အပိုင်း (၇၃) ဝမ်ကျိနှင့် ဆေးဗားအိတ်စ်တို့ ရောက်ရှိလာခြင်း
"ကဲ... မင်းတို့ ဘယ်လိုထင်လဲ။"
အခန်းတစ်ခုအတွင်း၌ ဝမ်ကျိ၊ ဂျွန်နှင့် ဆေးဗားအိတ်စ်တို့ သုံးဦးသား အတူတကွထိုင်ကာ အရေးကြီးကိစ္စတစ်ခုကို တိုင်ပင်ဆွေးနွေးနေကြသည်။ ပထမဆုံး စကားစတင်ပြောကြားလိုက်သူမှာ ငွေရောင်သံမဏိဝတ်စုံကို ဆင်မြန်းထားသည့် ဆေးဗားအိတ်စ် ဖြစ်သည်။ ဂျွန်တစ်ယောက် ဘော့ဘ်နှင့် သွားရောက်တွေ့ဆုံခဲ့ပြီးပြီဟု ကြားသိရလျှင်ပင် သူသည် အသေးစိတ်အချက်အလက်များကို မေးမြန်းရန် စိတ်စောနေခဲ့ပြီး အထူးသဖြင့် ဘော့ဘ်၏ တုံ့ပြန်ပုံ အမူအရာကို သိရှိလိုနေသည်။
"စိတ်အေးအေးထားစမ်းပါကွာ။ ငါကိုယ်တိုင် ကြားခံလူအဖြစ် လုပ်ပေးနေတာပဲ... ဘာပြဿနာရှိလို့လဲ။" ဂျွန်က ဆေးဗားအိတ်စ်ကို ကြည့်ကာ ယုံကြည်ချက်အပြည့်ရှိသော အပြုံးဖြင့် ပြောလိုက်သည်။
"ဟားဟားဟား... ဒါနဲ့ ဘော့ဘ်က ဘယ်လိုသဘောထားရှိလဲ။" ဝမ်ကျိကလည်း စိတ်မထိန်းနိုင်ဘဲ ကြားဖြတ်မေးမြန်းလိုက်သည်။
သူတို့ သုံးဦးစလုံးသည် အရာအားလုံးကို ကြိုတင်စီစဉ်ထားပြီး ဖြစ်သည်။ ပထမဦးစွာ ဂျွန်က ဘော့ဘ်ထံသို့သွား၍ ဖဲကစားပွဲအကြောင်း လမ်းခင်း စကားစမည်ဖြစ်ပြီး၊ ထို့နောက်မှ ဝမ်ကျိနှင့် ဆေးဗားအိတ်စ်တို့က ဘော့ဘ်ထံသို့ ထပ်မံချဉ်းကပ်ကာ စကားပြောကြမည် ဖြစ်သည်။ ဤအစီအစဉ်မှာ ဘော့ဘ်၏ သဘောထားကို အကဲခတ်ရန် ဖြစ်သည်။ အကယ်၍ ဘော့ဘ်က ဆက်လက်ကစားလိုသည့် ဆန္ဒရှိနေပါက ၎င်းတို့နှစ်ဦးစလုံးအနေဖြင့် ယခုကဲ့သို့သော အခွင့်အရေးကောင်းကို လက်လွှတ်ခံမည်မဟုတ်ပေ။ တကယ်လို့ ဘော့ဘ်က တွန့်ဆုတ်နေပါကလည်း ဂျွန်က ဘေးမှနေ၍ ဆွယ်ပေးလိမ့်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယခုကစားပွဲမှ သူတို့ အပိုင်အနိုင် ရရှိတော့မည်ဟု ဝမ်ကျိက အသေအချာ ယုံကြည်နေခဲ့သည်။
"မင်းတို့ မသိလို့ပါ။ မနေ့က ငါနဲ့ လောင်းကြေးထပ်တုန်းကတောင် ဘော့ဘ်က ဆက်ကစားချင်နေသေးတာ။ ငါသာ ကြားထဲက မတားလိုက်ရင် သူ အခုထိ ကစားနေတုန်း ဖြစ်လိမ့်မယ်။"
"ဒီတစ်ခါလည်း ငါက စကားစလိုက်ရုံရှိသေးတယ်... သူ ချက်ချင်းပဲ အစာငမ်းငမ်းတက် ဟပ်တော့တာပဲ။"
"ဒါကြောင့် ခဏနေရင် မင်းတို့ သွားတွေ့လိုက်တော့၊ သူ အဆင်သင့် ဖြစ်နေပြီ။" ဂျွန်က တည်ငြိမ်စွာ ပြောဆိုရင်း ကျန်နှစ်ဦးကို အဓိပ္ပာယ်ပါပါ မျက်စိမှိတ်ပြလိုက်သည်။
"မထူးဆန်းပါဘူးလေ။ လောင်းကစားက တကယ် စွဲလမ်းဖို့ကောင်းတာကိုး။ ဘော့ဘ်က ပိုက်ဆံလည်း ရှိတယ်၊ ငယ်လည်းငယ်သေးတော့ ရှုံးထားတာတွေကို အကုန်ပြန်လိုချင်မှာ အမှန်ပဲ။" ဂျွန်၏ စကားကို ကြားရသောအခါ အရာအားလုံး အဆင်ပြေချောမွေ့နေပြီဖြစ်ကြောင်း သိရှိသွားသဖြင့် ဆေးဗားအိတ်စ်ကလည်း ထောက်ခံပြောဆိုလိုက်သည်။
"ဒါနဲ့ ဂျွန်... ဒီတစ်ခါပွဲမှာ မင်းရော ဝင်ကစားဦးမှာလား။" ဝမ်ကျိက ခဏမျှ စဉ်းစားပြီးနောက် လှမ်းမေးလိုက်သည်။
"ငါက ဘာလို့ ဝင်ကစားရမှာလဲ။ ဘော့ဘ်က ငါနဲ့ ထပ်ကစားလိမ့်မယ်လို့ မင်း ထင်နေတာလား... သူအဲ့လောက်တော့မအလောက်ဘူးလေ” ဂျွန်က အနည်းငယ် စိတ်ပျက်လက်ပျက် လေသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
ဝမ်ကျိက ခေါင်းညိတ်လိုက်သည်။ သူ ထိုအချက်ကို သတိမထားမိခဲ့ပေ။ ဂျွန်၏လက်ထဲတွင် ဘယ်ရီသန်းငါးရာအထိ ရှုံးနိမ့်ထားခဲ့ပြီးနောက် ဘော့ဘ်အနေဖြင့် ဂျွန်နှင့် ထပ်မံကစားရန် မည်သို့မျှ အကြောင်းမရှိချေ။ ထိုသို့ ထပ်မံကစားမည်ဆိုပါက ပိုက်ဆံများလွန်း၍ ဘယ်မှာ သုံးရမှန်းမသိဘဲ လူတစ်ယောက်တည်းကိုပင် နှစ်ကြိမ်ဆက်တိုက် လာရောက်အရှုံးပေးနေခြင်းသာ ဖြစ်ပေလိမ့်မည်။
"ဒါနဲ့... ငါ ဘော့ဘ်ကို ပြောထားတာက မင်းတို့နှစ်ယောက်စလုံးက ဖဲကစားတာ ညံ့ဖျင်းကြတယ်လို့ ပြောထားတာ၊ ဒါကြောင့် သူတို့ ရှေ့ကျရင် လူမိမသွားစေနဲ့ဦး။" ဂျွန်က ထပ်မံ သတိပေးလိုက်သည်။
"သိပြီ... သိပြီ။"
"ငါတို့ အခုပဲ သူ့ဆီ သွားရှာပြီး သူ့ရဲ့ တုံ့ပြန်မှုကို သွားကြည့်လိုက်မယ်။"
"ကဲ... သွားကြစို့။"
ပြောပြောဆိုဆိုဖြင့် ဆေးဗားအိတ်စ်နှင့် ဝမ်ကျိတို့သည် ထိုင်နေရာမှထကာ ဘော့ဘ် ရှိရာနေရာသို့ တည့်တည့် ဦးတည်သွားကြတော့သည်။ ဂျွန်ကမူ ယခုတစ်ကြိမ်တွင် လိုက်ပါသွားခြင်း မရှိပေ။ ဘော့ဘ်နှင့် ပတ်သက်၍ သူ စိုးရိမ်ပူပန်ခြင်း မရှိလှပေ။ ဘော့ဘ်၏ လည်ပုံအကွက်စိပ်ပုံကို သိထားသဖြင့် ယခုကဲ့သို့ အကွက်ဆင် ဟန်ဆောင်ပြရုံမျှက သူ့အတွက် စာဖွဲ့လောက်သည့် ကိစ္စ မဟုတ်ကြောင်း သိနေသောကြောင့် ဖြစ်သည်။
.....
ကုန်းပတ်ပေါ်တွင် ဘော့ဘ်သည် သင်္ဘော၏ လက်ရန်းကို မှီလျက် ပင်လယ်လေညင်းကို ခံစားရင်း လှိုင်းလုံးများ တရိပ်ရိပ် ပြေးလွှားနေသည်ကို ကြည့်ရှုနေသည်။ သူသည် ဝမ်ကျိနှင့် ဆေးဗားအိတ်စ်တို့ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ သူ မျှော်လင့်ထားသည့်အတိုင်းပင် နောက်ကျောဘက်မှ ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ဘော့ဘ်... အေးအေးလူလူ အနားယူနေတာလား။" ဝမ်ကျိသည် လက်ရန်းအနားတွင် အပန်းဖြေနေသော ဘော့ဘ်ကို လှမ်းမြင်သဖြင့် စကားစမြည် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ထိုအသံကို ကြားသောအခါ ဘော့ဘ်က လှည့်ကြည့်လိုက်ပြီး...
"ဝမ်ကျိ... ဆေးဗားအိတ်စ်။" ဟု နှုတ်ဆက်လိုက်သည်။
"တပ်ခွဲမှုး နှစ်ယောက်စလုံး ပင်လယ်ရှုခင်းကြည့်ဖို့ ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာကြတာလဲ။"
"ဟားဟား..."
"ပင်လယ်ပြင်ရဲ့ အေးချမ်းတဲ့ ဘဝကို မခံစားရတာ ကြာပြီလေ။ ဒါကြောင့်လေကောင်းလေသန့်လေး ရအောင် ထွက်လာရင်း မင်းနဲ့ ဒီမှာ ဒီလို လာဆုံလိမ့်မယ်လို့ မထင်ထားမိဘူး။" ဝမ်ကျိက ရယ်မောရင်း လိုက်လျောညီထွေစွာ တုံ့ပြန်လိုက်ပြီး ဘော့ဘ်ကို ဘေးတစ်ဖက်တစ်ချက်စီမှ ညှပ်ပိတ်မိစေရန် အနားသို့ တိုးကပ်လာခဲ့သည်။
၎င်းကို မြင်သောအခါ ဘော့ဘ်က မျက်မှောင်ကြုတ်လိုက်မိသည်။ ဤလူများက သူ ထွက်ပြေးသွားမည်ကို စိုးရိမ်နေကြခြင်းလော။
"မနေ့က မင်းနဲ့ ဂျွန်တို့ သွားကစားကြတုန်းက စိတ်ဝင်စားစရာ ဇာတ်လမ်းတချို့ ကြားမိတယ်ဗျာ။ အဲဒီတုန်းက ငါပါ အတူတူ မလိုက်ဖြစ်ခဲ့တာကို တောင် နောင်တရမိတယ်။" ဝမ်ကျိက စကားလမ်းကြောင်းလွှဲကာ ဘော့ဘ်နှင့် အထွေထွေ စကားပြောဆိုရင်း အဓိက အကြောင်းအရာကို ဆွဲထုတ်ရန် မကြာသေးမီက ကိစ္စကို ဖြည်းဖြည်းချင်း စကားစပ်လိုက်သည်။
"အဲဒါက ပြောလောက်စရာ မရှိပါဘူးဗျာ။ အခြေအနေက ဒီလို ဖြစ်ပျက်သွားမယ်မှန်း ကြိုသိရင် ငါ လုံးဝ သွားမှာ မဟုတ်ဘူး။" ဘော့ဘ်က ခေါင်းကို ခါယမ်းလိုက်ရင်း သက်ပြင်းချကာ ပြောလိုက်သည်။
ဝမ်ကျိက မျက်ခုံးအနည်းငယ် ပင့်မိသွားပြီး ဆက်မေးလိုက်သည်။ "အော်... ဘာလို့လဲဗျ။"
"အတိုင်းသား ပြောရရင်တော့... ဒီတစ်ခါ ဂျွန်နဲ့ အပြင်ထွက်တုန်းက ငါ ပိုက်ဆံ နည်းနည်း ရှုံးသွားလို့ပါ။"
"ဘယ်ရီ သန်းသုံးဆယ်တောင် ရှုံးသွားတာဗျာ။" ဘော့ဘ်က သက်ပြင်းချကာ ခေါင်းကို ခါယမ်းလိုက်ပြီး သူ၏ လေသံတွင် အကူအညီမဲ့မှုနှင့် နောင်တရမှုများ အပြည့် လွှမ်းမိုးနေခဲ့သည်။
ထိုစကားကို ကြားလျှင်ပင် ဝမ်ကျိနှင့် ဆေးဗားအိတ်စ်တို့သည် အောင့်ထားရသဖြင့် ပေါက်ကွဲထွက်မတတ် ရယ်မောမိလုနီးပါး ဖြစ်သွားခဲ့ကြသည်။ သန်းသုံးဆယ် ဟုတ်လား။ အမှန်တကယ် ရှုံးနိမ့်ခဲ့သည့် ပမာဏမှာ ဘယ်ရီသန်းငါးရာ ဖြစ်ကြောင်း သူတို့ သိရှိထားသော်လည်း ဘော့ဘ်၏ မျက်နှာဖုံး အရှက်ကို ခွာချရန် သူတို့ မလုပ်ဆောင်ခဲ့ကြပေ။
"ဘယ်သူက ထင်ထားမှာလဲ။ မင်းက သံမဏိလက်မည်း ဇက်ဖာရ် ကိုတောင် မောင်းထုတ်နိုင်ခဲ့ရုံတင်မကဘဲ ဒီလို ကိစ္စမျိုးလည်း ရှိသေးတာကိုး။"
"ဒါပေမဲ့ ဖဲကစားတာက ကံတရားအပေါ်မှာပဲ မူတည်တာပါ။ ဒီတစ်ခါ မင်း ရှုံးသွားပေမဲ့ နောက်တစ်ကြိမ်ကျရင် ကံက မင်းဘက်မှာ ရှိနေနိုင်တာပဲ မဟုတ်လား။" ဝမ်ကျိက သူ၏ မုတ်ဆိတ်မွှေးကို သပ်ရင်း ပြုံးလျက် ပြောလိုက်သည်။
ဆေးဗားအိတ်စ်ကလည်း ဘေးမှနေ၍ ဝင်ရောက်ထောက်ခံလိုက်သည်။ "မှန်တာပေါ့။ ဒါတွေက ကံတရားချည်းပါပဲ။ တစ်ကြိမ်တစ်ခါ ကြီးကြီးမားမား ရှုံးနိမ့်ဖူးပေမဲ့ နောက်တစ်ခါကျရင် အလှည့်အပြောင်း ဖြစ်လာနိုင်တာပဲ။"
"ဘယ်သူ သိနိုင်မှာလဲ။"
"ကစားကြည့်မှပဲ သိမှာပေါ့။ ကံဆိုးတာက ငါတို့က သင်္ဘောပေါ်မှာ ပိတ်မိနေတော့ ဘာမှ လုပ်လို့မရဘူး ဖြစ်နေတာ။" ဘော့ဘ်က သူတို့ကို လှည့်ပင်မကြည့်ဘဲ မိုးကုတ်စက်ဝိုင်းဆီသို့သာ မျက်တောင်မခတ် ကြည့်ရှုရင်း စိတ်ပျက်အားလျော့နေသည့် လေသံမျိုးဖြင့် ပြောလိုက်သည်။
"အော်... ကြည့်ရတာ ဒီတစ်ခါ ပိုက်ဆံရှုံးသွားတာက မင်းကို တကယ်ပဲ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပုံရတယ်။" ဝမ်ကျိက ဘော့ဘ်ကို အကဲခတ်ရင်း မှတ်ချက်ပြုလိုက်သည်။
"အဲလိုတော့လည်း မဟုတ်ပါဘူး။ အဆုံးစွန်ထိ ပြောရရင် ငါက ဒီသင်္ဘောပေါ်မှာ အချမ်းသာဆုံး ပင်လယ်ဓားပြပဲလေ။ ဘယ်ရီ သန်းသုံးဆယ် ဆိုတာ ငါ့အတွက် ဘာမှမဟုတ်ပါဘူး။"
"ပျင်းစရာကောင်းလွန်းလို့ပါ" ဘော့ဘ်က ဝမ်ကျိဘက်သို့ လှည့်ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။
"ဒါဆိုရင်... ငါတို့ တစ်ခုခုလောက် ကစားကြမလား။ ငါတို့ သင်္ဘောပေါ်မှာ နေလာတာ ရက်တော်တော်ကြာပြီဆိုတော့ ပျင်းလှပြီ။ လက်တွေလည်း ယားနေတာနဲ့ အတော်ပဲ။"
"မင်း မနေ့က ရှုံးထားတဲ့ ပိုက်ဆံတွေကို ငါတို့ဆီကနေ ပြန်နိုင်အောင် ကြိုးစားကြည့်မလား။" ဝမ်ကျိသည် ဘော့ဘ် အစာငုံ့ဟပ်တော့မည့် အခြေအနေ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရှိသွားသဖြင့် နောက်ဆုံးတွင် သူ၏ စစ်မှန်သော ရည်ရွယ်ချက်ကို ထုတ်ဖော်လိုက်တော့သည်။ ယခုအခါ ဖဲကစားပွဲကို စတင်ရန်သာ ကျန်ရှိတော့သည်။
"မင်းတို့ နှစ်ယောက်နဲ့လား။"
"မင်းတို့က ငါ့ဆီက ပိုက်ဆံတွေကို နိုင်အောင် လုပ်ဖို့ ကြံစည်နေတာတော့ မဟုတ်ပါဘူးနော်။" ဘော့ဘ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"မကစားဘဲနဲ့ ဘယ်လိုသိနိုင်မှာလဲ။ ဘာပဲဖြစ်ဖြစ် ဒါက ကံတရားအပေါ်မှာပဲ မူတည်တာ မဟုတ်လား။" ဆေးဗားအိတ်စ်က ပြန်လည်ဖြေကြားလိုက်သည်။
"ဟုတ်ပါတယ်... ကံတရားပဲပေါ့။
ဒါပေမဲ့ ရှုံးသွားတဲ့အခါ ဘယ်သူမှ စိတ်မဆိုးကြေးပဲ။" ဘော့ဘ်သည် ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချလိုက်သည့်အလား ခေါင်းညိတ်ပြလိုက်သည်။
"ဟားဟား... ဒါပေါ့... အသေအချာပေါ့။" ဝမ်ကျိသည် ဘော့ဘ် သဘောတူလိုက်သည်ကို မြင်သောအခါ မျက်နှာတွင် အပြုံးများ လင်းလက်သွားရင်း အလွယ်တကူပင် ကတိပေးလိုက်တော့သည်။
သူတို့၏ ရည်မှန်းချက် အောင်မြင်သွားပြီဖြစ်သဖြင့် ထိုနှစ်ဦးသည် ဆက်လက်နေထိုင်ရန် အကြောင်းမရှိတော့ချေ။ ပင်လယ်ရှုခင်း ကြည့်ရှုခြင်းကိုလည်း အာရုံမရတော့ပေ။ သူတို့သည် ဘော့ဘ်နှင့် အရေးမပါသော အကြောင်းအရာအချို့ကို အနည်းငယ် ထပ်မံပြောဆိုပြီးနောက် နှုတ်ဆက်ကာ ထွက်ခွာသွားကြတော့သည်။
ထိုနှစ်ဦး လျှောက်လှမ်းထွက်ခွာသွားသည်ကို ကြည့်ရင်း ဘော့ဘ်၏ နှုတ်ခမ်းအစုံသည် သိမ်မွေ့သော ပြုံးယောင်သန်းမှုတစ်ခုအဖြစ် ကွေးညွတ်သွားခဲ့ပြီး ပင်လယ်ပြင်ဘက်သို့ ပြန်လည်လှည့်ကြည့်လိုက်သည်။
ငါးကတော့ အစာကို ဟပ်မိသွားပြီ ဖြစ်သည်။ ဤကမ္ဘာကြီးတွင် လှည့်ကွက် ဆင်တတ်ရုံမျှဖြင့် အရာအားလုံးကို အပိုင်သိမ်းပိုက်နိုင်ပေသည်။