“အခန်း ၃၁: မနာလိုတဲ့ ဆယ်ကျော်သက်”
နားရက်ရှည်ကုန်ဆုံးသွားပြီးနောက် ဂေါ့ဖရေး သည် ကျောင်းဝတ်စုံအပေါ်အင်္ကျီ အပြာရင့်ရောင်ကို သပ်ရပ်စွာဝတ်ဆင်လျက် သူ၏အတန်းရှိရာ တတိယထပ်သို့ ဦးတည်သော လှေကားထစ်ကျယ်ကြီးများအတိုင်း တက်လှမ်းလာခဲ့သည်။ ကျောပိုးအိတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး သမုဒ္ဒရာပြာရောင်မျက်ဝန်းတို့ကို အနည်းငယ်မှေးစင်းထားမိသည်။ ပုံမှန်ထက်ပို၍ သူ့ကို ဝိုင်းကြည့်နေကြသော စီနီယာသစ်များကို သူသတိပြုမိလိုက်၍ပင်။
“ဒေးလ် နဲ့ တခြား ဒုတိယနှစ် အထူးချွန်ဆုံးကျောင်းသားတွေကို ကျောင်းထုတ်ပစ်အောင် လုပ်လိုက်တာ သူပဲမလား” ဟု ၁၅ နှစ်အရွယ် စီနီယာသစ်မိန်းကလေးတစ်ဦးက သူမသူငယ်ချင်းကို တိုးတိုးလေးကပ်ပြောနေသည်။ သူမ၏အသံထဲတွင် အံ့ဩတုန်လှုပ်မှုတို့ ရောယှက်နေ၏။
“သူ့နာမည်က ဂေါ့ဖရေးတဲ့။ ‘နက်ဆပ် ကလပ်’ ရဲ့ အဆင့် (၁၃) ကိုလည်း သူပဲ အနိုင်ယူလိုက်တာလေ။ လူမိုက်တွေကို နှိမ်နင်းတဲ့သူပေါ့။ သူရှိတော့မှ ကျောင်းက ပိုအေးချမ်းသွားသလိုပဲ” ဟု နောက်တစ်ယောက်က ကြည်ညိုလေးစားစွာ ဆိုသည်။
“ဟွန်း... သိပ်မကြာခင် သူလည်း အပိုင်နှိပ်ကွပ်ခံရမှာပါ” ဟု ကောင်လေးတစ်ယောက်က ခပ်တိုးတိုးကျိန်ဆဲရင်း ထိုမိန်းကလေးများဘေးမှ ဖြတ်ကျော်ကာ ဒုတိယထပ်စင်္ကြံထဲသို့ ဝင်ပျောက်သွားသည်။
ဂေါ့ဖရေး လှေကားထက်တွင် ခြေလှမ်းတန့်သွားသည်။ အောက်ထပ်တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့်ပင်။ ကောက်ကောက်ကွေးကွေး ဆံပင်ညိုရောင်နှင့် ကောင်လေးတစ်ဦးသည် မြေပြင်ပေါ်တွင် ဝပ်စင်းနေပြီး သူ့ကိုယ်သူ ကာကွယ်ရန် လက်နှစ်ဖက်ကို မြှောက်ထားရသည်။ သူ့ဘေးတွင် စီနီယာသစ်ကျောင်းသားနှစ်ဦး (ယောင်္ကျားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦး) က ကောင်လေးကို ဆဲဆိုကာ ဝိုင်းကန်နေကြသည်။
“တောင်းပန်ပါတယ်... ကျွန်တော်...”
အိုက်ဆက် ၏ စကားလုံးတို့သည် ဂေါ့ဖရေး၏ အေးစက်စက် အကြည့်နှင့် ဆုံမိချိန်တွင် တစ်စုံတစ်ရာ နင်ကနဲ ဖြစ်သွားသည်။ ထိုစိမ့်ဝင်သွားသော အကြည့်ကြောင့် အိုက်ဆက်၏ ကျောရိုးတစ်လျှောက် ရေခဲရိုက်သွားသလို ခံစားလိုက်ရ၏။
“ငါ့အနားက ထွက်သွားကြစမ်း!” ဟု အိုက်ဆက်က ရုတ်တရက် အော်ဟစ်လိုက်ပြီး ထိတ်လန့်တကြားဖြင့် ပင့်ကူမျှင်ဖြင့် ပစ်ပေါက်တိုက်ခိုက်လိုက်ရာ ထိုမိန်းကလေး၏ လက်ကောက်ဝတ်ကို နံရံတွင် ကပ်လျက်သား မြဲမြံသွားစေသည်။ နောက်ထပ် ကျရောက်လာသော ကောင်လေး၏ ကန်ချက်ကို ဖယ်ရှားကာ အိုက်ဆက်က ဖျတ်ကနဲ ထရပ်လိုက်ပြီး သူ့ကို ထိုးရန်ပြင်နေသော ကောင်လေး၏ လက်သီးကို အလိုအလျောက် ဖမ်းဆွဲလိုက်သည်။ ထို့နောက် တုန့်ပြန်မှုက သူ့အလိုလို ဖြစ်ပေါ်လာကာ ထိုကောင်လေး၏ ပါးပြင်ကို ဖြတ်ကနဲ အသံမြည်အောင် လက်သီးဖြင့် အရှိန်အဟုန်ပြင်းစွာ ထိုးနှက်လိုက်လေသည်။
နှစ်ဦးသား မှင်သက်သွားကြသည်။ ဟိုကောင်လေးမှာ မျက်လုံးအပြူးသားဖြင့် ပါးကိုအုပ်ထားပြီး အိုက်ဆက်မှာလည်း မိမိကိုယ်တိုင် လုပ်ရပ်အပေါ် မယုံကြည်နိုင်အောင် ဖြစ်နေသည်။ ထိုမိန်းကလေးမှာ ပင့်ကူမျှင်မှ ရုန်းထွက်ကာ သူမ၏ နုနယ်သော လက်ချောင်းများကို ၃ လက်မခန့်ရှည်သော လက်သည်းများအဖြစ် ပြောင်းလဲလိုက်သော်လည်း အိုက်ဆက်က ပိုမြန်နေခဲ့သည်။ နောက်ထပ် ပစ်လွှတ်လိုက်သော ပင့်ကူမျှင်က သူမ၏ လက်မောင်းကို နံရံတွင် ကပ်သွားစေပြန်သည်။ နောက်တစ်ကြိမ်တွင် ကျန်လက်တစ်ဖက်ကို ချည်နှောင်လိုက်ပြီး နောက်ဆုံးတွင် သူမ ဆဲဆိုခွင့်မရစေရန် ပါးစပ်ကိုပါ ပင့်ကူမျှင်ဖြင့် ပိတ်ပစ်လိုက်သည်။ မိန်းကလေး၏ မျက်ဝန်းတို့မှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားရသည်။
ဟိုကောင်လေးမှာ ချက်ချင်းပင် ထွက်ပြေးသွားပြီး အိုက်ဆက်တစ်ယောက်တည်း မှင်သက်စွာ ကျန်ရစ်ခဲ့သည်။ လွန်ခဲ့သည့် တစ်လလုံးလုံး အိုက်ဆက်အား ကျွန်တစ်ဦးကဲ့သို့ ဆက်ဆံခံနေရသည်ကို မြင်တွေ့နေကြသူများမှာလည်း အံ့အားသင့်နေကြ၏။ သို့သော် သူတို့၏ အကြည့်များက ဂေါ့ဖရေးဆီသို့ ပြန်လည်ရောက်ရှိသွားချိန်တွင်မူ ဂေါ့ဖရေးသည် ဘာမှမဖြစ်ခဲ့သလိုပင် လှေကားထစ်များအတိုင်း ဆက်လက်တက်လှမ်းသွားလေတော့သည်။
ဂေါ့ဖရေး အတန်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ စကားပြောသံများ ရပ်တန့်သွားပြီး ကျောင်းသားအားလုံးက သူ့ကို ဝိုင်းကြည့်နေကြသဖြင့် လေထုမှာ လေးလံငြိမ်သက်နေသည်။ ဂေါ့ဖရေးက အတန်းထဲကို အကဲခတ်လိုက်ရာ ဒေးလ်၊ ဆီးဖရိ ၊ မဲလ်ဒရက်ဒ်နှင့် အက်ဒ်ဝင်တို့၏ နေရာများမှာ လစ်လပ်နေသည်ကို တွေ့ရသည်။ သူ ခေါင်းကိုအနည်းငယ်စောင်းကြည့်လိုက်ရာ စနိုး သည် သူ့ကို လုံးဝဂရုမစိုက်ဟန်ဖြင့် ဖုန်းကိုသာ အေးအေးဆေးဆေး ပွတ်နေသည်။ ထိုအချက်က သူ့ကို မနှောင့်ယှက်နိုင်သော်လည်း အိုင်ဆိုဒ် ပန်ဒရက်ဂွန် က သူ့ကို တစ်ချက်သာ ကြည့်ပြီး ပြတင်းပေါက်ဘက်သို့ မျက်နှာလွှဲသွားခြင်းက သူ့ကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေသည်။ သူ မနက်ခင်း လမ်းလျှောက်ထွက်သည့် အစီအစဉ်ကို ပျက်ကွက်ခဲ့ခြင်းကြောင့် သူမ စိတ်ဆိုးနေသည်မှာ သိသာလှသည်။ သူမကို တောင်းပန်မှသာ ဖြစ်တော့မည်၊ မဟုတ်လျှင် သူ၏ တစ်ဦးတည်းသော သူငယ်ချင်းက သူ့ကို ပစ်ထားတော့မည်ဖြစ်သည်။
သူ ခုံသို့ လျှောက်သွားစဉ် သတင်းစာကလပ်မှ မိန်းကလေးတစ်ဦးက စီစီ ဘက်သို့ အသာကိုင်းကာ တိုးတိုးလေး ပြောလိုက်သည်။
“အရင်ကတော့ ဒေးလ်ရဲ့ လက်အောက်မှာဆိုတော့ ငါ မပြောရဲဘူး။ အခုကြည့်လိုက်... ဂေါ့ဖရေးရဲ့ ရုပ်ရည်က စနိုးပြီးရင် ဒုတိယပဲ။ သူ လမ်းလျှောက်လာတာကို ကြည့်ပါဦး”
စီစီက ဂေါ့ဖရေးကို တစ်ချက်လှမ်းကြည့်လိုက်သည်။ အမှန်ပင် သူက ရုပ်မဆိုးလှသော်လည်း ထိုချီးမွမ်းစကားများက စီစီကို စိတ်မသက်မသာ ဖြစ်စေသည်။ သူမအမြင်တွင် ထိုမျက်နှာမျိုးသည် ချီးမွမ်းခံရဖို့ထက် အခြေချင်းနင်းခံရဖို့သာ ထိုက်တန်သည်ဟု ထင်မြင်နေ၍ပင်။
ဂေါ့ဖရေး ခုံမှာ ထိုင်လိုက်စဉ် အိုင်ဆိုဒ်ထံမှ မကျေမနပ် နှာခေါင်းရှုံ့သံ ထွက်ပေါ်လာသည်။ သူ ပြုံးဖြဲဖြဲဖြင့် သူမဘက်သို့ လှည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ တောင်းပန်တိုးလျှိုးသော မျက်နှာပေးမျိုး လုပ်ပြလိုက်သည်။
“ဟွန်း!” အိုင်ဆိုဒ်က လျှာရိုက်သံပြုလိုက်သော်လည်း သူမ၏ အေးစက်မှုတို့က ချက်ချင်း အရည်ပျော်သွားသည်။ သူမ စိတ်ပြေသွားသည်ကို သိလိုက်ရသဖြင့် ဂေါ့ဖရေးက အခွင့်အရေးကို အရယူလိုက်သည်။
“ငါ တောင်းပန်ပါတယ်... ငါက ကျင့်စဉ်ကျင့်ရင်း အိပ်ပျော်သွားတတ်လို့ပါ။ မိနစ် ၂၀ ထက်ပိုပြီး မျက်စိမမှိတ်ထားနိုင်ဘူး ဖြစ်နေတယ်”
“ဒီမနက် ဂျွန် နဲ့ တွေ့တာနဲ့ ငါ တစ်ယောက်တည်း မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ နောက်တစ်ခါ မပျက်နဲ့ဦး။ နင်မပါတော့ တစ်မျိုးကြီးပဲ”
သူမ၏ ကျန်စကားလုံးများကို ဂေါ့ဖရေး မကြားတော့ချေ။ ‘ဂျွန်’ ဆိုသည့် နာမည်တစ်ခုတည်းကသာ သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်နေသည်။ ဂေါ့ဖရေး၏ စိတ်အခြေအနေမှာ ချက်ချင်းဆိုသလို ပျက်ယွင်းသွားရသည်။ မန်ဟက်တန်၏ ‘ဘုရင်’ ဟု တင်စားခံရသူက ‘မိဖုရား’ နှင့်အတူ လမ်းလျှောက်ခဲ့သည်ဆိုသည့် အချက်က သူ့ကို နေမထိထိုင်မသာ ဖြစ်စေသည်။ သူ ဂျွန်နှင့် စကားမပြောဖူးသော်လည်း ဂျွန်က အိုင်ဆိုဒ်ကို ကြည့်သည့် အကြည့်များကို သူ သတိထားမိသည်။ ထိုကောင်က အိုင်ဆိုဒ်အပေါ် စိတ်ဝင်စားနေသည်မှာ သေချာလှသည်။
“ငါတို့ အလယ်တန်းကတည်းက အတူတူ လမ်းလျှောက်ခဲ့ကြတာဆိုပေမယ့် ဒီနေ့တော့ တစ်မျိုးပဲ။ သူက ‘Shooting Star’(နံမည်ကြီး)တေရဲ့ သီချင်းတွေကို မကြိုက်တာတောင်မှ...”
အိုင်ဆိုဒ်က ဆက်ပြောနေသော်လည်း ဂေါ့ဖရေး စိတ်မပါတော့။ ရင်ဘတ်ထဲတွင် မရင်းနှီးသော မနာလိုစိတ်တို့က တင်းကျပ်လာသည်။ ခဏတာတွင် သူ အဝေးသို့ ရှောင်ထွက်သွားရန် စဉ်းစားလိုက်သော်လည်း ရုတ်တရက် ထရပ်လိုက်ပြီး အိုင်ဆိုဒ်၏ ဦးခေါင်းကို လက်မောင်းဖြင့် သိုင်းဖက်ကာ သူမ၏ ပါးပြင်ကို သူ၏ ရင်ခွင်ထဲသို့ ဆွဲကပ်လိုက်လေသည်။
တစ်တန်းလုံး မှင်သက်သွားကြသည်။ အိုင်ဆိုဒ်၏ ဖြူလွလွ မျက်နှာလေးမှာ ရဲခနဲ ဖြစ်သွားပြီး ရွှေဝါရောင်မျက်ဝန်းဝိုင်းကြီးများမှာ ပို၍ ပြူးကျယ်သွားသည်။ သူ့ကိုယ်မှ ထွက်ပေါ်နေသော ရနံ့နှင့် နွေးထွေးမှုအောက်တွင် သူမ၏ အတွေးများအားလုံး ဗရပွ ဖြစ်ကုန်တော့သည်။
“ငါ ရောက်မလာရင် ငါ့အခန်းတံခါးကို လာခေါက်လိုက်” ဟု ဂေါ့ဖရေးက တည်ငြိမ်စွာ ဆိုသည်။ နောက်တစ်ခါ မပျက်ကွက်ပါဘူးဟု သူ ကတိမပေးနိုင်၊ သူ၏ ကျင့်စဉ်အလေ့အထက မကောင်းမှန်း သူကိုယ်တိုင် သိနေ၍ဖြစ်သည်။
“အပျင်းထူတဲ့ လူအိုကြီး” ဟု အိုင်ဆိုဒ်က ရှက်ကိုးရှက်ကန်းဖြင့် ပြောဆိုကာ သူ ခုံသို့ ပြန်သွားသည်ကို ကြည့်နေမိသည်။
ဂေါ့ဖရေးကတော့ အံ့ဩနေသော တစ်တန်းလုံးကို ဘာမှမသိသလို ကြည့်လိုက်သည်။ ထိုစဉ် စနိုးသည် သူ့ကို သတ်ချင်လောက်သည့် အကြည့်များဖြင့် စိုက်ကြည့်နေသည်ကို သူ ပထမဆုံးအကြိမ် သတိပြုမိလိုက်သည်။
“သူက ပန်ဒရက်ဂွန်မျိုးနွယ်ကို ဖက်လိုက်တာလား... အိုင်ဆိုဒ်ကလည်း မရုန်းဘူးလား! ဘုရားရေ... အိုင်ဆိုဒ် ဘာဖြစ်သွားတာလဲ?!” ဟု တီးတိုးပြောဆိုသံများက အတန်းထဲတွင် ပျံ့နှံ့သွားသည်။ ဂေါ့ဖရေးသည် သူ၏ စိတ်လိုက်မာန်ပါ လုပ်ရပ်ကြောင့် ပါးပြင်များ ပူထူးလာရသည်။
ထိုစဉ် ဆရာအက်ဒ်ဝင် အတန်းထဲသို့ ဝင်လာသည်။ အတန်းထဲတွင် တိတ်ဆိတ်နေသည်ကို တွေ့ရသဖြင့် သူ အခွင့်ကောင်းယူလိုက်သည်။
“အဟမ်း!” သူ ချောင်းတစ်ချက်ဟန့်လိုက်သည်။ “အားလုံးပဲ လေ့လာရေးခရီးအတွက် ပြင်ဆင်ပြီးကြပြီလို့ မျှော်လင့်ပါတယ်။ မနက်ဖြန်ကျရင် ငါတို့ ‘သေမင်းတမန် သဲကန္တာရ’ ကို နှစ်ပတ်ကြာ သွားကြမယ်။ ဒါက မင်းတို့ အစွမ်းထက်လာဖို့နဲ့ နှစ်ကုန်ရင် ‘အကောင်းဆုံး ဆင့်ခေါ်သူ’၊ ‘အကောင်းဆုံး ဆင့်ခေါ်သတ္တဝါ’ နဲ့ ‘အကောင်းဆုံး ပညာရည်ချွန်’ ဆုတွေအတွက် ယှဉ်ပြိုင်ဖို့ အခွင့်အရေးပဲ။ ဒီခရီးစဉ်ကရတဲ့ အမှတ်တွေက အရမ်းအရေးကြီးတယ်၊ ဒါကြောင့် အစွမ်းကုန် ကြိုးစားကြ။”
သူက အတန်းကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောသည်။
“ဒီနေ့တော့ ‘ပင်ကိုယ်ဒြပ်စင် စိမ့်ဝင်ခြင်း’ လို့ခေါ်တဲ့ ‘လိုက်လျောညီထွေစွမ်းရည်’ အကြောင်း ဆွေးနွေးမယ်။ ဂေါ့ဖရေးရဲ့ ဆင့်ခေါ်သတ္တဝါက ဒါကို အကောင်းဆုံး ပြသနိုင်တယ်။ အဆင့်မြင့် စွမ်းရည်အစုအဝေး ဆိုတာ ဒါမျိုးကို ခေါ်တာပဲ... ကဲ စကြရအောင်...”
ထိုနေ့ နောက်ပိုင်းတွင် ဆရာအက်ဒ်ဝင်သည် ကျောင်းစင်္ကြံတစ်လျှောက် ရေသန့်ဘူးကို ကိုင်လျက် လမ်းလျှောက်လာခဲ့သည်။ ကျောင်းသတိပေးပုန်းရှေ့တွင် ကျောင်းသားများ ဝိုင်းအုံနေသည်ကို တွေ့ရသဖြင့် သူ အနားသို့ တိုးသွားလိုက်သည်။ ဆရာ့ကို မြင်သည်နှင့် ကျောင်းသားများ လူစုခွဲသွားကြသော်လည်း အနီရောင်ဖြင့် ဝိုင်းထားသော စာတစ်စောင်ကို သူ တွေ့လိုက်ရသည်။
သူ့မျက်နှာ ချက်ချင်း တည်ခနဲ ဖြစ်သွားသည်။ ထိုစာထဲတွင် မန်ဟက်တန်ကျောင်း၌ သူ၏ စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားသော ‘ဘုရင်’ အဆင့်ရှိ ကျောင်းသားတစ်ဦး ရှိနေကြောင်း၊ ထိုသူကို ‘အရိပ်ဘုရင်’ ဟု အမည်ပေးထားကြောင်း ရေးသားထားသည်။ ရေးသားသူမှာမူ အမည်မဖော်လိုသူ ဖြစ်သည်။
...