အပိုင်း (၇၆) ဘော့ဘ်၏ တန်ပြန်တိုက်စစ်။
“ဂီးဟားဟားဟား…”
“နယူးဂိတ်… မင်း အခု မရယ်နိုင်တော့ဘူးမလား”
ဘော့ဘ် တစ်ခေတ္တအတွင်းမှာတင် ဘယ်ရီသန်းချီ ရှုံးနိမ့်သွားသည်ကို မြင်ရသောအခါ ရှီကီ သည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ စီးကရက်ကို ခဲကာ လူလည်ကျသလို အပြုံးမျိုးဖြင့် လှောင်ပြောင်ရယ်မောလိုက်သည်။ သူသည် မုတ်ဆိတ်ဖြူ ကို လှောင်ပြောင်သရော်သော မျက်လုံးများဖြင့် ကြည့်လိုက်သော်လည်း မုတ်ဆိတ်ဖြူကမူ သူ့ကို တစ်ချက်သာ ဝေ့ကြည့်ပြီး လျစ်လျူရှုထားလိုက်သည်။
အစပိုင်းမှာတင် ဘော့ဘ် ဘာကြောင့် ဒီလောက်အများကြီး ရှုံးသွားရသလဲဆိုသည်ကို မုတ်ဆိတ်ဖြူ မသိသော်လည်း ဘော့ဘ်၏ တည်ငြိမ်နေသော အမူအရာကို မြင်ရသည့်အပြင် အစောပိုင်းက ဘော့ဘ်ပြောခဲ့သော စကားများကို ပြန်လည်တွေးတောမိသောအခါ မုတ်ဆိတ်ဖြူ လုံးဝမစိုးရိမ်မိပေ။ ဘော့ဘ်ထံမှ မည်သူမျှ အသာစီးမရနိုင်ကြောင်းနှင့် ဘော့ဘ်တွင် နောက်ထပ်အစီအစဉ်တစ်ခု ရှိနေမည်မှာ သေချာကြောင်း သူ ယုံကြည်နေသည်။
အမှန်တကယ်ပင် အခြေအနေများသည် သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်ပျက်လာခဲ့သည်။
ဖဲဝိုင်းတွင် ဘော့ဘ်သည်အလျော့ပေးနေခြင်းကိုရပ်တန့်လိုက်သည်။ ယခုအခါ အခြေအနေက ရှင်းလင်းသွားခဲ့ပြီဖြစ်သည် - ဝမ်ကျိ နှင့် ဆေးဗားအိတ်စ် တို့သည် တစ်ဦးနှင့်တစ်ဦး မသိမသာ ညှိနှိုင်းနေကြပြီး ဘော့ဘ်၏ ဖဲချပ်များသည် ဆန့်ကျင်ဘက်ရှိ ထိုနှစ်ဦး၏ မျက်စိထဲတွင် မှန်သားပြင်ကဲ့သို့ အတိုင်းသား မြင်နေရသည်။ ဒီလိုမှတော့လည်း သူ့ဖဲချပ်တွေကို သူတို့ လုံးဝမမြင်နိုင်အောင် လုပ်ပစ်လိုက်ရုံပေါ့။
နောက်တစ်စက္ကန့်တွင် ဘော့ဘ်သည် ဖဲချပ်များ၏ နောက်ကျောဘက်ကို သံမဏိခန္ဓာဟာကီ ပါးပါးလေးဖြင့် ဖုံးအုပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏လက်ကို ဖဲချပ်များ၏ နောက်ကျောပေါ်သို့ ဖိကပ်ထားလိုက်သည်။ ထိုအဆင့်မြင့် သံမဏိခန္ဓာဟာကီ၏ လွှမ်းမိုးမှုအောက်တွင် ဝမ်ကျိနှင့် ဆေးဗားအိတ်စ်တို့၏ အဆင့်နိမ့် အာရုံခံဟာကီ များမှာ လုံးဝအသုံးမဝင်တော့ပေ။
ထို့အပြင် ဘော့ဘ်သည် ဤစွမ်းရည်ကို ဖဲခုံမှတစ်ဆင့် ဝမ်ကျိနှင့် ဆေးဗားအိတ်စ်တို့၏ လက်များဆီသို့ပါ ကူးစက်စေခဲ့သည်။ ရုတ်ချည်းဆိုသလိုပင် သူတို့သည် ဘော့ဘ်၏ ဖဲချပ်များကို မမြင်ရတော့ရုံတင်မကဘဲ မှောက်ထားသည့် ဖဲသုံးချပ်အပါအဝင် တစ်ယောက်နှင့်တစ်ယောက်၏ ဖဲချပ်များကိုပါ လုံးဝမမြင်နိုင်တော့ပေ။
ဤသည်ကို မြင်သောအခါ ထိုနှစ်ဦးစလုံး မျက်မှောင်ကုတ်သွားကြသည်။ သူတို့၏ အမူအရာများ ပျက်ယွင်းသွားပြီး ဤအရာသည် ဘော့ဘ်၏ လက်ချက်ဖြစ်ရမည်ဟု ချက်ချင်း ရိပ်မိလိုက်ကြသည်။ တစ်ဦးနှင့်တစ်ဦး၏ ဖဲချပ်များကိုပါ ဘာကြောင့် မမြင်ရတော့သည်ကို သူတို့ နားမလည်ကြသော်လည်း မိမိတို့၏ အာရုံခံဟာကီ ချို့ယွင်းသွားသည်ဟုတော့ မယုံကြည်ကြပေ။ ဘော့ဘ်သည် ဖဲချပ်နောက်ကျောကို သံမဏိခန္ဓာဟာကီဖြင့် ဖုံးအုပ်ထားသောကြောင့် သူတို့၏ အာရုံခံဟာကီက ဖောက်ထွင်းမမြင်နိုင်ခြင်းဖြစ်သည်ဟု သူတို့ လျင်မြန်စွာ ကောက်ချက်ချလိုက်ကြသည်။
ထို့ကြောင့် ထိုနှစ်ဦးစလုံးသည်လည်း အလားတူပင် မိမိတို့၏ ဖဲချပ်နောက်ကျောများကို သံမဏိခန္ဓာဟာကီဖြင့် လိုက်လံဖုံးအုပ်လိုက်ကြရာ ဖဲချပ်နောက်ကျောများတွင် အနက်ရောင်အလွှာပါးလေးများ ပေါ်လာသည်။ သို့သော် ဘော့ဘ်၏ အာရုံခံဟာကီ အဆင့်အတန်းနှင့်ဆိုလျှင် ဤအရာသည် လုံးဝအရာမထင်ပေ။ သူသည် သူတို့၏ ဖဲချပ်များကို အရင်ကကဲ့သို့ပင် အထင်းသား ရှင်းရှင်းလင်းလင်း မြင်နေရစဲဖြစ်သည်။
ဤဖဲကစားပွဲသည် ဖဲချပ်များဖြင့် ကစားနေခြင်းဖြစ်သော်လည်း အခြေနေအားဖြင့်မူ ခွန်အားချင်း ပြိုင်ဆိုင်နေကြခြင်းသာ ဖြစ်သည်။
သို့သော် ထိုနှစ်ဦးမှာမူ ဘော့ဘ်တွင် ဤမျှမြင့်မားသော အာရုံခံဟာကီ ရှိနေသည်ကို အနည်းငယ်မျှ ရိပ်မိခြင်းမရှိကြပေ။ ဘော့ဘ်သည် ရော့ခ်ပင်လယ်ဓားပြအဖွဲ့ သင်္ဘောပေါ်တွင် ၎င်းကို တစ်ကြိမ်မျှ ထုတ်မပြခဲ့ဖူးသဖြင့် သူတို့၏ ဟာကီထက် ပိုမိုမြင့်မားလိမ့်မည်ဟု သူတို့ မယုံကြည်ကြချေ။
ဝမ်ကျိနှင့် ဆေးဗားအိတ်စ်တို့၏ အမြင်တွင်မူ အခုအခြေအနေက ကပ််မကြည့်ဘဲ လောင်းကြေးထပ်ပြီးကစားနေရခြင်းဖြစ်သော်လည်း သူတို့ လုံးဝမစိုးရိမ်ကြပါ။ ဘော့ဘ်၏ အစောပိုင်းက သာမန်အရည်အချင်းများကို အခြေခံ၍ ဤအခြေအနေမျိုးတွင်ပင် သူတို့ ဆက်လက်အသာစီးရနိုင်သည်ဟု ယုံကြည်နေကြသည်။
သို့သော် လက်တွေ့တွင်မူ ဘော့ဘ်က သူတို့နှစ်ဦးစလုံး၏ ဖဲများကို မြင်နေရပြီး သူတို့ကမူ ဘော့ဘ်၏ ဖဲများကို မမြင်ရပေ။ ထို့အပြင် ဘော့ဘ်သည်လည်း သူတို့၏ ဖဲများကို မမြင်ရဟု သူတို့က ထင်မှတ်နေကြသည်။ ဤအခြေအနေမျိုးတွင် ဘော့ဘ်၏ အားသာချက်မှာ အပြတ်အသတ် ရှင်းလင်းနေခဲ့ပြီ ဖြစ်သည်။
သူတို့၏ ယုံကြည်မှုကို အပြည့်အဝရရှိရန်အတွက် ဘော့ဘ်သည် တမင်တကာပင် နောက်ထပ် အနည်းငယ်မျှ ထပ်မံရှုံးပေးလိုက်ရာ သူတို့၏ စိတ်ဓာတ်ကို ပိုမိုတက်ကြွစေခဲ့သည်။ သို့သော်လည်း ထို့နောက်တွင်မူ ဘော့ဘ်သည် အခြေအနေကို တဖြည်းဖြည်းချင်း ပြောင်းလဲပစ်ခဲ့သည်။
နောက်ဆုံးတွင် တစ်ဆယ့်နှစ်ကြိမ်မြောက် ဖဲပွဲတွင် ဘော့ဘ် ပထမဆုံးအကြိမ် နိုင်သွားခဲ့သည်။ တစ်ပွဲလုံး အသွားအလာမှာ ချောမွေ့မနေဘဲ အဖုအထစ်များ ရှိနေခဲ့သည်။ဘာလို့လဲဆိုတော့ ဘော့ဘ်က ဖဲကစားတဲ့နေရာမှာဝမ်ကျိနဲ့ ဆေးဗားအိတ်စ်တို့ကို ပွဲအသေးလေးတွေပဲ ပေးနိုင်စေပြီး အဆုံးအဖြတ်ပေးမယ့် ပွဲကြီးတွေကိုတော့လက်လွှတ်မခံဘဲ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားခဲ့လို့ပဲ ဖြစ်သည်။
“လခွမ်း… တပ်ခွဲမှုး ဘော့ဘ် နိုင်သွားပြီဟ။ ဒါ ပထမဆုံးအကြိမ် မလား”
“ဒီလောက်အများကြီး ရှုံးပြီးမှ နောက်ဆုံးတော့ ပြန်နိုင်ပြီဟေ့”
“တပ်ခွဲမှုး ဘော့ဘ်ရဲ့ အမူအရာကို ကြည့်ဦး၊ ဘာမှတောင် မပြောင်းလဲဘူး။ အစောပိုင်းက ရှုံးသွားတဲ့ ပိုက်ဆံတွေက သူ့အတွက် ဘာမှမဟုတ်တဲ့ပုံပဲ”
“တစ်ပွဲနိုင်တာက ကံကောင်းလို့ နေမှာပါ။ နောက် ဘာဖြစ်မလဲ ဘယ်သူသိမှာလဲ”
…
ဘော့ဘ် တစ်ပွဲနိုင်သွားသည်နှင့် ဘေးမှကြည့်နေသော ပင်လယ်ဓားပြများသည် ဝိုင်း၍ ဝေဖန်ပြောဆိုကြတော့သည်။
ရှီကီကမူ ထိုမြင်ကွင်းကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်ရုံသာ တတ်နိုင်သည်။ တစ်ပွဲတည်း နိုင်ရုံဖြင့် ဘာကိုမျှ သက်သေမပြနိုင်ပေ။
သို့သော် မုတ်ဆိတ်ဖြူ၏ အမူအရာကမူ လုံးဝကွဲပြားခြားနားနေသည်။ အချိန်ကျပြီဖြစ်ကြောင်း သူ သိလိုက်သည် - ဘော့ဘ်သည် တန်ပြန်တိုက်စစ် ဆင်နွှဲရန် စတင်လိုက်ပြီ ဖြစ်သည်။
အမှန်တကယ်ပင် ကျန်ရှိနေသော ဖဲဆယ်ပွဲတွင် ဘော့ဘ်သည် တစ်ကြိမ်သာ ရှုံးနိမ့်ခဲ့သည်။ ပွဲတိုင်းတွင် ကပ်နိုင်ခဲ့ခြင်း ဖြစ်သော်လည်း ဝမ်ကျိနှင့် ဆေးဗားအိတ်စ်တို့၏ လက်ထဲမှ ပိုက်ဆံများ လျော့နည်းသွားခြင်းကိုမူ မတားဆီးနိုင်ခဲ့ပေ။
ဤဖြစ်စဉ်တစ်လျှောက်လုံးတွင် ဝမ်ကျိနှင့် ဆေးဗားအိတ်စ်တို့ နှစ်ဦးစလုံးသည် အကြိမ်တိုင်းတွင် နိုင်ရန် လက်တစ်ကမ်းအလိုသာ လိုတော့သည်ဟု ခံစားနေရသဖြင့် စိတ်ပျက်အားမလိုအားမရ ဖြစ်နေကြသည်။
“ငါသာ အဲဒီဖဲချပ်ကို တခြားလှည့်ကွက်နဲ့ ချလိုက်ရင် သေချာပေါက် နိုင်နေတာ။”
“မင်းသာ ငါ့ကို အရင်ချခွင့်ပေးခဲ့ရင် အဲဒီပွဲ ငါတို့ နိုင်ပါတယ်”
ထိုကဲ့သို့သော စိတ်ခံစားချက်များ၏ တွန်းအားကြောင့် သူတို့သည် နောက်တစ်ပွဲတွင် ဘယ်တော့မှ ထပ်မရှုံးတော့ဟု မိမိကိုယ်ကိုယ် ယုံကြည်ကာ နောက်တစ်ပွဲကို ပြင်းပြင်းပြပြ မျှော်လင့်နေကြသည်။ ထိုစိတ်ပညာပိုင်းဆိုင်ရာ လွှမ်းမိုးမှုအောက်တွင် သူတို့သည် ပို၍ ပို၍ နက်ရှိုင်းစွာ နစ်မွန်းသွားကြတော့သည်။
မကြာမီမှာပင် သူတို့ အစောပိုင်းက နိုင်ထားသော ပိုက်ဆံအားလုံးကို ဘော့ဘ်က ပြန်လည်သိမ်းပိုက်သွားခဲ့သည်။ ထိုဖြစ်စဉ်က ဆက်လက်ဖြစ်ပွားနေခဲ့သည်။ သူတို့ ပိုက်ဆံများ စတင်ရှုံးနိမ့်လာသော်လည်း ဝမ်ကျိနှင့် ဆေးဗားအိတ်စ်တို့သည် ဖဲဝိုင်းတွင် အလွန်အမင်း စွဲလမ်းနေကြပြီဖြစ်ရာ မည်သည့်အရာကမျှ သူတို့ကို ဆွဲထုတ်၍ မရနိုင်တော့ပေ။
လူတိုင်းက အနီးကပ် စောင့်ကြည့်နေကြစဉ်မှာပင် ဝမ်ကျိနှင့် ဆေးဗားအိတ်စ်တို့ ရှေ့မှ ရတနာများသည် တဖြည်းဖြည်း လျော့နည်းလာပြီး ဘော့ဘ်၏ ရတနာပုံကြီးကမူ ပို၍ ပို၍ မြင့်မားလာခဲ့သည်။
“တပ်ခွဲမှုး ဘော့ဘ်က တကယ်ပဲ ဒီလောက်အများကြီး နိုင်သွားတာလား”
“တောက်စ်… စောစောက လူတွေပြောတော့ တပ်ခွဲမှုး ဘော့ဘ်က ဖဲမကစားတတ်ဘူးဆို။ ဘာလို့ ရုတ်တရက်ကြီး ဒီလောက် ကြမ်းသွားရတာလဲ”
“တပ်ခွဲမှုး ဘော့ဘ် ဘယ်ရီသန်းသုံးဆယ် ရှုံးခဲ့တယ်ဆိုတဲ့ ကောလဟာလကိုတောင် ငါသံသယဝင်လာပြီ”
“အဲဒါ မဟုတ်လောက်ဘူး ထင်တယ်။ ငါကတော့ ကံကောင်းလို့လို့ပဲ ထင်တုန်းပဲ။ သူ ပွဲတော်တော်များများ နိုင်ခဲ့ပေမယ့် ပွဲတိုင်းက ကပ်နိုင်ခဲ့တာလေ။ အကယ်၍ သူ တစ်ချက်လေးပဲ မှားလိုက်တာနဲ့ ရှုံးသွားမှာ”
…
ဘော့ဘ် ဆက်တိုက်နိုင်နေသည်ကို မြင်သောအခါ ပင်လယ်ဓားပြများသည် ထပ်မံ၍ ဝေဖန်ချက်ပေးကြပြန်သည်။
“တောက်စ်… ဝမ်ကျိနဲ့ ဆေးဗားအိတ်စ်တို့ကတော့ အသုံးကိုမကျဘူး။ ဖဲကို သေသေချာချာတောင် မကစားတတ်ကြဘူး”
“ဘော့ဘ်ကို ပိုက်ဆံနိုင်ခွင့်ပေးလိုက်တာက တကယ့်ကို အရှက်ခွဲတာပဲ”
ဘော့ဘ် ပွဲအတော်များများ နိုင်သွားသည်ကို မြင်ပြီးနောက် ရှီကီသည် ဝမ်ကျိနှင့် ဆေးဗားအိတ်စ်တို့၏ စွမ်းဆောင်ရည်အပေါ် သိသိသာသာ မကျေမနပ်ဖြစ်ကာ တိုးတိုးရေရွတ်လိုက်သည်။
“ဂူရာရာရာ… ရှီကီ၊ မင်း အစောပိုင်းက သိပ်ပြီး ဘဝင်မြင့်နေတာ မဟုတ်ဘူးလား”
“သူတို့ အသုံးမကျဘူးလို့ မင်းထင်ရင် မင်းကိုယ်တိုင် ဝင်ကစားပါလား”
မုတ်ဆိတ်ဖြူသည် ဘော့ဘ် နိုင်နေသည်ကို မြင်သောအခါ မိမိ၏ အာရုံခံစားမှု မှန်ကန်ကြောင်း သိလိုက်သည်။ ဘော့ဘ်သည် အစောပိုင်းက အလျှော့ပေးထားခြင်းဖြစ်ပြီး အဆုံးအဖြတ်ပေးမည့် အရေးကြီးသောအချိန်ကျမှသာ သူ၏ စွမ်းရည်အစစ်အမှန်ကို ထုတ်ပြခဲ့ခြင်း ဖြစ်သည်။ ဤအရာက ဘော့ဘ်၏ စိတ်ရှည်မှုနှင့် ဉာဏ်ပညာကို သူ့အား လေးစားမိစေသည်။ ဘော့ဘ်ကဲ့သို့ ခွန်အားကော ဉာဏ်ပညာပါ ရှိသော မည်သူမဆိုသည် ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက် ဖြစ်လာပေလိမ့်မည်။
မုတ်ဆိတ်ဖြူ၏ စကားကို ကြားသောအခါ ရှီကီသည် ခေတ္တမျှ တန့်သွားပြီး စဉ်းစားလိုက်သည်။ ၎င်းက အကြံကောင်းတစ်ခု ဖြစ်ပုံရသည်။ အကယ်၍ သူသည် ခွန်အားပိုင်းတွင် ဘော့ဘ်ကို မကျော်လွန်နိုင်ပါက ဤဖဲကစားပွဲတွင် သူ့ကို အနိုင်ယူခြင်းသည်လည်း အောင်ပွဲတစ်မျိုး ဖြစ်ပေလိမ့်မည်။
“ဟွန့်… ငါ မဝံ့ရဲဘူးလို့ မင်းထင်နေတာလား။ သုံးယောက်ပဲ ကစားရမယ်ဆိုတဲ့ စည်းကမ်းသာ မရှိရင် ဘော့ဘ်တစ်ယောက် ပိုက်ဆံတွေ ထပ်သွားယူနေရတာ ကြာလှပြီ”
ရှီကီသည် စီးကရက်ကို ပြင်းပြင်းရှူလိုက်ရင်း ပြောလိုက်သည်။ သို့သော်လည်း သူ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဖဲကစားပွဲမှာ ပြီးဆုံးသွားခဲ့ရသည်၊ အကြောင်းမှာ ဆေးဗားအိတ်စ်တွင် သူယူဆောင်လာသော ပိုက်ဆံအားလုံး ရှုံးသွားခဲ့သောကြောင့် ဖြစ်သည်။
သူ ဖဲဝိုင်းထဲ ဝင်လာသည့်အချိန်မှစ၍ တစ်ပွဲမျှ မနိုင်ခဲ့ဘဲ ယခုအခါတွင်မူ လုံးဝဆွံ့အ၍ ထိုင်နေခဲ့ရသည်။ “ဤသည်မှာ ‘ဖဲကစားတာလည်း ညံ့ဖျင်းလှသော်လည်း ကစားချင်စိတ်ကတော့ အလွန်ပြင်းပြနေသည်’ ဆိုသည့်အတိုင်း ကွက်တိပင် ဖြစ်သည်။”
ဆေးဗားအိတ်စ် တစ်ကိုယ်လုံး ပြောင်သလင်းခါသွားသည်ကို မြင်သောအခါ ဝမ်ကျိ အတော်လေး ဒေါသထွက်သွားရသည်။ ဆေးဗားအိတ်စ် ရှုံးသွားသည့် ငွေကြေးကြောင့်မဟုတ်ဘဲ လူတစ်ယောက် လျော့သွားသဖြင့် ဖဲဝိုင်းကို ဆက်မလုပ်နိုင်တော့သောကြောင့် ဖြစ်၏။ ထို့အပြင် သူကိုယ်တိုင်လည်း ရှုံးထားသည်များကို ပြန်မရသေးချေ။
“ဘယ်သူ ဝင်ကစားဦးမလဲ”
ဝမ်ကျိသည် ဖဲဝိုင်းအပြင်ပတ်ပတ်လည်ရှိ လူများကို ကြည့်ကာ တစ်ခုခုကို တွေးတောသွားသည်။ ထို့နောက် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း မျှော်လင့်တကြီး တိုက်တွန်းနှိုးဆော်သည့် လေသံဖြင့် မေးလိုက်လေသည်။
“ငါ ဆော့မယ်”
မကြာမီမှာပင် လူအုပ်ကြီးထဲမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ လူတိုင်းသည် ထိုအသံလာရာ အရပ်သို့ လှည့်ကြည့်လိုက်ကြရာ ထိုသူမှာ အခြားသူမဟုတ်ဘဲ ရှီကီ ပင် ဖြစ်တော့သည်။