အပိုင်း (၆) တစ်ချက်တည်းနဲ့ အလဲထိုးခြင်း။
ဘော့ဘ်၏ စကားကို ကြားလိုက်ရချိန်တွင် ကံကြမ္မာဆိုးတစ်ခု ကျရောက်တော့မည်ကို ကိုင်ဒို ချက်ချင်း အာရုံရလိုက်သည်။ သူသည် ဆူးပါသော ၎င်း၏ လက်နက်ကြီးကို နောက်တစ်ကြိမ် လွှဲယမ်းလိုက်ပြန်သည်။ သို့သော်လည်း နောက်တစ်စက္ကန့်တွင်ပင် ပြိုင်ဘက်ဖြစ်သူမှာ မျက်စိရှေ့မှ ကွယ်ပျောက်သွားသည်ကို တွေ့လိုက်ရသလို ဖြစ်သွားပြီး ထိုအချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် ဘော့ဘ်သည် ကိုင်ဒို၏ အနောက်ဘက်၌ ပေါ်လာတော့သည်။
ထိုအချိန်တွင် အာရုံခံဟာကီကို အသက်သွင်းထားပြီးဖြစ်သော ကိုင်ဒိုသည် တစ်စုံတစ်ခုကို ရိပ်မိသွားသည်။ သူ လှည့်အကြည့်တွင်ပင် လေထဲ၌ ရှိနေသော ဘော့ဘ်က ကိုင်ဒို၏ လည်ပတ်ကို လက်ဝါးစောင်းဖြင့် အရှိန်အဟုန်ဖြင့် ခုတ်ချလိုက်လေသည်။
ဘော့ဘ်ရဲ့ တိုက်ကွက်ကို ဘယ်လိုကာကွယ်ရမလဲလို့ ကိုင်ဒို တွေးနေတုန်းမှာပဲ သူ့လည်ပတ်ကို ထက်မြက်တဲ့ လက်နက်တစ်ခုနဲ့ အခုတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ပြင်းထန်လွန်းတဲ့ နာကျင်မှုက တစ်ကိုယ်လုံးကို ချက်ချင်းပဲ ရိုက်ခတ်သွားတော့သည်။ ထို့နောက်တွင်မူ ကိုင်ဒိုသည် ခေါင်းတစ်ခုလုံး မူးဝေနောက်ကျိသွားပြီး အမြင်အာရုံတွေ ဝေဝါးကာ ခန္ဓာကိုယ်ပါ ယိမ်းယိုင်သွားခဲ့သည်။
"ဝုန်းးး!!"
သူသည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားပြီး ရိုက်ခတ်မှုကြောင့် မြေပြင်တွင် တွင်းကြီးတစ်ခု ဖြစ်သွားရသည်။ ဤအချက်တစ်ခုတည်းနှင့်ပင် ဘော့ဘ် တိုက်ခိုက်လိုက်သော ဒဏ်ချက်၏ ပြင်းအား မည်မျှ ကြီးမားကြောင်း သက်သေပြနေသည်။ ဘော့ဘ်မှာမူ လေထဲတွင် တိုက်ကွက်ကို ဖော်ဆောင်ပြီးနောက် ဘေးဘက်သို့ ညင်သာစွာ ဆင်းသက်လိုက်ရာ ၎င်း၏ ကိုယ်ပေါ်တွင် ဖုန်မှုန့်တစ်စပင် မတင်ပေ။
ဤမြင်ကွင်းကို ကြည့်ရှုနေကြသော လူအားလုံးမှာ ထိုအခိုက်အတန့်တွင် ဆိတ်ငြိမ်သွားကြပြီး ပတ်ဝန်းကျင် တစ်ခုလုံးတွင်လည်း ထူးဆန်းသော တင်းမာမှုများဖြင့် ပြည့်နှက်သွားတော့သည်။ အားလုံးက မယုံကြည်နိုင်သော မျက်လုံးများဖြင့် ဘော့ဘ်ကို စိုက်ကြည့်နေကြသည်။
"ဒါ... ကိုင်ဒိုက တကယ်ပဲ လူသစ်တစ်ယောက်ရဲ့ လက်ချက်နဲ့ တစ်ခဏအတွင်းမှာတင် ရှုံးနိမ့်သွားတာလား။"
"အမလေး ဘုရားရေ။ တစ်ချက်တည်းနဲ့ အလဲထိုးခံလိုက်ရတာလား။"
"သူ ဘယ်လိုတိုက်ခိုက်လိုက်လဲဆိုတာ မြင်တဲ့လူ ရှိလား။ ငါဆို ရိပ်တောင်မရိပ်မိလိုက်ဘူး။"
"သူ့ရဲ့ အရှိန်က မြန်လွန်းတယ်။ ကိုင်ဒို မလဲကျခင်အထိ ငါ ဘာမှတောင် မသိလိုက်ဘူး။"
"အက်ဒ်ဝါ့ဒ်က သူ့ကို ဒီလောက်အထိ ချီးကျူးနေတာ မဆန်းပါဘူး။ သူက ရူးလောက်အောင် သန်မာတာပဲ။"
"ဒီကောင်က တကယ့် နတ်ဆိုးပဲ။"
တစ်နေရာလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ ကနဦးက ကိုင်ဒိုတစ်ယောက်တည်းကသာ ဖိနှိပ်ကစားမည့် တစ်ဖက်သတ်ပွဲဟု မျှော်လင့်ထားခဲ့ကြသော်လည်း အခြေအနေမှာ လုံးဝ ပြောင်းပြန် ဖြစ်သွားခဲ့ရသည်။ အလုပ်သင်အဖွဲ့ဝင်များထဲတွင် အသန်မာဆုံးဖြစ်သော ကိုင်ဒိုသည် ဤလူသစ်၏ တိုက်ကွက်တစ်ကွက်တည်းဖြင့် လဲကျသွားရသည် မဟုတ်ပါလော။
ဝါရင့် သင်္ဘောသားအချို့မှာမူ စိတ်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားကြသည်။ နောက်ဆုံးတွင်တော့ သူတို့သည် ဘော့ဘ်အပေါ် အထင်သေးနေမှုများကို ဘေးဖယ်ထားလိုက်ကြရတော့သည်။ ဘော့ဘ်ကို ပြန်ကြည့်ကြချိန်တွင်မူ ၎င်းတို့၏ မျက်ဝန်းများထဲ၌ သတိကြီးစွာ ထားနေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
"ဟားဟားဟားဟား။"
"အက်ဒ်ဝါ့ဒ်... မင်းပြောတာ မှန်တာပဲ။ ဒီကလေးက တကယ့်ကို သိုင်းပညာပါရမီရှင်ပဲ။"
"သူ့ရဲ့ ကြောက်စရာကောင်းတဲ့ အရှိန်နဲ့ ပေါက်ကွဲအားက တကယ့်ကို ရှင်းရှင်းလင်းလင်းနဲ့ ကြမ်းတမ်းလွန်းတယ်။"
"မင်း ငါ့ကို တကယ့် အံ့အားသင့်စရာကြီးတစ်ခု ယူဆောင်ပေးခဲ့တာပဲ။"
ကိုင်ဒို ရှုံးနိမ့်သွားသည်ကို မြင်သော်လည်း ရော့ခ်သည် နောင်တရသည့် အရိပ်အယောင် အနည်းငယ်မျှ မရှိဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ၎င်း၏ မျက်လုံးထဲတွင် ရှုံးနိမ့်သူဟူသည် အမှိုက်ကဲ့သို့သာ ဖြစ်သည်။ သို့သော် ဘော့ဘ်ကမူ သူ့ကို အတိုင်းအဆမရှိသော အံ့အားသင့်မှုကို ပေးစွမ်းခဲ့သည်။ ဤလူငယ်သည် ကိုင်ဒိုထက်ပင် ပို၍ ကြောက်စရာကောင်းနေသည်။
"ဂူရာရာရာရာ။"
"ငါ သူ့ရဲ့ ခွန်အားအပေါ် အပြည့်အဝ ယုံကြည်မှု ရှိပြီးသားပါ။"
မုတ်ဆိတ်ဖြူက ကွင်းပြင်ထဲရှိ ဘော့ဘ်ကို ကြည့်ကာ သဘောကျစွာ ရယ်မောရင်း ပြောလိုက်သည်။ အမှန်တော့ သူကိုယ်တိုင်လည်း စိတ်ထဲတွင် အံ့အားသင့်နေရသည်။ ဘော့ဘ်က ကိုင်ဒိုကို ဒဏ်ချက်တစ်ခုတည်းနှင့် အလဲထိုးနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။ မူလကမူ ဘော့ဘ်သည် ကိုင်ဒိုကို အပြင်းအထန် တိုက်ခိုက်ပြီးမှသာ အနိုင်ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် ယခုမူ အခြေအနေက ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။ ကိုင်ဒိုမှာ တိုက်ကွက်တစ်ခုတည်းနှင့် မေ့မြောသွားရသည်။ ဤသည်မှာ တစ်လအတွင်းမှာတင် ဘော့ဘ်၏ ခွန်အားက ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိုးတက်လာခဲ့ကြောင်း ပြသနေခြင်းပင်။
"တကယ့် နတ်ဆိုးပဲ။ သူက တကယ်ကို သန်မာတာ။"
ရွှေခြင်္သေ့ ရှီကီသည်လည်း ထိုအခိုက်အတန့်တွင် ရတနာတစ်ပါးကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ ၎င်း၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။ ဤမျှ ထူးချွန်သော ပါရမီရှင်မျိုးကို သူ၏ ကိုယ်ပိုင်အဖွဲ့ထဲသို့ မဖြစ်မနေ သိမ်းသွင်းရမည်ဟု တွေးလိုက်မိသည်။
ကွင်းပြင်ထဲတွင်မူ ဘော့ဘ်သည် ကိုင်ဒို ပြန်မထလာနိုင်တော့သည်ကို မြင်သောအခါ ကပ္ပတိန် ရော့ခ်ဘက်သို့ လှည့်၍ မေးလိုက်သည်။
"ကပ္ပတိန်... ကျွန်တော့်ရဲ့ စစ်ဆေးမှု ပြီးဆုံးသွားပြီလား။"
"သေချာတာပေါ့။" ရော့ခ်၏ မျက်ဝန်းများက ချက်ချင်း တောက်ပသွားသည်။
ထိုစကားကို ကြားရသောအခါ ဘော့ဘ်သည် စမ်းသပ်ကွင်းထဲမှ ထွက်လာပြီး ရော့ခ်၏ ထံသို့ လျှောက်လှမ်းသွားခဲ့သည်။ ယခုအချိန်တွင်မူ သူ၏ အဆင့်အတန်းက တရားဝင် အဖွဲ့ဝင်တစ်ဦး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ ဘော့ဘ် လျှောက်လာသည်ကို မြင်သောအခါ ရော့ခ်က ကျယ်လောင်စွာ ရယ်မောရင်း ၎င်း၏ ပုခုံးကို ပုတ်ကာ ကျေနပ်သော အမူအရာဖြင့် ပြောလိုက်သည်။
"ရော့ခ်ပင်လယ်ဓားပြအဖွဲ့ကနေ ကြိုဆိုပါတယ်။ မင်းရဲ့ ပါရမီနဲ့ ခွန်အားဆိုရင် မကြာခင်မှာပဲ ကမ္ဘာ့ထိပ်သီးနေရာမှာ ရပ်တည်နိုင်တဲ့ အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ငါ ယုံကြည်တယ်။"
ခုနက တိုက်ပွဲက ရော့ခ်အပေါ် နက်နက်ရှိုင်းရှိုင်း အစွဲအထင် ကျန်ရစ်စေခဲ့သည်။ အက်ဒ်ဝါ့ဒ် ပြောတာ မှန်ပေသည်။ဒီကောင်(ဘော့ဘ်)သည် တကယ့် ထိပ်တန်း ပါရမီရှင် ဖြစ်သည်။ မည်သည့် ဟာကီကိုမျှ အသုံးမပြုဘဲ သူ၏ အံ့မခန်းလှသော ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် ပေါက်ကွဲအား သက်သက်ဖြင့် ကိုင်ဒိုကို တိုက်ရိုက် ဖိနှိပ်ခြေမှုန်းသွားခဲ့ခြင်း ဖြစ်သည်။ ဤတစ်ကြိမ်တွင်မူ ရော့ခ်တို့ လူသစ်စုဆောင်းမှု၌ တကယ့် ရတနာကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်တော့သည်။
ဘော့ဘ်က တည်ငြိမ်သော လေသံဖြင့် ပြန်လည်ဖြေကြားခဲ့သည်။
"ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ။"
"ဟားဟား။ ကောင်းတယ်။"
ရော့ခ်သည် လူငယ်လေး၏ အေးတိအေးစက် နေတတ်သော အမူအရာကြောင့် ခဏမျှ ဆွံ့အသွားသော်လည်း ထို့နောက်တွင်မူ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဘော့ဘ်၏ အပြုအမူအပေါ် စိတ်ဆိုးခြင်း မရှိသည့်အပြင် ၎င်းကို ပို၍ပင် သဘောကျသွားခဲ့သည်။ သူ၏ အမြင်တွင်မူ သန်မာသောသူဟူသည် မိမိကိုယ်ပိုင် စရိုက်လက္ခဏာ ရှိရမည် ဖြစ်သည်။ ယခု သူ၏ သင်္ဘောပေါ်ရှိ အားကိုးရသော သန်မာသူများဖြစ်ကြသည့် အက်ဒ်ဝါ့ဒ်၊ ရှီကီ၊ ရှာလော့ လင်လင် တို့သည်လည်း တစ်ဦးချင်းစီတိုင်း တောရိုင်းတိရစ္ဆာန်များကဲ့သို့ ရိုင်းစိုင်းကာ မာနကြီးကြသည် မဟုတ်ပါလော။ ထို့အပြင် ဘော့ဘ် ပြသခဲ့သော ခွန်အားနှင့် ၎င်းပိုင်ဆိုင်ထားသော ပါရမီတို့ကို ထည့်တွက်လျှင် ဤအရာများမှာ ကိစ္စအသေးအမွှားလေးများသာ ဖြစ်သည်။
"အလွန်ကောင်းတယ်။ မင်းရဲ့ နောင်လာမယ့် စွမ်းဆောင်ရည်တွေကို ငါ မျှော်လင့်နေမယ်။"
ရော့ခ်က သူ့ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ပြီးနောက် ၎င်း၏ လက်မောင်းနှစ်ဖက်ကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်တန်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ထိုနေရာတစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။ စမ်းသပ်မှုကို ရင်ဆိုင်ရတော့မည့် အောက်ခြေရှိ လူသစ်များကို ကြည့်ကာ ရော့ခ်က လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါဖြင့် ပြောလိုက်သည်။
"ငါ့ရဲ့ ပင်လယ်ဓားပြအဖွဲ့ထဲမှာ မင်းတို့ အနေနဲ့ ငွေကြေး၊ အဆင့်အတန်း၊ မိန်းမနဲ့ အာဏာတွေကို ရရှိနိုင်တယ်။ မင်းတို့မှာ လုံလောက်တဲ့ ခွန်အားသာ ရှိမယ်ဆိုရင် ဒီနေရာဟာ မင်းတို့အတွက်ကိုကြိုဆိုပြီးသားဘဲ။"
"လူသစ်လေးတို့... မင်းတို့ရဲ့ ခွန်အားကို ငါ့ကို ပြစမ်း။ သွေးမြေကျမှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ မင်းတို့ရဲ့ တန်ဖိုးကို ငါ့ထံ သက်သေပြကြစမ်း။"
"ကဲ... စမ်းသပ်မှုကို စတင်စေ။"
သူ့စကား ဆုံးသည်နှင့် တစ်ပြိုင်နက် ဘေးဘက်တွင် စောင့်ဆိုင်းနေကြသော အဖွဲ့ဝင်များသည် သိုးအုပ်ထဲသို့ ဆင်းသက်လာသည့် ဆာလောင်မွတ်သိပ်နေသော ဝံပုလွေအုပ်ကဲ့သို့ လူသစ်စုဝေးရာ အုပ်စုထဲသို့ အတင်းဝင်ရောက် တိုက်ခိုက်ကြတော့သည်။ ထို့နောက်တွင်မူ အလွန်တရာ ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အဖွဲ့ဝင်များသည် မည်သည့် ကရုဏာမျှ မထားကြပေ။ အော်ဟစ်သံများနှင့် ကယ်ပါယူပါ တောင်းခံသံများက အတွင်းထဲမှ ထွက်ပေါ်လာပြီး သွေးများက မြေပြင်ပေါ်တွင် ချက်ချင်းဆိုသလို အိုင်ထွန်းသွားခဲ့သည်။
ဤမြင်ကွင်းကို မြင်ရသောအခါ ဘေးမှ ကြည့်ရှုနေကြသော အဖွဲ့ဝင်များက အားပေးအော်ဟစ်ကြတော့သည်။ ကျွန်းတစ်ခုလုံးသည် ထိုအခိုက်အတန့်တွင် သွေးစွန်းသော ပရမ်းပတာ အခြေအနေများဖြင့် ဖုံးလွှမ်းသွားခဲ့ရတော့သည်။