အခန်း ၂၆ - အသန်မာဆုံးလူသားနှစ်ဦးကြားက ရေစက်ပါတဲ့ စကားဝိုင်း
“ဒင်... ပိုင်ရှင်ရဲ့ အသိစိတ် ပျောက်ကွယ်သွားပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စနစ် (System) မှ နိုးထခြင်းလုပ်ငန်းစဉ်ကို အလိုအလျောက် စတင်လိုက်ပါသည်။”
“ဒင်... စနစ်မှာ စွမ်းအင် မလုံလောက်သဖြင့် စွမ်းအင်ပြန်ဖြည့်ရန် ကတ်များကို အသုံးပြုနေပါသည်။”
စနစ်ဟာ နှစ်ပွင့်ဆိုင်ကတ် ‘ဖန်ဒါ မွန်းစတား’ နဲ့ တစ်ပွင့်ဆိုင်ကတ် ‘ဗက်ဆင်းမင်း (ငယ်ဘဝ)’ တို့ကို တစ်ခုပြီးတစ်ခု အသုံးပြုပစ်လိုက်ပါတယ်။ ဒါ့အပြင် ဝမ်ဖုန်းဟာ အဆင့် ၅ ကို ရောက်ရှိသွားပြီး အမှတ် ၅ မှတ်နဲ့ ကျွမ်းကျင်မှုအမှတ် ၁ မှတ် ရရှိခဲ့တယ်လို့ အသိပေးချက် တက်လာပါတယ်။ ကံဆိုးတာကတော့ သူ ဘယ်ကျွမ်းကျင်မှုမှ မသင်ယူနိုင်ခဲ့တာပါပဲ။
“ဒင်... စွမ်းအင် လုံလောက်သွားပါပြီ၊ နိုးထခြင်းလုပ်ငန်းစဉ်ကို စတင်လိုက်ပါပြီ!”
“အား!”
အရှိန်နဲ့ ပြေးနေတဲ့ ကားထဲမှာ ဝမ်ဖုန်းဟာ မိန်းမောနေရာကနေ နိုးလာပြီး တိုက်မိတဲ့ဒဏ်ကြောင့် မူးဝေနေတဲ့ ခေါင်းကို ဆုပ်ကိုင်ကာ ကားတံခါးကို တွန်းဖွင့်ပြီး အပြင်ကို ယိုင်တိယိုင်ထိုး ထွက်လာခဲ့ပါတယ်။ မြေပြင်ပေါ် လဲမကျခင်အထိ သူ ဘာတွေ ကြုံတွေ့ခဲ့ရသလဲဆိုတာ လုံးဝ မသိလိုက်ပါဘူး။ စနစ်ထဲက ကတ်နှစ်ကတ် ပျောက်ဆုံးသွားတာကိုလည်း သူ သတိမထားမိခဲ့ပါဘူး။
“ငါ သဘောပေါက်ပြီ။ ဘုရင်ရဲ့ ကံကောင်းခြင်းတန်ဖိုးက အမြင့်ဆုံးမှာ ရှိနေတယ်ဆိုပေမဲ့ ‘ကံအလွန်ကောင်းရင် ဘေးသင့်တတ်တယ်’ ဆိုတဲ့ စကားပုံ ရှိသားပဲ။ ဒါကြောင့် ငါ့မှာ အစွန်းရောက်တဲ့ ကံကောင်းခြင်းရော၊ အဆိုးဆုံး ကံဆိုးခြင်းပါ ရှိနေတာ ဖြစ်ရမယ်။”
ခဏလောက်ကြတော့ ခေါင်းကြည်သွားပြီးနောက် သူ မေပြာဘဲမနေနိုင်တော့ပါဘူး - “ဘုရားရေ... ငါ ဘယ်လောက်တောင် ကံဆိုးနေလို့ တစ်ခုပြီးတစ်ခု အန္တရာယ်တွေ ကြုံနေရတာလဲ? မွန်းစတားတွေကို ထားပါဦး၊ လွန်ခဲ့တဲ့ ရက်ပိုင်းက လူမိုက်တွေနဲ့ တိုးတယ်၊ အခု ကားအက်စီးဒင့် ဖြစ်ပြန်ပြီ။ ဒါက အရမ်း ကံဆိုးလွန်းတာပဲ၊ လာဘ်ပိတ်တဲ့သူတောင် ငါ့လောက် ကံမဆိုးနိုင်ဘူး!”
“အေ... မိုက်ခ်ရော?”
ခန္ဓာကိုယ် ပြန်လည် နိုးကြားလာပြီးနောက် သူ ကားကို အမှီပြုပြီး ထရပ်လိုက်တဲ့အခါ ကွဲအက်နေတဲ့ မှန်ကနေတစ်ဆင့် မိုက်ခ်ဟာ ဒရိုင်ဘာခုံမှာ သတိလစ်နေတာကို တွေ့လိုက်ရပါတယ်။ သူ ကားထဲကို လက်နှိုက်ပြီး တံခါးဖွင့်ကာ မိုက်ခ်ကို အပြင်ဆွဲထုတ်လိုက်ပါတယ်။
ဖြောင်း! ဖြောင်း! ဖြောင်း!
“မိုက်ခ်... နိုးစမ်းပါဦး...”
သူ မိုက်ခ်ကို အားနဲ့ အချက်အတော်များများ ရိုက်လိုက်ပါတယ်။ အင်း... သူ လက်စားချေနေတာ မဟုတ်ပါဘူး၊ မိုက်ခ်ကို နိုးစေချင်ရုံ သက်သက်ပါ။
“ထူးဆန်းလိုက်တာ။ သူ့နှလုံးခုန်သံက ပုံမှန်ပဲ၊ ဒဏ်ရာလည်း မရထားဘူး၊ ဘာလို့ ဘာတုံ့ပြန်မှုမှ မရှိတာလဲ?”
သူ မိုက်ခ်ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်တော့ ကားတိုက်မှုကြောင့် ရတဲ့ ဒဏ်ရာ လုံးဝမရှိဘဲ နှလုံးခုန်နှုန်းနဲ့ သွေးခုန်နှုန်းက အလွန် ပုံမှန်ဖြစ်နေပါတယ်။ မိုက်ခ်ရဲ့ ဖြူဖျော့နေတဲ့ မျက်နှာကို ကြည့်ပြီး - “ဒီကောင် တကယ်ပဲ ရောဂါတစ်ခုခု ရှိနေတာလား? ဒါမှမဟုတ် မွန်းစတားရဲ့ ကျိန်စာ မိနေတာလား?”
မိုက်ခ်ကို နိုးလို့မရတာနဲ့ သူ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပါတယ်။ သူတို့ဟာ အိုမြို့ရဲ့ အစွန်အဖျားပိုင်းကို ရောက်နေပြီး အဆောက်အဦးတချို့ ရှိပေမဲ့ ပတ်ဝန်းကျင်ကတော့ နားမလည်နိုင်အောင် တိတ်ဆိတ်နေပါတယ်။ ပိုးမွှားနဲ့ ငှက်အချို့ ပျံသန်းနေတာကလွဲလို့ လူတစ်ယောက်မှ မရှိပါဘူး။
“မွန်းစတားက ဘယ်ရောက်သွားတာလဲ?”
ကားမတိုက်ခင်က မွန်းစတားရဲ့ အော်သံကို သူ ရှင်းရှင်းလင်းလင်း ကြားခဲ့ရတာပါ။ ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ ဘယ်လိုများ ပျောက်ကွယ်သွားရတာလဲ?
“ဟမ်? စူပါမားကတ်ကြီး ဖွင့်ထားပြီး လူတစ်ယောက်မှ မရှိဘူးလား? ကားသော့တွေကလည်း ကားထဲမှာ တပ်လျက်ကြီးပါလား? ခုနက တကယ်ပဲ မွန်းစတား ရောက်လာပြီး လူတွေကို ထွက်ပြေးအောင် လုပ်သွားပုံရတယ်။ ကောင်းတဲ့မြင်းက မြက်ဟောင်းကို ပြန်မစားဘူးဆိုတဲ့ စကားအတိုင်း မွန်းစတားကလည်း ပြန်လာမှာ မဟုတ်တော့ဘူး။ ဆိုလိုတာက ဒီနေရာက လောလောဆယ် ဘေးကင်းသွားပြီပေါ့။”
သူ မိုက်ခ်ကို တွဲပြီး မြို့ထဲဘက်ကို ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့ပါတယ်။ တက္ကစီတစ်စီးစီး တားလို့ရနိုး မျှော်လင့်ချက်နဲ့ပေါ့။ ဒါပေမဲ့ လမ်းမတွေက အတော်လေး ခြောက်ကပ်နေပါတယ်။ လမ်းပေါ်မှာ ကားတွေက သော့တပ်လျက်ကြီး အလွတ်အတိုင်း ရပ်ထားကြတယ်။ စူပါမားကတ်တွေမှာလည်း လူမရှိပေမဲ့ တံခါးတွေက ဟင်းလင်းပွင့်နေပါတယ်။
ဇောက်... ဇောက်!
လမ်းထောင့်ကနေ ခြေသံသဲ့သဲ့ ထွက်ပေါ်လာပါတယ်။
“ဟင်? မိုက်ခ် ပြောတဲ့ နဂါးအဆင့် မွန်းစတားလား?”
ဝမ်ဖုန်းရဲ့ အသက်ရှူသံတွေ ရုတ်တရက် ရပ်တန့်သွားပါတယ်။ လာတဲ့သူက ဘယ်သူလဲဆိုတာကို လောင်းကြေးမထပ်ရဲတာကြောင့် သူ မိုက်ခ်ကို အမြန်တွဲပြီး ပုန်းဖို့အတွက် လူမရှိတဲ့ စူပါမားကတ်ထဲ ဝင်လိုက်ပါတယ်။
ဒုတ်... ဒုတ်... ဒုတ်... ဒုတ်...
ဝမ်ဖုန်းနဲ့ မိုက်ခ်ဟာ ကုန်ပစ္စည်းစင်တစ်ခုရဲ့ နောက်မှာ ပုန်းနေကြပါတယ်။ သူ အရမ်း ထိတ်လန့်နေပြီး ထူးဆန်းတဲ့ အင်ဂျင်သံကြီးလို အသံက တိတ်ဆိတ်နေတဲ့ စူပါမားကတ်ထဲမှာ သိသိသာသာကို ကျယ်လောင်နေပါတယ်။
“တောက်! နောက်ကျရင် ငါ့မှာ ပိုက်ဆံရှိလာတာနဲ့ နှလုံးအစားထိုးကုသမှု ခံယူမှဖြစ်မယ်၊ မဟုတ်ရင် ဒီ ‘Kingရဲ့ အင်ဂျင်သံ’ ကြောင့် တစ်နေ့နေ့တော့ အသေစောတော့မှာပဲ။”
ဝမ်ဖုန်းက သူ့ရင်ဘတ်ကို လက်နဲ့ တင်းတင်းဖိထားပြီး အသက်ပြင်းပြင်းရှူကာ တုန်လှုပ်နေတဲ့ နှလုံးခုန်သံကို ထိန်းဖို့ ကြိုးစားနေပါတယ်။
“ဟို... ခွင့်လွှတ်ပါ၊ စူပါမားကတ်ထဲမှာ တစ်ယောက်ယောက် ရှိလားခင်ဗျာ?”
စူပါမားကတ် အဝင်ဝမှာ ထိပ်ပြောင်ပြောင်နဲ့ လူတစ်ယောက် ပေါ်လာပါတယ်။ သူ့မျက်လုံးတွေက မှေးစင်းနေပြီး ပေါ့ပေါ့ပါးပါး ပုံစံရှိကာ အဝါရောင် သူရဲကောင်းဝတ်စုံကို ဝတ်ထားပါတယ်။ လက်မှာတော့ ပန်းကန်ဆေးတဲ့အခါ သုံးတဲ့ အနီရောင် ရာဘာလက်အိတ်တွေကို စွပ်ထားပြီး၊ ခြေထောက်မှာ ဈေးပေါတဲ့ အနီရောင် မိုးကာဖိနပ်တွေကို ဝတ်ထားကာ ကျောမှာတော့ ဝတ်ရုံဖြူကြီး တစ်ထည် ပါရှိပါတယ်။ ဒီလောက် ထင်ရှားတဲ့ လက္ခဏာတွေရှိမှတော့ သူ့ကိုမည်သူမည်ဝါဖြစ်ကြောင်းကို လူတိုင်း ခန့်မှန်းမိကြမှာပါ။
ဟုတ်ပါတယ်၊ သူကတော့ မကြာခင် ကမ္ဘာကျော်လာမယ့်... ‘ဝတ်ရုံပါ ထိပ်ပြောင်’! ဆိုင်းတာမ ပါပဲ!
“ဟင်... ဘယ်သူမှ မရှိဘူးပဲ။ စူပါမားကတ် အရောင်းကြော်ငြာစာရွက်မှာ ဒီပွဲက နောက်ထပ် တစ်နာရီမှ ပြီးမှာလို့ သေသေချာချာ ရေးထားတာကို။ ဘာလို့ အားလုံး အလုပ်ဆင်းသွားကြတာလဲ? တောက်! ခုနက မျက်နှာ လေးခုပါတဲ့ အရုပ်ဆိုးမွန်းစတားနဲ့ အချိန်မဖြုန်းခဲ့သင့်ဘူး။”
ဆိုင်းတာမဟာ စိတ်ပျက်လက်ပျက်နဲ့ စူပါမားကတ် ကြော်ငြာစာရွက်ကို ဆုပ်ချေလိုက်ပါတယ်။
“အေ... ဒီ ဒုတ်... ဒုတ် ဆိုတဲ့ အသံက ဘာလဲ?” သူ ဇဝေဇဝါနဲ့ သူ့ပါးကို လက်နဲ့ ကုတ်လိုက်ရင်း - “ငါ လေလည်တဲ့ အသံနဲ့တောင် တူနေသေးတယ်။”
“...”
ဝမ်ဖုန်းဟာ အသံကြားလိုက်ရကတည်းက လာတဲ့သူဟာ မွန်းစတား မဟုတ်မှန်း သိလိုက်ပါတယ်၊ ဘာလို့လဲဆိုတော့ ဘယ်မွန်းစတားမှ “တစ်ယောက်ယောက် ရှိလား?” လို့ ယဉ်ယဉ်ကျေးကျေး မမေးတတ်လို့ပါပဲ။ သူတို့ မေးမှာက “နောက်တစ်ယောက် ဘယ်သူလဲ?” ဆိုတာမျိုး ဖြစ်မှာပေါ့။
“သွားမှဖြစ်တော့မယ်။ ပီ (P) မြို့က အတွင်းခံတွေ လျှော့ဈေးနဲ့ ရောင်းနေတာ။ အခုတော့ အတွင်းခံ အသစ်လဲဖို့ ဆုံးဖြတ်ရတော့မယ်။ ဘယ်သူက တစ်နှစ်ကျော်အောင် အတွင်းခံ မလဲဘဲ နေမှာလဲ? အင်း... အဲဒီလိုပဲ ကိုယ့်ကိုယ်ကိုယ် ဖျောင်းဖျလိုက်မယ်။”
ဆိုင်းတာမဟာ ရှေ့က စူပါမားကတ် ကြော်ငြာစာရွက်ကို လွှင့်ပစ်လိုက်ပြီး သူ့အဝတ်အစားတွေထဲကနေ ပီမြို့က စူပါမားကတ် ကြော်ငြာစာရွက် နောက်တစ်ရွက်ကို ထုတ်လိုက်ပါတယ်။ သူ ဝမ်ဖုန်း အတွင်းခံတစ်ထည်တည်း ဝတ်ထားတဲ့ မျက်နှာဖုံးပုံကို နှစ်စက္ကန့်လောက် စိုက်ကြည့်ပြီး - “အင်း... သူ ဝတ်ထားတာ ကြည့်ကောင်းသားပဲ၊ ငါနဲ့လည်း တော်မှာပါ။”
“ဟေး၊ ခဏလောက် နေပါဦး။”
ဝမ်ဖုန်းက မိုက်ခ်ကို ချထားခဲ့ပြီး စင်နောက်ကနေ ထွက်လာပါတယ်။ စူပါမားကတ် အဝင်ဝက သူရဲကောင်းလို ဝတ်ထားတဲ့ ထိပ်ပြောင်နဲ့ လူကို မြင်လိုက်ရတော့ ဟိုဘက်လူဟာ ဆိုင်းတာမ ဖြစ်နိုင်တယ်လို့ သူ ဝေဝေဝါးဝါး ခန့်မှန်းမိပါတယ်။ သူ့ရင်ထဲမှာ စိတ်လှုပ်ရှားပြီး ဝမ်းသာသွားကာ ဟိုဘက်လူက ထွက်သွားတော့မယ်ဆိုတာ သိလိုက်တာနဲ့ လှမ်းခေါ်လိုက်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဆိုင်းတာမက သူ့အသက်ကို အကြိမ်ကြိမ် ကယ်ခဲ့ဖူးတာပါ။ ဒါပေမဲ့ သူ ကိုယ်တိုင် ကျေးဇူးတင်ခွင့် မရခဲ့သလို၊ အခု သူရနေတဲ့ ဂုဏ်သတင်းတွေကလည်း ဆိုင်းတာမကြောင့် ရတာ အများကြီးပါပဲ။
ဒီလောက်ကြီးမားတဲ့ ကျေးဇူးတရားအတွက် သူ သေသေချာချာ ကျေးဇူးတင်ရပါမယ်။
သူ စိတ်လှုပ်ရှားစွာနဲ့ လျှောက်သွားပြီး ဆိုင်းတာမရဲ့ လက်ကိုဆွဲ နှုတ်ဆက်ကာ နှစ်ပေါင်းများစွာ သူ့အသက်ကို ကယ်ခဲ့တဲ့အတွက် ကိုယ်တိုင် ကျေးဇူးတင်စကား ပြောဖို့ ပြင်ဆင်လိုက်ပါတယ်။
“ဟင်?”
တစ်ယောက်ယောက် ခေါ်သံကြားတာနဲ့ ဆိုင်းတာမက ဇဝေဇဝါနဲ့ လှည့်ကြည့်လိုက်ပါတယ်။ စိတ်လှုပ်ရှားနေတဲ့ ဝမ်ဖုန်းကို မြင်တော့ သူ အံ့သြသွားပြီး ဝမ်ဖုန်းကို လက်ညှိုးထိုးကာ ပြောလိုက်ပါတယ် - “ဟင်၊ မင်းက အတွင်းခံလား?”
“...”
ဝမ်ဖုန်းရဲ့ စိတ်လှုပ်ရှားနေတဲ့ မျက်နှာပေးဟာ ချက်ချင်း အေးခဲသွားပြီး လျှောက်လာတဲ့ ခြေလှမ်းတွေလည်း တောင့်တင်းသွားပါတယ်။ ဟဲဟဲ... တကယ့်ကို အေးစက်စက် ပြက်လုံးပါပဲ။ သွားစမ်းပါ ဒီထိပ်ပြောင်ကောင်ရာ။ ဘယ်သူ့ကို အတွင်းခံလို့ ခေါ်တာလဲ? မင်းကမှ အတွင်းခံ၊ မင်း တစ်မိသားစုလုံး အတွင်းခံ။
သူ အသက်ပြင်းပြင်းရှူလိုက်ပြီး ရင်ထဲက စိတ်လှုပ်ရှားမှုတွေကို တည်ငြိမ်အောင် ထိန်းကာ ဆိုင်းတာမရဲ့ ထိပ်ပြောင်ပြောင်ကို အမူအရာမရှိဘဲ လက်ညှိုးထိုးပြလိုက်ပါတယ် - “ဟင်၊ မင်းက ဘဲဥပေါင်းလား?” ဟွန်း၊ လာလေ၊ အချင်းချင်း နာကျင်အောင် လုပ်ကြတာပေါ့။ ဘယ်သူ့ကို ကြောက်ရမှာလဲ?
ဆိုင်းတာမ ဆွံ့အသွားပြီး ဝမ်ဖုန်းကို ခဏလောက် သေသေချာချာ အကဲခတ်ကာ ဝမ်ဖုန်းရဲ့ ဘယ်ဘက်ပါးက ဒဏ်ရာကို လက်ညှိုးထိုးပြီး - “ဟင်၊ မင်းက အစင်းကြောင်း သုံးခုလား?”
“...”
တောက်! ဘယ်သူက ‘အစင်းကြောင်း သုံးခု’ လဲ? ဒါတွေက အမာရွတ် သုံးခုပါ၊ ငါ့ရဲ့ သူရဲကောင်း တံဆိပ်တွေကွ။ မင်းရဲ့ ‘အစင်းကြောင်း သုံးခု’ ကို သွားလိုက်စမ်း၊ မင်း စကားပြောတတ်ရဲ့လား? သေသေချာချာရော ပြောနိုင်ရဲ့လား? ဒါနဲ့ မင်းရဲ့ ဇာတ်ကောင် စရိုက်တွေ ပြောင်းသွားတာလား? ဘာလို့ စကားပြောတာက ဒီလောက် နာကျင်အောင် ပြောနေရတာလဲ? အဲဒါ တာနေးဒိုးရဲ့ ပုံစံ မဟုတ်ဘူးလား?
ဝမ်ဖုန်းရဲ့ နှုတ်ခမ်းတွေ တုန်သွားပါတယ်။ အော်... မင်းက ဆက်ပြီး တိုက်ချင်သေးတယ်ပေါ့ ဟုတ်လား? ငါ မင်းကို ကြောက်တယ် ထင်နေလား?
သူ ဆိုင်းတာမရဲ့ ခေါင်းကို လက်ညှိုးထိုးပြီး - “ဟင်၊ မင်းက ထိပ်ပြောင်လား?”
ဆိုင်းတာမရဲ့ မျက်လုံးတွေ ပြူးသွားပြီး ဒေါသတကြီး အော်လိုက်ပါတယ် - “မင်း ဘယ်လိုဖြစ်လို့ ဒီလောက် ရိုင်းရတာလဲ? ဘယ်သူ့ကို ထိပ်ပြောင်လို့ ခေါ်တာလဲ...” သူ ဒါကို ပြောရင်းနဲ့ ရုတ်တရက် အေးခဲသွားပါတယ် - “ဟင်၊ ခဏနေဦး၊ ငါ ပီမြို့က စူပါမားကတ် အရောင်းပွဲကို နောက်ကျတော့မယ်။”
“ငါ့မှာ အရေးကြီးတဲ့ ကိစ္စရှိလို့ အရင်သွားတော့မယ်။”
အဲဒီစကားကိုပဲ ပြောပြီးတာနဲ့ သူဟာ အပြေးပုံစံ ပြင်လိုက်ပြီး လက်နှစ်ဖက်ကို ရင်ဘတ်နားမှာ ဆုပ်ထားကာ ခြေထောက်တွေကတော့ အရှိန်နဲ့ လည်နေတဲ့ ဘီးတွေအလား ဖြစ်သွားပါတယ်။ ဝူးခနဲဆို သူဟာ မီတာ ရာနဲ့ချီ ပျံထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ ပျောက်ကွယ်သွားပါတော့တယ်။ သူ ဖြစ်ပေါ်စေခဲ့တဲ့ လေပြင်းကြောင့် လွင့်တက်သွားတဲ့ အိုမြို့ စူပါမားကတ် ကြော်ငြာစာရွက် တစ်ရွက်ပဲ ကျန်ရစ်ခဲ့ပါတယ်။
ဝမ်ဖုန်းဟာ လမ်းမပေါ်က လေပြေနဲ့ ဟင်းလင်းပြင်ထဲမှာ လွင့်နေတဲ့ ကြော်ငြာစာရွက်ကို ငေးကြည့်နေမိပြီးနောက် ကုန်ပစ္စည်းစင်ဘက်ကို လှည့်ပြီး လက်ယမ်းပြလိုက်ပါတယ် - “ဟေး၊ မိုက်ခ်၊ မြန်မြန် နိုးစမ်းပါ။ ငါ ခုနက ‘ထိပ်ပြောင် လျှပ်စီး’ ကို မြင်လိုက်ရတယ် ထင်တယ်။”