အပိုင်း (၆၁) ဘော့ဘ် နှင့် ဇက်ဖာရ်တို့တိုက်ပွဲ (၄)
မျက်စိတစ်မှိတ်အတွင်းမှာပင် လူသားအမြောက်ဆန်တစ်ခုကဲ့သို့ လေထုထဲ၌ပင် အပူလှိုင်းများ ခံစားရစေသည့် ပြင်းထန်သော အရှိန်အဟုန်ဖြင့် လူရိပ်တစ်ခုက မီတာရာချီအကွာအဝေးကို ဖြတ်ကျော်ကာ ဘော့ဘ်၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာတော့သည်။ ထိုအချိန်၌ ဘော့ဘ်၏ တစ်ကိုယ်လုံးမှာ တင်းမာနေပြီး သူ့ကိုရံထားသော အနီရောင်အလင်းတန်းမှာ ပိုမိုတောက်ပလာရာ အရေပြားအောက်ရှိ သွေးကြောများကိုပင် အပြင်ဘက်မှ အထင်အရှား မြင်တွေ့နေရသည့်အလား ဖြစ်နေသည်။
"ဒုန်း..."
ကျွန်းတစ်ကျွန်းလုံး တုန်ဟည်းသွားစေသည့် မိုးခြိမ်းသံကဲ့သို့သော အသံကြီး ထွက်ပေါ်လာသဖြင့် အဝေးမှ စောင့်ကြည့်နေကြသော မရိန်းရဲဘော်များမှာ မှန်ပြောင်းများကို ဘေးသို့ချကာ နားကို ပိတ်ထားကြရသည်။ ၎င်းတို့နှစ်ဦး ပွတ်တိုက်မိရာ အလယ်ဗဟိုမှ တုန်ခါမှုလှိုင်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ ပျံတက်သွားကာ အထက်မှ တိမ်တိုက်များကို လွင့်စင်သွားစေသည်။ စစ်တလင်းနှင့် နီးကပ်သော အနီးအနားရှိ အဆောက်အအုံများသည် ပြင်းထန်သော ပေါက်ကွဲမှုဒဏ်ကြောင့် ပြိုကျပျက်စီးသွားပြီး လေထုထဲတွင် ဖုန်မှုန့်များ ဝဲပျံသွားတော့သည်။ နားကွဲမတတ် အသံဗလံကြီးကို ကြားလိုက်ရသော ကျွန်းသားများမှာ သဘာဝဘေးအန္တရာယ်တစ်ခု ကျရောက်လာပြီဟုပင် ယုံကြည်မိကြသည်။
ဘော့ဘ်နှင့် ဇက်ဖာရ်တို့ကို ကြည့်လိုက်လျှင် ထိပ်တိုက်တွေ့ဆုံပြီးသည်နှင့် တစ်ပြိုင်နက် တစ်ယောက်တစ်လမ်းစီ ခွာလိုက်ကြပြီဖြစ်ရာ ၎င်းတို့၏ ခြေဖဝါးအောက်တွင်မူ မြေရိုင်းပြင်ကြီးတစ်ခုသာ ကျန်ရစ်တော့သည်။
"မင်း တော်တော်သန်မာတာပဲ..."
"မင်းသက်တူရွယ်တူတွေထဲမှာဆိုရင် မင်းကို အကောင်းဆုံးတွေထဲက တစ်ယောက်လို့ သတ်မှတ်လို့ရတယ်..."
ဇက်ဖာရ်၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး လက်ချောင်းထိပ်များမှ သွေးများ စီးကျနေသော်လည်း ဘော့ဘ်ကို စစ်မှန်သော ချီးကျူး လေးစားမှုမျက်လုံးများဖြင့် ကြည့်နေသည်။ ရေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ထူးချွန်ထက်မြက်သော ပြိုင်ဘက်ပေါင်းများစွာနှင့် ကြုံတွေ့ခဲ့ဖူးသော်လည်း ယခုကဲ့သို့ ငယ်ရွယ်သော အသက်အရွယ်ဖြင့် သူ့ကို ဤမျှအထိ ဖိအားပေးနိုင်သူမျိုး တစ်ယောက်မှ မရှိခဲ့ဖူးချေ။ သို့သော်လည်း ဤအချက်ကပင် အန္တရာယ်ရှိလှသည်၊ အထူးသဖြင့် ပြိုင်ဘက်က နာမည်ဆိုးဖြင့် ကျော်ကြားသော ရော့ခ်ပင်လယ်ဓားပြအဖွဲ့မှ ပင်လယ်ဓားပြတစ်ဦး ဖြစ်နေခြင်းကြောင့်ပင် ဖြစ်သည်။
"ထပ်လာစမ်းပါ..."
ဘောဘ့်က မျက်လုံးများ စူးရှလျက် ဟိန်းဟောက်လိုက်ရာ သူရပ်နေသော ပုံစံမှာ အထက်တန်းစား ဓားမြှောင်တစ်လက်ကဲ့သို့ ရက်စက်ပြီး ထက်မြက်လှသည့် အေးစက်သော အရှိန်အဝါမျိုး ရှိနေသည်။ ဘော့ဘ်၏ အကြည့်ကို သတိပြုမိသွားပြီးနောက် ဇက်ဖာရ်သည် လည်ပင်းကို အနည်းငယ် စောင်းကာ အာရုံကို အပြည့်အဝ စုစည်းလိုက်ပြီး ခါးကို အနည်းငယ် ကိုင်းလိုက်သည်၊ သူ၏ ပခုံးပေါ်မှ ထွက်ပြူနေသော ကြွက်သားများသည် မှောင်မိုက်စွာ တောက်ပနေပြီး တဖြည်းဖြည်း ချင်းစီ တက်လာကာ လက်ဖဝါး ဘေးပတ်လည်ရှိ လေထုမှာမူ ဝဲကရက်လို လည်ပတ်လျက် သိပ်သည်းစွာ ဖိသိပ်သွားတော့သည်။ ပြင်းထန်သော ဖိအားအောက်တွင် တစ်ခါက ဒြပ်မဲ့ဖြစ်ခဲ့သော လေထုသည် ခရမ်းပုပ်ရောင် အသွင်ဆောင်ကာ ဒြပ်ထုတစ်ခုအဖြစ်သို့ ခဲသွားသည်။
"ရေတပ်၏ ခြေလှမ်းခြောက်လှမ်း ‘ရိုကူရှီကီ’ လျှို့ဝှက်ဆန်းကြယ်နည်းစနစ် - ရိုကူအိုဂန်-အတွင်းဖျက်စီးခြင်းလှိုင်း..."
ချက်ချင်းဆိုသလိုပင် ဇက်ဖာရ်၏ အေးစက်သော အော်ဟစ်သံနှင့်အတူ လက်သီးဆုပ်ခန့်ရှိသော လေကျည်ဆန်များ ပစ်လွှတ်လိုက်သည်။ သူ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး ပတ်ဝန်းကျင်ရှိ လေထုမှာ ဆက်တိုက် လိမ်ယှက်နေဆဲဖြစ်သည်။
"ဒုန်း... ဒုန်း... ဒုန်း ဒုန်း..."
ဖိအားမြင့် လေကျည်ဆန်များကို အဆက်မပြတ် ပစ်ခတ်လိုက်ခြင်းကြောင့် လေထုထဲတွင် ဥဒေါင်းမြီးဖြန့်လိုက်သကဲ့သို့ အံ့ဩဖွယ်ရာ မြင်ကွင်းတစ်ခုကို ဖန်တီးပေးလျက် အသံပိန်းပိန်း ပေါက်ကွဲမှုများ ဆက်တိုက် ထွက်ပေါ်လာသည်။ သို့သော်လည်း တောက်ပသော အရောင်အသွေးများ ကင်းမဲ့နေပြီး ဤလေကျည်ဆန်များသည် ခရမ်းပုပ်ရောင် တစ်ရောင်တည်းသာ ဖြစ်နေသည်။ ထိတ်လန့်ဖွယ် ကောင်းလှသော စွမ်းအင်များ ပြည့်နှက်နေသည့် ဤလေကျည်ဆန်များသည် ပစ်မှတ်တစ်ခုတည်း ဆီသို့သာ ဦးတည်သွားကြသည်။ ထိုပစ်မှတ်မှာ ဘော့ဘ် ပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင်...
အခြားတစ်ဖက်၌ ဘော့ဘ်သည် သုံးရောင်ခြယ် ဟာကီကို ထုတ်ဖော်လိုက်ရာ သူ၏ တည်ရှိမှုတစ်ခုလုံးမှာ သိသိသာသာ မြင့်တက်လာပြီး ပြင်းထန်သော စွမ်းအင်များက သူ့ပတ်ဝန်းကျင်ရှိ မမြင်နိုင်သော လှိုင်းတံပိုးများကို နောက်သို့ တွန်းထုတ်ပစ်လိုက်သည်။ လေဟောင်းတစ်ခုကို မှုတ်ထုတ်လိုက်ပြီးနောက် ဘော့ဘ်၏ အကြည့်များ စူးရှသွားကာ မြေပြင်ပေါ်သို့ လက်နှစ်ဖက် စိုက်ချလျက် လက်မောင်းများကို အားပြုကာ အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်သည်။
"အဆုံးစွန်သော တိုက်ခိုက်ချက်- မြေပြင်ကို လှန်ပစ်ခြင်း..."
ဒုန်း...
ဘော့ဘ်၏ ကြီးမားလှသော ခွန်အားဒဏ်ကြောင့် မြေပြင်မှာ ပေါက်ကွဲထွက်သွားပြီး ကမ္ဘာပျက်ကပ် ရောက်လာသည့်အလား ရွှံ့များနှင့် ကျောက်ခဲများ လွင့်စင်ကာ မြေထု အပိုင်းအစကြီးများက လေထုထဲတွင် ပျံဝဲနေကြသည်။ လက်မောင်းများကို ပြင်းထန်စွာ တွန်းလိုက်ရုံဖြင့် ထိုမြေထုကြီးသည် ဇက်ဖာရ် ထံသို့ အလွန်မြန်သော အရှိန်နှုန်းဖြင့် ပြေးဝင်သွားတော့သည်။
"ဘာကြီးလဲဟ... ဒါက ဘယ်လို မိစ္ဆာမျိုးမလို့ မြေပြင်ကို အဲဒီလို လှန်ပစ်နိုင်ရတာလဲ..."
"ထမင်းစားရင်း စားပွဲခုံကို လှန်ပစ်လိုက်သလိုပဲ လွယ်လွယ်လေး လုပ်သွားတာ။ ဒါမျိုးလုပ်နိုင်ဖို့ ဘယ်လိုခွန်အားမျိုး လိုအပ်တာလဲ..."
"လမ်းလျှောက်နေတဲ့ လူသားမိစ္ဆာကြီးအတိုင်းပဲ..."
"ဇက်ဖာရ်ကလည်း သူ့ရဲ့ အမှတ်သညာ နည်းဗျူဟာကို ထုတ်သုံးလိုက်ပြီ၊ ဘယ်သူက ပိုသန်မာလဲဆိုတာ ပြောရခက်တယ်..."
"တွေးမနေကြနဲ့တော့၊ ဘာဖြစ်မလဲဆိုတာ သိရအောင် ဆက်ကြည့်ကြရအောင်..."
အခြားတစ်ဖက်တွင်မူ ဇက်ဖာရ်သည် မိမိထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော ကြီးမားလှသည့် မြေထုကြီးကို စိုက်ကြည့်နေသည်။ နောက်တစ်ချက်တွင်...
ခရမ်းပုပ်ရောင် လေကျည်ဆန်များသည် ရှေ့သို့ တိုးဝင်သွားပြီး ဥက္ကာခဲများကဲ့သို့ ကြီးမားလှသော မြေတုံးကြီးကို ဝင်ဆောင့်တော့သည်။ ချက်ချင်းဆိုသလိုပင်...
ပြင်းထန်သော တုန်ခါမှုလှိုင်းနှင့်အတူ ပေါက်ကွဲမှုများ အထပ်ထပ် ထွက်ပေါ်လာပြီး ပျက်စီးသွားသော ကျောက်ခဲများမှာ အရပ်ရပ်သို့ လွင့်စင်ကာ ဖုန်မှုန့်များမှာ ရှုပ်ထွေးပွေလီစွာ ဝဲလည်နေပြီး အရာအားလုံး ပျက်စီးယိုယွင်းသွားတော့သည်။ ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ လေထုထဲတွင် မြေကြီးနံ့များ လှိုင်နေပြီး မြေပြင်ပေါ်တွင်မူ မီတာအတော်များများအထိ ဖုန်မှုန့်များ စုပုံနေသည်။
အဝေးတစ်နေရာတွင်...
ဇက်ဖာရ်သည် လေထုထဲ၌ပင် ဆိုင်းငံ့လျက် ကျန်ရှိနေသည်။
"ဒါက တကယ့်ကို မျှော်လင့်မထားတဲ့ နည်းစနစ်တစ်ခုပဲ..."
"မင်းဆီမှာ ကျန်နေသေးတာ မှန်သမျှကို အကုန်ထုတ်သုံးလိုက်စမ်း..."
သူ၏ ခန္ဓာကိုယ်မှာ သံမဏိခန္ဓာဟာကီ ၏ အမည်းရောင်မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး တုံ့ဆိုင်းမှု အလျင်းမရှိဘဲ အေးစက်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ဇက်ဖာရ်သည် မိမိကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်စဉ် သူ၏ပုံရိပ်မှာ ဝေဝါးသွားသည်။
"ဒိန်း... ဒိန်း... ဒိန်း..."
သူ့နှလုံးခုန်သံက တဒိန်းဒိန်းဖြင့် ပြင်းထန်စွာ မြန်ဆန်လာပြီး မည်းနက်တောက်ပြောင်နေသော ခန္ဓာကိုယ်မှ ထိတ်လန့်ဖွယ် စွမ်းအင်လှိုင်းများ အလိပ်လိုက် ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ လေထုကို တစ်မီတာခန့်အထိ ရိုက်ခတ်လွင့်စင်သွားစေသည်။ လက်သီးများကို တင်းတင်းဆုပ်လိုက်သည့်အခါ သူ၏ ဘေးပတ်ပတ်လည်ရှိ လေဟာနယ်ကြီးပင်လျှင် ပြင်းထန်သော စွမ်းအင်ဒဏ်ကြောင့် လိမ်ရှုံ့တွန့်ကွေးသွားတော့သည်။
"ရိုကူအိုဂန် အမြင့်ဆုံးအဆင့်..." (Sai Dai Rin: Rokuogan)
ချက်ချင်းဆိုသလိုပင်...
ရေတွက်၍မရသော ခရမ်းပုပ်ရောင် လေကျည်ဆန်များသည် ရှေ့သို့ ပစ်လွှတ်လိုက်ပြီး ဆလင်ဒါပုံသဏ္ဌာန် အလင်းလှိုင်းတစ်ခုအဖြစ် ပေါင်းစည်းသွားသည်။ ဇက်ဖာရ်က အော်ဟစ်လိုက်ရာ သူ၏ ကြွက်သားများသည် ဆယ်စင်တီမီတာနီးပါးခန့် ဖောင်းကြွလာပြီး သူ၏ ခရမ်းရောင်ဆံပင်များမှာ ထောင်မတ်သွားကာ လက်မောင်းများကို တင်းလိုက် လျှော့လိုက် လုပ်ခြင်းဖြင့် ခရမ်းပုပ်ရောင် အလင်းတန်းကို ပိုမိုကျယ်ပြန့်သွားစေသည်။ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအင်တစ်ခုက သူ့ပတ်ဝန်းကျင်ရှိ ဟာလာဟင်းလင်းပြင်ကို လိမ်ယှက်သွားစေရာ တွင်းနက်ကြီးတစ်ခု ပေါ်ပေါက်လာသည့်အလား ဖြစ်နေသည်။
တစ်ချိန်တည်းမှာပင်...
ဘော့ဘ်၏ ပုံရိပ်သည် ဝေဝါးသွားပြီး နောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားကာ ယခုအခါ ပင်လယ်ထဲတွင် ရပ်နေရင်း သူ၏ အရှိန်အဝါကို ရုတ်တရက် ဖြန့်ကြက်လိုက်ရာ ပြင်းထန်သောအပူဒဏ်ကြောင့် လောင်ကျွမ်းနေရသည့်အလား လေထုထဲတွင် လှိုင်းတွန့်သဏ္ဌာန် ပုံစံများ ဖြစ်ပေါ်လာသည်။ စူးစိုက်ထားသော အကြည့်ဖြင့် ဘော့ဘ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"အဆုံးစွန်သော တိုက်ခိုက်ချက် - အလေးအနက် ရေသေနတ်..." (Serious Series: Serious Water Gun)
ကြီးမားလှသော ရေဂျက်လှိုင်းကြီးတစ်ခုက ဇက်ဖာရ် ထံသို့ ဦးတည်ပစ်လွှတ်လိုက်သည်။ တစ်ဖက်က ဘယ်၊ တစ်ဖက်က ညာ၊ တစ်ခုက အဖြူ၊ တစ်ခုက အမည်း။ အလင်းတန်းနှင့် ရေဂျက်လှိုင်းတို့ ထိပ်တိုက်တွေ့ဆုံသွားကြရာ ခဏမျှအတွင်း မည်သူက အသာစီးရနေသည်ကို ပြောရန် မဖြစ်နိုင်လောက်အောင်ပင် ရှိတော့သည်။
၎င်းတို့နှစ်ဦးစလုံးသည် အားပြိုင်မှုထဲသို့ မိမိတို့၏ ခွန်အားများကို အဆက်မပြတ် ထည့်သွင်းနေကြစဉ် အလင်းတန်း၏ အလယ်ဗဟိုတည့်တည့်တွင် ဝဲကရက်တစ်ခု ဖြစ်ပေါ်လာပြီး ၎င်းတို့ ထိပ်တိုက်တွေ့ဆုံသံပင် လုံးဝ ဝါးမြိုခြင်းခံလိုက်ရကာ အရာအားလုံးသည် တိတ်ဆိတ်ခြင်းထဲသို့ ကျရောက်သွားသလို ခံစားရသည်။ သို့သော်လည်း ဤတိတ်ဆိတ်မှုကြားတွင် ဘော့ဘ်နှင့် ဇက်ဖာရ်တို့၏ မျက်နှာအမူအရာများမှာ အလွန်ပင် တည်ကြည်လေးနက်နေကြသည်။
ရုတ်တရက်...
၎င်းတို့နှစ်ဦးစလုံး၏ မျက်ခွံများ တွန့်သွားကြသည်။ ဤစွမ်းအင်သည် ထိန်းချုပ်မှုအပြင်ဘက်သို့ ရောက်ရှိတော့မည် ဖြစ်သည်။
"ဝူး..."
၎င်းတို့နှစ်ဦးစလုံးသည် စွမ်းအင်များကို တစ်ပြိုင်နက်တည်း ရုပ်သိမ်းလိုက်ပြီး လေထုထဲသို့ မြင့်မားစွာ ခုန်တက်လိုက်ကြရာ နောက်တစ်စက္ကန့်တွင် အလင်းတန်းနှင့် ရေဂျက်လှိုင်းကြား၌ နားကွဲမတတ် ပေါက်ကွဲမှုကြီးတစ်ခု ထွက်ပေါ်လာပြီး အသက်ရှူကျပ်မတတ် ပြင်းထန်သော အားတစ်ခုက အပြင်ဘက်သို့ လွင့်စင်သွားတော့သည်။