အပိုင်း (၆၄) ရောခ့်ပင်လယ်ဓားပြအဖွဲ့ထံသို့အပြန်
"မင်းတို့သုံးယောက် ဒီမှာ တော်တော်လေး စကားလက်ဆုံကျနေကြတာပဲနော်။" "ဘာအကြောင်းတွေ ပြောနေကြတာလဲဆိုတာ ငါ့ကိုလည်း နည်းနည်းလောက် ပြောပြလို့ရမလား။"
ထိတ်လန့်တုန်လှုပ်သွားမှုကြောင့် မျက်နှာများ ပြာနှမ်းကာ စကားအသုံးအနှုန်း ပျောက်ရှနေသည့် လူသုံးယောက်ကို ကြည့်ရင်း ဘော့ဘ်က ပေါ့ပါးဆတ်ဆတ် လေသံဖြင့် ပြောလိုက်သည်။
"မင်း... မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ။" "ငါတို့က အဲဒီရေတပ်သားတွေအကြောင်း ပြောနေကြတာပါ...!" "အဲဒီကောင်စုတ် မရိန်းတွေက ငါ့လောင်းကစားရုံကို လာရဲကြတယ်ပေါ့။ တစ်ယောက်ယောက်က သူတို့ကို သတင်းပေးလိုက်တာ နေမှာ။ အဲဒီသတင်းပေးတဲ့ ကြွက်သူခိုးကို သေချာပေါက် ရှာဖွေပြီး ငါတို့ ရှင်းပစ်ရမယ်။"
လောင်းကစားရုံပိုင်ရှင်သည် ဘော့ဘ်ကို ရင်ဆိုင်ရင်း တည်ငြိမ်နေစေရန် အတင်းအကျပ် ကြိုးစားနေရသည်။ သို့သော်လည်း မိမိရှေ့တွင် မတ်တပ်ရပ်နေသည့် နာမည်ဆိုးဖြင့် ကျော်ကြားသော ပင်လယ်ဓားပြကြီးကို မြင်လိုက်ရခြင်းက သူ၏စိတ်ထဲတွင် မကောင်းသော အတွေးပေါင်းစုံကို ဝင်ရောက်လာစေသည်။ သို့သော် မည်သို့ပင်ဖြစ်စေ စိတ်အေးအေးထားရမည်ကို သူ သိသည်။ ပို၍ ပျာယာခတ်လေလေ အခြေအနေက ပိုဆိုးလာလေလေ ဖြစ်ပေလိမ့်မည်။ သို့တိုင်အောင် ဘော့ဘ်၏ ရှေ့မှောက်တွင် သူ၏ခန္ဓာကိုယ်က ထိန်းမနိုင်သိမ်းမရ တုန်လှုပ်နေပြီး စကားပြောသံမှာလည်း တုန်ယင်နေသည်။
"အော်... ဟုတ်လား။" "မတုန်ပါနဲ့။ မရိန်းတွေကို ဘာကြောက်စရာလိုလို့လဲ။" "စိတ်အေးအေးထားစမ်းပါ။ အဲဒီကောင်တွေကို မောင်းထုတ်ပစ်လိုက်ပြီ။"
ဘော့ဘ်၏ မျက်နှာတွင် အပြုံးတစ်ခု ရှိနေသော်လည်း မျက်လုံးများတွင်မူ မည်သည့်အရိပ်အယောင်မျှ မရှိဘဲ လေသံမှာ တည်ငြိမ်အေးဆေးလျက် ရှိသည်။
ဤစကားကို ကြားလိုက်ရသောအခါ လောင်းကစားရုံပိုင်ရှင်သည် မိမိ၏ဦးနှောက်ကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး ခေတ္တမျှ စကားမဆိုနိုင် ဖြစ်သွားသည်။ ကျန်သည့် လူနှစ်ဦး၏ အခြေအနေမှာလည်း သိပ်မထူးလှဘဲ မျက်နှာအမူအရာများ ညှိုးမှိန်သွားကြသည်။ ရေတပ် အရေးနိမ့်သွားသည်ဟူသော သတင်းက သူတို့ကို ကောင်းကင်ဘုံမှနေ၍ စိတ်ပျက်အားငယ်မှုတွင်းထဲသို့ ထိုးဆင်းသွားစေသကဲ့သို့ ခံစားရစေသည်။
ရုတ်တရက် လောင်းကစားရုံပိုင်ရှင်သည် တစ်ခုခုကို သတိရသွားသည့်အလား အလောတကြီး မေးလိုက်သည်။
"ဇက်ဖာရ်ကော...။ ဇက်ဖာရ် ဘယ်မှာလဲ။"
"ဇက်ဖာရ်က မရိန်းထဲက မဟုတ်လို့လား။"
ဘော့ဘ်၏ လေသံက အေးစက်စက် ရှိလှသည်။ ထို့နောက် မည်သည့် သတိပေးချက်မျှမရှိဘဲ သူ၏မျက်နှာအမူအရာက ခက်ထန်သွားပြီး ဆီးနှင်းကဲ့သို့ အေးစက်လှသော အသံဖြင့် ဆက်ပြောလိုက်သည်။
"သူတို့တွေကို သတင်းပေးလိုက်တာ မင်းတို့တွေ မဟုတ်လား။"
ဘော့ဘ်သည် ဟန်ဆောင်ပန်ဆောင် လုပ်မနေတော့ဘဲ ထိုလူသုံးဦးကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။
"မ... မဟုတ်ပါဘူး။ လုံးဝမဟုတ်ရပါဘူး။" "ငါတို့က လောင်းကစားရုံ ဖွင့်ထားတာလေ၊ ရေတပ်ကို ဘာလို့ သွားဆက်သွယ်ရမှာလဲ။ မင်း တစ်ခုခု မှားသွားတာ နေမှာပါ။"
လောင်းကစားရုံပိုင်ရှင်သည် ပြာနှမ်းနေသော မျက်နှာဖြင့် အသည်းအသန် ရှင်းပြရန် ကြိုးစားနေရှာသည်။
"ပြီးတော့ အဲဒီလူလည်ကျတဲ့ကောင်ကလည်း မင်းတို့လူပဲ မဟုတ်လား။"
ထိုသူ၏ ငြင်းဆိုချက်များကို ဂရုမစိုက်ဘဲ ဘော့ဘ်က ဆက်ပြောရင်း သူ၏အကြည့်ကို လူပုလေးထံသို့ ရွှေ့လိုက်သည်။ သူ၏မျက်လုံးများထဲက အကြည့်ကတင် အရာအားလုံးကို ဖော်ပြနေသည်။
ယခုတစ်ကြိမ်တွင်မူ ထိုသုံးယောက်အနက် မည်သူမျှ စကားတစ်ခွန်းမှ မဟရဲကြတော့ပေ။ ဘော့ဘ်က သူတို့ကို စွပ်စွဲလိုက်သည့် ထိုအချိန်၌ပင် သူတို့၏ခန္ဓာကိုယ်ထဲမှ ခွန်အားအားလုံး ဆုတ်ယုတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့သည် လုံးဝအရေးနိမ့်သွားသည့်အလား ကုလားထိုင်များပေါ်သို့ ပုံကျသွားကြသည်။ ဆက်လက်ငြင်းဆိုနေလည်း အပိုသာ ဖြစ်ပေလိမ့်မည်။ ဘော့ဘ်သည် သူတို့ကို ဤကစားပွဲထဲမှ လူမိုက်များအဖြစ် အစကတည်းက သိရှိနေခဲ့ခြင်း ဖြစ်သည်။
ထိုသုံးဦး၏ အသက်မဲ့နေသော အမူအရာကို ကြည့်ရင်း ဘော့ဘ်၏ မျက်နှာအမူအရာက တဖန်ပြောင်းလဲသွားကာ နှေးကွေးစွာ ပြောလိုက်သည်။
"ငါနိုင်ထားတဲ့ ကတ်ပြား (chips) တွေကို လဲပေးစမ်း။ သေချာလုပ်ပေးမယ်ဆိုရင် ငါ မင်းတို့ကို ဒုက္ခမပေးဘူး။"
ထိုသို့ပြောပြီးနောက် သူသည် နိုင်ထားသော ဖဲချပ်အိတ်ကို သူတို့ရှေ့ရှိ စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။
ဤစကားကို ကြားသောအခါ လောင်းကစားရုံပိုင်ရှင်၏ စိတ်ထဲတွင် မျှော်လင့်ချက်အရောင်အဝါလေး တောက်ပလာသည်။ အခြေအနေကို ပြန်လည်ကုစားရန် အခွင့်အရေးရှိသေးသည်ဟု ထင်မှတ်ကာ သူက အမြန်ပင် ပြောလိုက်သည်။
"သေချာတာပေါ့။ အခုချက်ချင်း လုပ်ပေးပါ့မယ်။ ကျေးဇူးပြုပြီး ငါ့နောက်ကို လိုက်ခဲ့ပေးပါ၊ ငါကိုယ်တိုင် စီစဉ်ပေးပါ့မယ်။"
သူသည် ငွေလဲရာနေရာသို့ အလောတကြီး လျှောက်လှမ်းသွားရာ တုန်ယင်နေသော ခြေထောက်များကြောင့် ညီညာသော မြေပြင်ပေါ်တွင်ပင် လဲကျလုနီးပါး ဖြစ်သွားသည်။ ကျန်သည့် လူနှစ်ဦးလည်း ထိုလှုပ်ရှားမှုကို မြင်သောအခါ သူ၏နောက်သို့ အပြေးအလွှား လိုက်သွားကြသည်။ ဘော့ဘ်သည် အလောတကြီးမလုပ်ဘဲ ကတ်ပြားလှဲလှယ်ရာ ကောင်တာသို့ လျှောက်သွားကာ ပိုင်ရှင်ပြန်အလာကို စောင့်ဆိုင်းနေလိုက်သည်။ အနီးအနားတွင်မူ ဂျွန်သည် သတိမေ့မြောလျက် ကုလားထိုင်ပေါ်တွင် ပုံကျနေဆဲ ဖြစ်သည်။
မကြာမီပင် လောင်းကစားရုံပိုင်ရှင်နှင့် သူ၏ ကြံရာပါနှစ်ဦးသည် လေးလံသော ငွေအိတ်ကြီးကို သယ်ဆောင်၍ ပြန်လည်ရောက်ရှိလာကြသည်။
"မင်းနိုင်တဲ့ ငွေပမာဏ စုစုပေါင်းက ၂၇၀.၈ မီလီယံ ဘယ်ရီ (270.8 Million Berries) ပါ။ အားလုံး ဒီမှာပါဗျာ၊ တစ်ပြားမှ မလိုပါဘူး။"
"အော်...။"
ဘော့ဘ်သည် ငွေများကို ယူလိုက်ပြီး ပြုံးပြလိုက်သည်။ ထို့နောက် သူသည် ဂျွန်၏ ပုခုံးကို ပြင်းထန်စွာ ရိုက်ပုတ်လိုက်ရာ ထိုပြင်းထန်လှသော ရိုက်ချက်ကြောင့် သတိမေ့နေသော လူမှာ နိုးအံ့လာသည်။
"ထစမ်း။ ငါတို့ လုပ်စရာ အလုပ်ရှိသေးတယ်။"
ဂျွန်သည် သူ၏မသိစိတ်ထဲတွင် တစ်စုံတစ်ခုက မိမိ၏စိတ်ကို လာရောက်ရိုက်ခတ်သကဲ့သို့ ခံစားလိုက်ရသည်။ ရုတ်တရက် လန့်နိုးလာသောအခါ ဘော့ဘ်က မိမိကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ချက်ချင်း ထရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ လောင်းကစားရုံထဲသို့ ပြန်ရောက်နေပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။ အဖြေကတစ်ခုတည်းသာ ရှိသည်—ဘော့ဘ်သည် ဇက်ဖာရ်ကို အနိုင်ယူပြီး သူတို့နှစ်ဦးလုံးကို လောင်းကစားရုံသို့ ပြန်ခေါ်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ရုတ်တရက် ဘော့ဘ်၏ စောစောက စကားကို သတိရသွားကာ ဂျွန်က မျက်မှောင်ကုတ်လျက် မေးလိုက်သည်။
"အလုပ်...?"
ဘော့ဘ်၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ ဂျွန်သည် ထိုနေရာတွင် မတ်တပ်ရပ်နေသော လောင်းကစားရုံ ဝန်ထမ်းသုံးဦးကို မြင်လိုက်ရသဖြင့် အရာအားလုံးကို ချက်ချင်း သဘောပေါက်သွားသည်။ ထိုခဏချင်းမှာပင် ဂျွန်၏ ဓားမြှောင်သည် အေးစက်စွာ လျှပ်တပြက် ဝင်းလက်သွားပြီး ထိုလူသုံးဦး၏ လည်ပင်းများကို ပွတ်ဆွဲပစ်လိုက်သည်။
သူတို့၏ လည်ပင်းများပေါ်တွင် နီရဲသော သွေးကြောင်းသုံးကြောင်း ထင်ကျန်ရစ်သည်။ မကြာမီပင် ထိုသုံးဦးသည် မိမိတို့လည်ပင်းကို ဖိဆွဲရင်း နောက်သို့ လဲကျသွားကြတော့သည်။
ဘုန်း... ဘုန်း... ဘုန်း...။
သူတို့၏ ခန္ဓာကိုယ်များ ကြမ်းပြင်ပေါ်သို့ ကျရောက်သွားသော အသံများ ပဲ့တင်ထပ်သွားသည်—၎င်းသည် ယခုကမ္ဘာပေါ်တွင် သူတို့၏ နောက်ဆုံးအချိန် ဖြစ်ပေသည်။
"ငါ့တို့ကိုလူလည်ကျဖို့နဲ့ ရောင်းစားဖို့ ကြိုးစားတယ်ပေါ့။ မင်းတို့ ဒီလိုဖြစ်ရတာ ထိုက်တန်ပါတယ်။"
ဂျွန်သည် မိမိ၏ဓားမှ သွေးများကို ခါထုတ်ရင်း ညည်းတွားလိုက်သည်။ ဝါရင့်လောင်းကစားသမားတစ်ဦးဖြစ်သည့်အတိုင်း ဂျွန်သည် ကစားပွဲအတွင်း ထိုလူပုလေး၏ မရိုးသားသော လှည့်ကွက်များကို သတိပြုမိခဲ့ပြီးသား ဖြစ်သည်။ သို့သော်လည်း ခိုင်မာသော သက်သေမရှိဘဲ သူ ချက်ချင်း အရေးမယူခဲ့ပေ။ ထို့နောက် ရေတပ်သားများ ဤနေရာသို့ ရောက်ရှိလာသောအခါတွင်မူ—လောင်းကစားရုံပိုင်ရှင် ပါဝင်ပတ်သက်နေသည်မှာ ထင်ရှားလှပေသည်။
သူတို့ကို ရှင်းလင်းပြီးနောက် ဘော့ဘ်က ဂျွန်ကို ထွက်ခွာရန် အချက်ပြလိုက်သည်။ ဂျွန်သည် ကောက်ကျစ်စွာ ရယ်မောလိုက်သော်လည်း ချက်ချင်း ထွက်မသွားသေးဘဲ အနီးအနားမှ ပျောက်ကွယ်သွားပြီးနောက် လေးလံသောအိတ်ကြီးတစ်အိတ်ကို သယ်ဆောင်လျက် ပြန်လည်ပေါ်လာသည်။ အထဲတွင် ဘာရှိနေသည်ကို ခန့်မှန်းနေစရာပင် မလိုတော့ချေ။
ဘော့ဘ်သည် ခေါင်းကိုခါယမ်းကာ ဘာမှဆက်မပြောတော့ဘဲ လောင်းကစားရုံမှ ထွက်ခွာရန် လှည့်လိုက်သည်။ ၎င်းကို မြင်သောအခါ ဂျွန်သည် အိတ်ကို အမြန်ပိုး၍ နောက်မှ လိုက်လာခဲ့သည်။
ကျွန်း၏ ကမ်းခြေတွင်မူ ဆန်းပြားလှပသော အသက်ကယ်လှေတစ်စင်းက တိတ်ဆိတ်စွာ စောင့်ကြိုနေသည်။ ဘော့ဘ်နှင့် ဂျွန်တို့သည် လှေပေါ်သို့ တက်လိုက်ကြသည်။ ဘော့ဘ်သည် အစကနဦးက ရရှိလာသော ငွေကြေးများဖြင့် ကျွန်းပေါ်တွင် ရိက္ခာအချို့ ဝယ်ယူရန် ရည်ရွယ်ခဲ့သော်လည်း သူ၏မျက်နှာက လူသိများလွန်းလှသည်။ သူသွားလေရာ အရပ်တိုင်းတွင် တံခါးများ ပိတ်ပစ်ကြသည်။ ထို့ပြင် အချိန်ကို တွက်ဆကြည့်လျှင် မရိန်းဌာနချုပ်မှ စစ်ကူများ မကြာမီ ရောက်ရှိလာတော့မည် ဖြစ်သည်။ မလိုအပ်သော ပြဿနာများကို ရှောင်ရှားရန်အတွက် ဘော့ဘ်သည် ချက်ချင်း ထွက်ခွာရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
လောင်းကစားရုံမှ ရရှိလာသော ငွေများနှင့် အဖိုးတန်ပစ္စည်းများကို သေချာစွာ သိမ်းဆည်းပြီးနောက် ဘော့ဘ်သည် လှေ၏ကျောက်ဆူးကို ဆွဲတင်လိုက်ပြီး လှေဦးတွင် ထိုင်နေသော ဂျွန်ကို လှမ်းကြည့်လိုက်သည်။
"ငါတို့ကို ရော့ခ်ပင်လယ်ဓားပြအဖွဲ့ဆီ ပြန်ရောက်အောင် လမ်းပြစမ်း။"
ဤစကားကို ကြားသောအခါ ဂျွန်သည် သက်ပြင်းချလိုက်ပြီး လော့ဂ်ပိုစ့် (logpose) နှင့် မြေပုံကို ထုတ်ယူကာ လေ့လာတော့သည်။ ၎င်းတို့ကို အသေအချာ ကြည့်ရှုပြီးနောက် သူက ဘော့ဘ်ကို လှမ်းကြည့်ကာ မတင်မကျလေသံဖြင့် မေးလိုက်သည်။
"ဒါဆို... ဒီတစ်ခေါက် လမ်းခရီးတစ်ခုလုံးကို ငါပဲ လမ်းပြရမယ်ဆိုရင် ငါ့ရဲ့ အကြွေးတွေကို နည်းနည်းလောက် လျှော့ပေးလို့ရမလား။"
ထိုစကားကို ကြားလိုက်ရသဖြင့် ဘော့ဘ်သည် ဒေါသထွက်မှုကြောင့် နားထင်ကြောများ တဖျတ်ဖျတ် တုန်သွားသည်။ သူသည် ဂျွန်ကို မနှစ်မြို့သောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ကျွန်းကို လာစဉ်တုန်းက ဂျွန်သည် လမ်းကြောင်းကို တာဝန်ယူရန် အတက်ကြွဆုံး ဖြစ်ခဲ့ပြီး၊ ယခု အိမ်အပြန်လမ်းသို့ ရောက်ခါမှ လောင်းကြေးညှိရန် ကြိုးစားနေခြင်း ဖြစ်သည်။
"မင်းမှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ် - အခုချက်ချင်း လမ်းပြမလား၊ ဒါမှမဟုတ် မင်းကို ပင်လယ်ထဲ ပစ်ချပြီး မင်းရဲ့ ငွေအိတ်ကိုပါ ယူပြီး ငါ့ဘာသာငါသွားရမလား။"
ထိုသို့ပြောရင်း ဘော့ဘ်သည် လေထဲသို့ သူ၏လက်သီးကို ခြိမ်းခြောက်သည့်အလား မြှောက်ပြလိုက်သည်။ ၎င်းကို မြင်သောအခါ ဂျွန်က သွားဖြဲဖြဲဖြင်ပြုံး ပြလိုက်သည်။
"စိတ်အေးအေးထားပါကွာ။ ငါက နောက်နေတာပါ။"
ထိုသို့ပြောကာ သူသည် စက်လှေကို စတင်မောင်းနှင်လိုက်ပြီး ရော့ခ်ပင်လယ်ဓားပြအဖွဲ့ရှိရာဆီသို့ ဦးတည်ခုတ်မောင်းသွားတော့သည်။