အခန်း (၁၃) - မန်ဟက်တန်သို့ အပြန်
ဂေါ့ဖရေးအနေဖြင့် သူ၏ဆင့်ခေါ်သတ္တဝါနှင့် ပတ်သက်၍ တစ်ခုခုကို သိရှိထားသည်ဆိုလျှင် ၎င်းမှာ ဤသံချပ်ကာသည် သူ့ကို အသက်ဝင်နေသော ခံတပ်ကြီးတစ်ခု၊ သို့မဟုတ် စစ်မြင်းတစ်ကောင်၏ အရှိန်မျိုးရှိသည့် တင့်ကားတစ်စီးအဖြစ် ပြောင်းလဲပေးနိုင်ခြင်းပင် ဖြစ်သည်။ သူ ပြေးဝင်သွားစဉ် နာတာရှာ၏ ကြိမ်လုံးသည် သူ၏သံချပ်ကာပေါ်သို့ အကြိမ်ကြိမ် ကျရောက်လာပြီး ဂူအတွင်း၌ တဖြောင်းဖြောင်းမြည်အောင် ရိုက်ခတ်နေသော်လည်း အက်ကြောင်းလေးတစ်ခုမျှပင် မထင်ခဲ့ပေ။ သူသည် သူမ၏ရှေ့သို့ ရောက်သွားပြီး ဓားကို အလျားလိုက် အားကုန်လွှဲခုတ်လိုက်သည်။ သူမသည် လျင်မြန်စွာ ငုံ့ရှောင်လိုက်ပြီး သူ့ကို ခြေထိုးလဲရန် ကြိုးစားသော်လည်း သူမ၏ကြိမ်လုံးမှာ သူ၏ခြေထောက်နှင့် ထိမိသည်နှင့်တစ်ပြိုင်နက် နာကျင်စွာ အော်ဟစ်လိုက်ရသည်။ သူ၏ခြေထောက်မှာ ကျောက်တုံးကြီးတစ်တုံးကဲ့သို့ မာကျောလှသည်။
ဂေါ့ဖရေးသည် ဓားကို နောက်သို့ပြန်လှည့်ကာ အရှိန်ပြင်းစွာ ဝှေ့ယမ်းလိုက်ရာ နာတာရှာမှာ ထပ်မံရှောင်တိမ်းလိုက်ရပြန်သည်။ သူမ၏ကြိမ်လုံးသည် မြွေတစ်ကောင်ကဲ့သို့ ခွေလိပ်တက်လာပြီး သူ၏လည်ပင်းကို ကာကွယ်ထားသော သံကွင်းစွပ် အကာအကွယ်တွင် တင်းတင်းကြပ်ကြပ် ရစ်ပတ်သွားသည်။ သူမသည် အားကုန်ဆွဲလိုက်သော်လည်း ဂေါ့ဖရေးက လက်အိတ်စွပ်ထားသော လက်ဖြင့် ထိုကြိမ်လုံးကို ဖမ်းဆုပ်ကာ ပြန်လည်ဆွဲငင်လိုက်သည်။ ထိုအားမှာ ပြင်းထန်လွန်းလှသဖြင့် နာတာရှာမှာ ခြေရာလက်ရာမရဘဲ လွင့်ထွက်လာကာ သူ့ထံသို့ ရောက်ရှိလာသည်။ ဂေါ့ဖရေးသည် ဟိန်းဟောက်လိုက်ရင်း ဓားရှည်ကို စောင်း၍ ခုတ်ချလိုက်ရာ သူမ၏ခန္ဓာကိုယ်မှာ ပွင့်ထွက်သွားတော့သည်။ သွေးစက်များမှာ သူ၏ ပုခုံးကာနှင့် သံခမောက်ပေါ်သို့ စင်ထွက်သွားပြီး ဝတ်ရုံပေါ်သို့ စီးကျလာချိန်တွင် နာတာရှာ၏ ခန္ဓာကိုယ်မှာ ပျော့ခွေလဲကျသွားခဲ့ပြီ။
ထိုစဉ်မှာပင် 'အဆိပ်ပြင်းဖားပြုတ်' ကြီးမှာ ပေါက်ကွဲသွားတော့သည်။ မောင်တိန်းသည် ထိုသားရဲ၏ အဆိပ်ကို ၎င်းအပေါ်သို့ပင် ပြန်လည်အသုံးချခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ကိုယ်ပိုင်အဆိပ်ထက်ပင် ပိုမိုပြင်းထန်သော အဆိပ်မျိုးကွဲကြောင့် ဖားကြီးမှာ ၎င်း၏ခံနိုင်ရည်ထက် ကျော်လွန်ကာ ပေါက်ကွဲထွက်သွားခြင်း ဖြစ်သည်။ ထိုပေါက်ကွဲမှုကြောင့် မြေပြင်ကြီး တုန်ခါသွား၏။ ထို့နောက်တွင်မူ မောင်တိန်း၏ ခြေလှမ်းတိုင်းမှာ သံတုံးကြီးကို ကျောက်ပြားပေါ် ဆောင့်ချလိုက်သကဲ့သို့ မညှာမတာ မြည်ဟည်းနေတော့သည်။ ဧရာမသူရဲကောင်းကြီးသည် ဓားနှင့်ဒိုင်းကို မြှောက်လျက် နာတာရှာ၏ အလောင်းကို ငေးကြည့်နေသော ဂေါ့ဖရေး၏ ရှေ့တွင် လာရပ်သည်။
ကြီးမားသော သံချပ်ကာ၊ ရွှေရောင်ပုခုံးကာများနှင့် ခန့်ညားသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဂေါ့ဖရေး၏ ပုံစံမှာ ဒဏ္ဍာရီထဲမှ ထွက်ပေါ်လာသော သူရဲကောင်းတစ်ဦးကဲ့သို့ပင်။ သို့သော် သံခမောက်အတွင်း၌မူ သူ၏မျက်နှာမှာ ထိတ်လန့်မှု၊ ကြောက်ရွံ့မှုနှင့် နောက်ဆုံးတွင်မူ ခါးသီးစွာ လက်ခံလိုက်ရခြင်း စသည့် စိတ်ခံစားချက်ပေါင်းစုံဖြင့် ရှုပ်ထွေးနေသည်။ သူ လူတစ်ယောက်ကို သတ်ခဲ့ပြီ။ သူ တစ်ခါမှ မတွေးဝံ့ခဲ့သော အရာတစ်ခုကို လုပ်ဆောင်ခဲ့ပြီ။ သူ မျက်လုံးများကို တင်းတင်းပိတ်ကာ ထိုလေးလံသော စိတ်ဖိစီးမှုကို ခံယူလိုက်သည်။ သူ၏ အသက်ရှူသံများမှာ ပြတ်တောင်းနေပြီး ခန္ဓာကိုယ်မှာလည်း မမြင်ရသော ကြိုးများဖြင့် တုပ်နှောင်ခံထားရသကဲ့သို့ တုန်ရင်နေ၏။ သူ တကယ်သတ်ချင်ခဲ့သည်တော့ မဟုတ်ပါ။ သို့သော် ဤသည်မှာ သားရဲတွင်းဂိတ်များအတွင်းမှ ရက်စက်လှသော တိုက်ပွဲ၏ အမှန်တရားပင် ဖြစ်သည်။ ကရုဏာထားခြင်းသည် မိမိကိုယ်ကို သေတွင်းပို့ခြင်းနှင့် အတူတူပင်။ အကယ်၍ သူသာ တွန့်ဆုတ်နေခဲ့ပါက သူမ၏နေရာတွင် သူ လဲကျနေမည်မှာ အသေအချာပင်။ အောင်နိုင်သူဆိုသည်မှာ အမြဲတမ်း အသက်ရှင်ကျန်ရစ်သူကိုသာ ဆိုလိုခြင်းဖြစ်သည်။
သူ၏ ဓားရှည်ကို ပုခုံးကာပေါ်သို့ တင်လိုက်ရာ ကျောက်တုံးပေါ်သို့ ဒင်္ဂါးပြားကျသံကဲ့သို့ သတ္တုချင်းထိသံလေး ထွက်ပေါ်လာသည်။ သူသည် သံခမောက်ကို မောင်တိန်းဘက်သို့ လှည့်လိုက်ရင်း -
"မင်း စကားပြောနိုင်တာကို... ငါ့ကို ဘာလို့ မပြောခဲ့တာလဲ?"
မောင်တိန်းက သူ့ကို ပြန်ကြည့်သည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ထိုဧရာမ သူရဲကောင်းကြီးက ခေါင်းကို ဖြည်းညှင်းစွာ တစ်ချက် ညိတ်ပြလိုက်သည်။ ဂေါ့ဖရေး သက်ပြင်းတစ်ချက်ကို အားရပါးရ ချလိုက်သည်။ သူသည် ကိုယ်ကိုလှည့်ကာ မှောင်ရိပ်ကျနေသော ဂူခန်းမအနက်ပိုင်းဆီသို့ လျှောက်လှမ်းသွားတော့သည်။ မောင်တိန်းကလည်း 'အမှောင်လွှမ်းမိုးခြင်း အခြေအနေ' ဖြင့်ပင် နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာသည်။ ဤအခြေအနေသည် သူတို့၏ ဝိညာဉ်စွမ်းအင်ကို ကြောက်မက်ဖွယ်အရှိန်ဖြင့် ကုန်ခမ်းစေသော်လည်း ဂေါ့ဖရေး ဂရုမစိုက်တော့ပေ။ ဤစွမ်းအားမပါဘဲ ရှေ့တွင်ရှိနေမည့် အရာကို သူ ရင်ဆိုင်နိုင်မည်မဟုတ်ကြောင်း သိနေသည်။ ယခုအခါ မောင်တိန်းသည် ဖားဖောင်းကြီး၏ အဆိပ်စွမ်းရည်ကို ကူးယူထားပြီးဖြစ်၍ ရှေ့တွင် စောင့်ကြိုနေသည့် အန္တရာယ်အတွက် မျှော်လင့်ချက် အနည်းငယ် ပိုရှိလာပြီ ဖြစ်သည်။
ဂူခန်းမကြီး၏ အဆုံးတွင် ချောက်ကမ်းပါးကြီးတစ်ခု ရှိနေသည်။ ၎င်းသည် မှောင်မည်းနေသော အောက်ခြေသို့ ဦးတည်နေပြီး အနက်ကို မခန့်မှန်းနိုင်ပေ။ ဂေါ့ဖရေး မျက်လုံးကို ကျဉ်းမြောင်းလိုက်သည်။ သူ ဤသားရဲတွင်းဂိတ်ကို အောင်မြင်အောင် ရှင်းလင်းရမည်။
"မင်း အရင်သွား"
မောင်တိန်းက ခေါင်းညိတ်ကာ ခုန်ချလိုက်သည်။ သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ အောက်သို့ ပြင်းထန်စွာ ကျရောက်သွားပြီးနောက် ပြန်အထတွင် သံချပ်ကာချင်း ပွတ်တိုက်သံများ မြည်ဟည်းသွားသည်။ ရုတ်တရက် ဝံပုလွေလူသားတစ်ကောင်က မှောင်ရိပ်ထဲမှ ခုန်ထွက်လာသည်။ သို့သော် ဤတစ်ကောင်က ထူးခြားနေသည်။ ခန္ဓာကိုယ်တွင် ပုပ်စပ်နေသော အသားစများ တွဲလောင်းကျနေပြီး မျက်နှာတစ်ခြမ်းမှာလည်း အရေပြားမရှိဘဲ ဦးခေါင်းခွံကြီး ပေါ်နေသည်။ ၎င်းမှာ 'မသေမျိုး ဝံပုလွေလူသား'ပင် ဖြစ်သည်။ မောင်တိန်းက ၎င်းကို ဒိုင်းလွှားဖြင့် ရိုက်ချလိုက်ရာ နံရံနှင့် ကပ်သွားတော့သည်။ ၎င်း၏ ပုပ်သိုးနေသော ကိုယ်လုံးမှာ ပေါက်ကွဲထွက်သွားပြီး သွေးနှင့် အသားစများအဖြစ် ပျံ့လွင့်သွားသည်။
နောက်ထပ် နှစ်ကောင် ပြေးဝင်လာသော်လည်း ဂေါ့ဖရေးက အောက်သို့ ခုန်ဆင်းကာ တစ်ကောင်၏ ခေါင်းကို ဓားဖြင့် တန်းတန်းမတ်မတ် ထိုးစိုက်လိုက်သည်။ မောင်တိန်းက ဒုတိယတစ်ကောင်ကို ခုခံကာကွယ်နေစဉ် ထိုသားရဲ၏ လက်မောင်းမှာ ရုတ်တရက် ဖောင်းကားလာပြီး ပျော့ခွေကျသွားသည်။ မောင်တိန်းသည် အခွင့်အရေးကို လက်မလွှတ်ဘဲ ၎င်း၏ ရင်ဘတ်ကို ဓားဖြင့် အားကုန် ထိုးဖောက်လိုက်သည်။ သူတို့နှစ်ဦး ရှေ့သို့ ဆက်တိုက် တိုးဝင်သွားကြသည်။ ပုံမှန်အခြေအနေတွင် မဖြစ်နိုင်သော်လည်း ယခု 'အမှောင်လွှမ်းမိုးခြင်း' ကြောင့် မသေမျိုး ဝံပုလွေများမှာ မောင်တိန်း၏ ဓားချက် တစ်ချက်၊ နှစ်ချက်အောက်တွင်ပင် အပိုင်းပိုင်း ပြတ်နေကြသည်။
သတ်ဖြတ်မှုပေါင်း (၂၀) ကျော်ပြီးနောက် သူတို့သည် မြေအောက် စက်ဝိုင်းပုံ စင်္ကြံခန်းမတစ်ခုသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် ဧရာမ တိုင်လုံးကြီး (၆) တိုင်က ဝန်းရံထားပြီး အလယ်ရှိ ကျောက်စာပလ္လင်ပေါ်တွင် နီရဲသော အမြုတေတစ်ခုမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ အထက်ရှိ မျက်နှာကြက်မှာ လေထဲတွင် ဆိုင်းငံ့ထားသော ကြည်လင်သည့် ရေပြင်ကြီးကဲ့သို့ လင်းလက်နေပြီး ထိုအလင်းမှာ လမင်းကြီးကဲ့သို့ မှောင်ရိပ်များကို အလင်းပေးနေသည်။
မောင်တိန်း ရှေ့သို့ တိုးသွားစဉ် တိုင်လုံးတစ်ခု၏ နောက်ကွယ်မှ အမည်းရောင် အရိပ်တစ်ခု ပြေးထွက်လာပြီး မောင်တိန်း၏ ဒိုင်းလွှားကို အရှိန်ပြင်းစွာ ဝင်တိုက်လိုက်ရာ သူ နောက်သို့ လွင့်ထွက်သွားသည်။ ထိုအရိပ်သည် ဂေါ့ဖရေးထံသို့ လျင်မြန်စွာ လှည့်၍ တိုက်ခိုက်ပြန်ရာ ဂေါ့ဖရေးမှာလည်း တိုင်လုံးတစ်ခုဆီသို့ လွင့်စင်သွားရသည်။ နီရဲသော အလင်းရောင်အောက်တွင် ထင်ရှားလာသည်မှာ ဧရာမ ဝံပုလွေလူသားကြီး တစ်ကောင်ပင်။ အခြားကောင်များနှင့် မတူဘဲ ၎င်းမှာ ခြေနှစ်ချောင်းဖြင့် မတ်တတ်ရပ်နေပြီး ကြွက်သားများမှာလည်း အထပ်ထပ် ဖောင်းကြွနေသည်။ ၎င်း၏ သွားများမှာ ဝါထိန်နေပြီး လက်သည်းများမှာမူ 'ကျောက်မျက်နက်' ကဲ့သို့ မည်းနက်နေသည်။ ၎င်းမှာ 'ဝံပုလွေဘုရင်' ပင် ဖြစ်သည်။
မောင်တိန်းက ဟိန်းဟောက်ကာ ၎င်းကို နံရံနှင့် ကပ်အောင် တွန်းတိုက်လိုက်သဖြင့် မျက်နှာကြက်မှ အပျက်အစီးများ ပြိုကျလာသည်။ သူက ပြန်လည် တိုက်ခိုက်သော်လည်း သူ၏ ဓားချက်မှာ ထိုသားရဲ၏ အရေပြားကို အပေါ်ယံမျှသာ ထိခိုက်စေသည်။ ထိုသားရဲက ပြန်လည် တုံ့ပြန်ရာ မောင်တိန်း၏ သံခမောက်တွင် အက်ကြောင်းကြီး (၃) ခု ထင်ကျန်ရစ်ပြီး သူ့ကို တိုင်လုံးတစ်ခုဆီသို့ ပစ်ပေါက်လိုက်သည်။ ကျောက်တိုင်ကြီးမှာ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကာ ပြိုကျသွားတော့သည်။
ဂေါ့ဖရေး အရှိန်ဖြင့် ပြေးဝင်တိုက်ခိုက်သော်လည်း ထိုသားရဲ၏ လက်ချက်မှာ ကြောက်မက်ဖွယ်ကောင်းအောင် မြန်ဆန်လှသည်။ သူသည် ချက်ချင်းပင် 'လဲလှယ်ခြင်း ကို သုံးကာ မောင်တိန်းနှင့် နေရာချင်း လဲလိုက်သည်။ မောင်တိန်းက ထိုတိုက်ကွက်ကို ခုခံနေစဉ် ဂေါ့ဖရေးက တစ်ဖက်မှ ခုတ်လိုက်သည်။ သူ၏ ဓားမှာ ဝံပုလွေဘုရင်၏ လက်မောင်းထဲသို့ နစ်ဝင်သွားသော်လည်း သံမဏိကြိုးများကဲ့သို့ ကျစ်လျစ်လှသော ကြွက်သားများကြောင့် ရှေ့ဆက်မတိုးနိုင်ပေ။ ဖားဖောင်းကြီး၏ အဆိပ်ပင် အလုပ်မဖြစ်တော့ပါ။ ဤဝံပုလွေဘုရင်သည် သူတို့ ရင်ဆိုင်ခဲ့သမျှထက် ခွန်အား၊ အရှိန်နှင့် ခုခံကာကွယ်မှုတို့တွင် အပြတ်အသတ် သာလွန်နေသည်။ ၎င်းသည် စွမ်းရည်တစ်ခု မဟုတ်ဘဲ မွေးရာပါ သဘာဝအတိုင်း သန်မာနေခြင်းဖြစ်ရာ မောင်တိန်းအနေဖြင့်လည်း ကူးယူ၍ မရနိုင်ပေ။
ဂေါ့ဖရေး ထိတ်လန့်စွာဖြင့် နောက်သို့ ဆုတ်လိုက်သော်လည်း ထိုသားရဲက ပိုမြန်သည်။ ၎င်း၏ ဧရာမ ခြေထောက်ကြီးဖြင့် သူ့ကို ကန်ထုတ်လိုက်ရာ လုံးကို ကျော်၍ လွင့်ထွက်သွားသည်။ သူ၏ သံချပ်ကာသာ မပါလျှင် သူသည် အစိမ်းလိုက် ကြိတ်ခြေခံရမည်မှာ သေချာသည်။
"ငါ့ဆီ... လာခဲ့စမ်း!"
မောင်တိန်း ဟိန်းဟောက်လိုက်သည်။ သူ၏ အသံမှာ သံစိုင်ချင်း ပွတ်တိုက်သံကဲ့သို့ စူးရှလှသည်။ ဝံပုလွေဘုရင်က သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်သော ဤသူရဲကောင်းကို အံ့သြသလို ကြည့်ရင်း ရပ်တန့်သွားသည်။ မောင်တိန်းသည် ရှေ့သို့ ပြေးဝင်သွားသည်။ ထိုသားရဲက ပုံမှန်အတိုင်း ဒိုင်းနှင့် တိုက်မည်ဟု ထင်ကာ ပြန်လည် ဝှေ့ယမ်းလိုက်သော်လည်း မောင်တိန်းက ငုံ့ရှောင်လိုက်ပြီး သူ၏ ဓားမှာ လင်းလက်လာသည်။ သူသည် ပထမဆုံးအကြိမ်အဖြစ် သံမဏိစွမ်းအား မဟုတ်ဘဲ ဝိညာဉ်စွမ်းအင် အစစ်အမှန်ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဝံပုလွေဘုရင်၏ ခန္ဓာကိုယ်ကို နှစ်ခြမ်းကွဲလုနီးပါး ပြင်းထန်စွာ ဖြတ်တောက်သွားတော့သည်။
ဂေါ့ဖရေး အံ့သြမှင်သက်စွာ ကြည့်နေမိသည်။ ၎င်းမှာ 'လိုက်လျောညီထွေဖြစ်သော စွမ်းရည်' တစ်ခု ဖြစ်သည်။ အားနည်းချက်ကို ကျော်လွှားရန်အတွက် ကိုယ်တိုင် ဖန်တီးယူလိုက်သော စွမ်းရည်ပင်။ ဂေါ့ဖရေး၏ သံချပ်ကာမှာ ဝိညာဉ်စွမ်းအင် ကုန်ခမ်းသွားသဖြင့် ပျောက်ကွယ်သွားသည်။ သူသည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းရင်း ဒဏ်ရာများဖြင့် ဗလပွဖြစ်နေသော်လည်း မလဲပြိုသေးသော မောင်တိန်းကို ငေးကြည့်နေမိသည်။
"မင်းသား ဂေါ့ဖရေး..." မောင်တိန်းက ဒူးတစ်ဖက် ထောက်လျက် အက်ရှရှ အသံဖြင့် ခေါ်လိုက်သည်။
"စကားပြောရတာ နာကျင်နေရင် မပြောပါနဲ့တော့" ဂေါ့ဖရေးက မောင်တိန်း မည်မျှ ပင်ပန်းနေသည်ကို နားလည်စွာ ပြန်ပြောလိုက်သည်။ "သွား... အမြုတေကို သွားယူလိုက်"
မောင်တိန်းက ခေါင်းညိတ်ကာ ရှေ့သို့ တက်လှမ်းပြီး နီရဲသော အမြုတေကို ဆုပ်ကိုင်လိုက်သည်။ ဝိညာဉ်စွမ်းအင်များမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ အဟုန်ပြင်းစွာ စီးဝင်သွားသည်။ သူ၏ ကိုယ်လုံးမှာ ပိုမိုကြီးမားကာ ပိုမို လေးလံလာသည်။ ဂေါ့ဖရေး၏ အမြင်အာရုံထဲမှ အချက်အလက်ဇယားမှာလည်း ပြောင်းလဲသွားသဖြင့် သူ ပြုံးမိသွားတော့သည်။
[ဆင့်ခေါ်သတ္တဝါ - ရွှေရောင်အမိန့်တော်ပြန်တမ်း၏ သူရဲကောင်းတပ်မှူး]
[အမျိုးအစား - Hybrid]
[အဆင့် - ၃.၄]
[အလားအလာ - ၆.၀]
မောင်တိန်းသည် ရက်အနည်းငယ်အတွင်းမှာပင် 'အနိမ့်စားအဆင့်' ၏ ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သုံးပတ်ခန့် ကြာပြီးနောက်...
ဂေါ့ဖရေးသည် ကျောပိုးအိတ်ကို လွယ်ကာ မန်ဟက်တန် အဆင့်မြင့် အကယ်ဒမီ၏ စင်္ကြံလမ်းသို့ တစ်ဖန် ပြန်လည် ခြေချလိုက်သည်။ သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် စင်္ကြံလမ်းအတွင်းရှိ ကျောင်းသားများမှာ တိတ်ဆိတ်သွားကြသည်။
"သူပဲ... သူရဲကောင်းရဲ့ သား ပြန်လာပြီဟ!"
"သူ ဘာလို့ ဒီကို ပြန်လာတာလဲ? မန်ဟက်တန်က သူနဲ့ မတန်ဘူးဆိုပြီး ထွက်ပြေးသွားတာ မဟုတ်ဘူးလား?"
"တစ်ခုခုတော့ ပြောင်းလဲသွားပြီ။ သူ့မျက်လုံးတွေကို ကြည့်စမ်း..."
"... မင်းပြောတာ မှန်တယ်"
ဂေါ့ဖရေး၏ အကြည့်များက နံရံကို မှီနေသော 'စနိုး'ဆီသို့ ရောက်သွားသည်။ စနိုး၏ ရှေ့တွင် ပထမနှစ်ကျောင်းသူလေးတစ်ဦးက လက်ဆောင်တစ်ခုကို ကိုင်ကာ ရှက်ကိုးရှက်ကန်း ရပ်နေပြီး သူ၏ နောက်လိုက်များဖြစ်သော 'ဆီးဖရိ' နှင့် 'မော်လ်ဒရက်'တို့က သက်တော်စောင့်များကဲ့သို့ ရှိနေကြသည်။ သူတို့သည် စနိုးနှင့် ထိုကျောင်းသူလေးအကြောင်း စကားပြောနေကြပုံရသော်လည်း ဂေါ့ဖရေး ဝင်လာသည်နှင့် အရာအားလုံး ပြောင်းလဲသွားသည်။
စနိုးက မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း သူ၏ ထက်မြက်လှပသော အပြုံးဖြင့် ပြောလိုက်သည်။
"မင်းခေါင်းက ဘယ်လိုနေသေးလဲ? ဆီးဖရိက တော်တော်ပြင်းပြင်းထန်ထန် ရိုက်လိုက်တာဆိုတော့... အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်"
သူ၏ ကောင်းကင်တမန်ကဲ့သို့ အပြုံးမှာ ကြည့်နေသော မိန်းကလေးတိုင်း၏ နှလုံးသားကို မြှားတစ်စင်းကဲ့သို့ ထိုးဖောက်သွားလေတော့သည်။