အခန်း ၂၁ — ကင်းမြီးကောင် အကြီးအကဲ ပေါ်ထွက်လာသည်
“စနစ်... အံ့အားသင့်မှတ်တွေကို စစ်ဆေးပေးစမ်း”
ကူချန်ထျန်းသည် အာဘတ်ခ်နန်းတော်ရှိ ရာဇပလ္လင်ပေါ်တွင် ထိုင်နေရင်း စိတ်အာရုံထဲမှနေ၍ စနစ်ကို လှမ်းခေါ်လိုက်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အံ့အားသင့်မှတ်များ တိုးလာသည့် အကြောင်းကြားချက်များမှာ စိပ်လွန်းလှသဖြင့် သူက အသံပိတ်ထားခဲ့ခြင်းပင်။
ယခုအခါ အာဘတ်ခ်နိုင်ငံသည် ပထမတပ်မဟာ၏ လက်အောက်ခံ ဖြစ်သွားပြီဖြစ်သည်။ ဘုရင်ဖြစ်သူမှာလည်း အသတ်ခံလိုက်ရပြီး နန်းတော်ကြီးမှာ ပထမတပ်မဟာ၏ အခြေစိုက်စခန်း လုံးလုံးလျားလျား ဖြစ်သွားခဲ့ပြီ။ ထိုစခန်းကို ဖူဘူကီက ခေတ္တစီမံခန့်ခွဲနေသည်။ ဖူဘူကီသည် အတွေးအခေါ် အဆင့်အတန်း မြင့်မားသူဖြစ်သလို ယခင်ကလည်း ‘ဖူဘူကီအဖွဲ့’ ၏ ခေါင်းဆောင်ဖြစ်ခဲ့ဖူးရာ အုပ်ချုပ်ကွပ်ကဲမှုစွမ်းရည် အထိုက်အလျောက် ရှိပေသည်။
“အံ့အားသင့်မှတ် - ၁,၈၃၆,၉၈၀”
မျက်နှာပြင်ပေါ်တွင် ပေါ်လာသော ကိန်းဂဏန်းကို ကြည့်ကာ ကူချန်ထျန်း ကျေနပ်သွားသည်။ အံ့အားသင့်မှတ်မှာ ၁.၈ သန်းကျော်သွားပြီ မဟုတ်ပါလား။ တပ်မဟာတစ်ခု တည်ထောင်ပြီး လက်အောက်ခံနိုင်ငံတစ်ခုကို သိမ်းပိုက်ခြင်းက ကမ္ဘာကြီးအပေါ် သက်ရောက်မှု အတော်အတန် ကြီးမားပုံရသည်။
“စနစ်... အဆင့်မြင့်ဆင့်ခေါ်ခြင်းကို သုံးမယ်”
အဆင့်မြင့်ဆင့်ခေါ်ခြင်းက စွမ်းအားကြီးသော ဇာတ်ကောင်များကို ရရှိနိုင်ခြေ ပိုများသည်။ ထို့ကြောင့် အခြေအနေပေးသည်နှင့် ကူချန်ထျန်းသည် အဆင့်မြင့်ဆင့်ခေါ်ခြင်းကိုသာ ဦးစားပေးမည် ဖြစ်သည်။
“အံ့အားသင့်မှတ်များ နုတ်ယူပြီးပါပြီ။ အဆင့်မြင့်ဆင့်ခေါ်ခြင်း စတင်နေပါပြီ”
စနစ်၏စကားအဆုံးတွင် ကူချန်ထျန်း၏ စိတ်အာရုံထဲ၌ တောက်ပသော အလင်းတန်းတစ်ခု ဖြာထွက်လာသည်။ ထို့နောက် ဗလာကတ်ပြားတစ်ခု ပေါ်လာပြီး အလင်းများ ပျောက်ကွယ်သွားသည့်အခါ ထိုကတ်ပြားပေါ်၌ ပုခုံးကြီးတစ်ကောင်၏ ပုံရိပ် ပေါ်ထွက်လာတော့သည်။
ထိုဧရာမ ပုခုံးကြီး၏ မျက်လုံးများသည် အဝါရောင်တောက်နေပြီး တစ်ကိုယ်လုံးကို ပြာလွင်ကာ ထောင့်ချိုးများစွာရှိသည့် မာကျောသော အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ ရှည်လျားလှသော ကိုယ်ထည်တွင် မရေမတွက်နိုင်သော ခြေလက်များ ရှိနေပြီး ခေါင်းပိုင်းမှာမူ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ခေါင်း၏ အလယ်ဗဟိုတွင် လူအိုကြီးတစ်ဦး၏ မျက်နှာ ရှိနေသည် မဟုတ်ပါလား။
“နဂါးအဆင့် ဘေးဒုက္ခ... ကင်းမြီးကောင်ကြီးပဲ”
“ငါ့ရဲ့ ပထမတပ်မဟာကတော့ ပိုပြီး အစွမ်းထက်လာတော့မှာပဲ”
ကူချန်ထျန်းသည် ကတ်ပြားပေါ်မှ သတ္တဝါကြီးကို ကြည့်ကာ လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။ ကင်းမြီးကောင် ကြီးသည် အလွန်အစွမ်းထက်သည့် သတ္တဝါဖြစ်ပြီး ယခု ကူချန်ထျန်းက သူ့ကို အလယ်အလတ်အဆင့် ကာလာဟာကီနှင့် အာရုံခံဟာကီတို့ တပ်ဆင်ပေးလိုက်လျှင် သူ၏စွမ်းအားမှာ အတိုင်းအထက်အလွန် ဖြစ်လာပေလိမ့်မည်။
ယခုမူ ကမ္ဘာ့အစိုးရကို ရင်ဆိုင်ရန် ကူချန်ထျန်း၌ ယုံကြည်ချက်များ ပို၍ ခိုင်မာလာခဲ့ပြီ။ ဇာတ်ကောင်ဆင့်ခေါ်မှု၏ ဆုလာဘ်အဖြစ် ဉာဏ်ရည်တုစနစ်သုံး တိုက်ခိုက်ရေး ရဟတ်ယာဉ် အစင်း ၅၀ ကိုလည်း ရရှိခဲ့သေးသည်။ ထိုရဟတ်ယာဉ်များသည် လူမပါဘဲ အလိုအလျောက် ပျံသန်းနိုင်ပြီး သီးသန့်လက်နက်များစွာ တပ်ဆင်ထားသည့်အပြင် အရှိန်လည်း အလွန်မြန်ဆန်လှသည်။ ယခင်ကမ္ဘာမှ နည်းပညာများထက်ပင် အပြတ်အသတ် သာလွန်ပြီး နေရောင်ခြည်စွမ်းအင်သုံး စနစ်ဖြင့် အားဖြည့်နိုင်ရာ စွမ်းအင်ကုန်ခမ်းမည်ကို စိုးရိမ်စရာမလိုပေ။
ဂရန်းလိုင်၏ ပထမပိုင်းပင်လယ်ပြင်...
ကျယ်ပြောလှသော ပင်လယ်ပြင်ထက်တွင် ရေတပ်တိုက်သင်္ဘော ဒါဇင်ပေါင်းများစွာ ခုတ်မောင်းနေကြသည်။ ထိုသင်္ဘောများသည် သာမန်သင်္ဘောများ မဟုတ်ဘဲ ဝါတားဆဲဗင်း မှ တည်ဆောက်ထားသည့် ရေတပ်၏ အခိုင်မာဆုံးနှင့် အစွမ်းထက်ဆုံး တိုက်သင်္ဘောများ ဖြစ်သည်။ သင်္ဘောတစ်စင်းစီတွင် ရေတပ်သား တစ်ထောင်ခန့် ပါရှိကြသည်။
ရှေ့ဆုံးမှ သင်္ဘောပေါ်တွင်မူ ရေတပ်ဗိုလ်ချုပ် အာကိန်နု သည် မျက်လုံးဖုံးတပ်ကာ ကုလားထိုင်ပေါ်၌ အိပ်ပျော်နေဟန်ဖြင့် လဲလျောင်းနေသည်။ ဤသင်္ဘော ၂၀ ၏ ဦးတည်ရာမှာ အာဘတ်ခ်နိုင်ငံသို့ သွားရောက်ကာ ‘ဘတ်စတာကောလ်’ စစ်ဆင်ရေးကို ဆင်နွှဲရန်ပင် ဖြစ်သည်။ ထိုသင်္ဘောများပေါ်တွင် ဒယ်မေးရှန်း၊ ဒိုဘာမန်း၊ မိုမိုယူဆာဂီ၊ အိုနီဂူမိုနှင့် ယာမာကာဂျီ အစရှိသည့် ရေတပ်ဗိုလ်ချုပ်ကြီး ၅ ဦးလည်း ပါဝင်လာသည်။ အထူးသဖြင့် ဗိုလ်ချုပ်ရာထူးအတွက် လျာထားခြင်းခံရသူ မိုမိုယူဆာဂီ ပါဝင်လာခြင်းက ပထမတပ်မဟာကို အမြစ်ပြတ်ချေမှုန်းရန် ရေတပ်၏ ပြင်းပြသော ဆန္ဒကို ပြသနေခြင်းပင်။
ဗွမ်း... ဗွမ်း...
လှိုင်းတံပိုးများ ထန်လာပြီး ပင်လယ်ပြင်ကြီးမှာ ငြိမ်သက်မနေတော့ပေ။ မိုမိုယူဆာဂီသည် လှုပ်ခတ်နေသော ရေပြင်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ လေမတိုက်ဘဲနှင့် ပင်လယ်ပြင်မှာ လှိုင်းကြီးနေခြင်းက အလွန်မူမမှန်လှ။
“ဟမ်...”
အိပ်ပျော်နေသော အာကိန်နုလည်း အန္တရာယ်တစ်ခု နီးကပ်လာသကဲ့သို့ ခံစားလိုက်ရသဖြင့် မျက်လုံးဖုံးကို ဖယ်ကာ သင်္ဘောဦးပိုင်းသို့ လျှောက်သွားလိုက်သည်။
“ဗိုလ်ချုပ် အာကိန်နု!”
ရေတပ်သားများသည် ဗိုလ်ချုပ်ကို မြင်သောအခါ သူတို့အပေါ် တိုက်ခိုက်မည် မဟုတ်မှန်း သိသော်လည်း အရှိန်အဝါကြောင့် မနေနိုင်ဘဲ တုန်လှုပ်ချောက်ချားသွားကြသည်။
“အဲဒါ ဘာကြီးလဲ... ပင်လယ်နတ်ဆိုး လား”
အာကိန်နု ပင်လယ်ထဲကို ငုံ့ကြည့်လိုက်သည့်အခါ ဧရာမ သတ္တဝါကြီးတစ်ကောင် သူတို့သင်္ဘောဆီသို့ ဦးတည်ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် ပုံမှန်ပင်လယ်နတ်ဆိုးများထက်ပင် ကြီးမားလှသည်။ ထိုသတ္တဝါကြီးမှာ ကူချန်ထျန်း စေလွှတ်လိုက်သော ပုခုံးကြီးအိုကြီးပင် ဖြစ်တော့သည်။
ကမ္ဘာ့အစိုးရက ဘတ်စတာကောလ် စစ်ဆင်ရေး လုပ်မည်ကို ကူချန်ထျန်း ကြိုတင်သိရှိထားသည်။ ယခုကဲ့သို့ ကြီးမားလှသော စစ်ရေးလှုပ်ရှားမှုကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။ အစပိုင်းတွင် ကူချန်ထျန်း အနည်းငယ် အခက်တွေ့ခဲ့သည်။ ပထမတပ်မဟာတွင် သင်္ဘောအလုံအလောက် မရှိသေးသောကြောင့် ဖြစ်သည်။ သို့သော် ကင်းမြီးကောင်ကြီးက သူသည် ပင်လယ်ထဲတွင် ကူးခတ်နိုင်ကြောင်း ပြောပြလာသည့်အခါ အားလုံးက ပြောင်းလဲသွားခဲ့သည်။
ဘုန်း...!!
ကင်းမြီးကောင်ကြီးသည် ပင်လယ်အောက်ခြေမှ ရုတ်တရက် ဝုန်းကနဲ ပေါ်ထွက်လာပြီး သူ၏ ဧရာမကိုယ်ထည်ကြီးဖြင့် ရေတပ်သင်္ဘောတစ်စင်းကို ပင့်တင်လိုက်သည်။ သင်္ဘောကြီးမှာ မြောက်တက်သွားပြီး မှောက်ခုံဖြစ်သွားရာ ရေတပ်သားများမှာလည်း ထိတ်လန့်တကြား အော်ဟစ်ကုန်ကြတော့သည်။
“ကယ်ကြပါဦး! ဘီလူးကြီး! ဘီလူးကြီး!”
“ဒါ ဘာကြီးလဲ! ကြောက်စရာကြီး၊ သင်္ဘောကို မှောက်ပစ်လိုက်ပြီ!”
မှောက်သွားသော သင်္ဘောပေါ်မှ ရေတပ်သားများ ပင်လယ်ထဲသို့ ပြုတ်ကျကာ အသည်းအသန် အော်ဟစ်နေကြသည်။ ကျန်သင်္ဘောများပေါ်မှ စစ်သည်များလည်း ထိုကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကြီးကို ကြည့်ကာ တုန်လှုပ်နေကြသည်။ ဤမျှ ရက်စက်ကြမ်းကြုတ်သည့် ပင်လယ်နတ်ဆိုးမျိုးကို သူတို့တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။
“မဖြစ်နိုင်တာ! ပင်လယ်နတ်ဆိုးတစ်ကောင်က ဒီလောက် အစွမ်းထက်ရသလား”
“ကင်းမြီးကောင်လား! ဒါ ကင်းမြီးကောင်တစ်ကောင်ပဲ! ဘာလို့ ဧရာမ ကင်းမြီးကောင်ကြီး ဖြစ်နေရတာလဲ”
“မကောင်းတော့ဘူး! ငါတို့ကို တိုက်ခိုက်နေပြီ!”
ဘတ်စတာကောလ် သင်္ဘောတစ်စင်းကို တစ်ချက်တည်းနှင့် ဖျက်ဆီးနိုင်သော ထိုသတ္တဝါကြီးမှာ ပင်လယ်နတ်ဆိုးများ၏ အဆင့်အတန်းထက် များစွာ သာလွန်နေသည်။ အများအားဖြင့် ထိုကဲ့သို့ ဧရာမ သတ္တဝါကြီးများသည် ငြိမ်သက်ဇုန် တွင်သာ နေထိုင်လေ့ရှိရာ ယခုကဲ့သို့ ရုတ်တရက် ပေါ်လာခြင်းက လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
“အို... အဲဒါ ဘာကြီးလဲ၊ ဧရာမ ပင်လယ်နတ်ဆိုးကြီးနဲ့ တူလိုက်တာ...”
“ဘာလို့ ပင်လယ်နတ်ဆိုးက ရေတပ်ကို တိုက်ခိုက်နေတာလဲ၊ သင်္ဘောတွေရဲ့ အောက်ခြေမှာ ပင်လယ်ကျောက် တွေ တပ်ထားတာ မဟုတ်ဘူးလား”
ကောင်းကင်ယံထက်တွင် ကင်မရာတစ်လုံးကို ကိုင်ထားသော လူတစ်ပိုင်း ငှက်တစ်ပိုင်း သတ္တဝါကြီးတစ်ကောင် ပျံသန်းနေသည်။ သူကား သတင်းဦးသတင်းထူးများကို အမြဲရှာဖွေနေတတ်သော မော်ဂန် ပင် ဖြစ်တော့သည်။