အခန်း (၁၅) ငရဲဘုံမှ နှင်းမုန်တိုင်း
ဤနေရာသည် ကျွန်းအစအနပင် မရှိသော ကျယ်ပြောလှသည့် သမုဒ္ဒရာပြင်ကြီး ဖြစ်သည်။
သူတို့၏ အင်အားနှင့်ဆိုလျှင် အကယ်၍ ဖြတ်သန်းသွားလာသော သင်္ဘောတစ်စင်းစင်းနှင့်သာ မတွေ့ခဲ့ပါက ဧကန်မုချ အသက်ပျောက်ကြရပေတော့မည်။
သို့သော် ယခုအချိန်တွင်မူ ထိုပင်လယ်ဓားပြများသည် အနာဂတ်အတွက် ပူပန်နိုင်စွမ်း မရှိကြတော့ချေ။
ရေတပ်ဗိုလ်ချုပ်တစ်ဦးကိုပင် အနိုင်ယူခဲ့သည့် ပုဂ္ဂိုလ်နှင့် ရင်ဆိုင်နေရချိန်တွင် သူတို့၌ ပြန်လည်ခုခံရန် သတ္တိမဆိုထားနှင့်၊ လှုပ်ရှားနိုင်စွမ်းပင် မရှိတော့ပေ။
“ဟေ့... ဟေ့... ဟေ့...”
“မင်းတို့က ငါ့ကို အထင်သေးလွန်းနေတာပဲ!”
“ငါ့ရှေ့မှာတင် ထွက်ပြေးရဲသေးတယ်ပေါ့... ဘယ်သူက မင်းတို့ ကို ဒီလောက် သတ္တိတွေ ပေးလိုက်တာလဲ!”
ကာနိဂျ် ကာဘူတိုသည် ချက်ချင်းပင် ခုန်အုပ်လိုက်ပြီး ထွက်ပြေးနေသည့် ပင်လယ်ဓားပြ အချို့ထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
မာကျောလှသော သူ၏ ဧရာမလက်သီးကြီးအောက်တွင် ထိုပင်လယ်ဓားပြများ၏ ခန္ဓာကိုယ်မှာ အစိပ်စိပ်အမွှာမွှာ ကြေမွသွားတော့၏။
“မင်းတို့လို အကောင်တွေက ငါ့လက်ထဲကနေ လွတ်အောင် ပြေးနိုင်မယ် ထင်နေတာလား!”
ကာနိဂျ် ကာဘူတို၏ ကျောဘက်မှ ပိုးဟပ်တောင်ပံများမှာ တဖျတ်ဖျတ်ခတ်သွားပြီး လေထဲသို့ ခဏတာ ပျံတက်သွားသည်။
သူသည် ပင်လယ်ဓားပြအချို့ကို ချက်ချင်း ဖမ်းဆွဲလိုက်ကာ ကောင်းကင်ပေါ်သို့ အားကုန် ပစ်တင်လိုက်သည်။
ထိုသူများ၏ ပုံရိပ်မှာ မှောင်မိုက်သော ညယံမှ ကြယ်စင်များအလား ခဏတာ လက်ခနဲ ဖြစ်သွားပြီးနောက် အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားကြတော့သည်။
ကာနိဂျ် ကာဘူတို၏ လှုပ်ရှားမှုများမှာ လျှပ်စီးအလား မြန်ဆန်လှပြီး ပင်လယ်ဓားပြများမှာ သူ၏လက်ထဲတွင် တယောက်ပြီး တယောက် သေပွဲဝင်နေကြရသည်။
ခဏအကြာတွင် ပင်လယ်ဓားပြများဘက်မှ အကျအဆုံးမှာ အလွန်ပင် များပြားလှပေပြီ။
အနီးအနားရှိ ပင်လယ်ရေပြင်ကြီးမှာလည်း သွေးရောင်များဖြင့် ရဲရဲနီနေတော့သည်။
“ခရစ်စ်... လူလွှတ်ပြီး ဟိုရေထဲက ပင်လယ်ဓားပြတွေကို ဆယ်ခိုင်းလိုက်ဦး”
ကူချန်ထျန်းသည် သင်္ဘောဦးပိုင်းတွင် ရပ်ကာ ပင်လယ်ထဲတွင် ကုန်းရုန်းနေကြသော ပင်လယ်ဓားပြများကို ကြည့်ရင်း သူ၏ နောက်ကွယ်မှ ခရစ်စ်ကို အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ ခေါင်းဆောင်”
ကူချန်ထျန်း၏ အမိန့်ကို ကြားသည်နှင့် ခရစ်စ်သည် မဆိုင်းမတွပင် သွားရောက်ဆောင်ရွက်တော့သည်။
အဘယ်ကြောင့် ထိုပင်လယ်ဓားပြများကို ပြန်ဆယ်ခိုင်းရသနည်း ဆိုသည်ကို ခရစ်စ် အလွန်ပင် ဇဝေဇဝါ ဖြစ်နေမိသော်လည်း၊
ကူချန်ထျန်း အမိန့်ပေးပြီဆိုလျှင် ခိုင်လုံသော အကြောင်းပြချက် ရှိပေလိမ့်မည်။ သူသည် အပိုမေးခွန်းများ မမေးရဲပေ။
အကြောင်းမှာ သတင်းစာများထဲတွင် ဖော်ပြထားသော ကူချန်ထျန်း၏ စရိုက်မှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်လှသောကြောင့် ဖြစ်သည်။
ပင်လယ်ထဲမှ ပင်လယ်ဓားပြများမှာမူ ကာနိဂျ် ကာဘူတိုကြောင့် လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြပြီ ဖြစ်သည်။
ထို့ကြောင့် ကယ်ဆယ်ရေး လုပ်ငန်းစဉ်အတွင်း၌ မည်သည့် ပင်လယ်ဓားပြတစ်ဦးတစ်ယောက်မျှ ပြန်လည်ခုခံရန် မကြံစည်ရဲကြချေ။
“အားလုံးပဲ... ငြိမ်ငြိမ်လေး စုရပ်နေကြစမ်း!”
ကူချန်ထျန်းသည် အသက်ဘေးမှ လွတ်မြောက်လာသော ပင်လယ်ဓားပြ ၁၀ ဦးကျော်ကို ကြည့်ကာ အမိန့်ပေးလိုက်သည်။
သူ၏ အမိန့်ကို ကြားသည်နှင့် မည်သည့် ပင်လယ်ဓားပြမျှ မဖီဆန်ရဲဘဲ အပြစ်ကင်းစင်သော သိုးငယ်လေးများအလား အမိန့်နာခံနေကြသည်။
နောက်ဆုံးတွင်တော့ သူတို့၏ အသက်မှာ ကူချန်ထျန်း၏ လက်ခုပ်ထဲ၌သာ ရှိနေသည် မဟုတ်ပါလား။
မည်သူမျှ အကြောင်းမဲ့ အသက်မသေလိုကြပေ။
“မင်းတို့က ငါ့သင်္ဘောကို ချောင်းမြောင်းတိုက်ခိုက်ခဲ့တာဆိုတော့ တကယ်ဆိုရင် ကာနိဂျ် ကာဘူတို လက်ချက်နဲ့ သေကြရမှာ...”
“ဒါပေမဲ့ အခုတော့ ငါက မင်းတို့ အသက်ကို ကယ်ထားပေးတယ်။ ဆိုလိုတာက မင်းတို့ တစ်ယောက်ချင်းစီတိုင်းဟာ ငါ့ကို အသက်တစ်ချောင်းစီ ကြွေးတင်သွားပြီ”
“အခုကစပြီး မင်းတို့ဟာ ငါ့အမိန့်ကို နာခံရမယ်... ပထမတပ်ရင်းရဲ့ အရန်စစ်သည်တွေ အဖြစ်ပေါ့”
“ဒါပေမဲ့ ငါက မာနကြီးတဲ့သူတွေကို သဘောမကျဘူး။ မင်းတို့ထဲက ဘယ်သူမဆို ငါ့ကို စိတ်အနှောင့်အယှက်ပေးရင် ငါချက်ချင်း သတ်ပစ်မယ်! မင်းတို့ အသက်တွေက မင်းတို့ပိုင်တာ မဟုတ်တော့ဘူး ဆိုတာ မှတ်ထား...!”
“ဘယ်သူများ ကန့်ကွက်ချင်သေးလဲ!”
ကူချန်ထျန်းသည် မြင့်မြတ်သော နေရာမှနေ၍ ပင်လယ်ဓားပြများကို ငုံ့ကြည့်ကာ ပြောလိုက်သည်။
ဤပင်လယ်ဓားပြများသည် အင်အားသိပ်မရှိကြသော်လည်း၊
ကူချန်ထျန်းသည် မဟာမိတ်နိုင်ငံတစ်ခုကို သိမ်းပိုက်ရန် ပြင်ဆင်နေချိန် ဖြစ်သဖြင့် သူ့ကို ကူညီရန် လူအင်အား အချို့ လိုအပ်နေသည်။
ယခုလောလောဆယ်တွင် အဖွဲ့ဝင်အသစ်များ စုဆောင်းရန် ပိုကောင်းသော နေရာ မရှိသေးသဖြင့် ဤပင်လယ်ဓားပြများကိုသာ ဖြစ်သလို အသုံးချရပေတော့မည်။
ကူချန်ထျန်း၏ စကားများမှာ အလွန်ပင် အာဏာရှင်ဆန်လှသော်လည်း၊
မည်သည့် ပင်လယ်ဓားပြမျှ မကန့်ကွက်ရဲကြပေ။
အသက်ရှင်ခွင့် ရနေခြင်းကပင် သူတို့အတွက် အကောင်းဆုံး ရလဒ် ဖြစ်နေသည် မဟုတ်ပါလား။
“ကောင်းပြီ... ဘယ်သူမှ မကန့်ကွက်ဘူးဆိုရင် မင်းတို့ဟာ ပထမတပ်ရင်းရဲ့ ယာယီ အရန်စစ်သည်တွေပဲ...”
“နောင်မှာ အမိန့်မနာခံတာဖြစ်ဖြစ်၊ ထွက်ပြေးဖို့ ကြိုးစားတာဖြစ်ဖြစ် လုပ်တဲ့သူရှိရင်!”
“ဟင်း... ရက်စက်တယ်ဆိုတာ ဘာလဲဆိုတာကို မင်းတို့ သိစေရမယ်!”
ကူချန်ထျန်းသည် ရုတ်တရက် လူသားမဟုတ်သော မိစ္ဆာအသွင်သို့ ပြောင်းလဲလိုက်ပြီး ထိတ်လန့်ဖွယ်ကောင်းသော အသံဖြင့် ပြောလိုက်သည်။
ဤလူများကို နောင်တွင် ထိန်းကျောင်းရ ခက်ခဲမနေစေရန် အစကတည်းက စည်းကမ်းတကျ ကိုင်တွယ်ထားရမည် ဖြစ်သည်။
နိုင်ငံတစ်ခုကို သိမ်းပိုက်ပြီးပါက ထိုနေရာမှ အဖွဲ့ဝင်အသစ်များကို စုဆောင်းနိုင်မည်ဖြစ်သည်။
အံ့အားသင့်မှတ် များ ရရှိရန်အတွက် သူသည် ပြဿနာများ ဖန်တီးရပေဦးမည်။
ထိုသို့လုပ်ရန် အကောင်းဆုံးနည်းလမ်းမှာ စစ်ပွဲပင် ဖြစ်သည်။
ထို့ကြောင့် ပထမတပ်ရင်း၏ အင်အားကိုလည်း ချဲ့ထွင်ရန် လိုအပ်လှသည်။
... အချိန်အတော်ကြာ ရေလမ်းခရီး နှင်နှင်ပြီးနောက် ကူချန်ထျန်းနှင့် အဖွဲ့သည် သူတို့၏ ပန်းတိုင်သို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။
“ခေါင်းဆောင်... အာဘတ်စ် နိုင်ငံ ကို ရောက်တော့မယ်ခင်ဗျ!”
ကင်းထောက်သင်္ဘောသားတစ်ဦးသည် ရှေ့မှ မြင်တွေ့နေရသော နိုင်ငံကို မြင်သည်နှင့် ခေါင်းဆောင်ရှိရာ အခန်းသို့ အပြေးအလွှား သတင်းပို့လာသည်။
“ဟင်... ရောက်ပြီလား”
ကူချန်ထျန်းသည် သင်္ဘောသား၏ အော်သံကို ကြားသဖြင့် အခန်းထဲမှ ထွက်လာခဲ့သည်။
အာဘတ်စ် နိုင်ငံသည် ကူချန်ထျန်းက မြေပုံပေါ်တွင် အချိန်အတော်ကြာ လေ့လာပြီးမှ ရွေးချယ်ခဲ့သည့် နေရာဖြစ်သည်။
ဤနိုင်ငံသည် မရင်းဖို့ဒ် နှင့် အတော်လှမ်းပြီး လူဦးရေ သိန်းဂဏန်းခန့် ရှိသည်။
အလွန်အကျွံကြီးမားသော နိုင်ငံ မဟုတ်သဖြင့် စီမံခန့်ခွဲရန် ပို၍ လွယ်ကူသည်။
လက်ရှိတွင် ပထမတပ်ရင်း၌ ကူချန်ထျန်းနှင့် ကာနိဂျ် ကာဘူတိုမှလွဲလျှင် ပင်လယ်ဓားပြများသာ ရှိသေးသည်။
သူတို့ကို နိုင်ငံတစ်ခုအား စီမံခန့်ခွဲခိုင်းရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ပင်လယ်ဓားပြတစ်စုသာ နိုင်ငံကို အုပ်ချုပ်မည်ဆိုလျှင် ထိုနိုင်ငံမှာ ဇောက်ထိုးမိုးမျှော် ဖြစ်သွားပေလိမ့်မည်။
“စနစ်... သာမန်ဆင့်ခေါ်ခြင်း ကို သုံးမယ်!”
ဆာမိုနီ ကျွန်း ဖြစ်စဉ် ပြန့်နှံ့သွားပြီးနောက် ကူချန်ထျန်း၏ လက်ရှိ အံ့အားသင့်မှတ် မှာ ရှစ်သိန်းကျော်အထိ မြင့်တက်လာခဲ့သော်လည်း အဆင့်မြင့်ဆင့်ခေါ်ခြင်း အတွက်မူ မလုံလောက်သေးပေ။
ထို့ကြောင့် သူသည် သာမန်ဆင့်ခေါ်ခြင်းကို အသုံးပြုကာ မိမိအတွက် အသုံးတည့်မည့် ဇာတ်ကောင်တစ်ခုခု ရမလားဆိုသည်ကို စမ်းသပ်ကြည့်လိုက်သည်။
“အံ့အားသင့်မှတ် နုတ်ယူခြင်း အောင်မြင်ပါသည်။ သာမန်ဆင့်ခေါ်ခြင်းကို အသုံးပြုနေပါသည်!”
စနစ်၏ အသံအဆုံးတွင် ဆင့်ခေါ်ခြင်း မျက်နှာပြင်မှာ လင်းလက်လာသည်။
ကတ်ပြားအလွတ်တစ်ခု ပေါ်လာပြီးနောက် မကြာမီမှာပင် ထိုကတ်ပြားပေါ်၌ အမျိုးသမီးတစ်ဦး၏ ပုံရိပ် ပေါ်ပေါက်လာသည်။
အစိမ်းရောင် ဂါဝန်နှင့် အဖြူရောင် သားမွေးကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး၊ စိမ်းဖန့်ဖန့် ဆံပင်တိုနှင့် စိမ်းရောင်မျက်ဝန်းရှိသော ကိုယ်လုံးကိုယ်ပေါက် လှပလွန်းသည့် အမျိုးသမီးတစ်ဦးပင်။
“ဖူဘူကီ ...”
ကူချန်ထျန်းသည် မိမိဆင့်ခေါ်လိုက်သော ဇာတ်ကောင်ကို ကြည့်ကာ အကြီးအကျယ် ရှုံးနိမ့်သွားသလို ချက်ချင်း ခံစားလိုက်ရသည်။
ဖူဘူကီတွင် စိတ်စွမ်းအင် ရှိပြီး အလွန်အစွမ်းထက်သော အစ်မတစ်ယောက် ရှိသော်လည်း၊
သူမ၏ ကိုယ်ပိုင်အင်အားမှာမူ ထင်သလောက် မကြီးမားလှပေ။
“ထားလိုက်ပါတော့လေ... အခုက လူလိုနေတဲ့အချိန်ဆိုတော့ အားနည်းတဲ့ မိစ္ဆာတစ်ကောင် ဆင့်ခေါ်မိတာထက်စာရင် တော်သေးတာပေါ့”
ကူချန်ထျန်းသည် စိတ်ထဲမှ ကတ်ပြားကို ချေဖျက်လိုက်ကာ ဖူဘူကီကို ထုတ်လွှတ်လိုက်သည်။
ထို့နောက် ကူချန်ထျန်းသည် ဤဆင့်ခေါ်မှုမှ ရရှိလာသော ဆုလာဘ်ကို ကြည့်လိုက်သည်။
နေရောင်ခြည်စွမ်းအင်သုံး အဆင့်မြင့် AI ဒရုန်း တစ်စင်း ဖြစ်သည်။
စွမ်းအင်ကုန်ခမ်းသွားမည်ကို စိုးရိမ်ရန် မလိုပေ။
“ဒါက တော်တော်လေး ကောင်းသားပဲ။ နောင်ကျရင် သတင်းအချက်အလက် စုဆောင်းတာတို့၊ ကောင်းကင်ယံကနေ တိုက်ရိုက်ထုတ်လွှင့်တာတို့အတွက် သုံးလို့ရတာပေါ့...”
ကူချန်ထျန်းသည် စိတ်ထဲတွင် ပေါ်လာသော ဒရုန်းကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
မြေပြင်ပေါ်မှလည်း မှတ်တမ်းတင် ထုတ်လွှင့်နိုင်သော်လည်း မြေပြင်ပေါ်မှ လူများသည် ပစ်မှတ်ကြီးလွန်းသဖြင့် တိုက်ခိုက်ခံရရန် လွယ်ကူသည်။
သို့သော် ထုတ်လွှင့်ရေး ကိရိယာကို ကောင်းကင်ယံတွင် ထားရှိခြင်းကမူ တစ်မျိုးတစ်ဖုံ ကွဲပြားသည်။
ဤကမ္ဘာတွင် ကောင်းကင်ယံ နယ်ပယ်မှာ အမြဲတမ်း အားနည်းချက် ဖြစ်နေခဲ့သည် မဟုတ်ပါလား။
အကယ်၍ ထုတ်လွှင့်ရေး ကိရိယာကို လေထဲတွင် ထားရှိပါက ရန်သူများ တိုက်ခိုက်ရန် ပို၍ ခက်ခဲသွားပေလိမ့်မည်။
“ဝါး! အားလုံး ကြည့်ကြဦး! အလှလေးတစ်ယောက်ပဲ!”
ဖူဘူကီ ပေါ်လာပြီးနောက် သင်္ဘောသားတစ်ဦး၏ အာရုံကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့သည်။
ဖူဘူကီ၏ အင်အားမှာ အလွန်အမင်း မကြီးမားသော်လည်း သူမ၏ ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်မှာမူ ပြောစရာမလိုအောင် လှပလှသည်။
“တကယ်ပဲဟ... ငါတို့ သင်္ဘောပေါ်မှာ ဒီလိုလူ ဘယ်တုန်းက ပါလာတာလဲ”
“သူက ငါတို့ အဖွဲ့ဝင်လား? ဘာလို့ အရင်က မတွေ့ဖူးပါလိမ့်... အဖွဲ့ဝင်အသစ်များလား မသိဘူး”
“ငတုံးရာ... ငါတို့ ပင်လယ်ထဲ ရောက်နေတာ ကြာပြီပဲ၊ ဘယ်လိုလုပ် အဖွဲ့ဝင်အသစ် ရှိမှာလဲ!”
“ထားလိုက်ပါကွာ... ဘာပဲဖြစ်ဖြစ် ချောတာကတော့ အမှန်ပဲ”
“...”
ဖူဘူကီကို မြင်သည်နှင့် သင်္ဘောသားများမှာ တတွတ်တွတ် ပြောဆိုနေကြတော့သည်။
အကယ်၍ အရင်ကဆိုလျှင် သူတို့ ချက်ချင်းပင် အတင်းအဓမ္မ သွားရောက်နှောင့်ယှက်ကြပေမည်။ သို့သော် အခုတော့ အခြေအနေက မတူတော့ပေ။
သူတို့ ပထမတပ်ရင်းသို့ ဝင်ရောက်ပြီးနောက် ကူချန်ထျန်းက သူတို့ကို တင်းကျပ်သော စည်းကမ်းချက်များ ထုတ်ပြန်ထားသည်။
အကယ်၍ မည်သူမဆို စည်းကမ်းမလိုက်နာပါက ကူချန်ထျန်းက ညှာတာလိမ့်မည် မဟုတ်ချေ။
ထို့အပြင် သူတို့သည် ဖူဘူကီက မည်သူမှန်း မသိကြပေ။ အကယ်၍ ဖူဘူကီ၏ အဆင့်အတန်းမှာ မြင့်မားနေပါက သူတို့ ဒုက္ခရောက်ကုန်မည် မဟုတ်ပါလား။
“မင်းတို့ကို မိတ်ဆက်ပေးမယ်... ဒါက ငါတို့ ပထမတပ်ရင်းရဲ့ စစ်ဗျူဟာမှူး... ဖူဘူကီပဲ!”