အခန်း ၄၆ - တုန်လှုပ်ချောက်ချားသွားတဲ့ ဗက်ဆင်းကလေး
လေထုက ရုတ်တရက် ငြိမ်သက်သွားတယ်။ ဗက်ဆင်းကလေးရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ဟာ ဝမ်ဖုန်းရဲ့ အလိုဆန္ဒအောက်ကို အကြောင်းပြချက်မရှိဘဲ ကျိုးနွံသွားတာကြောင့် သူဟာ ကြောက်ရွံ့မှုတွေနဲ့ လွှမ်းမိုးခံလိုက်ရပြီလေ။ ဗက်ဆင်းကလေးရဲ့ လက်ဖဝါးထဲမှာ ဘတ်စကက်ဘောလုံးအရွယ်အစားရှိတဲ့ စွမ်းအင်ဗုံးကို စုစည်းပြီးသားဖြစ်ပေမဲ့ ဆယ်မိနစ်လောက် ကြာသွားတဲ့အထိ အဲဒီစွမ်းအင်ဗုံးကို ပစ်လွှတ်မယ့်ဟန်အတိုင်း တောင့်တောင့်ကြီး ဖြစ်နေတုန်းပါပဲ။ သူ စွမ်းအင်ဗုံးကို ပစ်လည်းမပစ်သလို၊ ပြန်လည်း ဖျောက်မပစ်ပါဘူး။ ထာဝရကျောက်ရုပ်ကြီးတစ်ခုလိုပဲ အဲဒီနေရာမှာ တောင့်တောင့်ကြီး ရပ်နေခဲ့တာပါ။
ဝမ်ဖုန်းကတော့ ဗက်ဆင်းကလေးကို တိတ်တဆိတ် ကြည့်နေရုံပါပဲ။ 'ဒီကလေးစုတ်လေး၊ ခုနကတော့ မောက်မာလှချည်လား။ အခု ရိုက်နိုင်ရင် လာရိုက်ကြည့်စမ်းပါ! အင်း... မင်းရဲ့ မောက်မာမှုတွေကို အခု ချိုးနှိမ်ပေးရတာပေါ့။'
နှစ်ယောက်သား ဘာစကားမှမပြောဘဲ အခြေအတင် ရပ်နေကြတယ်။ သူတို့ကြားက လေထုထဲမှာတော့ "ကြောင်ကြောင်တောင်တောင်" ဖြစ်မှုတွေနဲ့ ပြည့်နှံ့နေတော့တာပေါ့။ ခဏအကြာမှာတော့ ဗက်ဆင်းကလေးရဲ့ ပြောင်သလင်းခါနေတဲ့ နဖူးပြင်မှာ ချွေးစေးတွေ ပြန်လာတယ်။ သူ့ရဲ့ ရက်စက်တဲ့ အသွင်အပြင်အောက်မှာတော့ သူဟာ သေလောက်အောင် ကြောက်နေခဲ့တာပါ။
'ဘာလို့လဲ...? ငါ ဘာလို့ ဒီလူသားကို ပူဇော်ချင်စိတ်တွေ ရုတ်တရက် ပေါ်လာရတာလဲ? ငါ ဘာလို့ သူ့အလိုကျ အညံ့ခံချင်နေရတာလဲ? ငါ ဘာလို့ သူ့စကားကို လိမ္မာပါးနပ်စွာ နားထောင်ချင်နေရတာလဲ? ငါ့အသက်နဲ့ရင်းပြီး ဘာလို့ သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ ဘေးကင်းမှုကို ကာကွယ်ပေးချင်နေရတာလဲ? ငါ ဘာလို့ ဒူးထောက်ပြီး "ကျွန်တော့်ရဲ့ ဘုရင်ကြီး ထာဝရ အသက်ရှည်ပါစေ" လို့ အော်ဟစ်ချင်နေရတာလဲ? ဘာလို့လဲ...'
ဗက်ဆင်းကလေးရဲ့ စိတ်ထဲမှာ မေးခွန်းပေါင်း တစ်သိန်းလောက် ဖြစ်ပေါ်နေတယ်။ ဝမ်ဖုန်းကို သတ်ဖို့ စွမ်းအင်ဗုံးကို လွှတ်ထုတ်တော့မယ့် အချိန်မှာပဲ သူ့ခန္ဓာကိုယ်က အကြောင်းပြချက်မရှိ တုန်ယင်သွားပြီး အရာအားလုံးက ထုံထိုင်းသွားခဲ့တာပါ။ တိုတောင်းလှတဲ့ ဆယ်မိနစ်အတွင်းမှာပဲ သူ့ဘဝက ၃၆၀ ဒီဂရီ ပြောင်းလဲသွားခဲ့ပါပြီ။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာဟာ ဝမ်ဖုန်းဆီမှာ ရုတ်တရက် လက်နက်ချသွားခဲ့ပြီး ဘယ်လိုမှ ပြန်မခုခံနိုင်တော့ပါဘူး။
တောက်! တောက်!
သူ့နဖူးက ချွေးစေးတွေဟာ ကြမ်းပြင်ပေါ်ကို တစ်စက်ချင်းစီ ကျလာပြီး အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတယ်။ အဲဒါက သူ့ရဲ့ လက်ရှိခံစားချက်ဖြစ်တဲ့ 'နှလုံးသားကွဲကြေမှု' ကို ကိုယ်စားပြုနေသလိုပါပဲ!
'စိတ်အေးအေးထားစမ်း၊ မင်း စိတ်အေးအေးထားရမယ်။ ရှေ့ကကောင်ကို မင်းရဲ့ ထူးဆန်းမှုကို သိအောင် မပြလိုက်နဲ့။ မောက်မာတဲ့အမူအရာ၊ အေးစက်တဲ့လေသံနဲ့ အထင်သေးတဲ့အပြုံးကိုပဲ ဆက်ထိန်းထား။ မင်းကိုယ်မင်း အစွမ်းထက်သယောင် ဟန်ဆောင်ထားစမ်း။'
ဗက်ဆင်းကလေးက လက်ကို ဝေ့ယမ်းလိုက်ပြီး လက်ထဲက စွမ်းအင်ဗုံးကို ဖျောက်လိုက်တယ်။ သူက လှောင်ပြုံးပြုံးရင်း "အခု ပြန်စဉ်းစားကြည့်တော့ ငါ့ကို အကောင်ဖောက်ပေးခဲ့တာ မင်းရဲ့ကျေးဇူးပေါ့။ လူသားတစ်ယောက်အပေါ် ကျေးဇူးတင်တတ်တဲ့အကျင့် ငါ့မှာ မရှိပေမဲ့ ငါ ဒီနေ့မှ မွေးတာဆိုတော့ စိတ်ကောင်းဝင်နေတယ်။ ဒါကြောင့် မင်းကို လွှတ်ပေးလိုက်မယ်။ မင်း... ငါ့မျက်စိရှေ့ကနေ အခုချက်ချင်း ပျောက်သွားတော့!"
ဟုတ်ပါတယ်၊ သူက အေးစက်တဲ့လေသံနဲ့ နတ်ဆိုးဘုရင်တစ်ပါးရဲ့ သန်မာပြီး ခေါင်းမာတဲ့အသွင်ကို ဆက်ထိန်းထားချင်တာပါ။
"..." ဝမ်ဖုန်းက ဘာမှမပြောဘဲ ဗက်ဆင်းကလေးကို တိတ်တဆိတ် စိုက်ကြည့်နေတယ်။ 'ကဲ... ဆက်ပြီး သရုပ်ဆောင်စမ်းပါဦး!'
အဲဒီအချိန်မှာပဲ စနစ်ရဲ့ အသိပေးချက်က ထပ်ပြီး ထွက်ပေါ်လာတယ် - "ပိုင်ရှင်ရဲ့ အိမ်မွေးတိရစ္ဆာန် အဆင့်ကို စတင်စစ်ဆေးနေပါပြီ..."
'ဟမ်? ဒီကောင် ဘာဖြစ်နေတာလဲ? သာမန်လူဆိုရင် မွန်းစတားက မသတ်ဘူးလို့ ပြောလိုက်တာနဲ့ အလန့်တကြား ထွက်ပြေးရမှာ မဟုတ်ဘူးလား? ဒါပေမဲ့ ဒီကောင်က ငါ့ကို ဘာလို့ စိုက်ကြည့်နေတုန်းလဲ? ငါ ပြောတာ မရှင်းလို့လား?' ဗက်ဆင်းကလေးရဲ့ မျက်ခုံးတွေ အနည်းငယ် လှုပ်သွားတယ်။ သူက သူ့ရဲ့ အသံထွက်ကို ပြန်ညှိလိုက်ပြီး "ဟေး... မင်း ငါ့ကို အကောင်ဖောက်ပေးတဲ့ ကျေးဇူးကို ထောက်ထားပြီး ငါ မင်းကို မသတ်ဘူး။ သွားတော့!"
ဒီတစ်ခါတော့ ရှင်းလောက်ပြီပေါ့! ဟဲဟဲ!
ဝမ်ဖုန်းရဲ့ နှုတ်ခမ်းထောင့်တွေ တွန့်သွားမိတယ်။ 'ကလေးစုတ်လေး၊ မင်းရဲ့ အကွက်တွေကို ငါ အကုန်မြင်နေရတယ်။ ဆက်ပြီး ဟန်ဆောင်နေလိုက်စမ်းပါဦး။ မင်း ဘယ်လောက်ကြာကြာ ဆက်ဟန်ဆောင်နိုင်မလဲ ငါကြည့်ချင်သေးတယ်။'
'ဟင်? ဒီကောင်က ဘာလို့ ဒီအတိုင်းပဲ ရပ်နေတုန်းလဲ? တောက်! သူ့ရဲ့ ကြောင်တောင်တောင် မျက်နှာကြီးကို စွမ်းအင်ဗုံးနဲ့ ပစ်ပေါက်ပြီး အမှုန့်လုပ်ပစ်ချင်လိုက်တာ။ ဒါပေမဲ့ အဲလိုလုပ်ဖို့ ကြိုးစားတိုင်း ငါ့ဝိညာဉ်က စူးစူးရှရှ နာကျင်လာပြီး ခုခံချင်စိတ်တွေ ပျောက်ဆုံးကာ သူ့ကိုပဲ လိုလိုလားလား အညံ့ခံစေတာပဲ။ ဒါ ဘယ်လို ခံစားချက်ကြီးလဲ? တကယ့်ကို ဒေါသထွက်ဖို့ကောင်းလိုက်တာ!'
ဗက်ဆင်းကလေးက လက်ပိုက်လိုက်ပြီး ဝမ်ဖုန်းကို ကြည့်လိုက်တယ်။ 'အင်း... သူ့ရဲ့ အူကြောင်ကြောင် ပုံစံကိုကြည့်ရရင် သူက လူသူမနီးတဲ့ အရပ်ကလာလို့ ဘုံစကားတွေကို မသင်ဖူးတာနေမှာ။ အဲဒါကြောင့် ငါပြောတာကို သူ နားမလည်တာ ဖြစ်နိုင်တယ်။ အင်း... ငါ့ရဲ့ ဆိုလိုရင်းကို သူ့ကို ဘယ်လို ဖော်ပြရမလဲ? ဪ... နည်းလမ်းရှိသားပဲ။'
ဗက်ဆင်းကလေးက စားပွဲပေါ်က စာရွက်တစ်ရွက်နဲ့ မှင်ဖျက်တံတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး ရိုးရှင်းတဲ့ ပုံကြမ်းအချို့ကို ဆွဲလိုက်တယ်။ ပြီးတော့ အဲဒီစာရွက်ဖြူကို ဝမ်ဖုန်းရှေ့မှာ ချလိုက်ပြီး ပုံကို လက်ညှိုးထိုးပြကာ "ဒီပုံကို ကြည့်လိုက်ပါ။ ငါပြောချင်တာတွေ အားလုံး အဲဒီထဲမှာ ရှိတယ်" လို့ ပြောလိုက်တယ်။
ပထမပုံမှာ ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးဘုရင်တစ်ပါးနဲ့ တုန်တုန်ရင်ရင် ဖြစ်နေတဲ့ လူရုပ်လေးတစ်ရုပ် ပါရှိတယ်။ ဒုတိယပုံမှာတော့ နတ်ဆိုးဘုရင်က ကျောခိုင်းပြီး ထွက်သွားတယ်။ လူရုပ်လေးကတော့ အကောင်းတိုင်းပဲ။ ပြီးတော့ တတိယပုံမှာတော့ လူရုပ်လေးဟာ သူ့ရဲ့ တုတ်ချောင်းလို ခြေထောက်လေးနှစ်ဖက်နဲ့ ပြေးထွက်သွားတယ်။ လူရုပ်လေး အမြန်ပြေးထွက်သွားတာကို သိသာအောင် ဗက်ဆင်းကလေးက လေဟုန်စီးနေတဲ့ ပုံစံမျိုး "~" သင်္ကေတလေးတွေကိုတောင် ထည့်ဆွဲထားပါသေးတယ်။
ဒီပုံရဲ့ အဓိပ္ပာယ်ကတော့ နတ်ဆိုးဘုရင် ပေါ်လာတဲ့အခါ လူရုပ်လေးက သေလောက်အောင် ကြောက်သွားတယ်။ ဒါပေမဲ့ နတ်ဆိုးဘုရင်က လူရုပ်လေးကို မသတ်တာကြောင့် လူရုပ်လေးက ပျော်ပျော်ကြီး ထွက်ပြေးသွားတယ် ဆိုတာပါပဲ! အင်း... အဓိပ္ပာယ်ကတော့ ဗက်ဆင်းကလေးက ဝမ်ဖုန်းကို မသတ်ဘူး၊ ဝမ်ဖုန်းကို ထွက်သွားစေချင်ရုံပဲ ဆိုတာပါပဲ။ ဒီလောက် ရိုးရှင်းပြီး ရှင်းလင်းတဲ့ပုံကိုတော့ ဒီလူ နားလည်လောက်ပြီလို့ ဗက်ဆင်းကလေးက ရင်ထဲကနေ တွေးနေမိတယ်။
ဝမ်ဖုန်းမှာတော့ ပြောစရာ စကားတောင် မရှိတော့ပါဘူး။ 'ဒီပုံတွေက မူလတန်းကျောင်းသားတစ်ယောက်ရဲ့ ကောက်ကြောင်းစာအုပ်ထဲက ပုံတွေများလား?' ဟူး... ထားလိုက်ပါတော့လေ။ ကြည့်ရတာ သူက ငါ့ရဲ့ အိမ်မွေးတိရစ္ဆာန် ဖြစ်သွားတာကို သူကိုယ်တိုင် မသိသေးတဲ့ပုံပဲ။ ငါတစ်ယောက်တည်းပဲ အသိပေးချက် ရခဲ့တာ ထင်တယ်။
"ဟန့်... မင်းလေ၊ အင်း... မင်း ငါ့ရဲ့ အိမ်မွေးတိရစ္ဆာန် ဖြစ်သွားပြီ" လို့ ဝမ်ဖုန်းက ခပ်တိုးတိုး ချောင်းဟန့်ရင်း ပြောလိုက်တယ်။
"အဲ? အိမ်မွေးတိရစ္ဆာန်?" ဗက်ဆင်းကလေးက အံ့သြတကြီးနဲ့ မျက်လုံးပြူးသွားတယ်။ "မင်း ငါ့ကို နောက်နေတာလား? ငါက ကမ္ဘာေမြမိခင်ရဲ့ နတ်ဆိုးပဲ! ငါက ဘယ်လိုလုပ် မင်းရဲ့ အိမ်မွေးတိရစ္ဆာန် ဖြစ်မှာလဲ?!"
ဒီကောင်က ငါ့ကို သူ့ရဲ့ အိမ်မွေးတိရစ္ဆာန်လို့ ပြောတယ်ပေါ့လေ? တောက်! ဒါက ပြောင်ပြောင်တင်းတင်း စော်ကားတာပဲ။ ငါ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး! "ငါက မင်းကို လွှတ်ပေးမလို့ပါပဲ၊ ဒါပေမဲ့... မင်းက အရမ်းမောက်မာလွန်းတယ်။ မင်းက သည်းခံနိုင်စရာ မရှိတော့ဘူး။ ငရဲကို သွားတော့!"
"..." ပြောစရာစကားမရှိတဲ့ ဝမ်ဖုန်းကတော့ ဗက်ဆင်းကလေးကိုပဲ အေးအေးဆေးဆေး စိုက်ကြည့်နေမိတယ်။ ဒါပေမဲ့ ဗက်ဆင်းကလေးက ဝမ်ဖုန်းကို လုံးဝ တိုက်ခိုက်လို့ မရပါဘူး။ ဝမ်ဖုန်းကို တိုက်ခိုက်ဖို့ စိတ်ကူးလိုက်ရုံတင်ရှိသေးတယ်၊ ထူးဆန်းတဲ့ အစွမ်းတစ်ခုက ဗက်ဆင်းကလေးကို အတင်းချုပ်ကိုင်ထားတာကြောင့် သူ စိတ်ပျက်လက်ပျက် ဖြစ်နေရပါတယ်။ အဲဒီအစွမ်းက ဝမ်ဖုန်းရဲ့ ခန္ဓာကိုယ်ပေါ်က ဆံပင်တစ်ပင်ကိုတောင် မထိခိုက်အောင် ကာကွယ်ပေးချင်စိတ်နဲ့ သူ့ကို အညံ့ခံချင်စိတ်တွေ ပေါ်လာအောင် တွန်းအားပေးနေတာပါ။
'တောက်! ငါ ဘာလို့ အကြောင်းပြချက်မရှိဘဲ ရှေ့ကကောင်ကို အညံ့ခံချင်နေရတာလဲ? ဒါ့အပြင် ဒီလိုအတွေးမျိုးကိုလည်း ဘယ်လိုမှ ဖယ်ထုတ်လို့ မရဘူး။ ငါ့နှလုံးသားကို ဘယ်လိုမှ ခုခံလို့မရအောင် လွှမ်းမိုးထားတာပဲ။'
"ဟင်း... ထားလိုက်ပါတော့။ ဒီနေ့က ငါ့ဘဝရဲ့ ပထမဆုံးနေ့ပဲ၊ မင်းရဲ့ ညစ်ပတ်တဲ့ သွေးတွေနဲ့ ဒီမြင့်မြတ်တဲ့နေ့ကို အစွန်းအထင်း မခံနိုင်ဘူး။" ဗက်ဆင်းကလေးက စွမ်းအင်ဗုံးကို လက်နဲ့ပုတ်ထုတ်လိုက်ပြီး အေးစက်စက် နှာခေါင်းရှုံ့ကာ "ဒါပေမဲ့ ငါ့ရဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ် ရှိတယ်။ မင်း ငါ့ကို နောက်တစ်ခါ စော်ကားရင်တော့ မင်းကို ငါ အသေသတ်မှာပဲ။ အခုတော့ သွားတော့! မင်းကို ငါ ထပ်မတွေ့ချင်တော့ဘူး။ မဟုတ်ရင် မင်းကို သတ်မိတာကို ငါ တားနိုင်မှာ မဟုတ်တော့ဘူး။"
ဟုတ်တယ်၊ အဲဒီလိုပဲ သူ့ကို ခြောက်လှန့်ပြီး နှင်ထုတ်လိုက်စမ်း၊ ငါ့နှလုံးသားထဲက စိတ်ပျက်စရာကောင်းတဲ့ အညံ့ခံချင်တဲ့ စိတ်ဆန္ဒတွေကိုလည်း ဖယ်ထုတ်လိုက်စမ်း!
ဝမ်ဖုန်း သက်ပြင်းချလိုက်တယ်။ 'ဒီမွန်းစတားက လူစကား နားမလည်တာလား?' "ဗက်ဆင်းမင်း၊ ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး မလိမ်ပါနဲ့တော့။ တကယ်တော့ မင်းရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်က ငါ့ဆီမှာ အညံ့ခံပြီးသား ဖြစ်နေပြီ၊ မင်း ငါ့အမိန့်ကို မနာခံဘဲ မနေနိုင်ပါဘူး။ အနှစ်ချုပ်အေနနဲ့တော့ မင်းက ငါ့ရဲ့ သစ္စာရှိတဲ့ အစေခံ ဖြစ်သွားပြီ။"
ဟွတ်... ဟွတ်... "အိမ်မွေးတိရစ္ဆာန်" ဆိုတဲ့ စကားလုံးထက် "အစေခံ" ဆိုတဲ့ စကားလုံးက ဒီအခြေအနေနဲ့ ပိုကိုက်ညီမယ် ထင်ပါတယ်။ ဒါပေမဲ့ ဝမ်ဖုန်းက သူ့ကို ထပ်ပြီး ရန်မစချင်တော့ပါဘူး။
"ရှူး ---"
ဝမ်ဖုန်း စကားဆုံးတာနဲ့ ဗက်ဆင်းကလေး မျက်လုံးပြူးသွားပြီး အအေးဓာတ်တစ်ချက်ကို ရှူသွင်းလိုက်မိတယ်။ ဒီကောင်... ဒီကောင်က အချိန်တိုင်း ငါ့ခန္ဓာကိုယ်အကြောင်း အကုန်သိနေခဲ့တာလား။ ဒါမှမဟုတ် ငါ့ကို အညံ့ခံချင်စိတ် ဖြစ်အောင် သူကပဲ အတင်းလုပ်ခဲ့တာလား? သူ ငါ့အပေါ် ဘယ်အချိန်က လက်ဦးမှု ယူလိုက်တာလဲ? ငါ ဘာလို့ မမြင်လိုက်ရတာလဲ? ဒါက... အစွမ်းထက်ပြီး မမြင်နိုင်တဲ့ စွမ်းအားတစ်ခုများလား? ဟုတ်တယ်၊ မမြင်နိုင်တဲ့ စွမ်းအားတစ်ခုကပဲ ငါ့ကို ဘယ်လိုမှ ခုခံခွင့်မရှိအောင် ကျရှုံးစေနိုင်မှာ။ ဒီလူရဲ့ ခွန်အားက... တကယ့်ကို ကြောက်စရာကောင်းလှချည်လား!