အခန်း (၈) - အလွန်အမင်း အစွမ်းထက်သူ
“ငါ့သားလေးရေ!!!”
နောက်ထပ် အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာပြန်ပါတယ်။
“လာပြန်ပြီ... ဒီတစ်ခါတော့ အဖိုးကြီးပေါ့။”
သူ့ရှေ့မှာ ထပ်ပေါ်လာတဲ့ နောက်ထပ် မွန်းစတားကတော့ လိမ္မော်ရောင် ဖန်တာဗူးကြီးနဲ့ တူပါတယ်။ သူက ခေါင်းပေါ်က ဗူးဖောက်တဲ့နေရာကို ဖွင့်ထားပြီး အဝါရောင် ပိုက်အကြီးကြီး တစ်ခုကို စိုက်ထားပါတယ်။ သူ့မျက်နှာက အိုမင်းနေပြီး ဗိုက်ပေါ်က အလူမီနီယံ အစအနလေးတွေကတော့ သင်္ချိုင်း ဆိုတဲ့စာလုံးကို ဒေါသတကြီး ဖော်ပြနေပါတယ်။
“ငါ့သားလေး!”
ထူးဆန်းတဲ့ ဖန်တာ အဖိုးကြီးဟာ စပရိုက် လူကြီးဆီကို ကြောက်စရာကောင်းတဲ့ အရှိန်နဲ့ ပြေးသွားပြီး နာကျင်စွာ ဟိန်းဟောက်လိုက်ပါတယ်။
ဝမ်ဖုန်းဟာ မသိစိတ်ကြောင့် နောက်ကို ဆုတ်လိုက်ပြီး ဝမ်းနည်းနေတဲ့ ဖန်တာ အဖိုးကြီးကို ကြည့်ကာ သူသတ်တာမဟုတ်ကြောင်း ရှင်းပြချင်ပေမဲ့ နောက်ဆက်တွဲ ဘာဖြစ်လာမလဲဆိုတာကိုလည်း ကြောက်နေမိပါတယ်။
“ဟင်? ငါ့ရဲ့ နောက်ထပ်သားတစ်ယောက်လည်း သေနေပြီလား!?”
ဖန်တာ အဖိုးကြီးက ခေါင်းကိုမော့ပြီး ဝမ်ဖုန်းကို စိုက်ကြည့်လိုက်ပါတယ်။ မလှမ်းမကမ်းမှာပဲ သေဆုံးနေတဲ့ ကိုကာကိုလာ ကောင်လေးရဲ့ သနားစရာ အဖြစ်အပျက်ကို သူ နောက်ဆုံးမှာ သတိပြုမိသွားတာပါ။
ဝမ်ဖုန်း ကြောင်သွားပါတယ်။ သူ မှတ်မိသလောက်ဆိုရင် ထူးဆန်းတဲ့ လူလတ်ပိုင်း စပရိုက် လူကြီးဟာ ကိုကာကိုလာ ကောင်လေးရဲ့ အဖေ ဖြစ်ရမှာပါ။ တော်တော်ထူးဆန်းတဲ့ မိသားစု ဆက်ဆံရေးပါပဲ! သူ စပရိုက် လူကြီးကို သနားသလိုနဲ့ ကြည့်လိုက်မိပါတယ်။ “ဘဝကို ကောင်းကောင်း ဖြတ်သန်းချင်ရင် ခေါင်းပေါ်မှာ အစိမ်းရောင်လေး နည်းနည်းတော့ ရှိနေရမယ်” ဆိုတဲ့ စကားက တကယ်ကို မှန်နေတာပဲ! (မှတ်ချက် - တရုတ်ယဉ်ကျေးမှုအရ ခေါင်းပေါ်စိမ်းခြင်းသည် ဇနီးဖောက်ပြန်ခြင်းကို ဆိုလိုသည်)
“မင်း ငါ့သားနှစ်ယောက်လုံးကို သတ်လိုက်တယ်ပေါ့... တောက်! မင်းကို ငါ သတ်ပစ်မယ်!!”
ဖန်တာ အဖိုးကြီးဟာ တစ်ကိုယ်လုံး တုန်ခါလာပါတယ်။ သူ့ခန္ဓာကိုယ်ထဲမှာ အရည်တွေ ပွက်ပွက်ဆူနေတဲ့အသံကို ကြားနေရပြီး အဝါရောင် ပိုက်ကြီးထဲကနေ အငွေ့တွေ ထွက်လာပါတယ်။ ခဏအကြာမှာတော့ “ဂလု” ဆိုတဲ့ အသံနဲ့အတူ ဘတ်စကတ်ဘောလုံး အရွယ်အစားလောက်ရှိတဲ့ အဝါရောင် အရည်လုံးကြီးတစ်ခုက အဝါရောင် ပိုက်ထဲကနေ ထွက်လာပါတယ်။ ဒါဟာ ပင်ပေါင်ဘောလုံးကို ပိုက်အသေးလေးထဲ အတင်းထိုးထည့်နေသလိုပါပဲ။
ဝမ်ဖုန်း သက်ပြင်းချလိုက်မိသလို တစ်ချိန်တည်းမှာပဲ သူ့နှလုံးခုန်နှုန်းက မြန်လာပါတယ်။ ကိုကာကိုလာ ကောင်လေးရဲ့ အတွေ့အကြုံအရ ဒီအချိုရည်တွေက ယမ်းမှုန့်လိုပဲ အစွမ်းထက်မှန်း သူ သိနေတာကို။ အဲဒီ အချိုရည် အမြောက်ဆန်ကြီး ပိုက်ထဲက ထွက်လာတဲ့အချိန်ဟာ သူ သေမယ့်အချိန်ပါပဲ။
‘အဘိုးကြီး... ကျွန်တော် ခင်ဗျားသားနှစ်ယောက်လုံးကို သတ်တာ မဟုတ်ဘူးဗျ။ စိတ်အေးအေးထားပါဦး!’
သူက လက်ကို အမြန်ယမ်းပြီး သူသတ်တာမဟုတ်ကြောင်း ငြင်းဖို့ ကြိုးစားပေမဲ့ စကားမဆုံးခင်မှာတင် - “ကျွန်တော် မင်းသားကို မသတ်-!”
သူ့မျက်စိရှေ့မှာ “အဖြူရောင် နတ်သမီးလေး” တစ်ပါး ရုတ်တရက် ပေါ်လာပါတယ်။ ကောင်းကင်ပေါ်ကနေ အဲကွန်း အပြင်ဘက်စက်ကြီး တစ်လုံး ပြုတ်ကျလာတာပါ။ အဲဒါက ဖန်တာ အဖိုးကြီးကို တည့်တည့်ကြီး မှန်သွားတာကြောင့် ဖန်တာရည်တွေ နေရာအနှံ့ စင်ထွက်ကုန်ပါတော့တယ်...
ဒါပေမဲ့ သူကတော့ အချိုရည်မိသားစုထဲမှာ အကြီးအကဲပီပီ အဲကွန်းနဲ့ အပိခံရတာတောင် မသေသေးပါဘူး။
“ဒါကတော့...” ဝမ်ဖုန်းဟာ ပြန်ထဖို့ ကြိုးစားနေတဲ့ ဖန်တာ အဖိုးကြီးကို ကြောင်ကြည့်နေမိပါတယ်။ အဲဒီနောက် သူ လှည့်ပြီး ထွက်ပြေးဖို့ ပြင်လိုက်တယ်။
*“ဝုန်းးးး!”*
ရုတ်တရက် ဖန်တာ အဖိုးကြီး အတင်းမှုတ်ထုတ်ဖို့ ကြိုးစားနေတဲ့ အမြောက်ဆန်ကြီးက ဗူးထဲမှာတင် ပေါက်ကွဲသွားပါတယ်။ အဲကွန်း ပြုတ်ကျထားတာကြောင့် ပိုက်က ပျက်စီးသွားပြီး အရှိန်ကို မထိန်းနိုင်တော့တာပါ။ ဖန်တာရည်တွေက အရပ်မျက်နှာ အနှံ့ကို လွင့်ထွက်သွားပါတယ်။
ဝမ်ဖုန်း မြင်ကွင်းကို ကြောင်ကြည့်နေမိပါတယ်။ ဒါ နောက်ပြောင်နေတာလား? သူ့အမြောက်ဆန်နဲ့ သူပြန်မှန်ပြီး သေသွားတာပဲ။
**[တိန်း! အနီးအနားမှာ ပြောင်းလဲနိုင်တဲ့ ကတ်ပြားတစ်ခု ပေါ်လာပါပြီ။ ကျေးဇူးပြုပြီး သွားရောက် ပြောင်းလဲပါ!]**
“ဒီနေ့က ဧပြီလ လူလိမ်နေ့လား? ဒီမွန်းစတားတွေက သူတို့အသက်တွေနဲ့ ငါ့ကို လာနောက်နေကြတာလား?”
သူ ရယ်ရမလား ငိုရမလား မသိတော့ပါဘူး။ ဘယ်ကမှန်းမသိ ပြုတ်ကျလာတဲ့ အရာဝတ္ထုတွေက မိသားစု သုံးယောက်လုံးကို နှိမ်နင်းသွားခဲ့ပါပြီ။ ဆရာမတွေက ကောင်းကင်က ပြုတ်ကျလာမယ့် အရာတွေကို သတိထားဖို့ သင်ပေးခဲ့တာ မမှားပါဘူး။
“မင်းတို့တွေ အေးအေးချမ်းချမ်း အနားယူကြပါတော့!”
သူ ရှေ့တိုးသွားပြီး ဖန်တာ အဖိုးကြီးကို ထိလိုက်တဲ့အခါ “ကြယ်နှစ်ပွင့်ကတ် - ဖန်တာ အဖိုးကြီး” ကို ရရှိပါတယ်။ ဒီတစ်ခါတော့ ဖန်တာ အဖိုးကြီးရဲ့ အရေပြားက အလူမီနီယံနဲ့ လုပ်ထားတာကို သူ တွေ့လိုက်ရတယ်။ စပရိုက် လူကြီးနဲ့ ကိုကာကိုလာ ကောင်လေးထက်စာရင် သူက ဘာလို့ ပိုပြီး ခံနိုင်ရည်ရှိနေလဲဆိုတာ မဆန်းတော့ပါဘူး။
သူ အဲကွန်းစက်ကို ကြည့်လိုက်ပါတယ်။ တိုင်က ကျည်ဆန်ရာတွေကို မြင်ရတာ တော်တော်လေး စကားမပြောနိုင်အောင်ပါပဲ။ တခြားလူတွေကတော့ သူများတွေ ဂိမ်းထဲမှာ ခိုးဆော့နေတယ်လို့ တနေကုန် အပြစ်တင်နေကြပေမဲ့ အဲဒါတွေက တရားဝင် တိုင်ကြားချက်တွေပါ။ အခြားတစ်ဖက်မှာတော့ ကိုကာကိုလာ ကောင်လေးက တကယ်ပဲ ခိုးဆော့သလိုဖြစ်သွားပြီး သူ့မိသားစုဝင် နှစ်ယောက်လုံးကတော့ အဲဒီအမှားကြောင့်ပဲ အသက်ပါ သွားရတာပါ။
“King ကျန်းမာပါစေ။”
“Kingက အသန်မာဆုံးပဲ။ ကြည့်စမ်း! လက်ကလေး ယမ်းလိုက်ရုံနဲ့ အပေါ်ထပ်က ဆိုင်းဘုတ်တွေ၊ ကြော်ငြာဘုတ်တွေနဲ့ အဲကွန်းတွေ အလိုလို ပြုတ်ကျလာပြီး မွန်းစတားတွေကို သတ်ပစ်လိုက်တာ။ Kingက အဲဒီအရာတွေကို သူ့ရဲ့ စိတ်စွမ်းအားနဲ့ ထိန်းချုပ်လိုက်တာ ဖြစ်ရမယ်။”
“သူက ကမ္ဘာပေါ်မှာ အသန်မာဆုံး လူသားဖြစ်သလို ငါ တကယ် လေးစားရတဲ့ စံပြပုဂ္ဂိုလ်ပဲ!!”
“နေပါဦး... ခုနက King ယုံကြည်မှုအပြည့်နဲ့ နောက်လှည့်သွားတာ မြင်လိုက်လား? သူ့ရဲ့ စွမ်းအားအပေါ်မှာ ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှု ရှိတာလေ။ ဒီမွန်းစတားတွေ သေမှာ သေချာတယ်ဆိုတာ သိလို့ နောက်တောင် လှည့်မကြည့်တော့တာ။ Kingက အရမ်း ကြမ်းလွန်းတယ်။”
မြို့ခံတွေကတော့ ပျော်နေကြပါတယ်။
“...” ဝမ်ဖုန်းဟာ ပြတင်းပေါက်ကနေ ကခုန်နေကြတဲ့ လူတွေကို ကြည့်ပြီး စကားလုံးမရှိအောင် ခေါင်းခါယမ်းလိုက်ပါတယ်။ အဲဒီနောက် သူ့ရဲ့ ဦးထုပ်အနက်ကို ဆောင်းပြီး အခင်းဖြစ်တဲ့နေရာကနေ အမြန် ထွက်လာခဲ့ပါတယ်။ မွန်းစတား သုံးကောင်ရဲ့ အလောင်းတွေကိုတော့ သူ ထွက်သွားပြီးရင် တစ်ယောက်ယောက်က လာသိမ်းသွားမှာပါပဲ။
...
မြို့တော် အေ ရှိ သူရဲကောင်းအသင်း ဌာနချုပ်။
“မာရီယာ... ကျွန်မ အဆင့်-ဘီ သူရဲကောင်း ‘၁၃-စူပါရဲတပ်ဖွဲ့ စက်ရုပ်’ ကို အခင်းဖြစ်တဲ့နေရာကို သွားဖို့ အကြောင်းကြားထားပါတယ်။ သူက အဲဒီမွန်းစတားတွေကို အမြန်ဆုံး နှိမ်နင်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်ရှင့်။”
“အင်း။” မာရီယာ ခေါင်းညိတ်လိုက်တယ်၊ “ဒါနဲ့... အဲဒီမွန်းစတားရဲ့ အဆင့်က ဘယ်လောက်လဲ?”
“မြို့ခံတွေရဲ့ သတင်းပို့ချက်အရတော့ ကိုကာကိုလာ မွန်းစတားက ‘ဝံပုလွေ’ အဆင့် ဘေးအန္တရာယ်ပါပဲရှင့်။”
“ကောင်းပြီ။ အခြေအနေကို ဆက်စောင့်ကြည့်နေ၊ အရေးပေါ်ကိစ္စရှိရင် ငါ့ကို ချက်ချင်း သတင်းပို့။” မာရီယာ လှည့်လိုက်ပြီး အခြားတစ်ဖက်က ဝန်ထမ်းကို မေးလိုက်တယ် - “ဇက် မြို့တော်မှာ ပေါ်နေတဲ့ မွန်းစတားကော ဘာဖြစ်သွားပြီလဲ? ကိုင်တွယ်ပြီးပြီလား?”
“သတင်းပို့ချက်အရတော့ မြေနိမ့်ပိုင်းနဲ့ မြို့ခံတွေဆီက ဘာသတင်းမှ ပြန်မတက်သေးပါဘူးရှင့်။ အဲဒီနေရာက တကယ့် စစ်တလင်း ဖြစ်နေပြီ။”
“ကောင်းပြီ၊ ဆက်ပြီး စောင့်ကြည့်ပြီး သတင်းပို့။” မာရီယာ မျက်နှာကို ပွတ်သပ်ပြီး ကြိုးစားပမ်းစား အလုပ်လုပ်နေပါတယ်။ မနက်လင်းတော့မှာဆိုတော့ သူမရဲ့ အလုပ်ကို လွှဲပြောင်းယူမယ့်သူ မကြာခင် ရောက်လာတော့မှာပါ။
*“ဂျင်းးးး!”*
ရုတ်တရက် အသင်းရဲ့ အရေးပေါ်ဖုန်း ထပ်မြည်လာပြန်ပါတယ်။
“ဟယ်လို... ဘာကိစ္စလဲရှင့်? အမ် မြို့တော်ရဲ့ လမ်းမပေါ်မှာ စပရိုက် မွန်းစတားတစ်ကောင် ပေါ်လာပြန်ပြီ ဟုတ်လား...”
မာရီယာ့ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ်၊ နောက်ထပ် မွန်းစတားတစ်ကောင် ပေါ်လာပြန်ပြီ၊ စူပါရဲတပ်ဖွဲ့ စက်ရုပ် ကိုင်တွယ်နိုင်ပါ့မလား သူမ မသိတော့ဘူး။
“နေပါဦး... Kingက အခင်းဖြစ်တဲ့နေရာမှာ ရှိနေတယ် ဟုတ်လား? သူက ကိုကာကိုလာ ကောင်လေးကို နှိမ်နင်းလိုက်ပြီ? Kingက သူ့ရဲ့ စူပါစွမ်းအားနဲ့ ကြော်ငြာဘုတ်ကို ဆွဲချပြီး စပရိုက် လူကြီးကို သတ်လိုက်တာ ဟုတ်လား? သတင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်... ...ဘာ? ဖန်တာ အဖိုးကြီး မွန်းစတား ထပ်ပေါ်လာတယ်? အဲဒီ ဖန်တာ အဖိုးကြီးရဲ့ အခြေအနေကို ပြောပြပါဦး... ဟင်? သေသွားပြီလား? Kingက စူပါစွမ်းအားနဲ့ အဲကွန်းကို ဆွဲချပြီး သတ်လိုက်တာလား... ဟင်? အော်... အော်... နားလည်ပါပြီ။ အသင်းရဲ့ လုပ်ငန်းတွေကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။”
ဖုန်းချပြီးနောက် ဝန်ဆောင်မှုမလေးဟာ နဖူးပေါ်က ချွေးတွေကို သုတ်လိုက်ပါတယ်။ ဒီဖုန်းပြောဆိုမှုတိုလေးဟာ တကယ့် ရုပ်ရှင်ကားကြီးတစ်ကားလိုပဲ အတက်အကျတွေ များလွန်းတာကြောင့် သူမကို တော်တော်လေး လန့်သွားစေတာပါ။
သူမ ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ မာရီယာ အပါအဝင် ကွပ်ကဲမှုခန်းမထဲက ဝန်ထမ်းတော်တော်များများဟာ သူမကို ဝိုင်းကြည့်နေတာ တွေ့လိုက်ရလို့ အံ့ဩသွားပါတယ်။
“ဘာဖြစ်တာလဲ? Kingက မွန်းစတားကို သွားနှိမ်နင်းတာလား?” မာရီယာ စိတ်မရှည်စွာ မေးလိုက်ပါတယ်။
ဝန်ဆောင်မှုမလေးက ပြုံးလိုက်ပြီး - “ဟုတ်ပါတယ် မာရီယာရှင့်၊ မြို့ခံတွေရဲ့ သတင်းပေးချက်အရ Kingက အဲဒီမွန်းစတား သုံးကောင်လုံးကို နှိမ်နင်းပြီး အခု အခင်းဖြစ်တဲ့နေရာကနေ ထွက်သွားပါပြီရှင့်။”
“ဒါကြောင့်လည်း Kingက မွန်းစတားတွေကို နှိမ်နင်းဖို့ အလုပ်ရှုပ်နေလို့ ဖုန်းမကိုင်နိုင်တာကို မဆန်းပါဘူး!” မာရီယာ ပြုံးလိုက်မိတယ်၊ ဒါပေမဲ့ တစ်ခုခုကို သတိရသွားပြီး မျက်မှောင်ကြုတ်လိုက်ပါတယ်။ “ဒါနဲ့... ခုနက ဖုန်းပြောတုန်းက Kingက စူပါစွမ်းအားတွေ သုံးပြီး တိုက်တာလို့ ပြောတယ်နော်?”
ဒါက အရေးကြီးတဲ့ သတင်းအချက်အလက်ပါ။ အသင်းအနေနဲ့ Kingရဲ့ စွမ်းရည်တွေအကြောင်း သိထားတာ အင်မတန် နည်းပါတယ်။ အခုအချိန်အထိ မွန်းစတားက ဘယ်လောက်ပဲ သန်မာပါစေ၊ Kingက တစ်ချက်တည်းနဲ့ အပြတ်နှိမ်နင်းနိုင်ခဲ့တာပါ။ ဒါကို အခြေခံပြီး သူတို့က Kingဟာ ခွန်အားသုံး တိုက်ခိုက်ရေးသမားလို့ ကောက်ချက်ချထားတာပါ။ အခုတော့ Kingမှာ စူပါစွမ်းအားရှိတယ်လို့ ကြားလိုက်ရတာကြောင့် သူတို့အတွက် တော်တော်လေး ရိုက်ခတ်မှု ရှိသွားပါတယ်။
ဝန်ဆောင်မှုမလေးက အပြည့်အဝ ထောက်ခံလိုက်တယ် - “မာရီယာရှင့်၊ မြို့ခံတွေရဲ့ သတင်းပေးချက်အရ Kingမှာ စူပါစွမ်းအား တကယ်ရှိပြီး အခင်းဖြစ်တဲ့နေရာက လူအတော်များများက King စူပါစွမ်းအား သုံးတာကို မြင်လိုက်ရတယ်လို့ ပြောကြပါတယ်ရှင့်။”
“ဒါက အရမ်းအရေးကြီးတဲ့ ကိစ္စပဲ၊ အမြန်ဆုံး စုံစမ်းစစ်ဆေးရမယ်။ အမ် မြို့တော်မှာရှိတဲ့ အသင်းဝန်ထမ်းတွေကို Kingဆီ သွားရောက်လည်ပတ်ခိုင်းပြီး သတင်းက မှန်မမှန် အတည်ပြုခိုင်းလိုက်။ အတည်ပြုပြီးတာနဲ့ ဝန်ကြီးဆီကို သတင်းပို့မယ်။”
“ဟုတ်ကဲ့။” ဝန်ထမ်းမလေးဟာ သူမရဲ့ ကွန်ပျူတာဆီ ပြန်သွားပြီး အလုပ်စလုပ်ပါတော့တယ်။ ကွပ်ကဲမှုခန်းမထဲမှာ အချက်ပေးသံ အမျိုးမျိုး ကြားနေရပါတယ်။
ခဏအကြာမှာတော့ မြို့ခံတွေက တိတ်တဆိတ် ရိုက်ကူးထားတဲ့ King မွန်းစတားတွေကို သတ်နေတဲ့ ဗီဒီယို ထွက်ပေါ်လာပါတယ်။ မာရီယာနဲ့ သူမရဲ့ လက်ထောက်တွေဟာ ဝမ်ဖုန်း မွန်းစတားတွေကို နှိမ်နင်းတဲ့ ပုံရိပ်ကို ထပ်ခါတလဲလဲ ကြည့်ကြပါတယ်။ အဲဒီနောက် သူတို့တွေ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။
ဗီဒီယိုထဲမှာတော့ ‘King’ ဟာ အရာဝတ္ထုတွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည် တကယ်ရှိပုံ ပေါ်နေပါတယ်။ ဒါတင်မကဘဲ တင်ထားတဲ့ ပြည်သူတွေရဲ့ ထွက်ဆိုချက်တွေကလည်း ‘King’ ဟာ အသန်မာဆုံးဆိုတာ သက်သေပြဖို့ လုံလောက်နေပါတယ်။
“ဒါက အလွန်အရေးကြီးတဲ့ သတင်းပဲ၊ ဝန်ကြီးဆီကို အခုချက်ချင်း အစီရင်ခံရမယ်။”