**အခန်း ၂၀ - သေမင်းတမန် တံတွေး**
ဝမ်ဖုန်းမှာ စိတ်ကိုငြိမ်ငြိမ်ထားပြီး အကြောက်တရားတွေကို ဖယ်ရှားနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးနေခဲ့သည်။ သို့သော်လည်း ခေတ်သစ်လူသားတစ်ယောက်အနေဖြင့် သေနတ်များကို ကြောက်ရွံ့သည့်စိတ်ကိုတော့ အလွယ်တကူ ဖျောက်ဖျက်၍မရနိုင်ပေ။ လွန်ခဲ့သောရက်အနည်းငယ်က ဝံပုလွေအဆင့်ရှိသော အတွင်းခံ မွန်းစတားနှင့် ရင်ဆိုင်ရစဉ်က သူ့တွင် တိုက်ခိုက်လိုစိတ်ရှိနေသေးသော်လည်း ယခုကဲ့သို့ "သေမင်းတမန်" ဟု တင်စားရမည့် စက်သေနတ်ငယ်များနှင့် ရင်ဆိုင်ရချိန်တွင်တော့ သူ၏အကြောက်တရားမှာ မလွှဲမရှောင်သာ ထွက်ပေါ်လာတော့သည်။
ရုတ်တရက်... သူ၏နှလုံးခုန်သံမှာ ခန်းမကြီးအတွင်း ဆက်တိုက်ပဲ့တင်ထပ်လာသည်။ ကလေးများမှာ ငိုယိုခြင်းကို ရပ်တန့်သွားကြသလို၊ ဆရာမများနှင့် လူအုပ်ကြီး၏ အော်ဟစ်သံများလည်း တိတ်ဆိတ်သွားပြီး လူတိုင်း၏အကြည့်များမှာ သူ့ထံသို့ ရောက်ရှိလာကြသည်။ ခဏတာမျှ မြင်ကွင်းမှာ အလွန်ပင် အနေခက်စရာ ကောင်းနေတော့သည်!
"ဒါက ဘာထူးဆန်းတဲ့ အသံကြီးလဲ" မှိုပွင့်မျက်နှာဖုံးစွပ် ခေါင်းဆောင်က ဝမ်ဖုန်းထံသို့ လျှောက်လာသည်။
"မစ္စတာ (King)... ကျွန်တော် ဘာလုပ်ပေးရမလဲ" မိုက်ခ်က အသံတိုးတိုးဖြင့် မေးလိုက်သည်၊ "သူတို့ကို အခုချက်ချင်း သတ်ပစ်လိုက်တော့မလား"
ဝမ်ဖုန်းမှာ စိတ်ထဲရှိသည့်အတိုင်း "စိတ်အေးအေးထားစမ်း!" ဟု မသိစိတ်ဖြင့် အော်ပြောလိုက်မိသည်။
"ဟမ်?" မိုက်ခ်မှာ အံ့အားသင့်သွားပြီး ခဏမျှ စဉ်းစားကြည့်ကာ သဘောပေါက်သွားသည် - (Mr.King)... ခင်ဗျားက ကလေးတွေအတွက် စိုးရိမ်နေတာလား။ ဟုတ်သားပဲ၊ ခင်ဗျားအနေနဲ့ ဒီလူအုပ်စုကို ချက်ချင်းအပြတ်ရှင်းနိုင်ပေမဲ့ ဒီလိုရှုပ်ထွေးတဲ့ အခြေအနေမျိုးမှာ ဒဏ်ရာရသူတွေ ရှိလာနိုင်တာပဲ။ ဟေး... မစ္စတာ (King) ရယ်၊ ခင်ဗျားက တကယ်ကို အမြော်အမြင်ရှိပြီး ကြင်နာတတ်တာပဲ"
‘ညီလေးရာ... စိတ်ကူးယဉ်ပြီး အဓိပ္ပာယ်မရှိတာတွေ ပြောမနေဘဲ အသင်းကို အကြောင်းကြားပြီး စစ်ကူတောင်းဖို့ နည်းလမ်းရှာစမ်းပါဦး။ ပြီးတော့ မင်းပဲ ခုနက အပြင်မှာ လက်နက်အပြည့်အစုံနဲ့ အစောင့်တွေ ရှိတယ်ဆို?’
*ဖုန်းမြည်သံ*
ဝမ်ဖုန်းက သူ၏ဖုန်းကို ထုတ်ကာ ခါယမ်းပြရင်း "ငါ့အမေက ငါ့ကို ထမင်းစားဖို့ အိမ်ပြန်ခေါ်နေတာလို့ ပြောရင် မင်းတို့ ယုံမလား"
"မင်း ဘာပြောလိုက်တာလဲ!" လူဆိုးခေါင်းဆောင်က ဝမ်ဖုန်းကို ရက်ရက်စက်စက် စိုက်ကြည့်လိုက်သည်။ သူ၏လက်ထဲရှိ စက်သေနတ်မှာ ကျည်မောင်းတင်ထားပြီးသားဖြစ်ကာ စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ ဝမ်ဖုန်းကို သတ်ပစ်တော့မည့်ပုံပင်။
လူဆိုးခေါင်းဆောင်၏ အပြုအမူကို မြင်သောအခါ ဝမ်ဖုန်းမှာ အလွန်စိုးရိမ်သွားသော်လည်း သူ၏မျက်နှာမှာတော့ အမူအရာကင်းမဲ့နေဆဲဖြစ်သည်။ သူက အေးစက်စွာဖြင့် ပြောလိုက်သည် - "ညီလေး... ငါ မင်းကို တံတွေးနဲ့ ထွေးလိုက်မယ်ဆိုရင် မင်း ယုံမလား မယုံဘူးလား"
"ဟင်?" လူဆိုးခေါင်းဆောင်မှာ ထိုစကားကို ကြားသောအခါ ကြောင်အသွားသည်။ သူ ခေါင်းမော့လိုက်ချိန်တွင် ပျစ်ခဲလှသော တံတွေးတစ်ခုမှာ သူ၏မြင်ကွင်းထဲသို့ ပျံဝဲလာပြီး သူ၏မျက်ဆံများမှာ ချက်ချင်းပင် ကျုံ့သွားတော့သည်။
ဝုန်း!!
လူဆိုးခေါင်းဆောင်၏ ခြေထောက်အောက်တွင် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး သူ ခုနက ရပ်နေခဲ့သည့်နေရာတွင် ပေါက်ကွဲမှုအမှတ်အသားကြီး တစ်ခုသာ ကျန်ရစ်တော့သည်။
"အားးးးးးး"
ဖုန်မှုန့်များကြားမှ လူဆိုးခေါင်းဆောင်၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။ ကျန်ရှိသော လူဆိုးများမှာလည်း သူတို့၏ခေါင်းဆောင် အော်ဟစ်နေသည်ကို မြင်ကာ ကြောင်အသွားကြသည်။
"သူ့လက်ထဲမှာ လက်ပစ်ဗုံးရှိတာလား"
"တောက်! ဒီကောင်လေးကတော့ သေချင်နေပြီပဲ" လူဆိုးများ၏ စက်သေနတ်များအားလုံးမှာ ဝမ်ဖုန်းထံသို့ ပစ်မှတ်ထားလိုက်ကြပြီး ပစ်ခတ်ရန် ပြင်လိုက်ကြသည်။
စက်သေနတ် အမြောက်အမြား၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသဖြင့် (King) ၏ နောက်ကွယ်တွင် ရပ်နေသော မိုက်ခ်မှာ ချွေးစေးများ ပြန်လာတော့သည်။
"ဘာလဲ? မင်းတို့က... ငါ့ကို ပစ်မလို့လား" ဝမ်ဖုန်း၏ အေးစက်သောအသံမှာ ခန်းမကြီးအတွင်း ဟိန်းထွက်သွားသည်။
သူက သူ၏ဦးထုပ်ကို ညင်သာစွာ ချွတ်လိုက်ရာ ကမ္ဘာကို တုန်လှုပ်စေမည့် သူ၏ဘယ်ဘက်မျက်နှာပေါ်ရှိ အမာရွတ်သုံးကြောင်း ပေါ်ထွက်လာသည်! သူသည် အရပ်ရှည်ရှည်နှင့် မတ်မတ်ရပ်ကာ လူအုပ်ကြီးကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူ၏ရင်ထဲတွင်တော့ ‘စိတ်မလောကြပါနဲ့၊ စိတ်လိုက်မာန်ပါလုပ်တာက နတ်ဆိုးရဲ့ အလုပ်ပဲ၊ ပြောစရာရှိရင် ကောင်းကောင်းမွန်မွန် ပြောကြပါ’ ဟု တောင်းပန်တိုးလျှိုးနေမိသည်။
"အာ... မင်း... မင်းက (King) လား"
လူဆိုးများမှာ ဝမ်ဖုန်းကို စိုက်ကြည့်ရင်း ကမ္ဘာပေါ်တွင် အသန်မာဆုံးလူဟု လူသိများသည့် S-အဆင့် သူရဲကောင်း (King) ဆိုသည်ကို ချက်ချင်းမှတ်မိသွားကြသည်။ သူတို့မှာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိပြီး လက်မောင်းများ တုန်ယင်လာကာ စက်သေနတ်ပြောင်းဝများမှာ မသိစိတ်ဖြင့် ဘေးသို့ ရွေ့လျားသွားကြသည်။
"(King) တဲ့လား!" ဆရာမနှင့် ကလေးများမှာ ဝမ်ဖုန်းကို ငေးကြည့်နေကြပြီး ခဏအကြာတွင်တော့ ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
"ဦးဦး (King)၊ သား တကယ်ကို လေးစားတာပဲ! မွန်းစတားတွေ ဒါမှမဟုတ် လူဆိုးတွေကို ဘယ်လိုတိုက်ရမလဲဆိုတာ သားကို သင်ပေးမလားဟင်"
"မစ္စတာ (King)... ကျွန်မက ခင်ဗျားရဲ့ ပရိသတ်ပါ၊ တစ်သက်လုံး အားပေးသွားမှာပါ"
"ကျောင်းကိုလာပြီး ဟောပြောပွဲလုပ်မယ့် လျှို့ဝှက်ဧည့်သည်ရှိတယ်ဆိုလို့ ဘယ်ကလေးရဲ့ အဖေ ဒါမှမဟုတ် အဖိုးများလဲလို့ ထင်နေတာ၊ အခုတော့ (King) ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
ဝမ်ဖုန်း၏ နှုတ်ခမ်းများမှာ အနည်းငယ် တွန့်သွားသည်။ ဤမျှ တင်းမာလှသော အခြေအနေမျိုးမှာ အိုင်ဒေါတွေကို ဝိုင်းအားပေးနေတာကို ရပ်လို့မရဘူးလား။ ဒါက ငါ့အတွက် အရမ်း အရှက်ရစရာကြီးပဲ! ငါ တကယ် ဝမ်းနည်းမိတယ်!
လူဆိုးများမှာ ဒေါသထွက်သွားပြီး မျက်နှာကြက်သို့ စက်သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ဖောက်လိုက်ကာ အော်ဟစ်လိုက်သည် - "ဘယ်သူလှုပ်ရဲသလဲ၊ လှုပ်တဲ့သူကို သတ်ပစ်မယ်"
ကလေးများမှာ ထိတ်လန့်ကာ ငိုယိုကုန်ကြပြီး ဆရာမများမှာလည်း တိတ်ဆိတ်စွာဖြင့် ကလေးများကို ချော့မြှူနေရသည်။
"သတ်ပစ်... သူ့ကို သတ်ပစ်ကြ..." ဒဏ်ရာရနေသော လူဆိုးခေါင်းဆောင်က ရုတ်တရက် အော်ဟစ်လိုက်သည် - "သူက လူသားတစ်ယောက်ပဲ၊ နတ်ဘုရား မဟုတ်ဘူး၊ မင်းတို့ ဘာကို ကြောက်နေတာလဲ။ သူ့ကို မြန်မြန် သတ်ပစ်ကြစမ်း..."
ဝမ်ဖုန်းမှာ လူဆိုးများ၏ အကြည့်များမှာ တစ်မျိုးဖြစ်နေသည်ကို မြင်လိုက်ရသည်။ ဆရာမနှင့် ကလေးများ၏ သဘောထားကြောင့် သူတို့၏ဒေါသမှာ ပို၍ကြီးထွားလာပုံရပြီး လူဆိုးခေါင်းဆောင်၏ လှုံ့ဆော်မှုနှင့်ပေါင်းစပ်လိုက်သောအခါ သူတို့လက်ထဲရှိ စက်သေနတ်များမှာ ပြန်လည် မြင့်တက်လာတော့မည့်ပုံပင်။
သူက ချက်ချင်းပင် လူဆိုးခေါင်းဆောင်ထံသို့ တံတွေးဖြင့် ထွေးလိုက်သည် - "တောက်! အမှိုက်ကောင်!"
ဝုန်း!!!
နောက်ထပ် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြန်သည်။
လူဆိုးများမှာ လုံးဝ ဆွံ့အသွားကြသည် - "တောက်... ပေါက်ကွဲမှုကို ဖြစ်စေတာက လက်ပစ်ဗုံး မဟုတ်ဘဲ (King) ရဲ့ တံတွေးဖြစ်နေတာလား"
ဆရာမနှင့် ကလေးများမှာလည်း ကြောင်အသွားကြသည်။ ဒါက လူသားတစ်ယောက်မှာ ရှိသင့်တဲ့ စွမ်းအားမျိုးလား။ ဒါက အံ့ဩစရာကြီးပဲ။
လူဆိုးများမှာ တံတွေးကို ပြန်လည်မျိုချရင်း တုန်တုန်ယင်ယင်ဖြင့် - "ဒါက ကမ္ဘာမြေပြင်ပေါ်မှာ အသန်မာဆုံးလူရဲ့ စွမ်းအားလား။ တံတွေးတစ်ချက်က လက်ပစ်ဗုံးတစ်လုံးနဲ့ ညီမျှနေတာပဲ။ ဒါက အရမ်းကို အစွမ်းထက်ပြီး ကြောက်စရာကောင်းလွန်းတယ်"
မြို့တစ်မြို့လုံးကို ဖျက်ဆီးနိုင်တဲ့ အဲဒီလူထူးလူဆန်းတွေတောင် သူ့ကိုတွေ့ရင် တစ်ချက်တည်းနဲ့ ဘာလို့ ပေါက်ကွဲကုန်ကြတာလဲဆိုတာ အံ့ဩစရာ မရှိတော့ဘူး။ အရင်ကတော့ ဒါတွေဟာ အလကား လျှောက်ပြောနေကြတာလို့ ထင်ခဲ့ပေမဲ့ အခုတော့ သူတို့ တကယ် ယုံသွားကြပြီ။ တစ်နည်းအားဖြင့် ဤခိုင်မာသော တွေးဆချက်အရ (King) သာ လေလည်လိုက်ရင် သူ့အိမ်ကြီး ပျက်စီးသွားမလား။ (King) သာ အိမ်သာထဲမှာ ဆီးသွားရင် စက်သေနတ်နဲ့ ပစ်နေသလို ဖြစ်နေမလား။ တံတွေးထွေးလိုက်တာနဲ့တင် အမှိုက်ပုံးကြီးတွေကို တိုက်ရိုက်ပေါက်ကွဲသွားစေနိုင်တာလား။
ဒီလိုတွေးကြည့်လိုက်ရင် သန်မာလွန်းတာကလည်း ကောင်းတဲ့အရာတော့ မဟုတ်ဘူးပဲ။ ဘဝက နေရထိုင်ရတာ အရမ်း အဆင်မပြေလွန်းဘူး။
ဪ... ဒါနဲ့ နေပါဦး။ အဲဒီ အတုံးအခဲကြီးက... ဗုံးထဲက ပါလာတဲ့ မစင်တွေလား။ ဒါမှမဟုတ် ရွှံ့မီးရှူးမီးပန်းတွေလား။ လူဆိုးများ၏ အတွေးများမှာ ကောင်းကင်သို့ ပျံတက်သွားပြီး သူတို့၏ ဦးနှောက်များမှာ ပို၍ ကျယ်ပြန့်စွာ တွေးတောလာကြတော့သည်။
ဝမ်ဖုန်းမှာ လူဆိုးခေါင်းဆောင် စကားမပြောတော့သည်ကို မြင်သောအခါ သက်ပြင်းချလိုက်ပြီး သူ၏မျက်ခုံးများကို ပင့်ကာ အားနည်းသောအသံဖြင့် ပြောလိုက်သည် - "ထွက်သွားကြစမ်း!"
"ဘာ!" ရာဇဝတ်သားများမှာ ဝမ်ဖုန်းကို ကြောင်ကြည့်နေကြပြီး ချက်ချင်း တုံ့ပြန်နိုင်ခြင်း မရှိကြသေးပေ။
"လူ့ဘဝမှာ ရွေးချယ်စရာတွေ အများကြီးရှိတတ်တယ်၊ ရွေးချယ်မှုတိုင်းကလည်း ဘဝရဲ့ ဖိအားတွေကြောင့် ဖြစ်ရတာပါ။ မင်းတို့ ဘာကြောင့် အပြစ်မဲ့တဲ့ ကလေးတွေအပေါ် ခုလိုလုပ်ရတာလဲဆိုတာ ငါမသိပေမဲ့ ငါမင်းတို့ကို ဒီအခြေအနေအထိ ရောက်အောင် ဖိအားပေးနိုင်တယ်ဆိုတာတော့ သိထားလိုက်ပါ။ ဒါက မပြောပြနိုင်တဲ့ အခက်အခဲတွေကြောင့် ဖြစ်ရမှာပါ။ မင်းတို့ ငွေလိုနေတယ်ဆိုရင် ဘဏ်ကိုသွားသင့်တာပေါ့၊ ကလေးတွေကို ပြန်ပေးဆွဲဖို့ မူကြိုကျောင်းကို လာရတာလား"
နေကြာပန်း မူကြိုကျောင်းတွင် ဘဏ်များထက် ပို၍အစွမ်းထက်သော လုံခြုံရေးတပ်ဖွဲ့များ ရှိသည်။ သို့ပါသော်လည်း ဤလူအုပ်စုမှာ ကလေးတွေကိုသာ ပစ်မှတ်ထားခဲ့ကြသည်။ ထိုအထဲတွင် တစ်ခုခု ဖုံးကွယ်ထားသော အချက်အလက်များ ရှိနေမည်မှာ သေချာသည်။ သေချာတာပေါ့... အရေးကြီးဆုံးအချက်ကတော့ သူ သေမှာကို ကြောက်နေတာပါပဲ။ ခုနက လူဆိုးခေါင်းဆောင် ပစ်တော့မည့်အချိန်မှာ သူက စပရိုက် မွန်းစတားရဲ့ နှစ်ပွင့်ဆိုင်ကတ်ကို သုံးလိုက်ပြီး တံတွေးကို စွမ်းအားပြင်း လက်ပစ်ဗုံးအဖြစ် ပြောင်းလဲလိုက်ခြင်းပင်။ အင်း... အခုဆိုရင် လူဆိုးခေါင်းဆောင်မှာ တံတွေးတွေ စိုရွှဲနေပြီလို့တောင် ပြောလို့ရပါတယ်။
သို့သော်လည်း စပရိုက် မွန်းစတားမှာ ကျားအဆင့် ရှိသော်လည်း တိုက်စစ်နှင့် ခံစစ်မှာ အားနည်းလှသည်။ အဲဒီတုန်းက ကြော်ငြာဆိုင်းဘုတ်နဲ့ ရိုက်မိလို့ သေသွားတာကို မင်းတို့ အသိဆုံးဘဲလေ။ကျားအဆင့်လောက်ရှိတဲ့ ခံစစ်နဲ့ဆိုရင် သေနတ်နဲပစ်ခံရရင်အချိန်မရွေး သေသွားနိုင်တယ်ဆိုအသိသာကြီးပင်။ထို့ကြောင့်ဝမ်ဖုန်းသည် လူဆိုးများကို စပရိုက်မွန်းစတား၏ပစ်ခတ်စွမ်းရည်နဲ့တိုက်ခိုက်ရန် စိတ်ကူးမရှိပေ။ သူက ထိုလူများကို လွှတ်ပေးလိုက်ပြီး နောက်ပိုင်းတွင် အစိုးရနှင့် အသင်းတို့ကိုသာ လိုက်လံဖမ်းဆီးခိုင်းရန် ရည်ရွယ်ခဲ့သည်။
"ဒါပေမဲ့..." သူ၏အသံမှာ ရုတ်တရက် ပြောင်းလဲသွားပြီး အသံနေအသံထားမှာ အေးစက်သွားသည် - "မင်းတို့ ဘယ်လိုအခက်အခဲတွေနဲ့ပဲ ရင်ဆိုင်နေရပါစေ၊ ကလေးတွေကတော့ အပြစ်ကင်းကြပါတယ်။ သူတို့ဟာ မင်းတို့ ငွေရှာဖို့ ဒါမှမဟုတ် တခြားအရာတွေ လုပ်ဖို့အတွက် အသုံးချခံတွေ မဖြစ်သင့်ဘူး။ မှတ်ထားပါ... ဒါက စံနမူနာတစ်ခု မဟုတ်ဘူး။ ဒီစကားက မင်းတို့အတွက်တင် မဟုတ်ဘူး၊ နောက်တစ်ကြိမ် ထပ်ဖြစ်လာဦးမယ်ဆိုရင် မင်းတို့ကို အသက်မရှင်စေရဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတိပေးနေတာလည်း ဖြစ်တယ်"
နောက်ဆုံးစကားလုံးများမှာ လူတစ်ယောက်၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ခဲသွားစေနိုင်လောက်အောင် အေးစက်လှသဖြင့် လူဆိုးများအားလုံး တုန်လှုပ်သွားကြသည်။ ဒါက(King) ဆိုသည့် နာမည်၏ လွှမ်းမိုးမှု အာနိသင်ပင် ဖြစ်သည်။
"စိတ်ဝင်စားဖို့ ကောင်းသားပဲ!" ခေါင်းဆောင် Rabbit (ယုန်) ဟု ထင်ရသော ဒုတိယခေါင်းဆောင်က ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။
လူဆိုးများမှာ ခေါင်းငုံ့ကာ တိတ်ဆိတ်စွာ ထွက်ခွာသွားကြသည်။ ခေါင်းဆောင်ယုန်က ဝမ်ဖုန်းကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ပြီး - "မစ္စတာ (King)... ကျွန်တော်တို့ ပြန်ဆုံကြတာပေါ့" ဟု ပြောပြီးနောက် လှည့်ထွက်သွားလေသည်။
ယခုတစ်ကြိမ်မှာတော့ ဝမ်ဖုန်း တုန်လှုပ်ရမည့်အလှည့် ရောက်လာပြီဖြစ်သည်။ ‘တောက်... သွားမယ်ဆိုလည်း သွားကြပါတော့လား၊ ဘာတွေ ထပ်လုပ်ချင်နေသေးတာလဲ။ ငါ့မှာ ညဘက် အိပ်မက်ဆိုးတွေ မက်ရတာ မလုံလောက်သေးဘူးလို့ ထင်နေတာလား?’
***