အပိုင်း (၆၂) ဘော့ဘ် နှင့် ဇက်ဖာရ်တို့တိုက်ပွဲ (၅)
ခဏချင်းတွင်ပဲ သောင်းကျန်းလှုပ်ခတ်နေသော ပင်လယ်ရေထုကြီးသည် အငွေ့ပျံသွားသော မြူနှင်းများကြောင့် ဖြစ်ပေါ်လာသည့် ပေါက်ကွဲထွက်လုနီးပါး စွမ်းအင်များထဲသို့ စုပ်ယူခြင်း ခံလိုက်ရလေသည်။ ကောင်းကင်ယံထက်တွင် ဆိုင်းငံ့နေသော ရေထုကြီးသည် ရုတ်တရက် မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ဗြုန်းခနဲ ကျဆင်းလာရာ ဒေါသအမျက်ချောင်းချောင်းထွက်နေသော နတ်ဆိုးတစ်ကောင်က ၎င်း၏အမျက်ဒေါသကို ပေါက်ကွဲပြတ်တောက် လွှတ်ထုတ်လိုက်သကဲ့သို့ ထိတ်လန့်ဖွယ်ရာ အသွင်သဏ္ဌာန်ကို ဆောင်နေတော့သည်။
လှမ်းလှမ်းကနေ ဤမြင်ကွင်းကို လှမ်းမြင်နေရသည့် မရိန်းတပ်သားများသည် တုန်လှုပ်ချောက်ချားသွားကြပြီး ၎င်းတို့၏ မျက်လုံးများမှာလည်း အံ့အားသင့်လွန်းသဖြင့် ပြူးကျယ်သွားကြလေသည်။
"ဒါ... ငရဲပြည်က မြင်ကွင်းတစ်ခုလား..."
"ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်ရတာလဲ။ ဒီကမ္ဘာက စစ်သည်တော်တွေက ဘယ်လောက်တောင် သန်မာကြလို့လဲ..."
"သူတို့ရှေ့မှာတော့ ငါတို့က ပုရွက်ဆိတ်တွေထက်တောင် နိမ့်ကျနေသလို ခံစားရတယ်..."
"ငါတို့ရော ဘယ်တော့မှ ဒီလိုမျိုး ဖြစ်လာနိုင်မှာလဲ..."
"..."
ဤကြောက်မက်ဖွယ် ကောင်းလှသော မြင်ကွင်းသည် မရိန်းစစ်သည်များ၏ နှလုံးသားထဲသို့ နက်ရှိုင်းစွာ ရိုက်ခတ်သွားစေခဲ့သည်။ သူတို့သည် ဘော့ဘ်၏ ယှဉ်ပြိုင်ရခက်ခဲလှသော အစွမ်းသတ္တိကြောင့် အံ့ဩတုန်လှုပ်သွားရုံသာမက ၎င်းတို့ကိုယ်တိုင်နှင့် ဤကမ္ဘာ၏ စစ်မှန်သော အင်အားကြီး ပုဂ္ဂိုလ်များအကြားရှိ ကြီးမားလှသော ကွာဟချက်ကိုလည်း သဘောပေါက်သွားကြသည်။ ပိုမိုသန်မာလာလိုသော ဆန္ဒတစ်ခုသည် သူတို့အားလုံး၏ ရင်ထဲတွင် တောက်လောင်လာခဲ့ပြီး တစ်နေ့နေ့တွင် ၎င်းတို့ကိုယ်တိုင်လည်း ဤကဲ့သို့သော အဆင့်အတန်းမျိုးသို့ တက်လှမ်းနိုင်ရန် မျှော်လင့်နေကြမိသည်။
"မင်းရဲ့ ကွက်ကွက်ကွင်းကွင်း တိုက်ကွက်တွေက တကယ်ကို ထူးဆန်းတာပဲ။"
"နာမည်တွေကအစ အလွန်ပဲ ထူးခြားလှတယ်!"
ဘော့ဘ် အော်ဟစ်အသုံးပြုလိုက်သည့် တိုက်ကွက်အမည်များကို ကြားရပြီး သူပြသလိုက်သော စွမ်းရည်များကို ကိုယ်တိုင်မြင်တွေ့လိုက်ရသည့် ဇက်ဖာရ်သည် မျက်နှာတွင် ဇဝေဇဝါဖြစ်ဟန် အထင်အရှား ပေါ်လွင်နေသည်။ ဤတိုက်ကွက်များတွင် မည်သည့် တိုက်ခိုက်ရေး ကျွမ်းကျင်မှုစနစ်မျှ မပါဝင်ဘဲ ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်အား သက်သက်ကိုသာ အခြေခံထားခြင်း ဖြစ်သည်။
မြေပြင်ကို လှန်ပစ်ခြင်းလား။ ရေသေနတ်လား။
ဤကဲ့သို့ ကလေးကစားစရာ ဆန်လှသော လှည့်ကွက်များက ဘော့ဘ်၏ လက်ထဲတွင်မူ ဤမျှ ကြီးမားလှသော အင်အားကို ထုတ်ဖော်နိုင်ခြင်းအပေါ် ဇက်ဖာရ် တုန်လှုပ်မိရသည်။
'တကယ့်မကောင်းဆိုးဝါးပဲ။'
ယခုအချိန်တွင်မူ ဇက်ဖာရ်အနေဖြင့် ၎င်း၏ ရင်ထဲက အတွေးကို ဖော်ပြရန် ဤစကားလုံးတစ်လုံးတည်းကိုသာ သုံးနိုင်တော့သည်။ အကြောင်းမူကား ရေတပ်၏ ခြေလှမ်းခြောက်လှမ်း ‘ရိုကူရှီကီ’ နှင့် ထိုတိုက်ခိုက်ရေး နည်းစနစ်များသာ မရှိပါက သူသည် မကြာမီအချိန်အတွင်းမှာတင် အရေးနိမ့်သွားလောက်သောကြောင့် ဖြစ်သည်။ ရေတပ်ဌာနချုပ်တွင် ၎င်းတို့၏ ထူးကဲလှသော ခန္ဓာကိုယ်အစွမ်းကို ကြွားဝါနေကြသူများနှင့် နှိုင်းယှဉ်လျှင်၊ ထိုသူများကို ခြေဖျားပင်မမှီအောင် အဆင့်အတန်း ကွာခြားလှပုံကို အသိပေးရန် ဤနေရာသို့ ခေါ်ဆောင်လာသင့်လှသည်။
"မင်း သန်မာပါတယ်။ ဒါပေမဲ့... တရားမျှတမှုက အမြဲတမ်း အောင်နိုင်ရမယ်!"
ဇက်ဖာရ်သည် အတွေးများကို ရုန်းထွက်လိုက်ပြီးနောက် ခန္ဓာကိုယ်ကို နှိမ့်ချကာ ကြွက်သားများကို တစ်ဖန်ပြန်၍ တင်းခံလိုက်သည်။ သံမဏိခန္ဓာဟာကီ လွှမ်းခြုံထားသည့် ၎င်း၏ ညာဘက်ခြေထောက်ဖြင့် ပြင်းထန်လှသော ကန်ချက်တစ်ခုကို ထိုးနှက်လိုက်ရာ ဘေးပတ်ဝန်းကျင်ရှိ လေထုကိုပင် လောင်ကျွမ်းစေလောက်သည့် ပူပြင်းလှသော အပူရှိန်တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ၏ ညာဘက်ခြေထောက် တစ်ခုလုံးမှာ တောက်လောင်နေသော မီးလျှံများအတွင်း နစ်မြုပ်သွားတော့သည်။
"ဟင်..."
"ဒါ ဆန်းဂျီ (sanji) ရဲ့ နည်းစနစ် မဟုတ်ဘူးလား..."
မိမိထံသို့ ပြေးဝင်လာသော အပူလှိုင်းကို ခံစားလိုက်ရသဖြင့် ဘော့ဘ်သည် မျက်ခုံးပင့်သွားကာ ရေရွတ်လိုက်မိသည်။
နောက်တစ်စက္ကန့်တွင်တော့...
စီးဆင်းနေသော မီးလျှံများ ဖုံးလွှမ်းထားသည့် ဇက်ဖာရ်၏ ခြေထောက်သည် ဘော့ဘ်နှင့် တိုက်ရိုက် ပွတ်တိုက်မိသွားသည်။ ယခုအချိန်တွင်မူ သူတို့နှစ်ဦးစလုံး အရှိန်သတ်မသွားဘဲ ၎င်းတို့၏ ပုံရိပ်များသည် လျှပ်စီးကြောင်းအသွင် ပြောင်းလဲသွားကာ ပြင်းထန်သော ထိုးနှက်ချက်များကို အပြန်အလှန် လဲလှယ်ကြတော့သည်။
"ဒိန်း... ဒုန်း... ဒိန်း..."
တိုက်ပွဲသည် အချိန်အတော်ကြာသည်အထိ ပြင်းထန်နေဆဲဖြစ်ပြီး အလင်းတန်းနှစ်ခုသည် ကွဲကွာသွားလိုက်၊ ပြန်လည်ပူးကပ်သွားလိုက်၊ တစ်ဖန်ပြန်၍ ကွဲကွာသွားလိုက်နှင့် ထပ်မံ ပေါင်းစည်းသွားလိုက် ဖြစ်နေသည်။ ဤရှုပ်ထွေးလှသော တိုက်ပွဲကွက်အတွင်း အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာလုံးတွင် ပရမ်းပတာ ဖြစ်ရပ်များ ပွင့်အံလာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုလှိုင်းများ ပေါက်ကွဲထွက်ပေါ်လာပြီး လေထုကြီးမှာ ဆုတ်ဖြဲခံလိုက်ရကာ ပင်လယ်ပြင်ကြီးသည်လည်း ဆယ်မီတာထက်မက မြင့်မားသော လှိုင်းလုံးကြီးများအဖြစ် ကောင်းကင်သို့ ထိုးတက်ကုန်သည်။ ပျက်စီးနေသော အပိုင်းအစများ လွင့်စင်နေပြီး ကျွန်း၏ အစိတ်အပိုင်း အတော်များများမှာလည်း တိုက်ပွဲအရှိန်ကြောင့် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
တိုက်ပွဲ၏ ပြင်းထန်မှုမှာ အလွန်အမင်း မြင့်မားလှသည်။
ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုများ ဆက်တိုက်ဖြစ်ပွားနေစဉ် ဇက်ဖာရ်သည် ပို၍ပို၍ အံ့ဩတုန်လှုပ်လာမိသည်။
'ဘော့ဘ်ရဲ့ ခန္ဓာကိုယ် ကန့်သတ်ချက်က တကယ်ပဲ ဘယ်နားမှာလဲ။'
ဇက်ဖာရ်ကတော့ ထူးခြားသည်။ အဆင့်မြင့် အနီးကပ်တိုက်ခိုက်ရေးသမား တစ်ဦးအနေဖြင့် သူ၏ ကြံ့ခိုင်မှုသည် ရေတပ်ဗိုလ်ချုပ်ကြီးများ၏ ကြံ့ခိုင်မှုထက် မနိမ့်ကျပေ။ သို့သော်လည်း အမြင့်ဆုံးအဆင့် သံမဏိခန္ဓာဟာကီ၊ ဆေမေ ကီကန် - သက်ဇီဝ ပြန်လည်ထိန်းချုပ်ခြင်း နည်းစနစ် နှင့် ရိုကူရှီကီ၏ အဆုံးစွန်သော တိုက်ကွက်များကို အသုံးပြုပြီးနောက် ဤတိုက်ပွဲတွင် သူ၏ စွမ်းအင်များမှာ အလွန်လျင်မြန်စွာ ကုန်ဆုံးလာခဲ့သည်။ စွမ်းအင် အမြောက်အမြားကို ကုန်ဆုံးစေသည့် ထိုတိုက်ကွက်များကြောင့် ဤအခြေအနေတွင် ဇက်ဖာရ်အနေဖြင့် အင်အားကုန်ခမ်းစေမည့် တိုက်ပွဲကို ဆက်လက် မဆင်နွှဲနိုင်တော့ပေ။
သို့သော်လည်း ဇက်ဖာရ်ကို အံ့အားသင့်စေသည်မှာ ၎င်း၏ပြိုင်ဘက် ဘော့ဘ်သည် မကုန်ခမ်းနိုင်သော ကြံ့ခိုင်မှုအင်အားကို ပိုင်ဆိုင်ထားပုံရခြင်းပင်။ ၎င်းသည် အစောပိုင်းက လွင့်ထွက်သွားခဲ့သော်လည်း မည်သည့် စစ်မှန်သော ထိခိုက်ဒဏ်ရာမျှ ရရှိမသွားခဲ့သည့်အပြင်၊ အပြန်အလှန် တိုက်ခိုက်နေစဉ်တစ်လျှောက်လုံးတွင် တစ်ဖက်လူ၏ အင်အားနှင့် အရှိန်အဟုန်မှာ ကျဆင်းမသွားဘဲ အမှန်တကယ်ပင် ထိုးနှက်ချက် တိုင်း၌ ပိုမို အားမာန်ပြည့်ဝလာသကဲ့သို့ ဇက်ဖာရ် ပြတ်သားစွာ ခံစားနေရသည်။
"ဒါက..."
ဇက်ဖာရ်သည် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခု ပြုလုပ်ပြီးနောက် အခွင့်အရေးကို အရယူကာ ဘေးသို့ ခုန်ထွက်လိုက်သည်။ သူ၏ နဖူးပြင်ထက်မှ ချွေးစက်များ တောက်တောက်ကျနေပြီး အစောပိုင်းက ရရှိထားသော ဒဏ်ရာများသည်လည်း အလွန်အကျွံ အင်အားစိုက်ထုတ်မှုကြောင့် ပြန်ပွင့်လာကာ သွေးများ တသွင်သွင် စီးကျလာခဲ့သည်။
'ဘာလို့ ဒီလို ဖြစ်နေရတာလဲ။ သူ့ရဲ့ ကြံ့ခိုင်မှုက အကန့်အသတ်မရှိတာလား။ ဘော့ဘ်က ငါ့ထက် ပိုသန်မာနေတာ မဖြစ်နိုင်တာ။’
ဤအတွေးနှင့်အတူ ဇက်ဖာရ်သည် ဘော့ဘ်၏ နုပျိုသော မျက်နှာကို လှမ်းကြည့်လိုက်မိပြီး ထိုကဲ့သို့သော နုနယ်လှသည့် ခန္ဓာကိုယ်ငယ်လေးအတွင်း၌ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်နှင့် အဆုံးမဲ့ပုံရသည့် ကြံ့ခိုင်မှုတို့ ကိန်းဝပ်နေနိုင်ခြင်းကို သဘောပေါက်သွားကာ မတတ်သာသည့် အားကိုးရာမဲ့မှုလှိုင်းတစ်ခုက သူ့ထံသို့ ရိုက်ခတ်သွားတော့သည်။
ယခုအချိန်တွင် ဘော့ဘ်သည်လည်း တူညီသော မေးခွန်းကိုသာ တွေးတောနေမိသည်။
'ဒီကမ္ဘာက အင်အားကြီး ပုဂ္ဂိုလ်တွေရဲ့ ကြံ့ခိုင်မှုက တကယ်ကို ကြောက်စရာကောင်းတာပဲ။'
အစပိုင်း လက်ချင်းထိရုံ တိုက်ခိုက်မှုမှသည် ယခုလက်ရှိ ဆက်တိုက်ဆိုသလို တိုက်ခိုက်နေသည့် တိုက်ကွက်များအထိ ဇက်ဖာရ်သည် ဒဏ်ရာရရှိနေသော်လည်း မိမိနှင့် တိုက်ကွက်များစွာကို အပြန်အလှန် လဲလှယ်နိုင်ဆဲ ဖြစ်သည်။ ထို့အပြင် မိမိဘက်က အလေးအနက်ထားရသည့် အဆုံးစွန်သော တိုက်ကွက်များကို အသုံးပြုခဲ့သော်လည်း ပြိုင်ဘက်ကို အပြတ်အသတ် မအနိုင်ယူနိုင်သေးပေ။ ၎င်းသည် မိမိ၏ လေ့ကျင့်ချိန်တိုတောင်းမှုနှင့် အင်အားမပြည့်စုံသေးမှုတို့ကြောင့် တစ်စိတ်တစ်ပိုင်း မှန်သော်လည်း ဇက်ဖာရ်နှင့် နှိုင်းယှဉ်လျှင်မူ မိမိက ပို၍ သန်မာနေဆဲပင် ဖြစ်သည်။
သူသည် ဒီကမ္ဘာက လူတွေရဲ့ အစွမ်းကို လျှော့တွက်ခဲ့မိပုံရသည်။ ဇက်ဖာရ်လို လူမျိုးကို အလွယ်တကူ ကိုင်တွယ်နိုင်လိမ့်မည်ဟု သူ ထင်မှတ်ခဲ့မိသည်။ သူ ပိုမို သန်မာလာဖို့ လိုအပ်နေသေးသလို၊ စိုင်တမ(ကိုကတုံး) လေ့ကျင့်ရေးကို အဆုံးသတ်နိုင်ရန်အတွက်လည်း အချိန်လိုအပ်နေသေးသည်။
ယခုအချိန်တွင်မူ တစ်ဦးစီက ကိုယ်ပိုင်အတွေးများတွင် နစ်မြုပ်နေကြပြီးနောက် ခွဲခွာရပ်တန့်လိုက်ကြကာ ထပ်မံ၍ တိုက်ခိုက်ခြင်း မပြုကြတော့ပေ။ ဇက်ဖာရ်သည် ၎င်း၏ ခန္ဓာကိုယ်ရှိ ကြွက်သားများကို ကျုံ့လိုက်ပြီး ဒဏ်ရာများမှ သွေးစီးဆင်းမှုကို ပိတ်ဆို့လိုက်ကာ သူ၏ အရှိန်အဝါကို ထိန်းချုပ်လိုက်သည်။ ဘော့ဘ်ကို ဖမ်းဆီးရန် မဖြစ်နိုင်တော့ကြောင်း သူ ကောင်းစွာ သိရှိသွားခဲ့ပြီ ဖြစ်သည်။ သူ၏ လက်ရှိ အခြေအနေအရ တိုက်ပွဲကို ဆက်လက်ဆင်နွှဲနေခြင်းသည် ဌာနချုပ်မှ စစ်ကူများကို စောင့်ဆိုင်းနေရုံသာ ရှိလိမ့်မည်။
သို့သော်လည်း ပျက်စီးယိုယွင်းနေသော ကျွန်းကို လှမ်းကြည့်လိုက်သည့်အခါ မြင်ကွင်းတစ်ခုလုံးက ဆိတ်သုဉ်းမြေရိုင်းအတိ ဖြစ်နေသည်ကိုသာ သူ မြင်တွေ့ရတော့သည်။ အစောပိုင်းက တိုက်ပွဲကြောင့် ဤနယ်မြေတစ်ခုလုံးမှာ ဆိုးရွားစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဖြစ်ရာ တိုက်ပွဲကို ဆက်လက်ဆင်နွှဲနေပါက ဤကျွန်းကြီးသည် တိုက်ပွဲဒဏ်ကြောင့် ပင်လယ်ထဲသို့ နစ်မြုပ်သွားနိုင်ပြီး ကျွန်းသူကျွန်းသားများလည်း အသက်ရှင်သန်နိုင်ကြတော့မည် မဟုတ်ပေ။
ဒါကတော့ ရေတပ်ဗိုလ်ချုပ်ဒုတိယအဆင့် တစ်ဦးအနေဖြင့် သူ ဘယ်လိုမှ ခွင့်မပြုနိုင်သော ကိစ္စရပ်ပင် ဖြစ်သည်။ ဘော့ဘ်ကို ဖမ်းဆီးရမိရေးနှင့် ကျွန်းသူကျွန်းသားများ၏ ဘေးကင်းလုံခြုံရေးတို့ ယှဉ်လာလျှင်မူ သူသည် ဒုတိယအချက်ကိုသာ မဆိုင်းမတွ ရွေးချယ်မည် ဖြစ်သည်။(ဆက်တိုက်လည်းနိုင်မှမနိုင်တာဟီးဟီး)
ဤသို့ တွေးတောပြီးနောက် သူသည် ဘော့ဘ်ထံသို့ အကြည့်ကို ပို့လွှတ်လိုက်ရာ သူ၏ မျက်ဝန်းများတွင် တည်ငြိမ်မှုများ လွှမ်းမိုးသွားပြီး အေးဆေးတည်ငြိမ်စွာဖြင့် စကားဆိုလိုက်တော့သည်။
"ဘော့ဘ်... ငါတို့ တိုက်ပွဲကို ဒီတင်ပဲ ရပ်နားလိုက်ကြရင် ကော ဘယ်လိုလဲ။"