အခန်း (၁၅) - အတန်းဖော်မလေးနှင့်အတူ မနက်ခင်းအပြေးလေ့ကျင့်ခြင်း
ဂေါ့ဖရေးနှင့် ဂျွန်တို့ မျက်လုံးချင်းဆုံမိသွားသည့် ခဏတာအတွင်းမှာပင် ဂေါ့ဖရေးမှာ ဆင်ကြီးတစ်ကောင်ရှေ့က ပုရွက်ဆိတ်လေးတစ်ကောင်နှယ် ခံစားလိုက်ရသည်။ ဂျွန်က ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေရုံမျှဖြင့်ပင် ပတ်ဝန်းကျင်တစ်ခုလုံးကို ဖိအားပေးလွှမ်းမိုးထားပြီး လေထုကြီးပင် လေးလံထိုင်းမှိုင်းသွားစေသည်။ မည်သူတစ်ဦးတစ်ယောက်မျှ ဂျွန်၏မျက်လုံးများကို တည့်တည့်မကြည့်ဝံ့ကြချေ။ သူသည် လူအများကို အလိုလိုမျက်လွှာချသွားအောင် ပြုလုပ်နိုင်စွမ်းရှိသူဖြစ်ပြီး သူ့ကို စေ့စေ့ကြည့်နေခြင်းမှာပင် ပြစ်မှုတစ်ခု ကျူးလွန်နေသကဲ့သို့ ခံစားရစေသည်။ ဂျွန်က အိုင်ဆိုဒ်ကို ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး ဂေါ့ဖရေးကိုမူ မရှိသည့်လူတစ်ယောက်လိုပင် လျစ်လျူရှုကာ ဘေးက အာရှနွယ်ဖွားကောင်လေးနှင့်အတူ စနိုးရှိရာသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
"စကားခဏပြောရအောင်..." ဂျွန်က တည်ငြိမ်သော်လည်း အလေးအနက်ရှိသော လေသံဖြင့် မေးလိုက်သည်။
မာနခဲစနိုးတစ်ယောက် သူ၏ထုံးစံအတိုင်း မခန့်လေးစားအပြုံးများ၊ အထာကျကျနေထိုင်မှုများကို ဘေးဖယ်ကာ ခုံမှထရပ်လိုက်သည်ကို ဂေါ့ဖရေး ပထမဆုံးအကြိမ် မြင်လိုက်ရခြင်းပင်။ စနိုး၏မျက်နှာမှာ အတော်လေး တည်ကြည်လေးနက်နေသည်။
"ဘယ်မှာလဲ..." စနိုးက မေးသည်။
"ငါ ခေါ်သွားမယ်..." ဂျွန်က အခြားသူများကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ နောက်လှည့်ထွက်သွားသည်။ ဒေးလ်မှာ 'ဘုရင်' က သူ့ကို အသိအမှတ်ပြုစကား တစ်ခွန်းတစ်လေ ပြောလေမလားဟု မျှော်လင့်တကြီး ရပ်စောင့်နေမိသော်လည်း ဂျွန်က သူ့ကို မျက်လုံးအစွန်းနှင့်တောင် မကြည့်သွားခဲ့ပေ။
ထမင်းစားဆောင်အတွင်း၌ တီးတိုးပြောသံများ ဆူညံသွားသည်။ ဂျွန်၏ရောက်ရှိလာမှုသည် 'နက်ဆပ် ကလပ်' တစ်ခုတည်းအတွက် မဟုတ်ကြောင်း လူတိုင်းသိကြသည်။ ၎င်းမှာ 'အနာဂတ်ခေါင်းဆောင် လေ့ကျင့်ပေးခြင်း' ပင် ဖြစ်သည်။ စနိုးသည် ဂျူနီယာအဆင့်သို့ ရောက်ရှိသွားပါက နောက်ထပ် 'မန်ဟက်တန်ဘုရင်' ဖြစ်လာရန် ရွေးချယ်ခံရပြီး လေ့ကျင့်ပေးခံရတော့မည်ဟု လူတိုင်းက တီးတိုးအတည်ပြုနေကြသည်။
'ဒါမှ (ဘုရင်အဆင့်) နဲ့ ထိုက်တန်သူမျိုးပဲ။ အခုထိ (အရှင်သခင်အဆင့်) တောင် မဟုတ်သေးဘူး... ဂေါ့ဖရေး ဒန်နီယယ်၊ မင်းတို့နှစ်ယောက်ကြားက ကွာခြားချက်ကို မြင်ပြီလား' စီစီလ်က ဂေါ့ဖရေးကို လှမ်းကြည့်ရင်း စိတ်ထဲမှ တွေးလိုက်သည်။ သူမ ကြည့်နေသည်ကို သတိပြုမိသွားသည့် ဂေါ့ဖရေးက ဘာဖြစ်လို့လဲဆိုသည့် အဓိပ္ပာယ်ဖြင့် မျက်ခုံးပင့်ပြလိုက်သည်။
"ဒါ မန်ဟက်တန်ရဲ့ 'ဘုရင်' လား..." ဂေါ့ဖရေးက အိုင်ဆိုဒ်ကို လေသံတိုးတိုးဖြင့် မေးလိုက်သည်။
အိုင်ဆိုဒ်က နှစ်ချက်မျှ ခေါင်းညိတ်ပြရင်း "ဟုတ်တယ်... သူက တော်တော်လေး သန်မာတာ။ သူ့ရဲ့ ဆင့်ခေါ်သားရဲက သူ့ကို အံ့မခန်း အသာစီးရစေတယ်။ သူ ဒုတိယနှစ်တုန်းကတင် အတန်းဖော် ၇၀ ရာခိုင်နှုန်းလောက်ကို ဆေးရုံရောက်အောင် လုပ်ခဲ့ဖူးတယ်"
"ဘာ..." ဂေါ့ဖရေး၏ မျက်လုံးများ အံ့အားသင့်မှုကြောင့် ကျဉ်းမြောင်းသွားသည်။
"သူ့အကြောင်း ထားလိုက်ပါတော့... ငါ့မှာ ပြဿနာတစ်ခု ရှိနေလို့" အိုင်ဆိုဒ်က ရုတ်တရက် ဂေါ့ဖရေးကို အာရုံပြောင်းလိုက်သည်။
ဂေါ့ဖရေး မျက်တောင်တဖြတ်ဖြတ် ခတ်မိသွားသည်။ အသက် ၁၆ နှစ်အရွယ် အရှင်သခင်အဆင့်ခေါ်သူတစ်ယောက်မှာ ဘာပြဿနာများ ရှိနိုင်မည်နည်း။
"ငါ ကျောင်းကွင်းထဲမှာ မနက်တိုင်း အပြေးလေ့ကျင့်နေတာ တစ်ပတ်ရှိပြီ။ ဒေးလ် ငါ့ကို ကြည့်နေတဲ့ အကြည့်တွေကို ငါ မကြိုက်ဘူး။ ဒါကြောင့် မနက်ဖြန်ကစပြီး မင်း ငါနဲ့အတူ လေ့ကျင့်တာ ပိုကောင်းမယ်။ ငါ့မှာ အကာအကွယ်လိုတယ်"
သူမ၏ အဓိပ္ပာယ်မရှိသော ဆင်ခြေကြောင့် ဂေါ့ဖရေး မျက်လုံးအသာလှန်မိသွားသည်။
"ပြီးတော့ မင်းလည်း လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်နေတာပဲ။ ခန္ဓာကိုယ်ကြံ့ခိုင်တဲ့ ဆင့်ခေါ်သူတွေက အမြဲတမ်း အသာစီးရတတ်တယ်။ ကြည့်ရတာ ငါက မင်းကို ကူညီပေးနေတာပါ" သူမက လှည့်စားလိုသော အပြုံးလေးဖြင့် ထပ်ပြောလိုက်သည်။
ဂေါ့ဖရေး နှာခေါင်းရှုံ့လိုက်ရင်း "မင်း အဆောင်မှာ မနေဘူးလို့ ငါ ထင်နေတာ"
"အင်း... ကျောင်းအုပ်ကြီးက သူ့ရဲ့ အဖိုးတန်ကျောင်းသူကို ကျောင်းပြင်ပမှာ အကြာကြီး မထားရဲဘူးလေ။ သားရဲတွင်းဂိတ်တွေ ပေါ်နေတာရယ်၊ ကိန်း ကို ကိုးကွယ်တဲ့ အစွန်းရောက်တွေ များလာတာရယ်ကြောင့်ပေါ့" အိုင်ဆိုဒ်က ချောချောမွေ့မွေ့ပင် ပြန်ဖြေလိုက်သည်။ "လာပါ... နှစ်ယောက်လုံးအတွက် ကောင်းတာပဲကို။ မင်း ငြင်းလို့မရပါဘူး"
"ငါ လာခဲ့မယ်။ ဘယ်အချိန်လဲ"
"မနက် ၄ နာရီ"
သူမသည် အဖော်ရချင်ရုံသက်သက် ဆင်ခြေပေးနေခြင်းဖြစ်ကြောင်း ဂေါ့ဖရေး ကောင်းကောင်းသိသည်။ သို့သော် ၎င်းမှာ အရှင်သခင် အဆင့်ခေါ်သူများအကြောင်း ပိုမိုလေ့လာနိုင်မည့် အခွင့်အရေးတစ်ခုပင်။
သို့သော် သူမပြောသွားသော စကားများက ဂေါ့ဖရေး၏ စိတ်ထဲတွင် ကျန်ရစ်နေခဲ့သည်။ ကမ္ဘာကြီးကို ထာဝရပြောင်းလဲပစ်ခဲ့သည့် ဆင့်ခေါ်သူနှစ်ဦး ရှိခဲ့သည်။ မြို့ပြများ သို့မဟုတ် ဒေသတစ်ခုတည်းကို မဟုတ်ဘဲ တစ်ကမ္ဘာလုံးကို ပြောင်းလဲပစ်ခဲ့ခြင်း ဖြစ်သည်။
ပထမတစ်ဦးမှာ ပထမဆုံးသော ဆင့်ခေါ်သူ 'အာဒံ' ဖြစ်သည်။ သူ၏ ဆင့်ခေါ်သားရဲသည် အခြားသူများ အပတ်ပေါင်းများစွာ၊ လပေါင်းများစွာ ကြာအောင် ရှင်းလင်းရမည့် 'အနီရောင်ဂိတ်' ကို မိနစ်ပိုင်းအတွင်း ရှင်းပစ်နိုင်သည်။ ပို၍ဆိုးသည်မှာ ထိုသားရဲသည် ကိုယ်ပွားများစွာ ခွဲထုတ်နိုင်ပြီး သားရဲတွင်းဂိတ် အများအပြားကို တစ်ပြိုင်တည်း ရှင်းလင်းနိုင်သည်။ ၎င်းသည် တိမ်တိုက်များကို စီးနှင်းကာ တောင်တန်းများကို တုတ်ဖြင့် ရိုက်ချိုးနိုင်ပြီး အခြားသော ဆင့်ခေါ်သားရဲများ၏ မွေးရာပါ စွမ်းရည်များကိုပါ တုပအသုံးချနိုင်သည့် ဘီလူးသတ္တဝါကြီးပင် ဖြစ်သည်။
ဒုတိယတစ်ဦးမှာမူ ပတ်မို့စ် ကျွန်းမှ 'ကိန်း' ဖြစ်သည်။ အာဒံ ပျောက်ကွယ်သွားပြီး နှစ်အနည်းငယ်အကြာတွင် ကိန်းသည် ဘုရားသခင်ဖြစ်လိုသော စိတ်ရူးဖြင့် ပေါ်ပေါက်လာခဲ့သည်။ သားရဲတွင်းဂိတ်များ စတင်ပေါ်ပေါက်လာချိန်တွင် ကမ္ဘာကြီးသည် ငါးနှစ်တာ 'မဟာသောကခေတ်' သို့ ဆိုက်ရောက်ခဲ့ရသည်။ လူပေါင်း သန်းနှစ်ထောင် သေဆုံးခဲ့ပြီး မြို့ပြများ ပျက်စီးကာ နျူကလီးယားစစ်ပွဲများကြောင့် တိုက်ကြီးများမှာ သွေးပင်လယ်ဝေပြီး စွန့်ပစ်မြေရိုင်းများ ဖြစ်ကုန်ကြသည်။ ကိန်းသည် ဒုတိယမြောက် ကပ်ဘေးဖြစ်သော 'သွေးစွန်းသော တိုက်ပွဲ' ကို ဆင်နွှဲခဲ့သည်။ သူ့အား ဒူးမထောက်သူ သန်းပေါင်းများစွာကို သတ်ဖြတ်ကာ အစွန်းရောက်တပ်မတော်ကြီးကို တည်ထောင်ခဲ့သည်။ မြို့ပြများသည် သူ့အား ဝတ်ပြုကိုးကွယ်ကြရသည် သို့မဟုတ်ပါက ကိုယ့်သွေးထဲကိုယ် နစ်မြုပ်ကြရသည်။ အာဒံကဲ့သို့ပင် ကိန်းသည်လည်း တားဆီး၍မရနိုင်သူ ဖြစ်သည်။ နျူကလီးယားဖြင့် တိုက်ခိုက်ခြင်းကပင် သူ၏ဆင့်ခေါ်သားရဲကို မဖြိုဖျက်နိုင်ခဲ့ပေ။ သူသည် ၁၀ နှစ်တိုင်တိုင် မည်သူမျှ မထိဝံ့သော အာဏာရှင်အဖြစ် စိုးစံခဲ့ပြီး နောက်ဆုံးတွင် မန်ဟက်တန်အပါအဝင် 'မဟာမြို့ကြီး ၇ မြို့' ပူးပေါင်းတိုက်ခိုက်မှသာ သူ ကျရှုံးသွားခဲ့သည်။ (ယခု မန်ဟက်တန်မှာ မူလမြို့ကြီး ပျက်စီးသွားပြီးနောက် ရာစုနှစ်တစ်ခုအကြာတွင် ပြန်လည်တည်ထောင်ထားသည့် 'နယူးမန်ဟက်တန်' ဖြစ်သည်)။
နောက်တစ်နေ့မနက်၊ မြူနှင်းများ ကျောင်းကွင်းပြင်ကို ဖုံးလွှမ်းနေဆဲအချိန်တွင် အိုင်ဆိုဒ်က ခုံတန်းလျားတစ်ခုပေါ်၌ စောင့်နေသည်ကို ဂေါ့ဖရေး တွေ့လိုက်ရသည်။ သူမသည် မီးခိုးရောင်ခေါင်းစွပ်အင်္ကျီ၊ ဘောင်းဘီရှည်နှင့် အဖြူရောင်အားကစားဖိနပ်တို့ကို ဝတ်ဆင်ထားသည်။
"အိုင်ဆိုဒ်" ဂေါ့ဖရေး လှမ်းခေါ်သော်လည်း သူမက မတုံ့ပြန်ပေ။ သူ နာမည်ကို ထပ်ခေါ်သော်လည်း ထူးမလာသဖြင့် သူမ၏ ရှေ့တည့်တည့်သို့ လျှောက်သွားလိုက်မှ နားထဲတွင်နားကြပ် တပ်ထားသည်ကို သတိပြုမိတော့သည်။ သူမသည် သူ့ကို မြင်လိုက်ရမှ မျက်လုံးလေးဝိုင်းသွားပြီး နားကြပ်ကို ချွတ်လိုက်သည်။
"ဘာတွေ နားထောင်နေတာလဲ" ဂေါ့ဖရေးက လက်ပိုက်ရင်း မေးလိုက်သည်။
"ရှုးတင်းစတား လေ။ မင်း သူမကို မသိဘူးလား။ သူမက ရှေးခေတ်က အရမ်းနာမည်ကြီးတဲ့ အဆိုတော်ပဲ။ မေမေကတစ်ဆင့် သိလာတာ" သူမက နားကြပ်တစ်ဖက်ကို ဂေါ့ဖရေး၏ ဘယ်ဘက်နားထဲသို့ ထည့်ပေးလိုက်ရာ သာယာငြိမ့်ညောင်းသော တေးသံစဉ်တစ်ခု စီးဝင်လာသည်။
ဂေါ့ဖရေး မျက်လုံးလေးမှေးသွားသည်။ ထိုအသံမှာ ဆွဲဆောင်မှုရှိပြီး အေးချမ်းသလိုလိုနှင့် လွမ်းမောဖွယ်လည်း ကောင်းလှသည်။ သီချင်းသံစဉ်ထဲ စီးမြောရင်း သူတို့နှစ်ယောက် အတူတူ စတင်ပြေးကြသည်။ ဂေါ့ဖရေးသည် ဒေးလ်ကို မတွေ့မိသော်လည်း ထိုကောင်လေး ပေါ်လာမည်မဟုတ်ကြောင်း သူသိနှင့်ပြီးသားဖြစ်သည်။ သူသည် အိုင်ဆိုဒ်အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ခဲ့ပေ။
သီချင်းဆုံးသွားချိန်တွင် အိုင်ဆိုဒ်၏ နူးညံ့မှုများလည်း ပျောက်ကွယ်သွားသလိုပင်။ သူမ၏ မျက်နှာပေးမှာ တည်ကြည်သွားသည်။ "မင်း ဘယ်လောက်အထိ တိုးတက်လာလဲဆိုတာ ငါ ကြည့်ချင်တယ်" ဟု ဆိုကာ သူမက အရှိန်ကို ရုတ်တရက် မြှင့်လိုက်သည်။
ဂေါ့ဖရေး အံကြိတ်ကာ နောက်က လိုက်သည်။ အရှိန်မြှင့်လိုက်သော်လည်း သူတို့ကြားက အကွာအဝေးမှာ ကျဉ်းမလာခဲ့ပေ။ အိုင်ဆိုဒ်၏ ခြေလှမ်းများမှာ တည်ငြိမ်ပြီး အသက်ရှူသံမှာလည်း ပေါ့ပါးနေဆဲဖြစ်သော်လည်း ဂေါ့ဖရေးမှာမူ အရှိန်ကြောင့် အဆုတ်ထဲမှ လေများ ပြတ်ထွက်မတတ် ခံစားနေရသည်။ တစ်နာရီကြာအောင် အစွမ်းကုန် ကြိုးစားပြေးပြီးနောက် နောက်ဆုံးတွင် ဂေါ့ဖရေးမှာ သေဘေးမှ လွတ်မြောက်လာသည့် သားရဲတစ်ကောင်နှယ် မြက်ခင်းပေါ်သို့ လဲကျကာ အမောတကော အသက်ရှူနေရတော့သည်။
အိုင်ဆိုဒ်မှာမူ မောဟိုက်ခြင်း မရှိဘဲ သူ့အပေါ်မှ ငုံ့ကြည့်နေသည်။ သူမ၏ နဖူးပေါ်တွင် ချွေးစလေးများ စို့နေသော်လည်း အသက်ရှူသံမှာ ပုံမှန်ပင်။ ဂေါ့ဖရေးမှာမူ အင်္ကျီတစ်ထည်လုံး ချွေးများဖြင့် ရွှဲနစ်နေသည်။
ကံဆိုးချင်တော့ ထိုနေ့၏ ပထမဆုံးအတန်းမှာ ထိုကွင်းပြင်၌ပင် လေ့ကျင့်ရမည့် အတန်းဖြစ်နေသည်။ ဂေါ့ဖရေး၏ ပေါင်ကြွက်သားများမှာ နာကျင်ကိုက်ခဲနေဆဲ။ အတန်းရှိမှန်းသာ ကြိုသိလျှင် သူ ဆေးခန်းသွားပြမိမှာ အသေအချာပင်။ အိုင်ဆိုဒ်၊ စနိုးနှင့် ဒေးလ်တို့က ရှေ့ဆုံးမှ ဦးဆောင်ပြေးနေကြပြီး ဂေါ့ဖရေးမှာမူ အနောက်ဆုံးတွင် တုန်ယင်နေသော ခြေထောက်များဖြင့် မလဲကျအောင် အားတင်းကာ လိုက်နေရသည်။
"ဝါး... ကြည့်စမ်းပါဦး" ဆီးဖရိ က လှောင်ပြောင်လိုက်သည်။ "အိမ်မှာပဲ အနားယူနေခဲ့ပါလား ဂေါ့ဖရေးရာ"
"ကြည့်ရတာ တော်တော် သနားဖို့ကောင်းနေပြီ"
လူတိုင်း ပြေးလွှားပြီး၍ မြက်ခင်းပေါ်တွင် လှဲနေကြချိန်အထိ ဂေါ့ဖရေးမှာမူ မရပ်မနား ဆက်ပြေးနေရဆဲဖြစ်သည်။
"မင်း လုပ်နိုင်ပါတယ်ကွာ!" ဒေးလ်က လှောင်ပြောင်အားပေးလိုက်ရာ အားလုံးက ဝိုင်းရယ်ကြသည်။ သို့သော် အိုင်ဆိုဒ်က မရယ်ပေ။ သူမသည် ပြေးလမ်းဘေးတွင် ငြိမ်သက်စွာ ရပ်နေပြီး သူ့ကို မျက်တောင်မခတ် စောင့်ကြည့်နေသည်။ ဂေါ့ဖရေး ပြေးလွှားခြင်း ပြီးဆုံး၍ ဒူးထောက်လဲကျသွားချိန်တွင် သူမက ရေသန့်ဘူးကို ကိုင်ကာ ချက်ချင်း ပြေးသွားလိုက်သည်။
"အင်းလေ... သူက မိန်းကလေးတစ်ယောက်ရဲ့ အကူအညီ လိုတာပေါ့—"
"ပါးစပ်ပိတ်ထားစမ်း ဆီးဖရိ!" နည်းပြက ဒေါသတကြီး ကြားဖြတ်ဟောက်လိုက်သည်။ ထို့နောက် ကျန်ရှိနေသော ကျောင်းသားများကို အေးစက်သော လေသံဖြင့် ကြည့်ကာ "မင်းတို့အားလုံး အိပ်မောကျနေတဲ့ မနက်စောစောအချိန်မှာ သူက မနားတမ်း လေ့ကျင့်နေခဲ့တာ။ ဒါတောင်မှ မင်းတို့တွေ တစ်ခုခု အောင်မြင်သွားသလိုမျိုး မြက်ခင်းပေါ်မှာ ပက်လက်လှန်နေရတဲ့ အလုပ်ကို သူ ပြီးအောင် လုပ်နိုင်ခဲ့သေးတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် လူရယ်စရာဖြစ်အောင် လုပ်နေကြတာ မင်းတို့တွေပဲ"
ဒေးလ်၏ မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။ သူသည် လူပုံအလယ်တွင် အရှက်ခွဲခံလိုက်ရပြီး ပိုဆိုးသည်မှာ ဂေါ့ဖရေးကဲ့သို့သော အမှိုက်ကောင်ကြောင့် အရှက်ကွဲရခြင်း ဖြစ်သည်။ 'ဘာလို့ ဂေါ့ဖရေးက ဘာမှပြန်မပြောခဲ့တာလဲ။ သူတို့အားလုံးကို လူအဖြစ်အောင် တမင်တကာ သက်သက်လုပ်နေတာလား' ဒေါသများက ဒေးလ်၏ရင်ထဲတွင် ဆူပွက်လာသည်။ သူသည် အော်ဟစ်လိုက်ရင်း မြေကြီးကို လက်သီးဖြင့် အရှိန်ကုန် ထိုးချလိုက်ရာ မြေပြင်မှာ အက်ကွဲသွားပြီး ဖုန်မှုန့်များနှင့် မြေစာများ လွင့်စင်ထွက်သွားတော့သည်။