အခန်း (၂၅) - ခြုံခိုတိုက်ခိုက်ခြင်း
နေဝင်ရိုးရီအချိန်သို့ ရောက်ရှိလာပြီး ကျောင်းသားအများစုမှာ အဆောင်အသီးသီးသို့ ပြန်ရောက်နေကြပြီဖြစ်သည်။ စီစီလ် သည် ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ကာ အမျိုးသားအဆောင်အတွင်းသို့ ခြေလှမ်းကျဲကျဲဖြင့် ဝင်လာခဲ့သည်။ အဆောင်၏ဧည့်ခန်းမှာ L ပုံသဏ္ဌာန်ရှိပြီး တံခါးသုံးချပ် ရှိ၏။ နှစ်ချပ်မှာ ကျောင်းသားခန်းများသို့ ဦးတည်ထားပြီး ကျန်တစ်ချပ်မှာ ထွက်ပေါက်နှင့်နီးသော ရေချိုးခန်းနှင့် အိမ်သာဖြစ်သည်။
စီစီလ် ဝင်လာသည်နှင့် တစ်ပြိုင်နက် သူမ၏မျက်ဝန်းများမှာ စူးရှသွားသည်။ သူမ၏ ရှေ့တည့်တည့်တွင် ရေချိုးခန်းမှ ထွက်လာကာ လမ်းလျှောက်နေရင်း တန့်ခနဲ ဖြစ်သွားသည့် အရပ်ရှည်ရှည်၊ ရုပ်ဖြောင့်ဖြောင့် ကောင်လေးတစ်ဦး ရှိနေသည်။ သူသည် လက်ပြတ်အင်္ကျီနှင့် အတွင်းခံဘောင်းဘီတိုကိုသာ ဝတ်ဆင်ထားသော်လည်း သွယ်လျပြီး တောင့်တင်းခိုင်မာသည့် ကိုယ်လုံးကိုယ်ပေါက်မှာ အထင်းသား ပေါ်လွင်နေသည်။ သူ၏ တည်ငြိမ်လှသော ညိုရောင်မျက်ဝန်းများက စီစီလ်အား စိုက်ကြည့်နေပြီး ထိုအကြည့်များအောက်တွင် စီစီလ်ပင် လှုပ်ရှားရခက်သွားသလို ခံစားလိုက်ရသည်။
"ဘယ်သူလဲ"
သူက မျက်ခုံးတစ်ဖက်ကို ပင့်ကာ သိလိုစိတ်အနည်းငယ်ဖြင့် မေးလိုက်သည်။
"စီစီလ်ပါ။ ဒုတိယနှစ်က... စနိုး နဲ့ တွေ့ဖို့လာတာ"
သူမ၏မျက်ဝန်းများထဲတွင် ထုံးစံအတိုင်း တွက်ကပ်တတ်သည့် အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသော်လည်း နှလုံးသားထဲတွင်မူ သူမနှင့် မအပ်စပ်သည့် နှိမ့်ချမှုတစ်ခု ကိန်းအောင်းနေသည်။ အကြောင်းမှာ သူမ၏ရှေ့တွင် ရှိနေသူမှာ အဆင့် (၃) ဟု လူသိများသည့် ပါစီဗယ် ဖြစ်နေသောကြောင့်ပင်။ စတုတ္ထနှစ် စီနီယာများကို ဖယ်လိုက်လျှင် တတိယနှစ်မှ ကျောင်းသားနှစ်ဦးနှင့် စတုတ္ထနှစ်မှ လက်တစ်ဆုပ်စာ ကျောင်းသားအချို့သာ သူ့ထက် သန်မာကြသည်။ တစ်ကျောင်းလုံး အတိုင်းအတာဖြင့် ကြည့်လျှင်ပင် သူ့ကို ယှဉ်နိုင်သူမှာ ဆယ်ယောက်ထက် မပိုပေ။
"အော်..."
တံခါးတစ်ချပ် ပွင့်သွားသည့် အသံကြောင့် နှစ်ယောက်လုံး လှည့်ကြည့်လိုက်ကြသည်။ အနုပညာရှင်တစ်ဦးကဲ့သို့ ရုပ်ရည်ရှိကာ ဆံပင်ဖြူရောင်နှင့် ဒုတိယနှစ်ကျောင်းသား စနိုး ထွက်လာခြင်းပင်။ စီစီလ်ကို မြင်သည်နှင့် စနိုး၏ ထင်ရှားလှသော မျက်နှာသွင်ပြင်များမှာ ရှုံ့မဲ့သွားသည်။
"မင်း ဒီကို ဘာလာလုပ်တာလဲ၊ မိန်းကလေးတွေကို ယောက်ျားလေးဆောင်ထဲ ပေးမဝင်ဘူးလေ"
သူ၏အသံမှာ ဓားတစ်လက်ကဲ့သို့ စူးရှပြတ်သားကာ လေထုကို ခွင်းထွက်သွားသည်။ ပါစီဗယ်ကမူ နှုတ်ခမ်းကို အသာအယာ တွန့်ကွေးကာ ပုခုံးတွန့်ပြလိုက်သည်။ သူသည် အိတ်ကပ်ထဲ လက်နှိုက်ကာ စိတ်မဝင်စားသလိုဖြင့် မိမိအခန်းဘက်သို့ လျှောက်သွားရန် ပြင်လိုက်သော်လည်း စီစီလ်၏ နောက်ထပ်စကားလုံးကြောင့် ခြေလှမ်းများ တန့်သွားရသည်။
"ငါ့မှာ ဂေါ့ဖရေး နဲ့ ပတ်သက်တဲ့ သတင်းရှိတယ်"
'လူသားမျိုးနွယ် ဆင့်ခေါ်သူလား'
ပါစီဗယ်၏ အတွေးများ မှောင်မှောင်မည်းမည်း ဖြစ်သွားကာ မျက်ဝန်းများ မှေးစင်းသွားသည်။ စနိုးကမူ ပို၍ မျက်မှောင်ကြုတ်လိုက်ကာ...
"မင်းက အဲ့ဒီလို လူမိုက်တစ်ယောက်အကြောင်း ပြောဖို့ ဒီအထိ လာတာလား၊ သူ ဘာလုပ်လုပ်၊ ဘာလျှို့ဝှက်ချက်ပဲ ရှိရှိ ငါ စိတ်မဝင်စားဘူး၊ ထွက်သွားတော့"
"မစ္စ အီဗန်ဂျလင်း ဝန်ထမ်းတစ်ယောက်နဲ့ စကားပြောနေတာကို ငါ အမှတ်မထင် ကြားခဲ့တာ" စီစီလ်က ခိုင်မာသော လေသံဖြင့် ဆက်ပြောသည်။ "ဂေါ့ဖရေးက တကယ်တော့ ဘုရင်အဆင့် ဆင့်ခေါ်သူတစ်ယောက်တဲ့... ဒါပေမဲ့ သူမ ကိုယ်တိုင်လည်း သေချာပုံမရဘူး၊ ငါ့အထင်တော့ ကျောင်းဘက်ကရော၊ ဂေါ့ဖရေးကိုယ်တိုင်ပါ ဒါကို ဖုံးကွယ်ထားကြတာပဲ"
ဧည့်ခန်းအတွင်း လေးလံသော တိတ်ဆိတ်မှုတစ်ခု ဖုံးလွှမ်းသွားသည်။ စနိုး၏ မျက်ဝန်းများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားပြီး ပါစီဗယ်၏ မျက်နှာထက်တွင်လည်း မယုံကြည်နိုင်မှုများ အထင်းသား ပေါ်လာသည်။ မန်ဟက်တန် အကယ်ဒမီ၏ ထိပ်သီးလူငယ်နှစ်ဦးစလုံး စကားတစ်လုံးမျှ မဆိုနိုင်လောက်အောင်ပင် ဆွံ့အသွားကြရသည်။ ကျောင်းအုပ်ကြီး၏ အတွင်းရေးမှူးဖြစ်သူ မစ္စ အီဗန်ဂျလင်း ကိုယ်တိုင် ပါဝင်ပတ်သက်နေသည်ဆိုလျှင် ဤသတင်းမှာ ယုံကြည်ရန် ခိုင်လုံနေပြီဖြစ်သည်။ သို့သော် သမိုင်းတစ်လျှောက်တွင် ဆင့်ခေါ်သူတစ်ဦး၏ အဆင့်အတန်းနှင့် ပတ်သက်၍ ဝေခွဲမရဖြစ်ဖူးခြင်းမျိုး မရှိခဲ့ဖူးချေ။
စီစီလ်သည် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး သူမ၏မျက်ဝန်းများထဲတွင် အန္တရာယ်ရှိသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။
"ဒါကို ငါ ဖော်ထုတ်ပစ်မယ်၊ အစပိုင်းမှာ ဘယ်သူမှ ယုံမှာမဟုတ်ဘူး၊ လူသားဆင့်ခေါ်သတ္တဝါက ဘုရင်အဆင့် ဖြစ်နိုင်တယ်ဆိုတာ အဓိပ္ပာယ်မရှိလို့ လူတိုင်းက အတည်ပြုချက် လိုချင်ကြလိမ့်မယ်၊ တကယ်လို့ သူက ဘုရင်အဆင့် မဟုတ်ဘူးဆိုရင် သူ့ဘဝက ငရဲကျသလို ဖြစ်သွားလိမ့်မယ်၊ တကယ်လို့ သူက ဘုရင်အဆင့် ဖြစ်နေခဲ့ရင်လည်း အာဏာပိုင်တွေက သူ့နောက်ကို လိုက်လာကြတော့မှာ"
ထိုစကားကြောင့် ပါစီဗယ်၏ မျက်မှောင်များ ပို၍ ကြုတ်သွားသည်။ ကိန်း နှင့် သူ၏ နောက်လိုက်များက လူသားဆင့်ခေါ်သတ္တဝါများ မည်မျှ အန္တရာယ်ရှိကြောင်း သက်သေပြခဲ့ပြီးသားဖြစ်သည်။ ဘုရင်အဆင့်ရှိသော လူသားဆင့်ခေါ်သတ္တဝါဆိုသည်မှာ အသိဉာဏ်ရှိပြီး သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုကိုယ်စီရှိကြသူများဖြစ်ရာ ၎င်းတို့၏ သခင်နှင့် တန်းတူအဆင့်ရှိကြသည်။ ကိန်း၏ နာမည်ကျော် 'သွေးစွန်းသော ချီတက်ပွဲ' ဖြစ်ရပ်က ကမ္ဘာကြီးကို သင်ခန်းစာ ပေးခဲ့ပြီးဖြစ်သည်။ ဆင့်ခေါ်သူများသည် ၎င်းတို့၏ ဆင့်ခေါ်သတ္တဝါများ၏ ကိုးကွယ်မှုကို ခံရသည့်အခါ မိမိကိုယ်ကိုယ် ဘုရားသခင်ကဲ့သို့ မှတ်ထင်လာတတ်ကြပြီး ထိုစိတ်ဓာတ်မှာပင် ခေတ်သစ်ယဉ်ကျေးမှုအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာတော့သည်။
ပထမဆုံး ဆင့်ခေါ်သူ အာဒံ သည်ပင် အာဏာပိုင်များ၏ ထိန်းချုပ်မှုကို ငြင်းဆန်ခဲ့ဖူးပြီး သူ၏ ဆင့်ခေါ်သတ္တဝါမှာလည်း အသိဉာဏ် မြင့်မားသည့် လူသားတစ်ပိုင်း ဖြစ်ခဲ့သည်။ ပါစီဗယ် ကောင်းကောင်းသိထားသည်မှာ အာဏာပိုင်များသည် အကြွင်းမဲ့ ထိန်းချုပ်မှုကိုသာ အလိုရှိကြခြင်းပင်။ သူတို့လက်ခုပ်ထဲတွင် မရှိသည့် အင်အားကြီး ဆင့်ခေါ်သူတစ်ဦး ရှိနေခြင်းမှာ ပရမ်းပတာ ဖြစ်ရပ်များဆီသို့ ဦးတည်သွားနိုင်သည်။
'မင်းက သူ့ကို ဒုက္ခတွင်းထဲ ဆွဲချချင်နေတာပဲ' ဟု ပါစီဗယ်က ခံပြင်းစွာ တွေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤသတင်းသာ ပေါက်ကြားသွားပါက ဂေါ့ဖရေးအတွက် အရာအားလုံး ပြီးဆုံးသွားပြီဖြစ်သည်။ သူ သက်ပြင်းတစ်ချက် ချလိုက်သည်။ စီစီလ်သည် မည်သည့်ကျောင်းသားမျှ မတွန်းလှန်နိုင်သည့် အင်အားစုများရှေ့သို့ ဂေါ့ဖရေးကို တွန်းပို့နေခြင်းပင်။
"ဒါကို ငါ့ကို ဘာလို့ လာပြောတာလဲ၊ ဒေးလ် ကို ဘာလို့ မပြောတာလဲ" ဟု စနိုးက တိုးညှင်းသော လေသံဖြင့် မေးသည်။
စီစီလ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ...
"အဲ့ဒီ ဦးနှောက်မရှိတဲ့ လူကြမ်းကြီးကို ငါ စိတ်ကုန်လှပြီ၊ ဒါ့အပြင် ဂေါ့ဖရေးက တကယ်ပဲ ဘုရင်အဆင့် ဖြစ်နေခဲ့ရင် ငါ့မှာ သန်မာတဲ့ အပေါင်းအပါတွေ လိုတယ်၊ မင်းက တစ်ယောက်..." သူမက ပါစီဗယ်ဘက်သို့ မျက်နှာလှည့်လိုက်ရင်း... "ပြီးတော့ ရှင်က တစ်ယောက်ပေါ့၊ ဘုရင်အဆင့် ဖြစ်နေရင်တောင် မန်ဟက်တန်ရဲ့ ထိပ်သီးတွေကိုတော့ သူ ယှဉ်နိုင်မှာ မဟုတ်ဘူး"
"မင်း ဒါတွေ လုပ်နေရတဲ့ အကြောင်းပြချက်ကရော ဘာလဲ" ဟု ပါစီဗယ်က ဖိအားပေးကာ မေးလိုက်သည်။
စီစီလ် မျက်ခုံးပင့်လိုက်သော်လည်း သူမ မဖြေမီမှာပင် စနိုးက အေးစက်စက် ရယ်မောလိုက်ပြီး...
"ဒါက သိသာနေတာပဲ မဟုတ်ဘူးလား"
"ငါ သူ့ကို ကြည့်မရဘူး" သူတို့ နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။
အခြား အဆောင်တစ်ခုတွင်မူ ဂေါ့ဖရေးသည် သူ၏ စားပွဲတွင် ထိုင်ကာ လက်ပ်တော့ရှေ့သို့ မျက်နှာမူထားသည်။ စခရင်မှ ထွက်ပေါ်လာသော အလင်းရောင်မှာ တည်ငြိမ်နေသော သူ၏ မျက်နှာထက်တွင် ဟပ်နေပြီး သူသည် အိုင်ဆိုဒ် (နှင့် ဗီဒီယိုကော ပြောနေခြင်း ဖြစ်သည်။
"ရှင် ကျွန်မဖုန်းကို ကိုင်မယ်တောင် မထင်ထားဘူး"
သူမက ခပ်နောက်နောက် လေသံဖြင့် ပြောလိုက်သည်။ သူမ၏ ရွှေဝါရောင် မျက်ဝန်းများမှာ နောက်ပြောင်လိုစိတ်များဖြင့် တောက်ပနေ၏။ "ကျွန်မရဲ့ အစွမ်းတွေကို မြင်ပြီး ရှင် ကြောက်နေမယ် ထင်တာ၊ ဒါပေမဲ့ ရှင်က ကျွန်မထင်တာထက် ပိုသတ္တိရှိသားပဲ"
ဂေါ့ဖရေးက ခပ်ဖွဖွ ရယ်လိုက်ပြီး... "မင်းကို အနိုင်ယူပြီး ထိပ်ဆုံးနေရာ ကို ယူဖို့ ငါ အစီအစဉ် ရှိသေးတယ်လေ"
"အိုး... သတ္တိလည်းရှိ၊ ရုပ်လေးကလည်း ချောသားပဲ" သူမက ချိုသာသော အပြုံးဖြင့် ပြောလိုက်ရာ ဂေါ့ဖရေးပင် ခဏတာ ငေးသွားရသည်။ သို့သော် သူ ပြန်မပြောနိုင်မီမှာပင် တံခါးခေါက်သံကြောင့် ထိုအခိုက်အတန့်လေး ပျက်ပြားသွားရသည်။
"ငါ ခဏသွားကြည့်လိုက်ဦးမယ်" ဟု ဂေါ့ဖရေးက ကမန်းကတန်း ပြောကာ ထိုင်ခုံမှ ထလိုက်သည်။ အိုင်ဆိုဒ်နှင့် စကားပြောနေသည်ကို အနှောင့်အယှက် ခံရခြင်းအား သူ မနှစ်မြို့သော်လည်း အခန်းသန့်ရှင်းရေး လုပ်ရန် လာမေးသည့် ဝန်ထမ်း ဖြစ်နိုင်သည်ဟု သူ တွေးမိသည်။
သို့သော် သူ တံခါးဖွင့်လိုက်သည့် ခဏမှာပင် ပြောမည့် စကားလုံးများမှာ လည်ချောင်းထဲတွင် တစ်သွားသည်။ ဧည့်ခန်းထဲတွင် ကြီးမားလှသော စိန်ကင်းမြီးကောက် ကြီးတစ်ကောင် ရှိနေပြီး ၎င်း၏ တောက်ပနေသော ခန္ဓာကိုယ်မှာ ကျဉ်းမြောင်းလှသော နေရာလွတ်ထဲတွင် အနိုင်နိုင် ဝင်နေရသည်။ မျက်နှာကြက်မှ မီးရောင်များက ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ထိဟပ်ကာ လှပသယောင်ရှိသော်လည်း အသက်အန္တရာယ် ပေးနိုင်လောက်အောင်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
မတွေးတောနိုင်လောက်သည့် မြန်နှုန်းဖြင့်ပင် အဆိပ်စူးမှာ ရှေ့သို့ ပြေးထွက်လာပြီး ဂေါ့ဖရေး၏ ရင်ဘတ်ကို ထိုးဖောက်သွားသည်။ သူ အသက်ရှူရပ်သွား၏။ နာကျင်မှုက တဒင်္ဂအတွင်း ပြင်းထန်သွားပြီးနောက် ပြန်လည် ထုံအသွားသည်။ သူ၏ ခန္ဓာကိုယ်မှာ နောက်သို့ ယိုင်ထွက်သွားပြီး အရာအားလုံး ဝေဝါးကုန်ကာ ဒူးညွှတ်လျက် ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။ သူ၏ မျက်လုံးများမှာ ပြူးကျယ်နေသော်လည်း လှုပ်ရှား၍မရ၊ စကားပြော၍မရ၊ စဉ်းစား၍ပင် မရတော့ချေ။ ဆင့်ခေါ်သတ္တဝါကို ထုတ်လွှတ်ရန် ကြိုးစားမှုမှာလည်း လမ်းခုလတ်မှာတင် ပျက်ပြားသွားသည်။ အဆိပ်စူးကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုမှာ ပုံမှန်မဟုတ်ဘဲ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး သူ၏ အာရုံခံစားမှုများမှာ တစ်ခုပြီးတစ်ခု ရိုက်ထုတ်ခံလိုက်ရသလို ခံစားနေရသည်။
ဆီးဖရိ ၊ မာလ်ဒရက် နှင့် အော်ဝမ် တို့ ဝင်လာကြပြီး အော်ဝမ်က သူ၏ ဆင့်ခေါ်သတ္တဝါကို ပြန်သိမ်းလိုက်သည်။ ဂေါ့ဖရေး၏ အခန်းဖော်ဖြစ်သူ ပထမနှစ်ကျောင်းသားလေးမှာ ဆီးဖရိ၏ လက်ထဲတွင် တုန်တုန်ရင်ရင်ဖြင့် ပါလာသည်။
"ဒီ အမှိုက်ကောင်က ဆင့်ခေါ်သတ္တဝါ နှစ်ကောင် ရထားရုံနဲ့ ဒေးလ်နဲ့ စနိုးကို တော်လှန်ရဲတယ်ပေါ့လေ၊ မယုံနိုင်စရာပဲ" ဆီးဖရိက လှောင်ပြောင်လိုက်သည်။ သူက ထိုင်ချလိုက်ပြီး ဂေါ့ဖရေး၏ ဆံပင်ကို ဆွဲကာ ဟာလာဟင်းလင်း ဖြစ်နေသော မျက်ဝန်းများကို စိုက်ကြည့်စေသည်။ သူက ဂေါ့ဖရေး၏ မျက်နှာကို တစ်ချက်၊ နှစ်ချက် ရိုက်လိုက်သော်လည်း ဂေါ့ဖရေးဘက်မှ တုံ့ပြန်မှု မရှိချေ။ သူ၏ အကြည့်များမှာ မျက်နှာကြက်သို့သာ စိုက်ကြည့်နေပြီး အသက်မဲ့နေသကဲ့သို့ပင်။
"သူ အာရုံခံစားမှုအားလုံး ပျောက်ဆုံးသွားပြီ" ဟု မာလ်ဒရက်က အိတ်ကပ်ထဲ လက်နှိုက်ရင်း ခပ်တိုးတိုး ပြောသည်။ "သူ ဘာကိုမှ မမြင်ရ၊ မခံစားရ၊ မကြားရ၊ အနံ့မရ၊ အရသာမသိသလို ဘာကိုမှလည်း သတိမပြုမိတော့ဘူး၊ အော်ဝမ်... မင်းရဲ့ အဆိပ်က တကယ်ကို အစွမ်းထက်တာပဲ"
အော်ဝမ် ပြန်မပြောမီမှာပင် လက်ပ်တော့မှ အသံတစ်ခု ထွက်ပေါ်လာသည်။
"ဂေါ့ဖရေး? ဂေါ့ဖရေး... ရှင် အဆင်ပြေရဲ့လား၊ အဲ့ဒါ ဘာအသံလဲ၊ ရှင် ဘယ်သူနဲ့ စကားပြောနေတာလဲ"
အော်ဝမ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ "အဲ့ဒါ... အိုင်ဆိုဒ် လား" သူက တိုးညှင်းစွာ မေးလိုက်သည်။
"ဒီ ငကြောက်ကောင်က သူမနဲ့တောင် ဖုန်းပြောခွင့်ရနေတာလား၊ တကယ် ကံကောင်းတဲ့ ကောင်ပဲ" ဆီးဖရိက ယုတ်မာစွာ ရယ်မောလိုက်သည်။ "စိတ်မပူပါနဲ့၊ သူ့ကို ဘေးကင်းတဲ့ တစ်နေရာကို ငါတို့ ပို့ပေးပါ့မယ်"
အော်ဝမ်က ပထမနှစ်ကျောင်းသားလေးကို အမိန့်ပေးကာ ဂေါ့ဖရေးအား ပိုးအိမ်ကဲ့သို့ စေးကပ်သော အမျှင်များဖြင့် ချည်နှောင်စေလိုက်သည်။ ထို့နောက် ကြောက်လန့်နေသော ကောင်လေးကို ဘေးသို့ ပစ်ထုတ်လိုက်ပြီး ဂေါ့ဖရေး၏ ခန္ဓာကိုယ်ကို အခန်းပြင်သို့ တရွတ်တိုက် ဆွဲထုတ်သွားကြတော့သည်။
"ဂေါ့ဖရေး!"
တိတ်ဆိတ်မှုကြောင့် စိုးရိမ်လာသော အိုင်ဆိုဒ်၏ အော်ဟစ်သံမှာ လက်ပ်တော့မှ စူးစူးဝါးဝါး ထွက်ပေါ်လာသော်လည်း မည်သည့်တုံ့ပြန်မှုမျှ ပြန်မလာခဲ့တော့ချေ။