အခန်း (၁၄) - မန်ဟက်တန်ရဲ့ ဘုရင်နဲ့ မိဖုရား
သူတို့နှစ်ယောက် အတန်ကြာအောင် စိုက်ကြည့်နေမိကြပြီးမှ ဂေါ့ဖရေးက ပုခုံးတွန့်ပြလိုက်သည်။ "ရပါတယ်" ဟု သူဆိုကာ ဘေးကနေ ကျော်တက်သွားမည်အလုပ်တွင် ဆီးဖရိက သူ့ကို လှမ်းဖမ်းဆွဲလိုက်သည်။ ဆီးဖရိ၏ အသားအရေမှာ စိမ်းဖန့်ဖန့် ကျောက်စိမ်းရောင်အဖြစ် ပြောင်းလဲကာ မာကျောသွားပြီး ဂေါ့ဖရေးကို နံရံတွင် ကပ်အောင် တွန်းကပ်ထားလိုက်သည်။ သူက ဂေါ့ဖရေးအနားသို့ တိုးကပ်လာပြီး မျက်နှာတွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လွင်နေသည်။
"မင်းနဲ့ ငါကိစ္စ မပြီးသေးဘူးနော်။ ဟိုတစ်ခါက မင်းလက်သီးအတွက် ငါ ပြန်တောင်းခံရလိမ့်မယ်။"
ဂေါ့ဖရေးက မျက်ခုံးတစ်ဖက် ပင့်လိုက်မိသည်။ အိုင်ဆိုဒ်က ဆီးဖရိနဲ့ သူ့ဆင့်ခေါ်သတ္တဝါကြားက ဝိညာဉ်ဆက်နွယ်မှုကို ဖြတ်တောက်ပေးပြီး သူ့ကို ကူညီခဲ့သည့် ထမင်းစားဆောင်က ရန်ပွဲကို သူ ပြန်သတိရသွားသည်။ ဆီးဖရိက ခပ်တိုးတိုး ရယ်မောလိုက်သည်။ ပိန်သွယ်သော်လည်း ဝံပုလွေတစ်ကောင်လို သန်မာသည့် သူ၏ ခန္ဓာကိုယ်ကြောင့် ဆီးဖရိက ဂေါ့ဖရေးကို အပေါ်စီးက မိုးကြည့်နေသည်။ ကျောင်းဝတ်စုံ အပြာရင့်ရောင် အပေါ်အင်္ကျီမှာလည်း သူ၏ ကြွက်သားများကြောင့် တင်းကျပ်နေ၏။
"မင်းရဲ့ ချောချောလှလှ စစ်သူရဲလေးကော ဘယ်မှာလဲ? မင်းရဲ့ အသုံးမကျတဲ့ အသက်ကို သူ ဘယ်လိုလာကယ်မလဲဆိုတာ ငါ မြင်ချင်ပါသေးတယ်..."
"လက်ကိုဖယ်စမ်း။"
ဂေါ့ဖရေး၏ အေးစက်စက် တုံ့ပြန်မှုကြောင့် ဆီးဖရိ၏ နောက်တွင် လက်နှိုက်ရပ်နေသည့် မော်ဒရက်က တခစ်ခစ် ရယ်မောမိသွားသည်။ ဆီးဖရိ၏ နားထင်တွင် အကြောတစ်ခု ထောင်တက်လာသည်။ ထိုစဉ် ဂေါ့ဖရေးက ဆီးဖရိ၏ လက်မောင်းကို ဆွဲယူကာ အတင်းဖယ်ထုတ်လိုက်ရာ ဆီးဖရိ အံ့အားသင့်သွားရသည်။ သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မည်အပြု ဂေါ့ဖရေး ဆုပ်ကိုင်ထားသည့် သူ့လက်ကောက်ဝတ်မှ စူးရှသော အနာကျင်မှုတစ်ခု တက်လာသည်။
ထို့နောက် သူတို့နှစ်ဦး အကြည့်ချင်း ဆုံကြပြန်သည်။ ဆီးဖရိ တုန်ခဲသွားရ၏။ သူ၏ မောက်မာမှုများ အရည်ပျော်ကျသွားသည်။ ဂေါ့ဖရေး၏ အကြည့်မှာ အရင်လို မဟုတ်တော့ဘဲ အစာကို ချောင်းမြောင်းနေသည့် သားရဲတစ်ကောင်ကဲ့သို့ စူးရှလွန်းလှသည်။ သေမင်းနှင့် နီးကပ်သော တိုက်ပွဲပေါင်းများစွာကို ဖြတ်ကျော်ပြီး သတ်ဖြတ်ရှင်သန်လာသူတစ်ယောက်၏ မျက်လုံးမျိုးပင်။ လွန်ခဲ့သည့် သုံးပတ်အတွင်းမှာ ဂေါ့ဖရေး တစ်ယောက် ဘယ်နေရာတွေကို ရောက်နေခဲ့တာပါလိမ့်?
သူ လှည့်ထွက်သွားမည်အလုပ်တွင် မော်ဒရက်က ပြေးဝင်ရန် ပြင်သော်လည်း စနိုး ၏ အမိန့်ပေးသံကြောင့် ရပ်တန့်သွားသည်။
"လွှတ်ပေးလိုက်ပါ။ ရန်ပွဲဆိုတာ နောက်ရက်ကျရင် ကျင်းပမယ့် ပြိုင်ပွဲကျမှ နွှဲကြတာပေါ့။"
စနိုးက မျက်မှောင်ကြုတ်ကာ ထွက်ခွာသွားသော ဂေါ့ဖရေး၏ ကျောပြင်ကို ကြည့်နေသည်။ "တချို့လူတွေကို သူတို့နေရာ သူတို့ သိအောင် သင်ခန်းစာပေးဖို့ အခွင့်အရေး ရလာမှာပါ။" သူ၏ နှုတ်ခမ်းများ အသာအယာ ကွေးညွတ်သွားသည်။ ဂေါ့ဖရေး၏ ပြောင်းလဲသွားမှုကို သူ အာရုံခံမိပြီးသားဖြစ်သည်။ ဒီကောင် သားရဲတွင်းဂိတ် တစ်ခုခုထဲ ဝင်ခဲ့တာ သိသာလှသည်။ ဒါပေမဲ့ ဘာမှ အရေးမကြီးပါ။ သူတို့ရဲ့ ဆင့်ခေါ်သတ္တဝါချင်းက ကွာခြားချက်က ကြီးမားလွန်းလှသည်။ နောက်ရက်အနည်းငယ်အတွင်း ပြိုင်ပွဲစတာနဲ့ ဂေါ့ဖရေး တစ်ယောက် ခါးသီးတဲ့ အမှန်တရားကို သိသွားရပါလိမ့်မည်။ အဲ့ဒါကတော့ ပါရမီနဲ့ ကြိုးစားမှုဟာ ဘယ်တော့မှ တန်းတူမဖြစ်နိုင်ဘူးဆိုတာပါပဲ။ အားနည်းသူတွေ အမွှမ်းတင်လေ့ရှိတဲ့ 'ကြိုးစားမှု' ဆိုတာက အားသာချက်ရှိပြီးသား လူတွေကို ပိုပြီး ထက်မြက်လာအောင် လုပ်ပေးရုံသက်သက်ပါပဲ။
"ဘာလို့ သူ့ကို လွှတ်ပေးလိုက်တာလဲ?" မော်ဒရက်က မကျေမနပ် ရေရွတ်သည်။ ဆီးဖရိက သူ့ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ဂေါ့ဖရေး၏ ကျောပြင်ကို စိုက်ကြည့်ကာ "မင်းကို ငါ သတ်မှာ" ဟု ကြုံးဝါးလိုက်သည်။
ဂေါ့ဖရေး စာသင်ခန်းထဲ ဝင်လိုက်သည်နှင့် စားပွဲပေါ်တွင် ထိုင်နေသည့် ဒေးလ်ကို တွေ့လိုက်ရသည်။ သူ့ဘေးတွင် ကျောင်းသား၊ ကျောင်းသူများစွာ ဝိုင်းအုံနေကြသည်။ ကျန်သည့်ကျောင်းသားများမှာမူ ကိုယ့်ဘာသာ စာဖတ်သူဖတ်၊ ဖုန်းသုံးသူသုံးနှင့် အိပ်ငိုက်နေသူများလည်း ရှိသည်။ ဂေါ့ဖရေး၏ အကြည့်က သူတို့အားလုံးကို ကျော်ဖြတ်ပြီး လွန်ခဲ့သည့် သုံးပတ်လုံးလုံး သူ စကားပြောဖြစ်ခဲ့သည့် မိန်းကလေးဆီတွင် ရပ်တန့်သွားသည်။ သူမကတော့ အိုင်ဆိုဒ် ပင် ဖြစ်သည်။
သူမက ပြတင်းပေါက်ဘောင်ကို မှီကာ နားကြပ်တပ်ပြီး အပြင်ဘက်ကို ငေးကြည့်နေ၏။ ဂေါ့ဖရေးက သူ့ထိုင်ခုံကို ဆွဲထုတ်ကာ ထိုင်လိုက်သည့်အခါတွင်မူ အိုင်ဆိုဒ်က တစ်စုံတစ်ခုက ဆွဲငင်လိုက်သလိုမျိုး လှည့်ကြည့်လာသည်။ ဂေါ့ဖရေးက သူမ၏ လှပသော အပြုံးလေးဖြင့် သူ့ကို ကြိုဆိုလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း အိုင်ဆိုဒ်က မျက်မှောင်ကြုတ်လိုက်သည်။ သူ့ရင်ထဲ တင်းကျပ်သွားပြီး နှလုံးခုန်သံကလည်း တစ်ချက်မျှ ပြင်းထန်သွားရသည်။
သူမက နားကြပ်ကို ဖြုတ်ကာ အေးတိအေးစက်ဖြင့် ထလာပြီး ဂေါ့ဖရေး၏ စားပွဲပေါ်တွင် လက်တစ်ဖက်တင်လိုက်သည်။ ထို့နောက် သူမ၏ လှပသော လက်ချောင်းလေးများဖြင့် ဂေါ့ဖရေး၏ ရွှေအိုရောင် ဆံပင်များကို သပ်တင်ပေးလိုက်သည်။ သူမ၏ တောက်ပသော နှုတ်ခမ်းလေးများက ဆူပုတ်ပုတ် ဖြစ်နေ၏။
"မင်း ရန်ဖြစ်လာတယ်မလား? ဆံပင်တွေလည်း ရှုပ်ပွနေပြီး မင်းရဲ့ လှပတဲ့ မျက်လုံးပြာလေးတွေကိုတောင် ဖုံးနေပြီ။"
ဆံပင်တွေကို သေသေချာချာ ပြန်ပြင်ပေးပြီးသွားသောအခါမှ သူမ၏ ချောမောလှပသည့် မျက်နှာလေးပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခု ပေါ်လာသည်။ "ဒါမှ ငါ သုံးပတ်လုံးလုံး မမြင်ရတဲ့ ကတုံးလေးပေါ့။"
ဂေါ့ဖရေးက တခစ်ခစ် ရယ်မိသည်။ ထိုအပြုံးကို မြင်လိုက်ရသည့် ဒေးလ်ကတော့ ဂေါ့ဖရေး၏ မျက်နှာကို ဆွဲဖြဲပစ်ချင်စိတ် ပေါက်နေသည်။ သူက သွားကြိတ်ထားပြီး မျက်နှာကလည်း ပုပ်သိုးနေ၏။
"ဒေးလ် စိတ်တိုနေပြီဟ။ သူ့မျက်နှာကို ကြည့်ဦး!" ကျောင်းသားအချို့က တိုးတိုးလေး ကောလာဟလ ပြောနေကြသည်။
"မအံ့သြပါဘူး။ အိုင်ဆိုဒ်က နက်ဆပ်ကလပ် ထဲကို ဖိတ်ခေါ်ခံရတဲ့ တစ်ဦးတည်းသော ဒုတိယနှစ်ကျောင်းသူလေ။ ပြီးတော့ ကျောင်းစတက်တဲ့ ပထမဆုံးလမှာတင် 'ဘုရင်မ' အဖြစ် တင်မြှောက်ခံထားရတာ။ စတုတ္ထနှစ် စီနီယာတွေတောင် သူမကို မန်ဟက်တန်ရဲ့ အတော်ဆုံး ပါရမီရှင်အဖြစ် အသိအမှတ်ပြုထားကြတာလေ။"
"သူမက တကယ့်ကို တန်ဖိုးကြီးတဲ့ ရတနာပဲ။ ဒေးလ်တစ်ယောက်တည်း သူမကို လိုက်နေတာ မဟုတ်ဘူး။ နက်ဆပ်ကလပ်ထဲက အဆင့်သတ်မှတ်ချက်ဝင် စီနီယာကြီးတွေတောင် သူမကို မျက်စိကျနေကြတာ။"
အခြားစားပွဲတစ်ခုတွင် ထိုင်နေသည့် စီစီ ကလည်း မျက်မှောင်ကြုတ်ကာ ကြည့်နေသည်။ ဂေါ့ဖရေးကို မြင်လိုက်တိုင်း သူမခေါင်းထဲတွင် 'အရှင်သခင်အဆင့် ' ဆိုသည့် စကားလုံးက ပေါ်ပေါ်လာသည်။ ကောလာဟလပဲ ဖြစ်ဖြစ်၊ ဆင့်ခေါ်သတ္တဝါတွေကို စစ်ဆေးပေးတဲ့ အမျိုးသမီးဆီက ဘာလို့ ဒီစကား ထွက်လာရတာလဲ? သူမ အမှန်တရားကို စုံစမ်းရမည်။ ကျောင်းသတင်းထောက်တစ်ယောက်အနေဖြင့် ဤသတင်းမှာ လျစ်လျူရှုထားရန် အလွန်ပင် စိတ်ဝင်စားဖို့ကောင်းလွန်းသည်။ တကယ်လို့ ကောလာဟလက အမှားဆိုရင်တော့ ဂေါ့ဖရေး ဘဝပျက်သွားလိမ့်မည်။ ဒါပေမဲ့ တကယ်လို့ အမှန်သာဆိုရင်တော့... သူမဟာ မန်ဟက်တန်အကယ်ဒမီက ဖုံးကွယ်ထားတဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်သူ ဖြစ်သွားလိမ့်မည်။ သူမအနေဖြင့် ဂေါ့ဖရေး ဘဝပျက်သွားမလားဆိုတာကို ဂရုမစိုက်ပါ။
ထိုစဉ် စနိုးနှင့် နောက်လိုက်များ အခန်းထဲသို့ ဝင်လာကြသည်။ အိုင်ဆိုဒ်က ဂေါ့ဖရေး၏ စားပွဲကို ပေါ့ပေါ့ပါးပါး မှီရပ်နေသည်ကို မြင်လိုက်ရသောအခါ စနိုး၏ မျက်နှာ အမူအရာ ပျက်သွားသည်။ မန်ဟက်တန်ရဲ့ ဘုရင်မကလေ! သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူမကဲ့သို့သော သူတစ်ယောက်က သာမန်လူသားပုံစံ ဆင့်ခေါ်သတ္တဝါ ပိုင်ရှင်တစ်ယောက်ရဲ့ ဘေးမှာ သွားရပ်နေတာဟာ တစ်ကျောင်းလုံးကို အရှက်ခွဲနေတာပဲ မဟုတ်လား။
ဆရာ အက်ဒဝင်က ချက်ချင်းဆိုသလို ဝင်လာပြီး စင်မြင့်ထက်တွင် ရပ်လိုက်သည်။ "တောင်းပန်ပါတယ်၊ အင်္ကျီပေါ် ကော်ဖီမှောက်သွားလို့ ၂၀ မိနစ်လောက် နောက်ကျသွားတယ်။" သူက အေးစက်စက် လေသံဖြင့် ချောင်းတစ်ချက် ဟန့်လိုက်ပြီး မှတ်စုစာအုပ်ကို ဖွင့်လိုက်သည်။
"မင်းတို့ရဲ့ အမှတ်တွေကို ဆုံးဖြတ်ပေးမယ့် ပြိုင်ပွဲက နီးလာပြီ။ အဲ့ဒီပြိုင်ပွဲက မင်းတို့ရဲ့ ဆင့်ခေါ်သတ္တဝါတွေအပေါ်မှာပဲ မူတည်တယ်။ ဒီနေ့ သင်မယ့် သင်ခန်းစာကတော့ 'ပင်ကိုယ်စွမ်းရည် နဲ့ 'လိုက်လျောညီထွေစွမ်းရည် ' အကြောင်းပဲ။" သူက ခေတ္တရပ်ပြီး တစ်ခန်းလုံးကို ဝေ့ကြည့်လိုက်သည်။ "ပင်ကိုယ်စွမ်းရည်ဆိုတာ ဆင့်ခေါ်သတ္တဝါ ပေါ်လာကတည်းက သတ်မှတ်ပြီးသားမို့လို့ ငါက လိုက်လျောညီထွေစွမ်းရည် အကြောင်းကိုပဲ အဓိကထား ပြောသွားမယ်။ အဲ့တော့..."
ဂေါ့ဖရေးကတော့ စိတ်မဝင်စားတော့ဘဲ အတွေးလွန်နေသလို၊ သူ၏ အပေါင်းအဖော် အိုင်ဆိုဒ်ကလည်း ထိုနည်းအတိုင်းပင်။
ခဏအကြာတွင် ဂေါ့ဖရေးနှင့် အိုင်ဆိုဒ်တို့ ထမင်းစားဆောင်သို့ အတူတူ လျှောက်လာကြသည်။ အိုင်ဆိုဒ်က သူတို့နှစ်ယောက်အတွက် ချောကလက်ကိတ်နှင့် မုန့်အချို့ မှာယူလိုက်ပြီး ထောင့်ကျသည့် ဝိုင်းတစ်ခုတွင် သွားထိုင်လိုက်ကြသည်။
"မင်း သားရဲတွင်းဂိတ် ကို သွားခဲ့တယ်မလား?" ထိုင်လိုက်သည်နှင့် ဂေါ့ဖရေးက မေးလိုက်သည်။
အိုင်ဆိုဒ်က မျက်ခုံးပင့်ကာ "ဘာလို့ အဲ့လို ထင်တာလဲ?"
"စနိုး၊ မင်းနဲ့ ဒေးလ်တို့ကို မြင်လိုက်တာနဲ့ တခြားလူတွေနဲ့ ဘာကွာခြားလဲဆိုတာ ငါ နားလည်သွားလို့ပါ။ မင်းတို့က သေရေးရှင်ရေး တိုက်ပွဲတွေကို ရင်ဆိုင်ဖူးတယ်။ မင်းတို့ရဲ့ ဆင့်ခေါ်သတ္တဝါတွေနဲ့ ပိုပြီး ခိုင်မြဲတဲ့ သံယောဇဉ်ကို တည်ဆောက်ထားနိုင်ခဲ့ကြပြီ။"
အိုင်ဆိုဒ်က ကိတ်မုန့်တစ်လုပ်ကို အသာအယာ မြည်းစမ်းလိုက်ပြီးမှ ပြန်ဖြေသည်။ "အဲ့ဒီတော့... ငါတို့လိုလူတွေက တခြားလူတွေကို ဘာမှမဟုတ်သလိုမျိုး ဘာလို့ အောက်ခြေကကြည့်တာလဲဆိုတာကို မင်း နားလည်သွားပြီပေါ့?"
"ငါ အထဲကို ဝင်လာကတည်းက အဲ့ဒီကွာခြားချက်က အထင်အရှားပဲလေ" ဟု ဂေါ့ဖရေးက ပြန်ပြောလိုက်သည်။ "ဒါက ကြီးကောင်ဝင်နေတဲ့ ခွေးကြီးတစ်ကောင်နဲ့ ခွေးပေါက်လေးတစ်ကောင် ယှဉ်နေသလိုပဲ။ ဒါနဲ့... ငါ မေးမလို့ပဲ။ ဝိုင်ဗန် က မင်းရဲ့ တစ်ခုတည်းသော ဆင့်ခေါ်သတ္တဝါ မဟုတ်ဘူးမလား?"
"အို..." အိုင်ဆိုဒ် စားလက်စ ရပ်သွားသည်။ "မင်းက ဘာလို့ အဲ့လို ထင်ရတာလဲ?"
"ဝိုင်ဗန်တွေက ဆင့်ခေါ်သူနဲ့ ဆင့်ခေါ်သတ္တဝါကြားက ဝိညာဉ်ဆက်နွယ်မှုကို မဖြတ်တောက်နိုင်သလို၊ ဆင့်ခေါ်သူရဲ့ ခန္ဓာကိုယ်ကို သန်မာစေတဲ့ မာန်နာ(စွမ်းအင်)တွေကိုလည်း ဖယ်ရှားပစ်နိုင်စွမ်း မရှိဘူး။ အဲ့လို ဆင့်ခေါ်သတ္တဝါမျိုးနဲ့ ဆိုရင် မင်းက တကယ့်ကို အစွမ်းထက်နေမှာပဲ။"
"ငါက အဆင့် ၈.၅ ရှိတဲ့ ဆင့်ခေါ်သူတစ်ယောက်လေ" ဟု သူမက ရိုးရိုးလေးပင် ပြောလိုက်သည်။
ဂေါ့ဖရေး၏ မျက်လုံးများ ကျုံ့သွားရသည်။ "ဘာ? မင်းက—"
"ကြောက်သွားပြီလား?" သူမက စနောက်လိုက်သည်။
ဂေါ့ဖရေးက ခုံကို နောက်မှီလိုက်ပြီး မျက်လုံးများတွင် ပြတ်သားသော စိတ်ဓာတ်များ တောက်လောင်နေသည်။ ဒုတိယမြောက် တံခါးကိုသာ သူ ဖွင့်နိုင်ခဲ့ရင်...
"ငါကတော့ အဆင့်အမြင့်ဆုံး ကျောင်းသားဆုကို ရအောင် ယူဦးမှာပဲ။"
သူ၏ ကြုံးဝါးသံက ထမင်းစားဆောင်အတွင်း ပဲ့တင်ထပ်သွားပြီးနောက် ထူးဆန်းသော တိတ်ဆိတ်မှုတစ်ခု ဖုံးလွှမ်းသွားသည်။ သူ လှည့်ကြည့်လိုက်သောအခါ ငွေရောင်ဆံပင်နှင့် ချောမောသော ကောင်လေးတစ်ယောက် ဝင်လာသည်ကို တွေ့လိုက်ရသည်။ သူ့ဘေးတွင် ဆံပင်အနက်ရောင်နှင့် အာရှနွယ်ဖွား ကျောင်းသားတစ်ဦးလည်း ပါလာသည်။
"ဂေါ့ဖရေး ရူးသွားပြီလား? ဒီနေ့လို မန်ဟက်တန်ရဲ့ 'ဘုရင်' က ထမင်းစားဆောင်ကို လာတဲ့နေ့မျိုးမှာမှ အဲ့လို စကားမျိုး ပြောထွက်တယ်လို့?" ကျောင်းသားတစ်ဦးက မယုံနိုင်စွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်လေတော့သည်။