အန်နီးစ်လိုဘီ တွင် ဘတ်စတာကော ၏ ဘေးဒုက္ခမှ သူတို့ လွတ်မြောက်ခဲ့ဖူးသည်မှာ မှန်သော်လည်း... ထိုစဉ်ကမူ သူတို့မှာ ရန်သူ့ဒဏ်ကို အလူးအလဲခံရင်း အသက်လုပြေးခဲ့ကြရသည်သာ။
ယခုမူကား... တစ်ခါက သူမ၏ ခြောက်အိပ်မက်ဖြစ်ခဲ့သော ကြောက်မက်ဖွယ် ဘတ်စတာကော စစ်ဆင်ရေးကြီးသည် 'ပထမတပ်မဟာ' မှ ကင်းမြီးကောင် တစ်ကောင်တည်း၏ လက်ချက်ဖြင့် လုံးဝ ပျက်စီးသွားခဲ့လေပြီ။
"ရေတပ်ဗိုလ်ချုပ်ကြီး အိုကီဂျီ တောင် ကင်းမြီးကောင်ကို မယှဉ်နိုင်ခဲ့ဘူးပေါ့..."
နီကို ရော်ဘင် သည် အိုကီဂျီ၏ သတင်းကို ဖတ်ရင်း စိတ်မသက်မသာ ဖြစ်သွားရသည်။
အိုကီဂျီ၏ စွမ်းအားကို သူမထက် ပိုသိသူ မရှိပေ။ သူသည် အိုဟာရာ အရေးအခင်းတွင် ပါဝင်ခဲ့သည့် ရေတပ်ဒုဗိုလ်ချုပ်ကြီး ငါးဦးအနက် တစ်ဦးဖြစ်ခဲ့သလို၊ ထိုအချိန်မှစ၍ သူမနောက်သို့ အရိပ်ပမာ လိုက်လံဖမ်းဆီးနေခဲ့သူ မဟုတ်ပါလား။ ရော်ဘင်၏ အမြင်တွင် အိုကီဂျီမှာ လူသားဟု မဆိုသာဘဲ မျှော်လင့်ချက်မဲ့စေလောက်အောင် အင်အားကြီးသည့် လူသားရုပ်ထွက်နှင့် မိစ္ဆာတစ်ကောင်သာ ဖြစ်သည်။ ထိုမျှ ကြောက်စရာကောင်းသော အိုကီဂျီပင် 'ပထမတပ်မဟာ' ၏ လက်ချက်ဖြင့် အလူးအလဲ ခံလိုက်ရသည်ဆိုလျှင် ထိုတပ်မဟာ၏ အင်အားမှာ အဘယ်မျှအထိ ထိတ်လန့်ဖွယ် ကောင်းနေပါသနည်း။
"ဟေ့... ရော်ဘင်၊ ဘာတွေ ငေးနေတာလဲ?"
သင်္ဘောဦးတွင် မှိုင်တွေနေသော ရော်ဘင်ကို မြင်သဖြင့် နာမီ က အနားသို့ လျှောက်လာရင်း မေးလိုက်သည်။
"လောကကြီးမှာ အကြီးအကျယ် ဖြစ်ပျက်နေပြီ နာမီ။ အာဘတ်စ် ကျွန်းကို ကမ္ဘာ့အစိုးရက ဘတ်စတာကောနဲ့ တိုက်ခိုက်ခဲ့တာလေ... အဲဒီမှာ နှစ်ဖက်စလုံး အပြင်းအထန် တိုက်ပွဲဖြစ်ပြီး ဘတ်စတာကော စစ်ဆင်ရေးကြီး တစ်ခုလုံး ချေမှုန်းခံလိုက်ရပြီတဲ့။"
ရော်ဘင်က နာမီကို ပြုံးပြရင်း အခြေအနေကို ရှင်းပြလိုက်သည်။ ကောက်ရိုးဦးထုပ် ပင်လယ်ဓားပြအဖွဲ့နှင့် ဆုံစည်းပြီးနောက်ပိုင်းတွင် ရော်ဘင်သည် တစ်ခါမှ မခံစားဖူးသည့် နွေးထွေးသော သံယောဇဉ်ကို ရရှိခဲ့သည်။ အထူးသဖြင့် အန်နီးစ်လိုဘီ အရေးအခင်းပြီးနောက်တွင် သူမသည် ဤအဖွဲ့သားများအပေါ် ပိုမိုတွယ်တာလာခဲ့သည်။
"ဘာ! ဘတ်စတာကောက အနိုင်ပိုင်းခံလိုက်ရတယ် ဟုတ်လား! ဗိုလ်ချုပ်ကြီးကိုယ်တိုင် ဦးဆောင်တဲ့ စစ်ဆင်ရေး မဟုတ်ဘူးလား?!"
ရော်ဘင်၏ စကားကို ကြားသည်နှင့် နာမီမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိသည်။
ဘတ်စတာကော၏ သတင်းမှာ သတင်းစာများမှတစ်ဆင့် တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေပြီဖြစ်သည်။ မရင်းဖို့ဒ် မှ အာဘတ်စ်ကျွန်းသို့ ခရီးစဉ်မှာ အလွန်ဝေးကွာလှသဖြင့် ဤမျှ အတိုင်းအတာကြီးမားသော စစ်ဆင်ရေးကို ကမ္ဘာ့အစိုးရအနေဖြင့် ဖုံးကွယ်ထားရန် မဖြစ်နိုင်ခဲ့ပေ။ 'ပထမတပ်မဟာ' သည် အလွန်အမင်း အင်အားကြီးမားကြောင်း နာမီ သိထားသော်လည်း ဘတ်စတာကောနှင့် ရင်ဆိုင်ရလျှင်မူ ကျိန်းသေပေါက် အမှုန့်ကြိတ်ခံရမည်ဟုသာ သူမ ထင်မှတ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုမူ... အန်နီးစ်လိုဘီတွင် သူတို့ကို ငရဲခန်းသို့ ပို့လုနီးပါး ဖြစ်ခဲ့သော ထိုစစ်ဆင်ရေးကြီး၊ ဗိုလ်ချုပ်ကြီးကိုယ်တိုင် ဦးဆောင်ပြီး စစ်သင်္ဘော အစီးနှစ်ဆယ်အထိ ပါဝင်သည့် ထိုမဟာစစ်ဆင်ရေးကြီးမှာ ကျရှုံးသွားခဲ့ပြီ ဖြစ်သည်။
"ငါ့ကို ပေးစမ်း၊ ဖတ်ကြည့်ဦးမယ်!"
နာမီသည် ရော်ဘင်၏ လက်ထဲမှ သတင်းစာကို အလုအယက်ယူ၍ ဖတ်ကြည့်လိုက်သည်။
"ဘယ်လိုမှ မဖြစ်နိုင်တာ! အဲဒီ မိစ္ဆာကောင် အိုကီဂျီက ရှုံးသွားတယ်လား!"
"ပထမတပ်မဟာက တကယ်ကြီး ဒီလောက်တောင် စွမ်းတာလား?"
"အမလေး... ကင်းမြီးကောင်ကြီးကလည်း အကြီးကြီးပဲ၊ ပင်လယ်နဂါးကြီးတွေ လောက်တောင် ရှိမယ် ထင်တယ်။ စကားတောင် ပြောနိုင်သေးတယ်လား!?"
နာမီသည် သတင်းစာပါ အကြောင်းအရာများကို ဖတ်ရင်း မျက်လုံးပြူး မျက်ဆန်ပြူးနှင့် အဆက်မပြတ် ရေရွတ်နေမိသည်။
ဗိုလ်ချုပ်ကြီး အိုကီဂျီမှာ ကောက်ရိုးဦးထုပ် ပင်လယ်ဓားပြအဖွဲ့အတွက်တော့ သူတို့ကိုယ်တိုင် ထိပ်တိုက်ရင်ဆိုင်ဖူးသည့် တစ်ဦးတည်းသော ဗိုလ်ချုပ်ကြီး ဖြစ်သည်။ ရော်ဘင်ကို လာရောက်ဖမ်းဆီးစဉ်က သူပြသခဲ့သော အင်အားမှာ လူသားတို့ ယှဉ်နိုင်သည့် အဆင့်တွင် မရှိဘဲ စိတ်ပျက်အားငယ်မှုများကိုသာ ပေးစွမ်းနိုင်ခဲ့သည်။ သို့သော် ယခုမူ ထိုမျှ မောက်မာလှသော အိုကီဂျီပင် ဧရာမ ကင်းမြီးကောင်ကြီး၏ လက်ချက်ဖြင့် ရစရာမရှိအောင် ခံလိုက်ရလေပြီ။
နာမီသည် အိုကီဂျီနှင့် ကင်းမြီးကောင်တို့ တိုက်ခိုက်နေသည့် ဓာတ်ပုံကို ကြည့်ကာ ကြောက်ရွံ့တုန်လှုပ်နေမိသည်။ လေလံရုံတွင် 'ပထမတပ်မဟာ' ၏ ခေါင်းဆောင် ကူချန်ထျန်း နှင့် ဆုံခဲ့စဉ်က သူတို့ကို သာမန် ပင်လယ်ဓားပြအသစ်များဟုသာ ထင်ခဲ့မိသည့် သူမ၏ အတွေးမှာ မှားယွင်းကြောင်း ယခုမှ ပို၍ သိလိုက်ရသည်။
"သူတို့ ငါတို့ကို အဲဒီတုန်းက ရန်မလုပ်ခဲ့တာ ကံကောင်းတယ်၊ မဟုတ်ရင် ငါတို့ သေတာကြာပေါ့။"
နာမီမှာ တွေးမိရင်းပင် ကြက်သီးထလာမိသည်။
"နာမီချန်... ရော်ဘင်ချန်... ဘာတွေ လုပ်နေကြတာလဲ? ကိုယ် အရသာရှိတဲ့ ဖျော်ရည်လေးတွေ လုပ်လာတယ်!"
အဝေးမှနေ၍ ဆန်ဂျီ သည် ဖျော်ရည်ခွက်များကို ကိုင်ကာ မျက်လုံးများတွင် အသည်းပုံများဖြင့် ကခုန်လျက် အနားသို့ ရောက်လာသည်။
"ဖျော်ရည်လား! ငါလည်း သောက်ချင်တယ်!"
"ငါရောပဲ! ငါ့ကိုလည်း ပေးဦး!"
ဖျော်ရည်သတင်းကြားသည်နှင့် အခြားအဖွဲ့သားများမှာလည်း ဆန်ဂျီ့အနားသို့ ဝိုင်းအုံလာကြသဖြင့် သင်္ဘောပေါ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
"ဖယ်ကြစမ်း! ဒါတွေက နာမီချန်နဲ့ ရော်ဘင်ချန်အတွက်ဟ!"
"တော်ကြစမ်း! အခုချက်ချင်း ရပ်လိုက်ကြ!"
နာမီ၏ ဒေါသမီးမှာ ဟုန်းကနဲ ထတောက်သွားပြီး ဆူညံနေသည့် လူစုထဲသို့ ပြေးဝင်ကာ အဆိုးဆုံးဖြစ်သော လူဖီ ၏ ခေါင်းကို လက်သီးဖြင့် အချက်ပေါင်းများစွာ ထိုးနှက်လိုက်လေသည်။ ထိုမှသာ လူစုမှာ ငြိမ်ကျသွားတော့သည်။
"အခုက ဘယ်လိုအချိန်လဲဆိုတာ သိရဲ့လား? ငါတို့ မရင်းဖို့ဒ်ကို သွားနေကြတာလေ၊ ငြိမ်ငြိမ်နေကြစမ်း!"
"ပြီးတော့ အခုလေးတင် ပင်လယ်ပြင်မှာ အကြီးအကျယ် ဖြစ်ပျက်သွားပြီ။ ဗိုလ်ချုပ်ကြီး အိုကီဂျီ အရေးနိမ့်သွားပြီတဲ့။ ဒါပေမဲ့ ဒါက ငါတို့အတွက်တော့ သတင်းကောင်းပဲ၊ ရေတပ်မှာ ဗိုလ်ချုပ်ကြီးတစ်ယောက် လျော့သွားတော့ ငါတို့ရဲ့ အောင်မြင်နိုင်ခြေက ပိုများသွားတာပေါ့..."
နာမီက လူစုကို တည်တည်ငြိမ်ငြိမ်ဖြင့် အကျိုးအကြောင်း ပြောပြလိုက်သည်။
"ဘာ! ဗိုလ်ချုပ်ကြီး အိုကီဂျီ ရှုံးသွားတယ် ဟုတ်လား!?"
"အရင်က ရော်ဘင်ကို လာဖမ်းတဲ့လူ မဟုတ်လား! သူ ရှုံးသွားတယ်?!"
"အဲဒီကောင်က မိစ္ဆာလို အင်အားကြီးတာ၊ ဘယ်သူက သူ့ကို အနိုင်ယူနိုင်မှာလဲ!"
အဖွဲ့သားအားလုံးမှာ ပါးစပ်အဟောင်းသားနှင့် အံ့အားသင့်သွားကြသည်။ လူဖီပင်လျှင် ထိုသတင်းကြောင့် မှင်သက်သွားရသည်။ သူကိုယ်တိုင် အိုကီဂျီကို တိုက်ခိုက်ခဲ့ဖူးသော်လည်း ထိုစဉ်က ရန်သူကို ဒဏ်ရာအနာတရပင် မပေးနိုင်ခဲ့ဘဲ လွယ်လွယ်ကူကူ ရှုံးနိမ့်ခဲ့ရသည် မဟုတ်ပါလား။
"ရော့... သတင်းစာ၊ မင်းတို့ဘာသာ ဖတ်ကြည့်ကြ။ ပြီးတော့ ကမ္ဘာ့အစိုးရရဲ့ ဘတ်စတာကောလည်း ပျက်စီးသွားပြီ။"
နာမီက သတင်းစာကို ကမ်းပေးလိုက်သည်။
"အိုကီဂျီ တကယ်ကြီး ရှုံးတာပဲ! ကြောက်စရာကောင်းတဲ့ ကင်းမြီးကောင်ကြီးပါလား! ရေတပ်သင်္ဘောအုပ်စုကြီး တစ်ခုလုံးကို သူတစ်ကောင်တည်းနဲ့ ဖျက်ဆီးပစ်လိုက်တာလား!"
"တကယ်ကြီးပဲ! ဒီကင်းမြီးကောင်ကြီးက အကြီးကြီးပဲဟ၊ တစ်ချက်တည်းနဲ့ သင်္ဘောတစ်စင်းကို ဖျက်ဆီးပစ်နိုင်တာပဲ!"
ချော့ပါ နှင့် အူဆော့ တို့မှာ သတင်းစာကိုကြည့်ကာ ထိတ်လန့်တကြား အော်ဟစ်နေကြသည်။
"ယိုဟိုဟိုဟို... ဒီရေတပ်က အမျိုးသမီးရဲ့ အတွင်းခံလေးက ဘာအရောင်များ ဖြစ်မလဲ သိချင်လိုက်တာ..."
ဘရွတ်ခ် ကတော့ တိုက်ပွဲဝင်နေသည့် မိုမိုယူဆာဂီ ၏ ဓာတ်ပုံကိုကြည့်ကာ သူ၏ ပုံစံအတိုင်း ဟာသလုပ်နေလေသည်။
အမှန်စင်စစ် တိုက်ပွဲအတွင်းတွင် ကင်းမြီးကောင်နှင့် အိုကီဂျီတို့သည် မော်ဂန် ခိုးယူကြည့်ရှုနေသည်ကို သိရှိထားကြသည်။ သို့သော် ကူချန်ထျန်းက ထိုသတင်းထောက်ငှက်ကြီးကို ရန်မလုပ်ရန် ကင်းမြီးကောင်ကို ကြိုတင်အမိန့်ပေးထားခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ သူ၏ 'အံ့အားသင့်မှတ်' များ တိုးပွားစေရန်အတွက် မော်ဂန်ကဲ့သို့ သတင်းဖြန့်ချိပေးမည့်သူ လိုအပ်သောကြောင့်ပင်။ ထို့ကြောင့်ပင် ကူချန်ထျန်းသည် မော်ဂန်ကို စိတ်ချလက်ချ သတင်းယူနိုင်ရန် လူလွှတ်၍ပင် အကြောင်းကြားထားခဲ့လေသည်။