အခန်း ၄၂ - ဆိုနစ်ခ်ရဲ့ ပြန်လည်နိုးထမှု
"ဝေါင်း!" အဲဒီအချိန်မှာပဲ လမ်းမအောက်ခြေကနေ သားရဲတစ်ကောင်ရဲ့ ဟိန်းဟောက်သံ ထွက်ပေါ်လာတယ်။
ဝုန်း! လမ်းမကြီးတစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီး မြေကြီးထဲကနေ ကြီးမားတဲ့ သတ္တဝါကြီးတစ်ကောင် ရုတ်တရက် ထွက်ပေါ်လာတယ်။ အဲဒါက ကျားသစ်ကိုယ်ထည်၊ ဝါကျင့်ကျင့် အရေပြားနဲ့ သွေးရောင်လွှမ်းနေတဲ့ မျက်လုံးတွေ ရှိတယ်။ သူက စိတ်ရူးပေါက်နေပုံရပြီး သူ့ခန္ဓာကိုယ်ကို ခါယမ်းလိုက်တဲ့အခါ မြေကြီးတွေက တရှဲရှဲနဲ့ မြေပေါ်ကို လွင့်စင်ကျလာတယ်။
အဲဒီ မွန်းစတားက မြေပြင်ပေါ်မှာ ခဏတာ ရပ်တန့်နေပြီးတော့မှ အသံနိမ့်နိမ့်နဲ့ ဟိန်းဟောက်ကာ မြေပြင်ပေါ်မှာ လဲလျောင်းနေတဲ့ ဆိုနစ်ခ်ဆီကို ပြေးဝင်သွားတော့တယ်။
"ဟဲဟဲ... ငါ သေရတော့မှာလား? အရေးမပါတော့ပါဘူးလေ။ ငါလို အမှိုက်တစ်ကောင်အတွက် အသက်ရှင်နေတာက ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး။ သေလိုက်တာက အလွယ်ကူဆုံး ထွက်ပေါက်ပဲ..."
ဆိုနစ်ခ်ဟာ အသက်ရှင်ချင်စိတ် လုံးဝမရှိတော့ဘဲ ခပ်ယဲ့ယဲ့ ရယ်မောလိုက်တယ်။ ထုံဆေးအာနိသင်က သူ့ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီး ရှောင်တိမ်းနိုင်လောက်တဲ့အထိ ပြယ်သွားပြီ ဖြစ်ပေမဲ့ သူကတော့ သေခြင်းတရားကို လက်ခံထားပြီးသားပါ။ မွန်းစတားရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်မှာ သူက ဘာမှပြန်မခုခံဘဲ နောက်ဆုံးအချိန်ကို စောင့်မျှော်ရင်း မြေပြင်ပေါ်မှာ ခြေပစ်လက်ပစ် လဲလျောင်းနေခဲ့တယ်။
"သတိထား!" အဝေးက ဟေးလ်ဟာ မျက်လုံးတွေ ပြူးသွားပြီး မရည်ရွယ်ဘဲ အော်ဟစ်လိုက်မိတယ်။ သူ ကားတံခါးကို တွန်းဖွင့်ပြီး အပြေးအလွှား သွားခဲ့ပေမဲ့ ကံဆိုးတာက သူ့အသံက ဆိုနစ်ခ်ဆီကို မရောက်နိုင်သလို၊ သူလည်း ဆိုနစ်ခ်ကို ကယ်ဖို့ အချိန်မီ ရောက်မသွားနိုင်တော့ဘူး။
ဝုန်း! စွမ်းအင်လှိုင်းတစ်ခုက လေထဲကို တိုးဝင်သွားပြီး မွန်းစတားပေါ်မှာ ပေါက်ကွဲသွားတယ်။ ခဏချင်းမှာပဲ အဲဒီ မွန်းစတားရဲ့ ခန္ဓာကိုယ်ဟာ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားပြီး ပုပ်စပ်နေတဲ့ အသားတုံးတွေအဖြစ် ပြောင်းလဲသွားတော့တယ်။
ဆိုနစ်ခ်ဟာ ကြောင်အမ်းသွားပြီး သူ့လက်ဖဝါးကို ပြန်ရုပ်သိမ်းလိုက်တဲ့ ဝမ်ဖုန်းကို အသည်းအသန် အားယူထိုင်ရင်း စိုက်ကြည့်နေမိတယ်။ "King... မင်း ဘာလို့ ငါ့ကို ကယ်တာလဲ? ခုနတင် ငါ မင်းကို သတ်ဖို့ ကြိုးစားနေတာကို မသိဘူးလား? ငါ မင်းကို သတ်တော့မှာလေ..." မဟုတ်ဘူး၊ ဒါက မဖြစ်နိုင်ဘူး။ King' လိုလူက ငါ့ရဲ့ သတ်ဖြတ်လိုစိတ်ကို ဘယ်လိုလုပ် သတိမထားမိဘဲ နေမလဲ? သူက ငါပုန်းနေတဲ့နေရာကို တစ်ကြိမ်မက ရှာတွေ့ခဲ့သလို၊ စွမ်းအင်ပေါက်ကွဲမှုတွေနဲ့ ငါ့ကို အကြိမ်ကြိမ် အတင်းအကျပ် ထွက်လာအောင် လုပ်ခဲ့တာပဲ။ ဒါ့အပြင် နောက်ပိုင်းမှာ ငါက သူ့ကိုသတ်ဖို့ ဓားကို အထင်အရှား မြှောက်ခဲ့သေးတယ်။ သူ့လို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က ငါ့ဆီကနေ ထွက်ပေါ်လာတဲ့ သတ်ဖြတ်လိုစိတ်ကို ဘယ်လိုလုပ် မသိဘဲ နေမှာလဲ!
"ဒင်! အဆင့် ၂ မွန်းစတားကတ် 'မြေကျားသစ်' ကို ရရှိတဲ့အတွက် ဂုဏ်ယူပါတယ် (ပိုင်ရှင်)!"
ဝမ်ဖုန်းဟာ အသစ်ထွက်ပေါ်လာတဲ့ မွန်းစတားအလောင်းကို ထိတွေ့လိုက်ပြီး နောက်ထပ် အဆင့် ၂ မွန်းစတားကတ်တစ်ခု ရလိုက်တဲ့အတွက် အတော်လေး ကျေနပ်သွားတယ်။ သူက စိတ်ဓာတ်ကျနေတဲ့ ဆိုနစ်ခ်ကို တစ်ချက်ကြည့်ပြီး အေးအေးဆေးဆေးပဲ ပြောလိုက်တယ်။ "ဘာလို့လဲဆိုတော့ ငါက သူရဲကောင်းတစ်ယောက် ဖြစ်လို့ပဲ။ ငါ့ရဲ့ တာဝန်က လူသားတွေကို မွန်းစတားတွေရဲ့ ရန်ကနေ ကာကွယ်ပေးဖို့ပဲ။ ဒါဟာ ရိုးရှင်းပါတယ်။"
အဲဒီလိုပြောပြီးနောက် သူ ထွက်ခွာသွားခဲ့တယ်။ အကျဉ်းထောင်ထဲကနေ မွန်းစတား ဆယ်ဂဏန်းလောက် လွတ်နေတာကြောင့် မွန်းစတားကတ် ဆယ်ဂဏန်းလောက် ရနိုင်တယ်ဆိုတဲ့ သဘောပါပဲ။ သူက အဲဒါတွေကို သိမ်းဖို့ အလျင်လိုနေတာကြောင့် ဆိုနစ်ခ်နဲ့ စကားပြောပြီး အချိန်ဖြုန်းမနေနိုင်ဘူး။
ဒါ့အပြင် သူက စွမ်းအင်ပေါက်ကွဲမှုကို စမ်းသပ်ရင်းနဲ့ ဆိုနစ်ခ်ကို မတော်တဆ ထိမိသွားတာပါ။ ကျိုးကြောင်းဆီလျော်အောင် ပြောရရင် သူက အရင်မှားခဲ့တာ ဖြစ်လို့ ဆိုနစ်ခ်က သူ့ကို သတ်ချင်တာက နားလည်ပေးလို့ ရပါတယ်။ ဆိုနစ်ခ်ရဲ့ နေရာမှာ သူသာဆိုရင်လည်း လမ်းမှာ အေးအေးဆေးဆေး လျှောက်နေတုန်း တစ်ယောက်ယောက်က အကြောင်းပြချက်မရှိဘဲ ဗုံးနဲ့ လှမ်းထုရင် အဲဒီလူကို သေအောင် လိုက်ခုတ်မိမှာပါပဲ။ ဒါကြောင့် ဆိုနစ်ခ်ရဲ့ သတ်ဖြတ်လိုစိတ်က နားလည်ပေးနိုင်တဲ့ ကိစ္စဖြစ်လို့ သူက ဆိုနစ်ခ်ကို ဘယ်လိုလုပ် အပြစ်တင်နိုင်မှာလဲ!
"လူသားတွေကို မွန်းစတားတွေရဲ့ ရန်ကနေ ကာကွယ်ဖို့က သူရဲကောင်းတစ်ယောက်ရဲ့ တာဝန်ဖြစ်လို့လား... ပြီးတော့ ငါကလည်း လူသားတစ်ယောက် ဖြစ်နေလို့... ငါက မင်းရဲ့ အသက်ကို ယူဖို့ ကြိုးစားခဲ့တဲ့ လုပ်ကြံသမားတစ်ယောက် ဖြစ်နေတာတောင် မင်းက ငါ့ကို ကယ်ဦးမှာလား?" ဆိုနစ်ခ်ဟာ ထွက်ခွာသွားတဲ့ ဝမ်ဖုန်းကို ငေးကြည့်ရင်း မျက်ရည်တွေ ထပ်ပြီး စီးကျလာပြန်တယ်။ "ဘယ်လိုတောင် ကျယ်ပြန့်တဲ့ စိတ်ထားလဲ၊ ဘယ်လိုတောင် ကြီးမြတ်တဲ့ သဘောထားကြီးမှုလဲ။ ငါ ဘာလို့ ငိုချင်နေတာလဲ? အကြောင်းပြချက် မရှိဘဲကို ငိုချင်နေတာ!"
"King... ငါ ဘယ်လောက်တောင် အသိပညာ နည်းပါးပြီး အရေးမပါတဲ့သူလဲဆိုတာ သိအောင် လုပ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။" သူက ဝမ်ဖုန်း ထွက်သွားတဲ့ ဘက်ကို လှမ်းအော်လိုက်တယ်။ "ဒါပေမဲ့ စိတ်ချပါ၊ ဒီနေ့ကစပြီး ငါ အရင်ကထက် နှစ်ဆပိုပြီး ကြိုးစားလေ့ကျင့်သွားမှာပါ။ တစ်နေ့ကျရင် ငါ မင်းရဲ့ ခြေလှမ်းတွေကို မှီအောင်လိုက်ပြီး မင်းနဲ့ တကယ်တမ်း တန်းတူရပ်တည်နိုင်တဲ့ အစွမ်းထက်သူတစ်ယောက် ဖြစ်လာစေရမယ်!"
"သိပ်ကို ကြီးကျယ်တဲ့ အိမ်မက်ပဲ။"
ဒီအချိန်မှာတော့ ဟေးလ်ဟာ ဆိုနစ်ခ်ရဲ့ ဘေးကို ရောက်လာခဲ့ပြီ ဖြစ်တယ်။ သူက ဝမ်ဖုန်း ပျောက်ကွယ်သွားတဲ့ လမ်းမကြီးကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်တယ်။ 'King' ဆိုတာ ကမ္ဘာပေါ်မှာ အသန်မာဆုံးလူသား ဖြစ်သလို တကယ်ကို ကြောက်စရာကောင်းလောက်အောင် သဘောထားကြီးတဲ့သူပဲ။ သူ့ကို သတ်ဖို့ ကြိုးစားတဲ့သူကိုတောင် ပြုံးပြုံးလေးနဲ့ လွှတ်ပေးနိုင်ခဲ့တယ်။ ဒါဟာ အစွမ်းထက်သူတစ်ယောက်ရဲ့ ယုံကြည်မှု ဖြစ်လိမ့်မယ်။ အဲဒါက မင်းကို အထင်အရှား ပြောနေသလိုပဲ - 'မင်း ငါ့ကို ဘယ်လိုမှ ခြိမ်းခြောက်နိုင်မှာ မဟုတ်တဲ့အတွက် မင်းရဲ့ လုပ်ကြံမှုကို ငါ မကြောက်ဘူး!' အမှိုက် (အဲဒီစကားလုံးနှစ်လုံးက 'King' ဆိုလိုတဲ့အထဲမှာ မပါဘူးဘူးထင်တယ်နော်!)
"မင်းက ဘယ်သူလဲ?" ဆိုနစ်ခ်ဟာ ဟေးလ်ကို အံ့အားသင့်စွာ ကြည့်လိုက်တယ်။ ဒီကောင် ဘယ်ကနေ ရောက်လာတာလဲ?
ဟေးလ်က ဆိုနစ်ခ်ကို တစ်ချက်ကြည့်ပြီး သူ့လက်ချောင်းတွေမှာ ချိတ်ဆွဲထားတဲ့ လက်ထိပ်တစ်စုံကို ထုတ်ပြလိုက်တယ်။ သူက 'အပြစ်ကင်းစင်တဲ့ (ကြောက်စရာကောင်းတဲ့)' အပြုံးကို ပြုံးလိုက်ပြီး - "မင်းကို အိမ်ပြန်ပို့ပေးမယ့် လူကောင်းတစ်ယောက်ပါ" လို့ ပြောလိုက်တယ်။
ဆိုနစ်ခ်ဟာ ဟေးလ်ရဲ့ အပြုံးကို ကြည့်ပြီး ရင်ထဲကနေ ဟိန်းဟောက်လိုက်မိတယ် - တောက်! ငါ့ရဲ့ အပိုင်အပြုံးကို ခိုးချတဲ့ နောက်ထပ် ကောင်စုတ်တစ်ယောက်ပဲ။ ငါ မင်းကို အပိုင်းပိုင်း ခုတ်ပစ်မယ်!
ကလောက်! ဟေးလ်ဟာ အားအင်ချိနဲ့နေတဲ့ ဆိုနစ်ခ်ကို လမ်းဘေးက လက်ရန်းမှာ လက်ထိပ်ခတ်လိုက်ပြီး သူ့ကို အပေါ်စီးကနေ ငုံ့ကြည့်လိုက်တယ်။ ဒါက ရာဇဝတ်သားတွေကို စစ်ဆေးတဲ့ ပုံစံခွက်တစ်ခု ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ အရပ်အမောင်း ကွာဟမှုကနေတစ်ဆင့် တရားခံကို စိတ်ပိုင်းဆိုင်ရာ ဖိအားပေးတာ ဖြစ်တယ်။ တရားခံရဲ့ စိတ်ဓာတ်ကသာ သိပ်မခိုင်မာရင် သူတို့ မခံနိုင်တော့ဘဲ အဖြစ်မှန်အားလုံးကို ဝန်ခံသွားတတ်ကြတယ်။ "ပြောစမ်း... ဘယ်သူက 'King' ကို လုပ်ကြံဖို့ မင်းကို ခိုင်းစေတာလဲ?"
"ဟူး~" ဆိုနစ်ခ်ဟာ ဝမ်ဖုန်းဆီက ရခဲ့တဲ့ နားမလည်နိုင်တဲ့ ထိုးနှက်ချက်တွေကနေ ပြန်လည် နိုးထလာပြီး အသက်ကို ခပ်ဖြည်းဖြည်း ရှူလိုက်တယ်။ သူ့မျက်လုံးတွေမှာ အရင်ကလို တောက်ပမှုတွေ ပြန်ရလာပြီး သူ့ရဲ့ ချောမောတဲ့ မျက်နှာပေါ်မှာ ယုံကြည်မှုတွေ ပြန်လည် စုစည်းလာတယ်။ သူက ဟေးလ်ကို ခပ်နောက်နောက် အပြုံးနဲ့ စိုက်ကြည့်လိုက်တယ်။ "မင်းက ဘယ်သူလဲ? ရဲလား? ဒီမှာ ဘာလုပ်နေတာလဲ?"
ဝမ်ဖုန်း ထွက်သွားပြီးနောက်မှာတော့ အဲဒီ 'ပြင်းထန်တဲ့' ဖိအားတွေက ပျောက်ကွယ်သွားပြီး သူ့ခန္ဓာကိုယ်ကို သူ တဖြည်းဖြည်း ပြန်ထိန်းချုပ်နိုင်လာခဲ့တယ်။ ဒါ့အပြင် ဝမ်ဖုန်းရဲ့ မြင့်မြတ်တဲ့ စိတ်ထားကြောင့် သူဟာ စိတ်ဓာတ်ပြိုလဲမှုကနေ လွတ်မြောက်လာပြီး သူ့ရဲ့ စိတ်နေစိတ်ထားကလည်း အရင်ကထက် တစ်ဆင့် ပိုမြင့်သွားခဲ့ပြီ ဖြစ်တယ်။ ဟေးလ်ရဲ့ စစ်ဆေးမေးမြန်းမှုကို ရင်ဆိုင်ရာမှာ သူဟာ ယုံကြည်မှုရှိရှိနဲ့ အေးအေးဆေးဆေးပဲ ပြန်မေးခွန်းထုတ်လိုက်တယ်။
"ဟဲဟဲ၊ လေ့ကျင့်သားရထားတဲ့ လုပ်ကြံသမားဆိုတော့လည်း စိတ်ဓာတ်က ခိုင်မာသားပဲ။" ဟေးလ်က တည်ငြိမ်နေတဲ့ ဆိုနစ်ခ်ကို အနည်းငယ် အံ့သြစွာ စိုက်ကြည့်လိုက်တယ်။ "တကယ်တော့ မင်းကို ပြောပြလည်း ဘာမှမဖြစ်ပါဘူး။ ငါတို့ ရဲစခန်းက 'King' ကို တစ်ယောက်ယောက်က လုပ်ကြံတော့မယ်ဆိုတဲ့ သတင်းကို ရထားတာ ကြာပါပြီ။ ဒါကြောင့် 'King' ကို ၂၄ နာရီပတ်လုံး ကာကွယ်ဖို့ ငါ့ကို အထူး တာဝန်ပေးထားတာ။ မင်းရဲ့ အလုပ်ရှင်ကို ထပ်ပြီး ကာကွယ်ပေးမနေပါနဲ့တော့၊ အကုန်လုံးကိုသာ ဝန်ခံလိုက်စမ်းပါ။ ငါတို့က မင်းနောက်ကွယ်က လူကိုပဲ ပစ်မှတ်ထားတာမို့ မင်းကိုတော့ သက်ညှာပေးမှာပါ။"
ဒါကတော့ တရားခံကို လှည့်စားပြီး စစ်ဆေးမေးမြန်းတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သူတို့က နောက်ကွယ်က ကြိုးကိုင်သူကို သိပြီးသားဖြစ်လို့ စစ်ဆေးတာက အပေါ်ယံပဲ ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့၊ သူ သက်ညှာမှု လိုချင်ရင် အမှန်အတိုင်း ဝန်ခံခိုင်းတာ ဖြစ်တယ်။
"ဖူး~" ဆိုနစ်ခ်က လှောင်ရယ်လိုက်တယ်။ "မင်းက ငါ့ကို သက်ညှာပေးမလို့လား? ဟား... ရယ်ရတာ။ ငါက 'King' လောက် အစွမ်းထက်တဲ့သူ ဖြစ်လာစေရမယ်လို့ ခုနတင် သူရဲကောင်းဆန်ဆန် သစ္စာဆိုထားတာလေ၊ အကျဉ်းထောင်လို ပျင်းစရာကောင်းတဲ့ နေရာမျိုးမှာ ဘယ်လိုလုပ် အဆုံးသတ်ခံမှာလဲ? ဒါ့အပြင်..." သူက ဟေးလ်ကို လှောင်ပြောင်တဲ့ အကြည့်နဲ့ စိုက်ကြည့်လိုက်တယ်။ "မင်းမှာ... 'King' ကို ကာကွယ်ပေးဖို့ ဘာအရည်အချင်း ရှိလို့လဲ? ဟား... မင်းရဲ့ ခွန်အားက King ရဲ့ အမွေးတစ်ပင်စာတောင် မရှိပါဘူး။ မင်းက တကယ့်ကို ရယ်စရာကောင်းပြီး သနားစရာကောင်းတဲ့ အားနည်းတဲ့သူပဲ!!" နောက်ဆုံးမှာတော့ သူက သူ့ကိုယ်သူ ပြန်ပြီး လှောင်ရယ်လိုက်မိတယ်။ ဟဲဟဲ... Kingအတွက်ဆိုရင် ငါကလည်း ရယ်စရာကောင်းပြီး သနားစရာကောင်းတဲ့ အားနည်းတဲ့သူ မဟုတ်ဘူးလား? သူက 'King' ရဲ့ အမွေးတစ်ပင်စာတောင် မရှိဘူးလို့ ပြောနေပေမဲ့... ငါကိုယ်တိုင်ကလည်း 'Kinh' ရဲ့ အကြည့်တစ်ချက်စာတောင် မရှိတဲ့သူ မဟုတ်လား?
"ရယ်စမ်းပါ၊ မင်း စိတ်တိုင်းကျသာ လှောင်လိုက်စမ်းပါ။" ဟေးလ်က စီးကရက်တစ်လိပ်ကို မီးညှိပြီး ပါးစပ်မှာ ခဲထားလိုက်တယ်။ အဖြူရောင် မီးခိုးတွေက သူ့နှာခေါင်းကနေ ထွက်ပေါ်လာပြီး သူ့ရဲ့ တည်ကြည်တဲ့ မျက်နှာကို ဝေဝါးသွားစေတယ်။ "ဒါဟာ မိုက်မဲတဲ့ လုပ်ရပ်မှန်း ငါမသိဘဲ နေမလား? ဒါပေမဲ့... ရဲအရာရှိတစ်ယောက်အနေနဲ့ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့ဆိုတာ ငါတို့ လုပ်ဆောင်သင့်တဲ့၊ လုပ်ကို လုပ်ရမယ့် တာဝန်ပဲ။ အဲဒါက ငါတို့ ကာကွယ်ပေးရမယ့်သူက ဘယ်လောက်အစွမ်းထက်တယ် ဆိုတာနဲ့ မဆိုင်ဘူး။ ငါက... ရဲအရာရှိတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နေတာပဲ!"
"မင်း... နားလည်ရဲ့လား?" သူ စီးကရက်ကို ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီး လက်ချောင်းတွေနဲ့ မီးခိုးငွေ့တွေကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်ရင်း ဆိုနစ်ခ်ဘက်ကို လှည့်ကြည့်လိုက်တယ်။ "အဲ... သူ ဘယ်ရောက်သွားတာလဲ?"
သူ့မျက်လုံးတွေ ပြူးသွားတယ်။ လက်ရန်းမှာ လက်ထိပ်တစ်စုံပဲ ကျန်ရစ်ပြီး တစ်ကိုယ်တည်း ယိမ်းထိုးနေတော့တယ်။ ဆိုနစ်ခ်ရဲ့ အရိပ်အယောင်တောင် ဘယ်မှာမှ မရှိတော့ဘူး။
လူယုတ်မာတွေ သေရတာက စကားများလို့ ဖြစ်ပေမဲ့၊ တစ်ချိန်တည်းမှာပဲ သူရဲကောင်းတွေက စကားတွေ အရမ်းရှည်နေတတ်လို့ လူယုတ်မာတွေ လွတ်သွားတာလည်း ရှိတတ်ပါတယ်။
မီတာတစ်ရာလောက် ဝေးတဲ့ လမ်းမပေါ်မှာတော့ ပုံရိပ်တစ်ခုဟာ အလွန်လျှင်မြန်တဲ့ အရှိန်နဲ့ ပြေးလွှားနေခဲ့တယ်။
"တာဝန်နဲ့ ဝတ္တရား ဟုတ်လား? မိုက်မဲပေမဲ့ နားမလည်နိုင်လောက်အောင် လေးစားဖို့ကောင်းတဲ့ ကောင်ပဲ။ ဖြစ်နိုင်တာကတော့... နှလုံးသားထဲမှာ ခိုင်မာတဲ့ ယုံကြည်ချက် ရှိနေတာကပဲ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို သန်မာစေတာ ဖြစ်လိမ့်မယ်။ စဉ်းစားကြည့်ရင် သူက Kingနဲ့တောင် တူနေသလိုပဲ။ ယုံကြည်ချက်က လူတစ်ယောက်ကို သန်မာစေတာလား?"
"ဒါဆို... ငါ့ရဲ့ ယုံကြည်ချက်က ဘာလဲ?" အလျှင်အမြန် ပြေးလွှားနေတဲ့ ထိုပုံရိပ်ဟာ အတွေးနက်သွားတော့တယ်။