အပိုင်း (၃၂) - ပိုလာရစ်မှ သူဌေးသားများ
သတင်းစာတိုက်တံခါးမှာ ကျယ်လောင်သော အသံကြီးနှင့်အတူ ဝုန်းကနဲ ပွင့်ထွက်သွားသည်။ စီစီ တစ်ယောက် ထိုင်နေရာမှ ဝုန်းကနဲ ထရပ်လိုက်ပြီး သူမ၏ နားထင်ကြောများမှာလည်း ဒေါသကြောင့် ထောင်တက်နေသည်။ မည်သူကများ ဤမျှ ရိုင်းစိုင်းရဲသနည်းဟု ဆူပူကြိမ်းမောင်းရန် ပြင်လိုက်သော်လည်း အက်ဒ်ဝင် ကို မြင်လိုက်ရသည့်အခါတွင်မူ ဒေါသထက် ဇဝေဇဝါဖြစ်မှုက ပို၍ အစားထိုးဝင်ရောက်လာသည်။
အက်ဒ်ဝင်သည် သူမဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီး ကြော်ငြာသင်ပုန်းပေါ်မှ ခွာယူလာသော သတင်းစာကို ဝှေ့ယမ်းကာ “ဒီမှာပါတဲ့ ‘အရိပ်ဘုရင်’ ဆိုတာက ဘာအဓိပ္ပာယ်လဲ” ဟု ခပ်စိမ်းစိမ်း မေးလိုက်သည်။
စီစီက မျက်မှောင်ကြုတ်လျက် “ကျောင်းထဲမှာ ဖြစ်ပျက်သမျှ အမှန်တရားတွေကို ဖော်ထုတ်ဖို့က သတင်းစာတိုက်ရဲ့ တာဝန်ပဲလေ” ဟု တုံ့ပြန်သည်။
“အမှန်တရား ဟုတ်လား” အက်ဒ်ဝင်၏ လေသံမှာ ပို၍ အေးစက်လာသည်။ “ဒီသတင်းနဲ့ ပတ်သက်ပြီး နောက်တစ်စောင်သာ ထပ်ထွက်လာရင် မင်း ကျောင်းထုတ်ခံရမယ်လို့သာ မှတ်ထားလိုက်”
သူ၏ ပြတ်သားသော စကားကြောင့် စီစီ၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ “ဒါဆို... သူက တကယ်ပဲ ‘ဘုရင်အဆင့်’ ပေါ့လေ”
အက်ဒ်ဝင်က စားပွဲရှည်ကြီးပေါ်သို့ လက်တစ်ဖက်ဖြင့် အားပြုတင်လိုက်ပြီး “ဘုရင်အဆင့် ဆင့်ခေါ်သူတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေဟာ မင်းတို့ မိသားစု၊ နောက်ဆုံး ဒီကျောင်းရဲ့ အတိုင်းအတာထက်တောင် ကျော်လွန်နေပြီ။
အခြေအမြစ်မရှိတဲ့ ကောလာဟလတွေနဲ့ အာဏာပိုင်တွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်မိရင် မင်း ကောင်းကောင်းမွန်မွန် လွတ်မြောက်မှာမဟုတ်ဘူး။ မင်း ဒီမှာရှိနေတာ အာဏာပိုင်တွေရဲ့ ကင်းထောက်တာကို ခံချင်လို့ဆိုတာ မမေ့နဲ့”
“ဆရာကိုယ်တိုင် ဒီကို ရောက်လာတယ်ဆိုကတည်းက ဂေါ့ဖရေး မှာ ဘုရင်အဆင့်ဖြစ်နိုင်တဲ့ အလားအလာ တကယ်ရှိနေလို့ပဲပေါ့။ ဒါပေမဲ့ အလားအလာပဲ ရှိသေးတဲ့သူကို အာဏာပိုင်တွေက ဘာလို့ ကြောက်နေမှာလဲ။ အလားအလာရှိတယ်ဆိုတဲ့ လူအများစုဟာ တကယ့် ဘုရင်အဆင့်ကို ဘယ်တော့မှ မရောက်နိုင်ကြတာ များပါတယ်” ဟု စီစီက ပြန်လည်အံတုသည်။
‘သူက အဆင့်သတ်မှတ်လို့မရတဲ့ ဆင့်ခေါ်သူတစ်ယောက်ပဲ’ ဟု ကျောင်းအုပ်ကြီး ပြောခဲ့ဖူးသော စကားမှာ အက်ဒ်ဝင်၏ ခေါင်းထဲ၌ ပဲ့တင်ထပ်သွားသည်။ သူသည် စီစီကို စူးစိုက်ကြည့်ကာ မျက်နှာလွှဲလိုက်ပြီး “ဒီကိစ္စကို လက်စသတ်လိုက်တော့။ မင်းရဲ့ စာသင်ကြားရေးကိုပဲ အာရုံစိုက်ပါ” ဟု ဆိုကာ ထွက်ခွာသွားသည်။
သူ ထွက်သွားပြီးနောက် စီစီသည် လက်သီးကို တင်းတင်းဆုပ်ထားမိရာ လက်သည်းများပင် လက်ဖဝါးထဲ စိုက်ဝင်မတတ် ဖြစ်နေသည်။ “အားးး!” သူမသည် စိတ်ပျက်လက်ပျက် အော်ဟစ်လိုက်ပြီး အခန်းထဲရှိ စာရွက်စာတမ်းများကို ရမ်းသန်းပစ်ပေါက်လိုက်သည်။ ထို့နောက် စားပွဲကို အားပါပါ ကန်လိုက်ရာ စားပွဲသားမှာ မျက်နှာကျက်သို့ပင် မြောက်တက်သွားပြီး ပြန်အကျတွင် နှစ်ပိုင်းကျိုးသွားလေသည်။
“သူက အဖေမရှိတဲ့ အမှိုက်ကောင်သက်သက်ပါ။ သူ့အဖေက အော့်ခ်(ဘိိီလူး)တစ်ကောင်လက်ထဲမှာ အသေစောသွားလို့ နာမည်ကြီးနေတာပဲရှိတာ!” သူမသည် ဒေါသကြောင့် မျက်နှာတစ်ခုလုံး ပုံပျက်ပန်းပျက်ဖြစ်နေပြီး သွားများကို တင်းတင်းကြိတ်ထားသည်။ “ဂေါ့ဖရေး ဒန်နီရယ် က ဘယ်သူမို့လို့ ကျောင်းက ငါ့ကိုတောင် ခြိမ်းခြောက်ပြီး ကာကွယ်ပေးနေရတာလဲ”
သူမ၏ မျက်ဝန်းများမှာ အတွေးပေါင်းစုံဖြင့် စူးရှနေသည်။ “ဒေးလ် ကိုတောင် ကျောင်းထုတ်ပစ်တယ်...” သူမ တိုးတိုးလေး ရေရွတ်လိုက်သည်။
နောက်တစ်နေ့တွင် ကျောင်းသားများသည် အပြာနုရောင် ခရီးသည်တင် ဘတ်စ်ကား နှစ်စီးပေါ်သို့ တက်ရောက်နေကြသည်။ ဂေါ့ဖရေးသည် ကားပေါ်၌ ကြိုတင်နေရာယူထားပြီး ပြတင်းပေါက်မှ အပြင်သို့ ကြည့်နေစဉ် အိုင်ဆိုဒ် ပန်ဒရက်ဂွန် အိတ်ကို ဆွဲလျက် ရောက်ရှိလာသည်။ သူမ၏ ဆံပင်ကို မြင်းမြီးပုံစံ မစည်းဘဲ ဖြန့်ချထားသည်ကို မြင်လိုက်ရသည့်အခါ ဂေါ့ဖရေး၏ နှုတ်ခမ်းအစုံမှာ အပြုံးတစ်ခု ပေါ်လွင်လာသည်။ သူမသည် ဆံပင်ကို လွတ်လွတ်လပ်လပ် ထားသည့်အခါတွင် ပို၍ တင့်တယ်ကာ မြင့်မြတ်သော အရှိန်အဝါမျိုး ပိုထွက်လာတတ်သည်။
အိတ်များကို သိုလှောင်ခန်းထဲ ထည့်ပြီးနောက် သူမသည် ကားပေါ်တက်လာပြီး ဂေါ့ဖရေး ထိုင်နေသည့် ခုံတန်းအနီး၌ ရပ်လိုက်သည်။ ဂေါ့ဖရေး၏ ဘေးတွင် ထိုင်နေသော ကောင်လေးမှာ တောင့်ကနဲ ဖြစ်သွားပြီး အိုင်ဆိုဒ်နှင့် ဂေါ့ဖရေးကို တလှည့်စီ ကြည့်နေသည်။ အိုင်ဆိုဒ်၏ ရွှေဝါရောင် မျက်ဝန်းများမှာ ထိုကောင်လေးကို စူးစိုက်ကြည့်လိုက်ရာ ဂေါ့ဖရေးကမူ ဘာမှမသိသလို ပုခုံးတွန့်ပြလိုက်သည်။
ထိုကောင်လေးမှာ အိုင်ဆိုဒ်၏ အကြည့်အောက်တွင် ပျာပျာသလဲ ဖြစ်သွားပြီး နေရာမှ ထပေးလိုက်သည်။ အိုင်ဆိုဒ်သည် ကျေနပ်သော အပြုံးနုနုဖြင့် ထိုနေရာတွင် ဝင်ထိုင်လိုက်သည်။ ဂေါ့ဖရေးမှာ အူယားဖားယားဖြင့် တိုးတိုးလေး ရယ်မောနေမိရာ အိုင်ဆိုဒ်က လှည့်ကြည့်လာပြီး “ဘာရယ်တာလဲ” ဟု မေးသည်။
“ဘာမှမဟုတ်ပါဘူး” သူက လက်ခါပြရင်း အမြန်ပြန်ဖြေလိုက်သည်။
သူမက မကျေမနပ် နှုတ်ခမ်းစူလိုက်ပြီး နားကြပ် ကို ထုတ်လိုက်သည်။ နားထဲ မထည့်ရသေးမီ ဂေါ့ဖရေးက တစ်ဖက်ကို လုယူလိုက်သည်။ သူမက မျက်စောင်းထိုးသော်လည်း ကျန်တစ်ဖက်ကို တပ်လိုက်ပြီး 'Shooting Star' ၏ သီချင်းကို ဖွင့်လိုက်သည်။ မကြာမီ သူတို့နှစ်ဦးစလုံး ခုံကို နောက်မှီကာ တိတ်ဆိတ်စွာဖြင့် သီချင်းစည်းချက်ကို အတူခံစားနေကြသည်။
ဘတ်စ်ကား၏ အနောက်ဘက်တွင်မူ စနိုး သည် ခေါင်းမှီကို မှီလျက် သူတို့နှစ်ဦးကို ဓားသွားကဲ့သို့ စူးရှသော အကြည့်များဖြင့် ကြည့်နေသည်။ သူသည် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်ပြီး “မကြာခင် ငါ မင်းကို မင်းနေရာ မင်းသိအောင် လုပ်ပေးမယ်။ မင်းရဲ့ ဆင့်ခေါ်သားတွေက စီစီတို့လို လူတွေကို ခြိမ်းခြောက်နိုင်ပေမဲ့ ငါ့ရှေ့မှာတော့ ကျောက်ရုပ်တွေထက် မပိုပါဘူး” ဟု တွေးနေသည်။
စနိုးအတွက်မူ ဂေါ့ဖရေးသည် အမှိုက်ပုံးထဲ၌ ကြာမြင့်စွာ ရှိနေခဲ့သည့် အမှိုက်တစ်စထက် မပိုပေ။ လောလောဆယ်တွင် သူသည် လေ့လာရေးခရီးစဉ်အတွင်း ပိုမိုသန်မာလာစေရန်သာ အာရုံစိုက်ပြီး ဒေးလ်တို့ ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေရန် ဆုံးဖြတ်လိုက်သည်။
အက်ဒ်ဝင်နှင့် ကျောင်းသူနာပြုတို့ ဦးဆောင်သည့် ကားပေါ်သို့ တက်လာပြီးနောက် ကားတန်းကြီး စတင်ထွက်ခွာလာသည်။ ကျောင်းဝင်းထဲမှ ချောမွေ့စွာ ထွက်လာသော်လည်း လမ်းဆုံတစ်ခု၌ ကားပိတ်နေသဖြင့် အရှိန်လျှော့လိုက်ရသည်။ ဂေါ့ဖရေး၏ အကြည့်များမှာ အပြင်ဘက်သို့ ရောက်သွားသည်။ အရပ်သားအချို့မှာ သူတို့၏ ဆင့်ခေါ်သားများကို အသုံးပြု၍ အသက်မွေးဝမ်းကျောင်း ပြုနေကြသည်ကို တွေ့ရသည်။ ယာဉ်ထိန်းရဲအချို့မှာ ‘ပဲ့တင်သံ’ စွမ်းရည်ဖြင့် သူတို့၏ ဦးခေါင်းကို ဒိုဘာမန်း ခွေးဘီလူးကြီးများအဖြစ် ပြောင်းလဲထားကြသလို၊ ပြတင်းပေါက် ဆေးကြောသူများမှာလည်း ‘ပဲ့တင်သံ’ ဖြင့် ရရှိထားသော အတောင်ပံများဖြင့် မိုးမျှော်တိုက်ကြီးများကြားတွင် ပျံသန်းနေကြသည်။ ဆင့်ခေါ်သားများကြောင့် လူနေမှုဘဝမှာ ပိုမိုလွယ်ကူလာသော်လည်း တစ်ဖက်တွင်လည်း အကြမ်းဖက်မှုများမှာ ပိုမိုပေါများလာခဲ့သည်။
“ဟိုမှာ ကြည့်စမ်း! အဲဒါ XYZ မဟုတ်လား။ Shooting Star တို့ကိုတောင် ကျော်တက်တော့မယ့် နာမည်ကြီး စူပါမော်ဒယ်တွေလေ။ သူတို့က သရုပ်ဆောင်တွေလည်း ဟုတ်တယ်မလား” ဟု အနောက်မှ ကျောင်းသားတစ်ဦးက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
ဂေါ့ဖရေး မော့ကြည့်လိုက်ရာ ၄၂ ထပ်မြင့်သော ဗုဒ္ဓဂိုဏ်း ရုံးခွဲအဆောက်အအုံကြီးကို တွေ့လိုက်ရသည်။ အဆောက်အအုံ၏ အပေါ်ပိုင်းရှိ မျက်နှာပြင်ကြီးပေါ်တွင် အလွန်ချောမောသော အမျိုးသားသုံးဦး၏ ပုံရိပ်များကို သူတို့၏ ဆင့်ခေါ်သားများနှင့်အတူ ပြသထားသည်။ သူတို့မှာ စနိုးထက်ပင် ပိုမိုခန့်ညားနေကြသည်။ Shooting Star အဖွဲ့အပြင် ဖျော်ဖြေရေးသမားများနှင့် သားရဲတွင်း ရှင်းလင်းရေးသမားများ၏ ပုံရိပ်များလည်း ပါဝင်သည်။ နာမည်ကျော်လေလေ၊ ထိုအဆောက်အအုံ၏ အမြင့်ပိုင်းတွင် ပုံရိပ်ဖော်ပြခံရလေလေပင် ဖြစ်သည်။
ဤကမ္ဘာတွင် ဂိုဏ်း များသည် စွန့်စားသူများအတွက်သာမကဘဲ စူပါစတားတစ်ယောက်ဖြစ်ရန် လှေကားထစ်များလည်း ဖြစ်နေသည်။ တိုက်ခိုက်ရေးသမားများ၊ အနုပညာရှင်များနှင့် Influencer များအားလုံးသည် ဂိုဏ်းများမှတစ်ဆင့် အောင်မြင်ကျော်ကြားလာနိုင်သော်လည်း အားလုံးမှာ ‘အာဏာပိုင်များ’ ၏ လက်အောက်တွင်သာ ရှိနေကြသည်။ ဂေါ့ဖရေးသည် ထိုအချက်ကို သဘောမကျသဖြင့် နှုတ်ခမ်းကို မဲ့လိုက်မိသည်။
“ဗုဒ္ဓဂိုဏ်းရဲ့ အထူးအဖွဲ့ဝင် တစ်ယောက်သာ ဖြစ်ခွင့်ရရင် သိပ်ကောင်းမှာပဲ” ဟု ကျောင်းသားတစ်ဦးက တမ်းတတဖြင့် ဆိုသည်။
ခရီးစဉ်မှာ အေးအေးဆေးဆေးပင် ဆက်လက်ထွက်ခွာလာပြီးနောက် ကားများမှာ မိုးကုတ်စက်ဝိုင်းတွင် ပေါ်လာသော ကြီးမားလှသည့် အပြာရောင် ဝဲဂယက်တံခါးကြီး အနီး၌ အရှိန်လျှော့လိုက်သည်။ ထိုတံခါးကို ဖြတ်ကျော်လိုက်သည်နှင့် တစ်ပြိုင်နက် လူစည်ကားသော မြို့ပြကြီးမှာ ပျောက်ကွယ်သွားပြီး ကျယ်ပြောလှသော သဲကန္တာရကြီးမှာ မျက်စိတစ်ဆုံး ပေါ်လာတော့သည်။
“ဒီနေရာက မာနာ စွမ်းအင်က ပိုသိပ်သည်းသလိုပဲ” ဟု အိုင်ဆိုဒ်က တိုးတိုးလေး ပြောသည်။
ဂေါ့ဖရေးက မျက်ခုံးပင့်လိုက်သည်။ သူ့အတွက်မူ ဘာမှမထူးခြားဘဲ ရှုခင်းပြောင်းသွားသည်ကလွဲ၍ အရာအားလုံးမှာ အတူတူပင်ဖြစ်သည်။ ကတ္တရာလမ်းမကြီးမှာ သဲကန္တာရကို ဖြတ်လျက် အိုအေစစ် အနီးတွင် တည်ဆောက်ထားသော မြို့ကြီးဆီသို့ ဦးတည်နေသည်။ ထိုမြို့ပေါ်တွင် ရွှေရောင်လွှမ်းသော အကာအကွယ် အမိုးခုံးကြီး တစ်ခု အုပ်မိုးထားသည်။
“အားလုံး သိထားဖို့ကတော့ အဲဒီ အမိုးခုံးဟာ မန်ဟက်တန်ရဲ့ ဘုရင်အဆင့် ‘နဂါးလိပ်ကြီး’ ရဲ့ ပင်ကိုယ်စွမ်းရည် ပဲဖြစ်တယ်” ဟု အက်ဒ်ဝင်က ကြေညာလိုက်သည်။
ကျောင်းသားများ အံ့အားသင့်နေစဉ်မှာပင် ပိုလာရစ် ဆင့်ခေါ်သူများ အထက်တန်းကျောင်း ၏ လိုဂိုပါသော အဖြူရောင် ဘတ်စ်ကား နှစ်စီးမှာ သူတို့နှင့် ယှဉ်လျက် မောင်းနှင်လာသည်။ ပိုလာရစ်ကျောင်းသည် ချမ်းသာသော သူဌေးသားများသာ တက်ရောက်သည့်ကျောင်းအဖြစ် ကျော်ကြားသလို၊ ကျောင်းသားများကို ဂိုဏ်းများအတွက် အထူးပြုလေ့ကျင့်ပေးသည့် နေရာလည်း ဖြစ်သည်။ မန်ဟက်တန်မှ ကားများမှာ ကျောင်းသားများဖြင့် ပြည့်နှက်နေသော်လည်း ပိုလာရစ်မှ ကားနှစ်စီးပေါ်တွင်မူ ကျောင်းသား အယောက် ၂၀ ခန့်သာ ပါဝင်ပြီး အလွန်ကျယ်ကျယ်ဝန်းဝန်း ရှိလှသည်။
ပထမကားပေါ်တွင် “အိုရိုင်ယွန် အိမ်တော်' မှ တတိယနှစ် ကျောင်းသားများ ပါဝင်ပြီး ဒုတိယကားပေါ်တွင်မူ “လိုင်ရာ အိမ်တော်”မှ ကျောင်းသူများ ပါဝင်သည်။ “ထိပ်တန်း ဗီဂတ်စ်”'အပန်းဖြေစခန်းသို့ ရောက်သောအခါ ကားများအားလုံး ရပ်တန့်သွားသည်။
ကားပေါ်မှ ဆင်းလာသော ပိုလာရစ် ကျောင်းသားများအနက် လူသုံးဦးမှာ သူတို့၏ အရှိန်အဝါကြောင့် ထင်ရှားနေသည်။ ထိုသူတို့မှာ ဆံပင်မီးခိုးရောင်နှင့် အေးစက်သော အမူအရာရှိသည့် လူငယ်၊ ဗြုတ်သားကိုယ်ထည်နှင့် အသားညိုညို လူငယ်တစ်ဦး၊ နှင့် မျက်လုံးတစ်ဖက်ကို အကာ တပ်ထားသော်လည်း မျက်လုံးနှစ်ဖက်စလုံး ကောင်းမွန်နေသည့် လူငယ်တစ်ဦးတို့ ဖြစ်ကြသည်။
”အယ်လစ်စတာ ” ဟု အသားညိုညို လူငယ် နာသန်နီရယ် က ဆံပင်မီးခိုးရောင် လူငယ်ကို ခေါ်လိုက်သည်။ “ဟို ဆံပင်ဖြူနဲ့ကောင်က စနိုး ပဲ။ ပြီးတော့ ဟို မိန်းကလေးက...”
“အိုင်ဆိုဒ် ပေါ့” ဟု မျက်လုံးအကာ တပ်ထားသော လူစီယန် က စကားဖြတ်ပြောလိုက်သည်။ “စစ်မှန်တဲ့ ပန်ဒရက်ဂွန် မျိုးနွယ်ပဲ။ ဒါပေမဲ့ အဲဒီဘေးက တစ်ယောက်က ဘယ်သူလဲ”
'လိုင်ရာအိမ်တော်' မှ ထိပ်သီးကျောင်းသူတစ်ဦးဖြစ်သော ရိုဆလင် က အိုင်ဆိုဒ်နှင့် ဘေးချင်းယှဉ် လျှောက်လာသော ဂေါ့ဖရေးကို ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။ “စနိုးနဲ့ အိုင်ဆိုဒ်ကလွဲရင် ကျန်တဲ့သူတွေက ထည့်ပြောနေစရာ မလိုပါဘူး။ ဒီကောင်လေးကိုတော့ သတင်းအချက်အလက်တွေထဲမှာ မတွေ့မိဘူး” ဟု နာသန်နီရယ်က မထေမဲ့မြင် ပြောလိုက်သည်။
“သူက အိုင်ဆိုဒ်ရဲ့ ကိုယ်ရံတော် များလား။ မန်ဟက်တန်ရဲ့ ‘ဘုရင်’ နဲ့ ‘ဘုရင်မ’ တွေမှာ ကိုယ်ရံတော်တွေ ရှိတတ်တယ်လေ” ဟု ရိုဆလင်က ခန့်မှန်းသည်။
“ကိုယ်ရံတော်ဆိုတာ ဒုတိယအသန်မာဆုံး ဖြစ်ရမှာလေ။ ဒီကောင်လေးအကြောင်းကို ငါတစ်ခါမှ မကြားဖူးဘူး” ဟု လူစီယန်က ပြန်ပြောသည်။
“ဒါဆို သူက ဘယ်သူလဲ” ဟု ဆံပင်ပန်းရောင်နှင့် မိန်းကလေး ဆာရာဖီးနား က နောက်ဆုံးမှ စကားဆိုလာသည်။
“ဘယ်သူဖြစ်ဖြစ်ပေါ့ကွာ။ ငါတော့ လောင်းရဲတယ်။ ခရီးစဉ်မဆုံးခင် ဆာရာဖီးနားက အဲဒီကောင်လေးကို သူမရဲ့ ရုပ်သေးရုပ် ဖြစ်အောင် လုပ်နိုင်မှာပဲ။ ဒေါ်လာ တစ်သိန်း လောင်းတယ်ကွာ” ဟု လူစီယန်က စနောက်လိုက်သည်။
“သုံးရက်အတွင်း ဒေါ်လာ နှစ်သိန်း လောင်းတယ်။ ပိုလာရစ်ရဲ့ ဘုရင်မက နာမည်မရှိတဲ့ ကောင်လေးတစ်ယောက်ကို ရုပ်သေးလုပ်ဖို့ အချိန်အများကြီး ပေးမှာမဟုတ်ဘူး” ဟု နာသန်နီရယ်က ရယ်မောကာ ဆိုသည်။
ဆာရာဖီးနားကမူ သူမ၏ ပန်းရောင်ဆံနွယ်များကို နားနောက်သို့ သပ်လိုက်ရင်း “ငါ စိတ်ဝင်စားတာ စနိုး တစ်ယောက်တည်းပဲ။ အဲဒီကောင်လေးကတော့ ငါ့အချိန်တွေကို ပေးဖို့တောင် မတန်ပါဘူး” ဟု အေးစက်စွာ ပြောလိုက်လေသည်။