရောင် ဝတ်ရုံရှည်ကြီးက နောက်မှာ တရွတ်တိုက် ပါလာသည်။ ရင်ဘတ်သံချပ်ကာပေါ်မှာတော့ နေမင်းပုံစံကို ထွင်းထုထားသည်။ လေးလံတဲ့ သံမဏိ ခြေလှမ်းတွေနဲ့အတူ မောင့်တိန်းက ဂေါ့ဖရေးကို ကျော်ဖြတ်သွားပြီး ဒိုင်းလွှားကြီးကို မြှောက်ကာ ဓားကို အသင့်အနေအထား ပြင်လိုက်သည်။
ထိုမိန်းကလေးက ခပ်ဟဟ ရယ်မောလိုက်သည်။ သူမ၏ ဂဏန်းကြီးက ရှေ့သို့ ပြေးဝင်သွားပြီး မောင့်တိန်း၏ ဒိုင်းကို ရက်စက်တဲ့ အရှိန်နဲ့ ရိုက်ချလိုက်သည်။ ထိခိုက်သံကြီး ထွက်ပေါ်လာသော်လည်း စစ်သည်တော်ကြီးက နောက်သို့ ဆုတ်မသွားဘဲ ဒိုင်းလွှားပေါ်က မှော်စာလုံးတွေက ပိုမို တောက်ပလာသည်။ စုပ်ယူလိုက်တဲ့ အားအင်တွေက အပြင်ဘက်သို့ ပြန်လည် ပေါက်ကွဲထွက်သွားရာ ဂဏန်း၏ အခွံတွေမှာ ဒဏ်ရာအနာတရတွေ ဖြစ်သွားတော့သည်။ မိန်းကလေးရော သူမ၏ သတ္တဝါပါ အံ့ဩတုန်လှုပ်သွားကြသည်။
မောင့်တိန်းက ဒိုင်းကို နိမ့်ချလိုက်ပြီး ဧရာမ ဓားကြီးကို ဝှေ့ယမ်းလိုက်ရာ ဂဏန်း၏ သံမဏိ လက်သည်းတစ်ခု ပြတ်ထွက်သွားတော့သည်။ စင်မြင့်ပေါ်မှာ သွေးတွေ ပန်းထွက်သွားသဖြင့် အံ့ဩတကြီး အာမေဍိတ်သံများ ဆူညံသွားသည်။ သို့သော် မောင့်တိန်းက မရပ်သေးပေ။ သူ၏ သံဖိနပ်ကြီးနဲ့ ဂဏန်း၏ ရင်ဘတ်ကို နင်းခြေလိုက်ရာ ဂဏန်းကြီး လွင့်ထွက်သွားသည်။ ထိုသတ္တဝါကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းဖို့ ဓားကြီးကို အပေါ်သို့ မြှောက်လိုက်သည်။
“ရပ်လိုက်!”
ဂေါ့ဖရေး၏ ထိတ်လန့်တကြား အမိန့်ပေးသံ ထွက်လာသည်။ မောင့်တိန်းက ရပ်တန့်သွားပြီး ဓားဖျားက ဂဏန်း၏ ဦးခေါင်းအထက် တစ်လက်မအကွာမှာ တန့်နေသည်။ ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ခဏမျှ နည်းပြပင် အံ့အားသင့်သွားပြီးနောက်၊ အမြန်ပြေးဝင်လာကာ ဒဏ်ရာရနေတဲ့ ဂဏန်းကို သိမ်းဆည်းပြီး ပြတ်သွားတဲ့ လက်သည်းကို ပြန်ဆက်ပေးနိုင်ဖို့ ကျောင်းဆေးပေးခန်းသို့ အပြေးအလွှား သွားတော့သည်။
ဘေးပတ်ပတ်လည်က ကျောင်းသားများက ဂေါ့ဖရေးကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေကြသည်။ သူတို့ မြင်လိုက်ရတဲ့ မြင်ကွင်းကို ဘယ်သူမှ မယုံကြည်နိုင် ဖြစ်နေကြတော့သည်။