အပိုင်း (၇၇) ရှီကီ တစ်ကြော့ပြန်လူပြက်ဖြစ်ခြင်း
"ငါ ကြားလိုက်တာ မှန်ရဲ့လားဟ။ တပ်ခွဲမှူး ရှီကီ ဝင်ဆော့တော့မယ်တဲ့ဟေ့။"
"အစကတော့ ဘော့ဘ်နဲ့ ဝမ်ကျိ၊ တပ်ခွဲမှူး ဆေးဗားအိတ်စ်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံပွဲလို့ပဲ ထင်ထားတာ၊ အခုတော့ လူစားလဲပွဲကြီး ဖြစ်သွားပြီပဲ။"
"အမလေး... ကြည့်ကောင်းတော့မယ်။ တပ်ခွဲမှူး ရှီကီက တပ်ခွဲမှူး ဆေးဗားအိတ်စ်နေရာမှာ ဝင်ဆော့မှာတဲ့ဗျာ။"
"ဒါပေမဲ့... တပ်ခွဲမှူး ရှီကီဆီမှာ အခုလောလောဆယ် ပိုက်ဆံတစ်ပြားမှ ရှိမနေဘူး မဟုတ်လား။"
"အခြေအနေကတော့ အဲ့လိုပဲ ထင်ရတာပဲ။"
ဘေးကနေ ဝိုင်းကြည့်နေကြတဲ့ ပင်လယ်ဓားပြတွေဟာ ရှီကီ ဝိုင်းထဲဝင်တော့မယ်ဆိုတာ ကြားလိုက်ရတဲ့အခါ သူတို့ရဲ့အကြည့်တွေကို ရှီကီဆီသို့ စုပြုံရွှေ့လိုက်ကြသည်။ ထိုအချိန်တွင် ရှီကီသည် ဆေးလိပ်ကြီးတစ်သောက်ကို ခဲကာ လက်ပိုက်ပြီး အတော်လေး ဘဝင်ခွာနေသော်လည်း သူ့ကိုယ်ပေါ်တွင် ဘာပစ္စည်းမှ ပါမလာခဲ့ချေ။ ပင်လယ်ဓားပြတွေရဲ့ ပြောစကားတွေကိုလည်း သူ အတိုင်းသား ကြားနေရသည်။
"ငါ့မှာ ပိုက်ဆံမရှိဘူး ဟုတ်လား။ မင်းတို့လို လူပိန်းတွေ... ငါ ဘယ်လောက်မြန်မြန် သွားယူလာနိုင်မလဲဆိုတာ စောင့်ရုံသာစောင့်ကြည့်လိုက်ကြစမ်း။"
ပျံသန်းမှုသစ်သီး စွမ်းပကားကြောင့် ရှီကီသည် မကြာမီအချိန်အတွင်းမှာပင် ဝမ်ကျိတို့ထက် မနည်းလှသော ရတနာအိတ်ကြီးတစ်အိတ်ကို သယ်ဆောင်ပြီး ပြန်ရောက်လာခဲ့သည်။ လူအုပ်ကြီးရဲ့ အကြည့်တွေအောက်မှာ ဆေးဗားအိတ်စ်က မကျေမချမ်းနဲ့ပဲ နေရာဖယ်ပေးလိုက်ရပြီး ရှီကီကတော့ ဘာအပူအပင်မှမရှိဘဲ ဝင်ထိုင်ကာ ရတနာအိတ်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။
ဂျလွင်... ဂျလွင်... !
ရတနာတွေဟာ စားပွဲပေါ်သို့ ပြန့်ကျဲသွားပြီး တဆက်တည်း မြည်ဟည်းသံတွေ ထွက်ပေါ်လာခဲ့သည်။ အခုအချိန်မှာ ရှီကီကို ကြည့်ရတာ အစတုန်းက ဆေးဗားအိတ်စ်လိုပဲ မာန်ဝင့်ကြွားလို့နေသည်။
"ဘော့ဘ်၊ ဝမ်ကျိ... ငါပါ ဝင်ဆော့ရင် မင်းတို့ ငြင်းမှာမဟုတ်ဘူးမလား။"
ရှီကီက မျက်ခုံးတစ်ဖက်ကို ပင့်ကာ ထိုနှစ်ယောက်ကို လှမ်းပြောလိုက်သည်။ ဘော့ဘ်အနေနဲ့ အလွန်ဆုံးရှိလှ အချိန်ကိုက်တာနဲ့ ကံကောင်းတာလောက်ပဲ ရှိမှာပါ၊ ထူးခြားတဲ့ အတတ်ပညာတွေကြောင့် နိုင်နေတာမဟုတ်ဘူးလို့ သူ ထင်နေသည်။ ဘော့ဘ်ရဲ့ ကံတရားကလည်း အမြဲတမ်း ကောင်းမွန်မနေနိုင်ဘူးလို့ သူ အခိုင်အမာ တွေးထားသည်။
"မငြင်းပါဘူးဗျာ။"
ဘော့ဘ်က ပြုံးလျက် ပြောလိုက်သည်။ သူ့ထံ ပိုက်ဆံလာကန်တော့မည့်သူကို သူကတော့ အသေအချာ ငြင်းပယ်မည် မဟုတ်ချေ။ ဒီတစ်ကြိမ်တွင် အနိုင်ယူရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ ရသမျှ အကျိုးအမြတ်ကို အမြင့်ဆုံးအထိ ဆွဲတင်ရမည် ဖြစ်သည်။ ဝမ်ကျိဘက်ကလည်း ငြင်းပယ်စရာ အကြောင်းမရှိပါချေ။ သူကိုယ်တိုင်လည်း ချက်ချင်း လူစားလဲချင်နေသဖြင့် ရှီကီ ပေါ်လာသည်ကို ပို၍ပင် ဝမ်းသာအားရ ဖြစ်နေသေးသည်။ ထို့နောက် ဝမ်ကျိက သဘောတူကြောင်း ပြသသည့်အနေဖြင့် ခေါင်းကို အသာအယာ ငြိမ့်ပြလိုက်သည်။
"ဂီးဟားဟားဟား... လာစမ်းပါ။"
ရှီကီက ဆေးလိပ်တိုကို သတ်လိုက်ပြီး နောက်ထပ်တစ်လိပ်ကို ထပ်မံ မီးညှိလိုက်သည်။
"ကိုင်ဒို... ဖဲဝေတော့။"
ဘော့ဘ်က ဘာမှ ထပ်မပြောတော့ဘဲ သစ်တုံးတစ်တုံးလို မတ်တတ်ရပ်နေတဲ့ ကိုင်ဒိုကို လှမ်းကြည့်ကာ ခိုင်းလိုက်သည်။ ထိုစကားကို ကြားတော့ ကိုင်ဒိုက ဘော့ဘ်ကို တစ်ချက်ကြည့်ပြီး သက်ပြင်းချကာ ဖဲချပ်တွေကို စတင် မွှေနှောက်လိုက်တော့သည်။ မကြာခင်မှာပဲ ဖဲသုံးချပ်စီကို ခေါင်းဆောင် သုံးယောက်ရဲ့ ရှေ့မှောက်သို့ အသီးသီး ဝေငှပေးလိုက်သည်။
ရှီကီကို ရင်ဆိုင်တဲ့အခါမှာလည်း ဘော့ဘ်က ဆေးဗားအိတ်စ်တုန်းက သုံးခဲ့တဲ့ နည်းဗျူဟာကိုပဲ သုံးခဲ့သော်လည်း ဒီတစ်ကြိမ်မှာတော့ ရှီကီရဲ့ အရည်အချင်းကို ကောင်းကောင်းသိထားတာကြောင့် အခြေအနေကို စမ်းသပ်မနေတော့ပေ။ ပြီးခဲ့တဲ့ တိုက်ပွဲတုန်းက ရှီကီဟာ သံမဏိခန္ဓာဟာကီရော အာရုံခံဟာကီပါ သူ့ထက် အားနည်းချက် ရှိနေသည်။ ဒါ့အပြင် ဝမ်ကျိနဲ့ ရှီကီကြားမှာလည်း ပြိုင်ဆိုင်မှု ရှိနေကြသည်။ သို့သော်လည်း ရှီကီရဲ့ ခွန်အားက အတော်အတန် ကြီးမားလှပြီး မကြာခင်မှာ သူ့ရဲ့ လှည့်ကွက်တွေကို ရိပ်မိသွားနိုင်တာကြောင့် အချိန်တိုအတွင်းမှာပဲ ရှီကီကို အပြတ်ရှင်းပြီး ရတနာတွေကို အမြန်ဆုံး ရိတ်သိမ်းရမည် ဖြစ်သည်။
ထို့ကြောင့်ပင်...
ပွဲတစ်ဒါဇင်ခန့် ဆော့ပြီးတဲ့နောက်မှာတော့ ရှီကီရှေ့က ရတနာတွေဟာ ဘယ်ရီသန်း ၂၀ ခန့် လျော့နည်းသွားခဲ့သည်။ ဝမ်ကျိရဲ့ အခြေအနေကလည်း သိပ်ပြီး မထူးခြားလှပေ။ ရှီကီက တစ်ခုခု မူမမှန်တာကို သတိထားမိပြီး ဘော့ဘ်ရဲ့ အာရုံခံဟာကီကို တန်ပြန်ဖို့ သံမဏိခန္ဓာဟာကီကို သုံးခဲ့သော်လည်း ဆက်တိုက်ဆိုသလို ရှုံးနိမ့်နေဆဲပင် ဖြစ်သည်။
"အမလေးဗျာ... ဘော့ဘ်က ရုတ်တရက်ကြီး လူတစ်ခြားစီ ဖြစ်သွားသလိုပဲ။"
"ဟုတ်ပဗျာ။ ပြိုင်ဘက်မှာ ဘာဖဲချပ်တွေ ရှိနေလဲဆိုတာကို ကြိုသိနေသလိုမျိုး ပွဲတိုင်းကို ပြတ်ပြတ်သားသား နိုင်နေတာ။"
"ဒါ ဘာဖြစ်တာလဲ။ အစတုန်းက ဆက်တိုက်ရှုံးနေတဲ့ အခြေအနေနဲ့ လုံးဝ ကွာခြားသွားပြီ။"
"သူခနလေးအတွင်းမှာတင် ဘယ်ရီ သန်း ၄၀ ကျော်တောင် နိုင်သွားပြီ။"
"တပ်ခွဲမှူး ဘော့ဘ်က တကယ်ပဲ ဒီလောက်မြန်မြန် တတ်လွယ်တာလား။"
"ဒါမှမဟုတ် တပ်ခွဲမှူး ဘော့ဘ်က အစတုန်းက ဟန်ဆောင်နေပြီးတော့ အခုမှ သူ့ရဲ့ ပင်ကိုယ်အရည်အချင်း အစစ်အမှန်ကို ထုတ်ပြနေတာများလား။"
"အဲ့ဒါလည်း ဖြစ်နိုင်တာပဲ။"
ဘေးကနေ ဝိုင်းကြည့်နေကြတဲ့ ပင်လယ်ဓားပြအချို့က အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။ အစောပိုင်းတုန်းက ဘော့ဘ်ရဲ့ အနိုင်ရမှုတွေဟာ စမ်းချောင်းလေးတစ်ခုလို ညင်သာခဲ့ရင် အခုအချိန်မှာတော့ ရေတံခွန်ကြီးတစ်ခုလို ပြိုင်ဘက်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ဖိနှိပ် ချေမှုန်းနေခြင်း ဖြစ်သည်။
ဒါဟာ အရင်ကနဲ့ လုံးဝ ဥဿုံ ဆန့်ကျင်ဘက် ဖြစ်နေသည်။ ဘာမှမသိဘဲ ဆက်တိုက်ရှုံးနေတဲ့ အခြေအနေကနေ၊ အနိုင်အရှုံး မျှနေတဲ့ အဆင့်ကို ရောက်လာပြီး၊ အခုတော့ ဆက်တိုက်အနိုင်ရမှုတွေနဲ့ ကစားပွဲကို လွှမ်းမိုးထားနိုင်ခဲ့ပြီ။
ဒီအချက်က ပင်လယ်ဓားပြတွေကို အတွေးနှစ်ခု ဝင်စေသည်—
ပထမတစ်ခုကတော့ ဘော့ဘ်ဟာ အစတုန်းက တကယ်ပဲ အတွေ့အကြုံမရှိတဲ့ လူသစ်တစ်ယောက်ဖြစ်ပေမယ့် ကစားပွဲအချို့ ဆော့ပြီးတဲ့နောက်မှာတော့ နည်းဗျူဟာတွေကို အပြည့်အဝ နားလည်သွားတာ ဖြစ်နိုင်သည်။ ဒုတိယတစ်ခုကတော့ ဘော့ဘ်ဟာ အစကတည်းက ဟန်ဆောင်နေခဲ့တာ ဖြစ်သည်။ အစပိုင်းမှာ ပြိုင်ဘက်တွေ စိတ်ချလက်ချ ဖြစ်သွားအောင် လူသစ်တစ်ယောက်လို ဟန်ဆောင်ကစားပြီး ကစားပွဲကို ထိန်းချုပ်ကာ အကွက်ချ ချေမှုန်းနေခဲ့တာ ဖြစ်သည်။
ဒီလောက် အချိန်တိုလေးအတွင်းမှာ ဒီလို အပြောင်းအလဲကြီး ပြောင်းလဲသွားဖို့ဆိုတာ မယုံနိုင်စရာဖြစ်သော်လည်း ဘော့ဘ်က သူ့ရဲ့ အစွမ်းအစတွေကို ဖုံးကွယ်ထားတယ်ဆိုတဲ့ အတွေးက ပိုပြီး ဖြစ်နိုင်ခြေရှိနေသည်။ အားလုံး တွေးမိတာကတော့ ဘော့ဘ်ရဲ့ မျက်နှာအမူအရာဟာ ကစားပွဲတစ်လျှောက်လုံးမှာ လုံးဝ မပြောင်းလဲဘဲ တည်ငြိမ်နေခဲ့ခြင်း ဖြစ်သည်။ ဒါဟာ ကစားပွဲတစ်ခုလုံးကို အကြွင်းမဲ့ ထိန်းချုပ်ထားနိုင်သူတစ်ဦးရဲ့ တည်ငြိမ်မှုမျိုးပင်။
ဒီလို အရည်အချင်းမျိုး ရှိနေတဲ့ ဘော့ဘ်က ဘာဖြစ်လို့ အစတုန်းက ဘယ်ရီ သန်း ၃၀ တောင် ရှုံးခဲ့ရတာလဲဆိုတာကိုလည်း သူတို့ စဉ်းစားမရဖြစ်နေကြသည်။ ဝိုင်းကြည့်နေတဲ့ ပင်လယ်ဓားပြတွေတင်မကဘဲ လောင်းကစားဝိုင်းထဲက ရှီကီနဲ့ ဝမ်ကျိတို့ပါ ထိုအတိုင်း တွေးမိနေကြသည်။
ကစားပွဲ ကြာလာလေလေ၊ သူတို့ရဲ့ သံသယဟာ ပိုပြီး ခိုင်မာလာလေလေ ဖြစ်သည်။ ဘော့ဘ်ဟာ ကံတရားကို အားကိုးနေတာမဟုတ်သလို လူသစ်တစ်ယောက်လည်း မဟုတ်ပေ။ သူတို့ရဲ့ ဖဲချပ်တွေဟာ ဘော့ဘ်ရဲ့ ရှေ့မှောက်မှာ အထင်းသား မြင်နေရသလိုမျိုး သူတို့ ရှင်းရှင်းလင်းလင်း ခံစားနေရသည်။
အခုအချိန်မှာ သူတို့နှစ်ယောက်လုံးရဲ့ စိတ်ထဲမှာ မေးခွန်းတစ်ခုပဲ ရှိတော့သည် — 'ဘာလို့ ဘော့ဘ်က ငါတို့ဖဲတွေကို မြင်နေပြီး ငါတို့ကကျ သူ့ဖဲတွေကို မမြင်ရတာလဲ။'
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဖြစ်နိုင်ခြေတစ်ခုကို ချက်ချင်းပဲ ကောက်ချက်ချလိုက်ကြသည်။
'ဘော့ဘ်ရဲ့ သံမဏိခန္ဓာဟာကီက ပိုသန်မာပြီး သူ့ရဲ့ အာရုံခံဟာကီက ငါတို့ထက် အဆပေါင်းများစွာ သာလွန်နေတာပဲ။'
ဒီအတွေးဟာ သူတို့ရဲ့ ဦးနှောက်ထဲမှာ ဗုံးတစ်လုံး ပေါက်ကွဲသွားသလိုမျိုး ဖြစ်သွားခဲ့သည်။ ဒီအချက်ကပဲ သူတို့ရဲ့ ဖဲချပ်တွေ ဘော့ဘ်ရဲ့ ရှေ့မှာ ဘာလို့ အဖုံးအကာမရှိ လှန်ပြထားသလို ဖြစ်နေရလဲဆိုတာကို ရှင်းပြနိုင်သည်။ ချက်ချင်းဆိုသလို သူတို့ရဲ့ စိတ်ထဲမှာ ကြောက်ရွံ့ ထိတ်လန့်မှုတွေ ပြည့်နှက်သွားတော့သည်။ ဘော့ဘ်ရဲ့ တည်ငြိမ်နေတဲ့ မျက်နှာကို ကြည့်ရင်း သူတို့တွေ လုံးဝ မှားသွားခဲ့ပြီဆိုတာ ရိပ်မိလိုက်ကြသည်။ ဘော့ဘ်က သူတို့နဲ့ အဆင့်တူတင်မကဘဲ သူတို့ထက် အဆမတန် သာလွန်နေပြီး အခုမှသာ ထုတ်ပြခြင်း ဖြစ်သည်။
ဒီလိုတွေးမိတဲ့အခါ ရှီကီဟာ သူကိုယ်တိုင် နောက်တစ်ကြိမ် လူပြက်ဖြစ်သွားပြန်ပြီလို့ ခံစားလိုက်ရပြီး ဝမ်ကျိကတော့ ငါးစာဟပ်မိတဲ့ ငါးတစ်ကောင်လို ခံစားလိုက်ရသည်။ ဘေးကနေ ကြည့်နေတဲ့ ဆေးဗားအိတ်စ်ကလည်း ဘော့ဘ်ရဲ့ မူမမှန်မှုကို သတိထားမိသွားသည်။ အစောပိုင်းတုန်းက ဝိုင်းထဲမှာရှိစဉ်က ကံကောင်းလို့လို့ပဲ သတ်မှတ်နိုင်ခဲ့ပေမယ့် အခု ဘော့ဘ်ရဲ့ စွမ်းဆောင်ရည်ကတော့ အဓိပ္ပာယ်တစ်ခုတည်းကိုပဲ ဖော်ဆောင်နေသည်။
ထိုအခိုက်အတန့်တွင် သုံးယောက်စလုံးရဲ့ နှလုံးသားထဲမှာ နောင်တတွေ တလဟော တက်လာခဲ့သည်။ ဘော့ဘ်နဲ့ ဖဲဆော့မိတာဟာ ဆင်ခြင်တုံတရား ကင်းမဲ့ရုံတင်မကဘဲ လုံးဝကို မိုက်မဲလွန်းရာ ရောက်နေခဲ့သည်။
ရုတ်တရက် ဝမ်ကျိက တစ်ခုခုကို သတိရသွားဟန်နဲ့ ဘေးပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး မေးလိုက်သည်။
"ဂျွန်... ဘယ်ရောက်သွားလဲ။"