အပိုင်း (၇၄) လူမိုက်များနှင့်လောင်းကစားလုပ်ခြင်း
တစ်ရက်တာ ကုန်လွန်သွားခဲ့သည်။ သည်နေ့တွင် ရော့ခ်ပင်လယ်ဓားပြအဖွဲ့ သင်္ဘော၏ ကုန်းပတ်ထက်၌ ပင်လယ်ဓားပြအချို့ စုဝေးကာ တစ်စုံတစ်ခုကို အသည်းအသန် ဆွေးနွေးနေကြသည်။ အကယ်၍ မည်သူမဆို ထိုနားမှ ဖြတ်လျှောက်သွားပါက ၎င်းတို့၏ ပြောဆိုသံများကို အတိုင်းသား ကြားရပေလိမ့်မည်။
"မင်း ကြားပြီးပြီလား... တပ်ခွဲမှူး ဘော့ဘ်က ဝမ်ကျိ၊ တပ်ခွဲမှူး ဆေးဗားအိတ်စ်တို့နဲ့ လောင်းကြေးထပ်ဖဲကစားမလို့တဲ့"
"တကယ်ကြီးလား... မင်းကို ဘယ်သူပြောလဲ"
"သင်္ဘောပေါ်ကလူတွေ အကုန်လုံး ဒါပဲ ပြောနေကြတာလေ။ ဒါတင်မကသေးဘူး... ပြီးခဲ့တဲ့တစ်ခေါက်သွားကစားတုန်းကလည်း တပ်ခွဲမှူး ဘော့ဘ်က ဘယ်ရီ သန်း ၃၀ တောင် ရှုံးသွားတယ်လို့ ကြားတယ်"
"တပ်ခွဲမှူး ဘော့ဘ်က ဘယ်ရီ သန်း ၃၀ တောင် ရှုံးသွားတယ်ဟုတ်လား... သူလို သန်မာတဲ့လူတစ်ယောက်က လောင်းကစားမှာ ဒီလောက်အထိ ညံ့လိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးမိဖူးဘူး"
"ဒါကတော့ သိပ်တော့ မဆန်းပါဘူးကွာ... တပ်ခွဲမှူး ဂျွန်က ဒီလိုနေရာမျိုးမှာ ဝါရင့်အဆင့်အတန်းမှန်ပဲဥစ္စာ"
"ငါတော့ သွားကြည့်မှဖြစ်မယ်။ တပ်ခွဲမှူးအချင်းချင်း လောင်းကစားလုပ်တာကို မြင်ရဖို့ဆိုတာ ခဲယဉ်းတယ်ကွ။ ဒါက ကြည့်ကောင်းမယ့် ပွဲကောင်းတစ်ပွဲပဲ။ နောက်ဆုံးမှာ ဘယ်သူနိုင်မလဲဆိုတာ တကယ် သိချင်မိတယ်"
"လာစမ်းပါကွာ... ဒါကတော့ သိသာကြီးပဲဥစ္စာ... တပ်ခွဲမှူး ဝမ်ကျိ နိုင်မှာပေါ့။ တကယ့်မေးခွန်းက ဒီတစ်ခေါက်မှာ တပ်ခွဲမှူး ဘော့ဘ် ဘယ်လောက်ထပ်ရှုံးမလဲဆိုတာပဲ"
ထိုပင်လယ်ဓားပြအနည်းငယ်တင်မကဘဲ ဘော့ဘ်၊ ဝမ်ကျိနှင့် ဆေးဗားအိတ်စ်တို့ ဖဲကစားကြမည့် သတင်းသည် ရော့ခ်ပင်လယ်ဓားပြအဖွဲ့ သင်္ဘောတစ်စင်လုံးသို့ တောမီးပမာ ပျံ့နှံ့သွားခဲ့သည်။
ဘော့ဘ်သည် သည်သတင်းကြောင့် အတော်လေး စိတ်အနှောင့်အယှက် ဖြစ်ရသည်။ သူ ငွေရှုံးသည်ဟူသော ကောလာဟလကြောင့်မဟုတ်ဘဲ မကြာမီ ကျင်းပတော့မည့် ပွဲစဉ်အပေါ် ရုတ်တရက် အာရုံစိုက်မှု များပြားလာခြင်းကြောင့် ဖြစ်သည်။ သည်အတိုင်း ကောလာဟလ ထွက်နေရုံမျှဖြင့်ပင် သူ့ထံမှ ငွေသန်းပေါင်းများစွာ ဆုံးရှုံးနေရသကဲ့သို့ ခံစားရစေသည်။
မူလက ဘော့ဘ်သည် ဝမ်ကျိနှင့် ဆေးဗားအိတ်စ်တို့ကို အသာစီးရယူကာ တိတ်တဆိတ် အမြတ်ထုတ်ရန် အစီအစဉ်ရှိခဲ့သည်။ ထို့နောက်မှ သူ၏ စွမ်းရည်များကို အသုံးပြု၍ အခြားအဖွဲ့သားများထံမှ အချိန်ယူကာ ငွေများ ပိုမိုနိုင်ယူရန် ဖြစ်သည်။ သို့သော် ယခုမူ ထိုအစီအစဉ်မှာ ပျက်စီးသွားခဲ့ရချေပြီ။
မျှော်လင့်ထားသည့်အတိုင်းပင် အခြားအဖွဲ့သားများသည် ထိုသတင်းကို ကြားရသောအခါ အံ့အားသင့်ရုံသာမက စိတ်ဝင်တစားလည်း ဖြစ်သွားကြသည်။ ရော့ခ်ပင်လယ်ဓားပြအဖွဲ့ သင်္ဘောပေါ်တွင် လောင်းကစားလုပ်ခြင်းဟူသည် အဆန်းတကြယ်မဟုတ်ပေ။ ပင်လယ်ဓားပြများ လုယက်တိုက်ခိုက်လာသော ရတနာများကို ကုန်းပေါ်တွင် ဖြုန်းတီးပစ်လေ့ရှိကြပြီး သို့မဟုတ်ပါက သင်္ဘောပေါ်ရှိ အမျိုးမျိုးသော လောင်းကစားဝိုင်းများမှတစ်ဆင့် အဖွဲ့သားများအကြား လှည့်လည်စီးဆင်းနေတတ်သည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် လောင်းကစားလုပ်ခြင်းသည် ပင်လယ်ပြင်ထက်မှ ဖျော်ဖြေရေးတစ်မျိုးဖြစ်ပြီး ပျင်းရိငြီးငွေ့စရာကောင်းသော အချိန်များကို သတ်ဖြတ်ရန် နည်းလမ်းတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် အဖွဲ့သားများ၏ ထက်ဝက်နီးပါးမှာ အချိန်တစ်ခုတွင် လောင်းကစားဝိုင်းသို့ ဝင်ရောက်စမ်းသပ်ဖူးကြသည်။
ယခုအခါ ဘော့ဘ်သည် ဘယ်ရီ သန်း ၃၀ အထိ ရှုံးနိမ့်ထားသည်ဟု သတင်းထွက်နေသော်လည်း ဆေးဗားအိတ်စ်၊ ဝမ်ကျိတို့နှင့် ကစားရန် ပြင်ဆင်နေခြင်းက လောင်းကစားဝါသနာအိုးများအပြင် ဘော့ဘ် အရှက်ကွဲသည်ကို မြင်ချင်ကြသူများ၏ စိတ်ဝင်စားမှုကို အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့သည်။
အထူးသဖြင့် ရှီကီ ဖြစ်သည်။
ဘော့ဘ်၏ အကြီးအကျယ် ရှုံးနိမ့်မှုအကြောင်းကို ကြားရသောအခါ ရှီကီသည် အလွန်အမင်း ကျေနပ်အားရစွာဖြင့် ဆေးလိပ်ပြင်းများကို တစ်လိပ်ပြီးတစ်လိပ် သောက်နေခဲ့သည်။ ဘော့ဘ်ကဲ့သို့ ချမ်းသာကြွယ်ဝသူတစ်ဦးအတွက် ဘယ်ရီ သန်း ၃၀ ဆိုသည်မှာ သိပ်မပြောပလောက်ကြောင်း သူ သိသည်။ သို့သော် ဘော့ဘ်ကဲ့သို့ လူမျိုး ထိခိုက်နစ်နာသည်ကို မြင်ရခြင်းကပင် သူ့အတွက် စိတ်ကျေနပ်စရာ ကောင်းလှသည်။
ဘော့ဘ်သည် ဝမ်ကျိ၊ ဆေးဗားအိတ်စ်တို့နှင့် ထပ်မံလောင်းကစားဦးမည်ကို သိလိုက်ရသောအခါ ရှီကီသည် ပို၍ပင် စိတ်လှုပ်ရှားသွားခဲ့သည်။ ယခုတစ်ကြိမ်တွင် ဘော့ဘ် ရှုံးနိမ့်သည်ကို လူကိုယ်တိုင် သွားရောက်ကြည့်ရှု ခံစားနိုင်မည်ဖြစ်သောကြောင့်ဖြစ်သည်။
သည်အတွေးဖြင့်ပင် ရှီကီသည် သူ၏ စိတ်လှုပ်ရှားမှုကို ဆက်လက်မထိန်းချုပ်နိုင်တော့ဘဲ ဘော့ဘ်အား သွားရောက်လှောင်ပြောင်ရန် ဆုံးဖြတ်လိုက်သည်။
သည်အချိန်တွင် ဘော့ဘ်သည် သင်္ဘောပေါ်၌ ၎င်း၏ လေ့ကျင့်ခန်းများကို ခုတင်ပဲ အဆုံးသတ်ထားစဲရှိသေးသည်။ စိတ်အပန်းဖြေရန် မျှော်လင့်နေစဉ်မှာပင် ရှီကီသည် သူ့ထံသို့ လျှောက်လှမ်းလာသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။
"ဂီးဟားဟားဟား..."
"ဘော့ဘ်... မင်း ပြီးခဲ့တဲ့တစ်ခေါက်က ဘယ်ရီ သန်း ၃၀ ကျော် ရှုံးသွားတယ်လို့ ငါ ကြားတယ် ဟုတ်လား"
ရှီကီသည် ဘော့ဘ်ကို မြင်မြင်ချင်းပင် မျက်နှာတွင် လှောင်ပြုံးတစ်ခု ဆင်မြန်းလျက် သည်အကြောင်းအရာကို စက္ကန့်မဆိုင်းဘဲ စကားစတင်လိုက်သည်။
"အို... မင်းရဲ့ သတင်းပေးက တော်တော်လေး အလုပ်တွင်တာပဲ။ ဒီလောက်မြန်မြန် ကြားလိုက်ရတယ်ပေါ့" ဘော့ဘ်က ဂရုမစိုက်ဟန်ဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။ "ဘာလဲ... မင်းက ငါ့ကို စိတ်သက်သာရာရအောင် ငွေလာပေးမလို့လား"
ဘော့ဘ်သည် မိမိကိုယ်ကိုယ် ရှင်းလင်းချက်ထုတ်ရန် သို့မဟုတ် ထိုကောလာဟလကို ပြင်ဆင်ရန် အားမထုတ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် နောက်တစ်ပွဲတွင် သူ အနိုင်ရရှိသည်နှင့်တစ်ပြိုင်နက် အမှန်တရားက အလိုအလျောက် ပေါ်ထွက်လာမည်ဖြစ်သောကြောင့် ဖြစ်သည်။
"ဒီသင်္ဘောတစ်စင်လုံးမှာ အချမ်းသာဆုံးလူဖြစ်တဲ့ မင်းက ငါ့ဆီက ငွေလိုဦးမှာလား" ရှီကီသည် နှာခေါင်းရှုံ့လျက် ပျင်းရိပျင်းတွဲ လေသံဖြင့် ဆက်ပြောသည်။ "ဒါပေမဲ့ မင်းမှာ ငွေတွေရှိနေရင်တောင် ဒါမျိုးကို ဒီလိုပဲ သုံးပစ်ရမှာလား။ ဝမ်ကျိနဲ့ ဆေးဗားအိတ်စ်တို့နဲ့ကစားမှာလား..."
"မင်း တကယ်ပဲ သူတို့ကို နိုင်မယ်လို့ ထင်နေတာလား။ ရိုးရိုးသားသား ပြောရရင် မင်းရဲ့ ငွေတွေကို ငါ့ဆီပဲ ပေးလိုက်တာက ပိုကောင်းဦးမယ်။ ညဘာဘဲဖြစ်ဖြစ်အနည်းဆုံးတော့ ငါက မင်းထက် ငွေကုန်နှေးဦးမှာပဲ" ရှီကီသည် ဆေးလိပ်ပြင်းကို အားပါးတရ ရှိုက်ဖွာလိုက်ပြီး လှောင်ပြောင်သရော်သည့် အပြုံးဖြင့် ဆိုသည်။
"ရှီကီ... မင်း ပြီးခဲ့တဲ့တစ်ခေါက်က ငါ့ကို ဘာလို့ ရှုံးလဲဆိုတာ သိလား" ဘော့ဘ်သည် ထိုလှုံ့ဆော်မှုများကို လျစ်လျူရှုကာ ပေါ့ပေါ့ပါးပါးပင် ပြန်လည်မေးခွန်းထုတ်လိုက်သည်။
"ဘာလို့လဲ" ရှီကီသည် နားမလည်နိုင်ဘဲ မျက်မှောင်ကုတ်သွားသည်။
"ဘာလို့လဲဆိုတော့ မင်းမှာ အားလပ်ချိန်တွေ သိပ်များနေလို့လေ" ဘော့ဘ်က မျက်လုံးအသာဝေ့ကာ ဆက်ပြောသည်။ "ဒီလို အားနေမယ့်အချိန်မှာ မင်းကိုယ်မင်း ပိုသန်မာအောင် လေ့ကျင့်တာမျိုး မလုပ်သင့်ဘူးလား"
ထိုစကားကို ကြားရသောအခါ ရှီကီ၏ မျက်နှာသည် ပျက်ယွင်းသွားခဲ့သည်။ သူသည် ဒေါသတကြီး ပေါက်ကွဲလုနီးပါး ဖြစ်သွားသော်လည်း တိုက်ခိုက်ရလျှင် ဘော့ဘ်ကို အမှန်တကယ် မနိုင်နိုင်ကြောင်း လျင်မြန်စွာ သတိရသွားသည်။ ထို့ကြောင့် သူသည် နှာခေါင်းမှုတ်လျက် စောင်းချိတ်သည့် စကားတစ်ခွန်းကိုသာ ပစ်ပေါက်နိုင်ခဲ့သည်။
"ဟွန်း..မင်း ဒီတစ်ခေါက် ဘယ်လောက်အထိ အရှက်ကွဲပြီးရှုံးမလဲဆိုတာကို ငါ စောင့်ကြည့်နေမယ်"
ထိုသို့ပြောပြီးနောက် ရွှေခြေင်္သေ့ ရှီကီသည် ၎င်း၏ ဝတ်ရုံကို ခပ်တည်တည်ဖြင့် ခါထုတ်ကာ ထွက်ခွာသွားခဲ့သည်။
ဘော့ဘ်သည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ "ဒီကောင်ကတော့ အပြောခံရဖို့ကို အမြဲတမ်း တကူးတက လာတာပဲ"
ဘော့ဘ်၊ ဝမ်ကျိနှင့် ဆေးဗားအိတ်စ်တို့အကြား လောင်းကစားပွဲပြုလုပ်မည့် အချိန်ကို ယနေ့ မွန်းလွဲပိုင်းဟု သတ်မှတ်ထားသည်။ အနောက်ဘက်သို့ ယိုင်နေသော နေမင်းသည် တဖြည်းဖြည်း နိမ့်ဆင်းလာနေပြီဖြစ်ရာ အချိန်က နီးကပ်လာခဲ့ပြီ ဖြစ်သည်။
မူလက ဘော့ဘ်သည် ၎င်း၏ ကိုယ်ပိုင်အခန်းတွင်း၌သာ ကစားရန် အကြံပြုခဲ့သော်လည်း သည်ပွဲစဉ်အပေါ် အဖွဲ့သားများ၏ စိတ်ဝင်စားမှုမှာ ဟုန်းဟုန်းတောက်နေသဖြင့် အားလုံးက မြင်တွေ့လိုကြသည်။ အဖွဲ့သားများ၏ တောင်းဆိုမှုဒဏ်ကြောင့် ၎င်းတို့သည် လောင်းကစားဝိုင်းကို ပင်မကုန်းပတ်၏ အလယ်ဗဟို၊ လေဟာပြင် နေရာတစ်ခုတွင် ပြင်ဆင်ရန် ဆုံးဖြတ်လိုက်ကြသည်။
သည်နေရာကို ရွေးချယ်ရသည့် အကြောင်းရင်းမှာ ရိုးရှင်းပါသည်—ကြည့်ရှုသူများအတွက် အလွယ်တကူ မြင်ကွင်းကျယ်ကျယ်နှင့် ရှင်းလင်းစွာ မြင်တွေ့နိုင်စေရန် ဖြစ်သည်။
ရော့ခ်ပင်လယ်ဓားပြအဖွဲ့ သင်္ဘောပေါ်တွင် လောင်းကစား ကိရိယာမျိုးစုံ အပြည့်အစုံ ရှိနေသည်။ အံစာတုံး၊ ဖဲချပ်၊ အံစာတုံးခွက်စောင်း၊မြှားပစ်ဂိမ်း—ကာစီနိုတစ်ခုတွင် ရှိသမျှအရာအားလုံးကို သင်္ဘောပေါ်၌ ရှာဖွေတွေ့ရှိနိုင်သည်။ ထိုပစ္စည်းကိရိယာအားလုံးကို စုစည်းလိုက်ပါက အချိန်တိုအတွင်း၌ပင် အပြည့်အဝ လည်ပတ်နိုင်သော ကာစီနိုတစ်ခုကိုပင် လက်ငင်း စတင်နိုင်ပေသည်။
ယခုပွဲစဉ်အတွက် ဘော့ဘ်၊ ဝမ်ကျိနှင့် ဆေးဗားအိတ်စ်တို့သည် ဖဲကစားနည်းကို ရွေးချယ်ခဲ့ကြသည်—အထူးသဖြင့် ဘော့ဘ် ကျွမ်းကျင်နားလည်သော ကစားနည်းမျိုး ဖြစ်သည်။
ကုန်းပတ်အလယ်တွင် စတင်ပြင်ဆင်ထားသော စားပွဲဝိုင်းတွင် ဘော့ဘ်၊ ဝမ်ကျိနှင့် ဆေးဗားအိတ်စ်တို့သည် ဝိုင်းဖွဲ့ထိုင်လိုက်ကြသည်။ ၎င်းတို့သည် အချင်းချင်း ခေတ္တမျှ သိတတ်နားလည်သည့် အပြုံးများ ဖလှယ်လိုက်ကြသော်လည်း တစ်ဦးချင်းစီတွင် ကိုယ်ပိုင် တွက်ချက်မှုများနှင့် အကြံအစည်များ ရှိနေကြသည်။
"ဘော့ဘ်... ဖဲကစားတာလေးတစ်ခုက အဖွဲ့သားတွေဆီကနေ ဒီလောက်တောင် အာရုံစိုက်မှု ခံရလိမ့်မယ်လို့ ငါ မထင်ထားမိဘူးကွာ" ဝမ်ကျိက စိတ်မသက်မသာ ဖြစ်ရဟန် ဟန်ဆောင်လျက် မှတ်ချက်ပြုသည်။ သူသည် ရတနာများနှင့် ငွေကြေးများ ပြည့်နှက်နေသော အိတ်ကြီးတစ်အိတ်ကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်သည်။
အဖွဲ့သားများသည်လောင်းကစားပွဲအကြောင်းကို မည်သို့ကြောင့် သိရှိသွားရသနည်းဟူမူ ဝမ်ကျိကိုယ်တိုင်က သတင်းလွှင့်ခဲ့ခြင်းကြောင့် ဖြစ်သည်။လူအုပ်ကြီးကို သက်သေအဖြစ် ဆွဲခေါ်လာရခြင်းမှာ သူ့တွင် အကြံရှိသည်။ ပွဲအခြေအနေမလှ၍ ဘော့ဘ်တစ်ယောက် အရှုံးမခံဘဲ မျက်နှာပြောင်တိုက် ငြင်းဆိုလာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ဝိုင်းဝိုင်းလည် စောင့်ကြည့်နေကြသည့် မျက်လုံးပေါင်းများစွာ ရှေ့မှောက်တွင်တော့ ဘော့ဘ်အနေဖြင့် လောင်းကြေးကို ကျောခိုင်းသွားရန် ဘယ်လိုမှ မဖြစ်နိုင်တော့ချေ။
"ဘယ်သူသိမှာလဲ" ဘော့ဘ်က ဝမ်ကျိနှင့် ဆေးဗားအိတ်စ် နှစ်ဦးလုံးကို တစ်ချက် ကြည့်လိုက်ရင်း ပြန်လည်ဖြေကြားသည်။ ထို့နောက် သူက စောင်းမြောင်းသော လေသံဖြင့် ဆက်ပြောသည် "ဒါပေမဲ့ ဒီသတင်းကို ဘယ်သူပဲ ဖြန့်ဖြန့်... သူ မွေးလာတဲ့ ကလေးတွေ ဖင်ပေါက်ပိတ်ပြီး အပုပ်နံ့နံပါစေလို့ ငါ မျှော်လင့်တယ်"
သည်သတင်းကို မည်သူဖြန့်ဝေခဲ့သည်ကို ဘော့ဘ် အသေအချာ မသိသော်လည်း ဧကန်မုချ ၎င်းတို့နှစ်ဦးထဲမှ တစ်ဦး သို့မဟုတ် နှစ်ဦးလုံး ဖြစ်ရမည်။ အဘယ်ကြောင့်ဆိုသော် ဘော့ဘ်ပြောခဲ့သည့် ဘယ်ရီ သန်း ၃၀ အရှုံးအကြောင်းကို ဂျွန်က မသိရှိခဲ့သောကြောင့် ဖြစ်သည်။
ထိုမျှ ပြင်းထန်သော ဆဲရေးတိုင်းထွာမှုကို ကြားလိုက်ရသောအခါ ဝမ်ကျိသည် ခေတ္တမျှ စကားအမ်းသွားခဲ့သည်။ သူသည် ယင်ကောင်တစ်ကောင်ကို မျိုချလိုက်ရသကဲ့သို့ မျက်နှာပျက်သွားပြီး အချိန်အတော်ကြာအောင် ပြန်လည် မတုံ့ပြန်နိုင်ခဲ့ပေ။
"အဟမ်း... ကဲ၊ စလိုက်ကြစို့" ဝမ်ကျိသည် အနေရခက်စွာဖြင့် ချောင်းဟန့်လိုက်ပြီး ဖဲထုပ်ကို ကောက်ကိုင်လိုက်သည်။
ထိုအချိန်တွင် ကုန်းပတ်တစ်ဝိုက်၌ စုဝေးနေကြသော ကျန်ရှိသည့် အဖွဲ့သားများသည်လည်း သည်ပွဲကိုကြည့်ရှုရန်အတွက် သဲသဲလှုပ် တိုးဝှေ့လာကြတော့သည်။