အပိုင်း (၇၈) ဂျွန် ဘယ်ကို ရောက်သွားတာလဲ
ဝမ်ကျိ၏ စကားကို ကြားလိုက်ရသည့်အခါ အားလုံးက ပတ်ဝန်းကျင်ကို မကြည့်ဘဲ မနေနိုင်ဖြစ်သွားကြသည်။
"ဂျွန် ဒီမှာ မရှိဘူးဟ။"
ပင်လယ်ဓားပြတစ်ယောက်က သူမြင်ရသည့်အတိုင်း အကျယ်ကြီး အတည်ပြုပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် အားလုံး၏ စိတ်ထဲ၌ မေးခွန်းတစ်ခု ပေါ်လာခဲ့သည်။ တပ်ခွဲမှူးဝမ်ကျိသည် လောင်းကစားလုပ်နေရင်း တန်းလန်းဖြင့် ဘာကြောင့် ဂျွန်ကို လိုက်ရှာနေရသနည်း။ သူ့ဆီကနေ ပိုက်ဆံချေးချင်လို့များလား။
ဂျွန် ရှိမနေသည်ကို မြင်လိုက်ရသောအခါ ဝမ်ကျိသည် မိမိ၏ သံသယကို ပို၍ပင် အခိုင်အမာ ယုံကြည်သွားတော့သည်။ ဂျွန်သည် သူ့ကို တစ်ချိန်လုံး လှည့်စားနေခဲ့ခြင်း ဖြစ်သည်။ ဘော့ဘ်ထံမှ ဘယ်ရီသန်း ၅၀၀ နိုင်ခဲ့သည်ဆိုခြင်းကော၊ ဘော့ဘ်သည် အနိုင်ကျင့်ရလွယ်သော သားကောင်တစ်ကောင် ဖြစ်သည်ဆိုခြင်းကော အားလုံးမှာ သူဖန်တီးထားသည့် မုသားစကားများသာ ဖြစ်ကြသည်။ ဝမ်ကျိသည် ဂျွန်၏ အရည်အချင်းကို ကောင်းကောင်းသိထားရာ အလွန်ဆုံးရှိလှ သူနှင့် မတိမ်းမယိမ်းသာ ဖြစ်သည်။ ထိုမျှလောက် အဆင့်ရှိသောသူက ဘော့ဘ်ထံမှ ဘယ်ရီသန်း ၅၀၀ နိုင်အောင် ကစားနိုင်မည်ဆိုသည်မှာ စိတ်ကူးယဉ်အိမ်မက်သက်သက်သာ ဖြစ်ပေလိမ့်မည်။ ဘယ်ရီသန်း ၃၀၀ ပြန်မရှုံးခဲ့လျှင်ပင် အံ့ဖွယ်တစ်ခုဟု ဆိုရမည်ဖြစ်သည်။ ထို့ကြောင့် ဂျွန်သည် ထိုမုသားစကားများဖြင့် သူ့ကိုကော ဆေးဗားအိတ်စ်ကိုပါ လှည့်စားခဲ့ခြင်းမှာ ထင်ရှားလှသည်။
ဤအချက်ကို သဘောပေါက်သွားသည့်အခါ ဝမ်ကျိ၏ ရင်ထဲတွင် ဒေါသအရှိန်အဟုန်တို့ အလိပ်လိုက် တက်လာခဲ့သော်လည်း အပြင်ပန်းတွင်မူ မုန်တိုင်းမလာမီ ငြိမ်သက်ခြင်းမျိုးဖြင့် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေသည်။
၎င်းကို မြင်သည့်အခါ ဘော့ဘ်က ရတနာတစ်ခုကို ကောက်ယူပြီး လက်ထဲ၌ အသာအယာ မြှောက်ကစားလိုက်သည်။
"ဟေ့... မင်းကလည်း မတ်တတ်ရပ်ပြီး အိပ်မက်မက်နေတော့မှာလား။ ကစားဦးမှာလား၊ မကစားတော့ဘူးလား။"
ထိုစကားကို ကြားလိုက်ရသည့်အခါ ဝမ်ကျိ၏ ဒေါသမီးသည် ဝုန်းခနဲ ပေါက်ကွဲသွားတော့သည်။
"ဘာကစားရမှာလဲကွ။ ဂျွန် ဘယ်မှာလဲ။ အဲ့ဒီကောင်စုတ် ဘယ်ကို လစ်သွားတာလဲ။"
ဝမ်ကျိ၏ ရုတ်တရက် အော်ဟစ်ပေါက်ကွဲမှုကြောင့် ဘေးက ပင်လယ်ဓားပြများ လန့်ဖျန့်ကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကြရသည်။ သူတို့၏ စိတ်ထဲတွင်လည်း နောက်ထပ်မေးခွန်းတစ်ခု ထပ်မံ ပေါ်လာပြန်သည်။ ဝမ်ကျိ ဘာဖြစ်နေတာလဲ။ စောစောကတင် ကောင်းကောင်းမွန်မွန်ရှိနေပြီးမှ အခုကျမှ ဘာလို့ ရုတ်တရက်ကြီး ဒေါသတကြီး အော်ဟစ်နေရသနည်း။ ဘော့ဘ်ဆီမှာ ပိုက်ဆံရှုံးတာကို ဘာဖြစ်လို့ ဂျွန်ကို လိုက်ရှာနေရတာလဲ။
ဘော့ဘ်ကတော့ လုံးဝ တုန်လှုပ်ခြင်းမရှိဘဲ လောင်းကစားပွဲ ပြီးဆုံးသွားပြီဖြစ်ကြောင်း ရိပ်မိလိုက်သည်။ သို့သော်ငြား ကြည့်စရာ ပြဇာတ်ကောင်းတစ်ခုတော့ ကျန်သေးသည်ဟု တွေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ဝမ်ကျိသည် ဂျွန်က သူ့ကို လှည့်စားခဲ့သည်ကို ရိပ်မိသွားပြီဖြစ်ကြောင်း သေချာသလောက် ရှိနေသောကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက ဂျွန်၏ အမည်ကို ရုတ်တရက် အော်ဟစ်တောင်းဆိုနေလိမ့်မည် မဟုတ်ချေ။
"ဟေ့... ဝမ်ကျိ၊ မင်းက ဂျွန်ကို ဘာလို့ ရှာနေတာလဲ။"
ရှီကီသည်လည်း ဆက်မကစားချင်တော့ပေ။ သူကိုယ်တိုင်ပင် ဘယ်ရီသန်း ၂၀ ကျော် ရှုံးနိမ့်ထားပြီး ဖြစ်ရာ ဆက်သွားနေပါက ဘော့ဘ်၏ နည်းဗျူဟာများအောက်တွင် ပို၍ပင် ပြုတ်ပြုတ်ပြုန်းသွားမည်မှာ မလွဲဧကန် ဖြစ်သည်။ သို့သော် ဝမ်ကျိက ဂျွန်ကို ဘာကြောင့် ရှာနေရသည်ကိုမူ သူနားမလည်နိုင်သေးချေ။ ပိုက်ဆံရှုံးလျှင် ဘော့ဘ်ကိုသာ ဒေါသထွက်ရမည် မဟုတ်ပါလား။
ထိုနေရာတွင် ရှိနေသော ဆေးဗားအိတ်စ်သည်လည်း ထပ်တူပင် ဝေခွဲမရ ဖြစ်နေသည်။ ဝမ်ကျိ၏ ရုတ်တရက် အပြုအမူကြောင့် သူလည်းပဲ ဇဝေဇဝါ ဖြစ်နေရသည်။ သို့သော် ငြား ချက်ချင်းဆိုသလိုပင် သူ့ဦးနှောက်ထဲ၌ လျှပ်တပြက် အတွေးတစ်ခု ဝင်လာခဲ့သည်။ သူက ဝမ်ကျိကို လှမ်းကြည့်လိုက်ရာ ၎င်းတို့နှစ်ယောက်၏ အကြည့်ချင်း ဆုံမိသွားကြသည်။ ဝမ်ကျိ၏ မျက်ဝန်းထဲမှ အမျက်ဒေါသများက ဆေးဗားအိတ်စ်၏ သံသယကို အတည်ပြုပေးလိုက်သလို ဖြစ်သွားသည်။ ဒါဟာ ထောင်ချောက်တစ်ခုပဲ။ သူ့ကိုကော ဝမ်ကျိကိုပါ ပစ်မှတ်ထားပြီး အကွက်ချထားသည့် အစီအစဉ်တစ်ခု ဖြစ်သည်။
ချက်ချင်းဆိုသလို ဆေးဗားအိတ်စ်၏ ဒေါသကလည်း ဟုန်းခနဲ ထတောက်တော့သည်။
"တောက်စ်... ဂျွန် ဘယ်မှာလဲ။"
အားလုံး ဇဝေဇဝါ ဖြစ်နေကြစဉ်အတွင်း ဆေးဗားအိတ်စ်ကပါ ဂျွန်ကို ဒေါသတကြီး လိုက်ရှာတော့သည်။ ထို့ကြောင့်ပင် လောင်းကစားဝိုင်း၏ အာရုံစိုက်မှုသည် လုံးဝ ဥဿုံ ပြောင်းလဲသွားခဲ့သည်။ ခေါင်းဆောင်များ၏ မျက်နှာအမူအရာကတော့ အမျိုးမျိုးအဖုံဖုံ ဖြစ်နေကြသည်။ ဝမ်ကျိနှင့် ဆေးဗားအိတ်စ်က ဒေါသကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်နေပြီး၊ ရှီကီကတော့ လုံးဝ အူကြောင်ကြောင် ဖြစ်နေကာ၊ ဘော့ဘ်ကတော့ အပြုံးလေးဖြင့် အသာအယာ စောင့်ကြည့်နေသည်။
"ဘာတွေ ဖြစ်ကုန်တာလဲဟ။ အစက ဖဲဆော့နေကြတာလေ၊ အခုကျမှ ဘာလို့ ဒီလိုကြီး ဖြစ်သွားရတာလဲ။"
"ပိုက်ဆံရှုံးလို့ ပေါက်ကွဲတာလား၊ ခေါင်းဆောင်တွေက ရှုံးတာကို မကျေနပ်နိုင်တဲ့ သဘောထားသေးငယ်တဲ့သူတွေတော့ မဟုတ်လောက်ပါဘူး။"
"မသိဘူးလေ။ ဒါပေမဲ့ သူတို့အားလုံးက ဂျွန်ကို ဘာလို့ လိုက်ရှာနေကြတာလဲ။"
ပင်လယ်ဓားပြများမှာ လုံးဝကို အဓိပ္ပာယ်ရှာမရ ဖြစ်နေကြသည်။ ဘာတွေ ဖြစ်ပျက်နေသနည်း။ လောင်းကစားဝိုင်းထဲမှာတောင် မရှိသည့် လူတစ်ယောက်က ကစားသမားများအကြားတွင် ဤမျှလောက်အထိ အုတ်အော်သောင်းနင်း ဖြစ်အောင် မည်သို့ လုပ်နိုင်ရသနည်း။
"ဝမ်ကျိ... မင်း ရှင်းရှင်းလင်းလင်း ပြောပြရင် မကောင်းဘူးလား။"
မိမိ၏ မေးခွန်းများအတွက် အဖြေမရသဖြင့် စိတ်မရှည်တော့သော ရှီကီက မကျေမနပ်ဖြစ်နေသည့် မျက်နှာအမူအရာဖြင့် ထပ်မံ ဖိအားပေး မေးမြန်းလိုက်သည်။ ရှီကီ၏ စကားကို ကြားရသောအခါ ဝမ်ကျိသည် ရင်ထဲမှ ခံစားချက်များကို အတတ်နိုင်ဆုံး ထိန်းချုပ်ပြီး ပြောလိုက်သည်။
"ဘော့ဘ် ပိုက်ဆံရှုံးတယ်လို့ ပြောတဲ့သူက ဂျွန်ကွ။"
ထိုစကားကို ကြားလိုက်ရသည့်အခါ ရှီကီသည် မျက်မှောင်ကြုတ်သွားပြီးနောက် ဂျွန်သည် လိမ်ညာနေခဲ့ခြင်းဖြစ်ကြောင်း ချက်ချင်း ရိပ်မိသွားတော့သည်။ အဘယ်ကြောင့်ဆိုသော် ရှီကီကိုယ်တိုင်ပင် ဘယ်ရီသန်း ၂၀ အကုန်အကျခံကာ ဘော့ဘ်၏ အရည်အချင်းကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ခဲ့ပြီးဖြစ်ရာ ကောလာဟလများထဲကကဲ့သို့ ညံ့ဖျင်းမနေသည်မှာ အသိသာကြီး ဖြစ်နေသောကြောင့်ပင်။
"သူပြောတာက... ဘော့ဘ်က သူ့ကို ဘယ်ရီသန်း ၅၀၀ တောင် ရှုံးထားတာတဲ့။"
ထိုစကားလုံးများ ထွက်လာသည်နှင့်တပြိုင်နက် တစ်ခန်းလုံး သေမင်းတမျှ တိတ်ဆိတ်သွားပြီး အားလုံးမှာ ဆွံ့အမှင်တက်ကုန်ကြသည်။ မကြာမီမှာပင် ပင်လယ်ဓားပြများအကြား၌ အပြင်းအထန် ငြင်းခုံဆွေးနွေးသံများ ဆူညံစွာ ထွက်ပေါ်လာတော့သည်။
"တောက်စ်... ဘာတွေ ဖြစ်ကုန်တာလဲဟ။ ပထမတော့ သန်း ၃၀၊ အခုကျတော့ သန်း ၅၀၀ တဲ့လား။"
"မီးခိုးကြွက်လျှောက်တွေပဲဗျာ၊ ငါတော့ လုံးဝ နားမလည်တော့ဘူး။ ဘာလို့ အခြေအနေတွေက ဒီလောက်အထိ ရှုပ်ထွေးကုန်ရတာလဲ။"
"ငါကတော့ ခေါင်းဆောင်တွေ ဖဲဆော့တာကိုပဲ ကြည့်ချင်တာ၊ အခုတော့ ရှုပ်ထွေးကုန်ပြီ။"
"ဝိုး... ငါ့ရဲ့ စပ်စုချင်စိတ်ကတော့ တကယ်ကို အထွတ်အထိပ် ရောက်သွားပြီဗျာ။"
ဝမ်ကျိက သန်း ၅၀၀ ဟု ပြောလိုက်သည့် အခိုက်အတန့်တွင် ရှီကီပင်လျှင် အနည်းငယ် ဆွံ့အသွားခဲ့ရသည်။ ဒီကောင် ဂျွန်ကတော့ တကယ်ကို ရဲတင်းလွန်းလှသည်။ ဘော့ဘ်က သူ့ကို သန်း ၅၀၀ ရှုံးတယ်လို့ တိုက်ရိုက် ပြောရဲတယ်ပေါ့လေ။ ရှုံးမှာတော့ သိပေမယ့် ဒီလောက်အထိ များပြားလှတဲ့ ပမာဏကြီး ဖြစ်နေလိမ့်မယ်လို့ သူ မထင်ထားခဲ့မိချေ။ အဓိကအချက်ကတော့ ဒီခေါင်းဆောင်နှစ်ယောက်က ထိုစကားကို တကယ်ကြီး ယုံသွားခဲ့ခြင်းပင်။ ဘော့ဘ်သည် မိမိကိုယ်ကိုယ် လေလုံးထွားရာတွင် တော်သည်ဟု ထင်ထားခဲ့သော်လည်း ဂျွန်က ပို၍ပင် ဆရာကျနေသည်ဟု ဆိုရမည်။
"ဂျွန်က အခု သူ့အခန်းထဲမှာ ရှိနေလောက်တယ်၊ မင်းတို့ သွားရှာကြည့်နိုင်တာပဲ။"
ဘော့ဘ်က သူတို့အတွက် အချိန်ကိုက်ပင် လိပ်စာတစ်ခုကို ပေးကာ ပြဿနာကို ကူညီဖြေရှင်းပေးလိုက်သည်။
"တောက်စ်... ဘာစောင့်နေကြတာလဲ။ သွားကြစို့။"
ရှီကီ၏ ဒေါသကလည်း ဟုန်းခနဲ ထတောက်လာပြီး လက်ထဲမှ ဖဲချပ်များကို စားပွဲပေါ်သို့ ဝုန်းခနဲ ပစ်ချကာ အော်ဟစ်လိုက်သည်။
ထို့ကြောင့်ပင် ခေါင်းဆောင်သုံးယောက်က ရှေ့ကနေ ဦးဆောင်ပြီး ပွဲကြည့်ချင်ဇောဖြင့် တောက်လျှောက် လိုက်ပါလာကြသည့် ပင်လယ်ဓားပြအုပ်ကြီးနှင့်အတူ ဂျွန်၏ အခန်းဆီသို့ ခန့်ခန့်ညားညားကြီး ချီတက်သွားကြတော့သည်။
ထိုအချိန်တွင် အလွန်တရာ ဆန်းပြားခမ်းနားလှသော သင်္ဘောခန်းမတစ်ခုအတွင်း၌ အနီရောင်ဝတ်ရုံကို ဆင်မြန်းထားပြီး ရှည်လျားသော ဆံပင်ကောက်ကောက်များရှိသည့် လူတစ်ယောက်သည် ထိုင်လျက် သူ၏ ဓားကိုတိုက်ချွတ်နေသည်။ သူက ဓားကို တိုက်ချွတ်နေရင်း စိတ်ထဲတွင် ဘော့ဘ် ပိုက်ဆံနိုင်မည့်အရေးကို လှမ်းတွေးနေမိသည်။
'ဒီတစ်ကြိမ်မှာ ဘော့ဘ် ဘယ်လောက်များများ နိုင်မလဲမသိဘူး။ ငါကော ဘယ်လောက်အချိုးကျ ရနိုင်မလဲ။ အကယ်၍ ငါ ဒီပိုက်ဆံကို သုံးပြီး ကြွေးမြီအချို့ကို ဆပ်လိုက်ရင် အကြွေးတစ်ဝက်လောက်တော့ ကျေသွားနိုင်တယ် မဟုတ်လား။ အပြင်မှာ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာ သိချင်မိပါရဲ့။ ဘော့ဘ် ပိုက်ဆံနိုင်ပြီး ဘဝင်ခွာနေမယ့် မျက်နှာကြီးကို မမြင်ချင်လို့သာ အပြင်မထွက်တာ၊ မဟုတ်ရင် ဝမ်ကျိနဲ့ ဆေးဗားအိတ်စ်ဆိုတဲ့ အဲ့ဒီ ပါရမီရှင်နှစ်ယောက် အကုန်အစင် ရှုံးနိမ့်သွားတာကို ငါ အသေအချာ သွားကြည့်မိမှာ။'
မကြာမီမှာပင် ဓားသည် မှန်တစ်ချပ်ကဲ့သို့ ပြောင်လက်သွားပြီး ဂျွန်၏ မျက်နှာကို အထင်းသား ထင်ဟပ်နေသည်။ သူက ဓားကို မြှောက်ကာ လေထဲ၌ အကြိမ်အနည်းငယ် ဝေ့ယမ်းလိုက်သည်။ သူ၏ မျက်လုံးထောင့်ကနေ ဓား၏ မှန်သားပြင်ကဲ့သို့ ပြောင်လက်နေသော မျက်နှာပြင်ကို ကြည့်လိုက်မိသည့်အခါ ပြတင်းပေါက်အပြင်ဘက်မှ လူတစ်အုပ်ကြီး ချဉ်းကပ်လာနေသည်ကို ဂျွန် မြင်လိုက်ရသလို ခံစားလိုက်ရသည်။
အကြောင်းရင်းကို မသိရဘဲ သူ၏ ရင်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခုက တလဟော တက်လာခဲ့သည်။ သူ ထပ်ပြီး မစဉ်းစားနိုင်သေးမီမှာပင် ရုတ်တရက်ဆိုသလို ကျယ်လောင်သော အသံကြီးတစ်ခု ဝုန်းခနဲ မြည်ဟည်းသွားတော့သည်။
ဒုန်း... !
အသံလာရာ တံခါးဝဆီသို့ လှမ်းကြည့်လိုက်သည့်အခါ ထိုနေရာတွင် ရှီကီ၊ ဝမ်ကျိ၊ ဆေးဗားအိတ်စ်နှင့်အတူ ပင်လယ်ဓားပြအုပ်ကြီးက မည်းမည်းသဲသဲကြီး မတ်တတ်ရပ်နေကြသည်ကို မြင်လိုက်ရလေတော့သည်။