အပိုင်း (၄၇) ဝရမ်းပြေးဆုကြေး ၁.၃ ဘီလီယံ
မရိန်းဖို့ဒ်၏ အနက်ရှိုင်းဆုံးနေရာတွင် “ရေတပ်ဌာနချုပ်” ဟူသော စာလုံးကြီးများ ထင်ရှားစွာ ရေးထွင်းထားသည့် ဂုဏ်ဒြပ်ကြီးမားလှသော စစ်ဘက်ခံတပ်ကြီးတစ်ခု ရှိနေသည်။ ထိုခံတပ်ကြီးကို အပြာရောင်နှင့် အဖြူရောင် နံရံများဖြင့် တည်ဆောက်ထားပြီး၊ အမြောက်မြောက်များစွားတပ်ဆင်ထားကာဆိပ်ကမ်းတွင်လည်းအင်အားကြီးမားလှသော မရိန်းစစ်သင်္ဘောကြီး အများအပြား ဆိုက်ကပ်ထားသည်။
ရက်ဒ်လိုင်း (Red Line) ၏ အထွတ်အထိပ်ရှိ စက်ဝိုင်းပုံစံ အစည်းအဝေးခန်းမကြီးထဲတွင်မူ သက်ကြီးရွယ်အို အမျိုးသားကြီး ငါးဦးသည် ခန်းမအနှံ့ တချို့က ထိုင်လျက်၊ တချို့က မတ်တတ်ရပ်လျက် ရှိနေကြသည်။ ၎င်းတို့သည် တစ်ကမ္ဘာလုံးက သိရှိထားကြသည့် “ငါးပါးသောအကြီးအကဲ” ဟူသော လျှို့ဝှက်ဆန်းကြယ်သည့် ဘွဲ့အမည်ကို ပိုင်ဆိုင်ထားသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ကမ္ဘာ့အစိုးရ၏ အမြင့်ဆုံး အုပ်ချုပ်သူများနှင့် အဓိက ဒေါက်တိုင်ကြီးများလည်း ဖြစ်ကြသည်။
၎င်းတို့၏ ရှေ့မှောက်တွင် မရိန်းစစ်ဝတ်စုံ ဝတ်ဆင်ထားသူ အများအပြား ဒူးထောက်နေကြသည်။ ၎င်းတို့သည် ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်များ၏ ဆန်းပြားလှသော အပျော်စီးသင်္ဘောကြီးပေါ်မှ ဘော့ဘ် လွှတ်ပေးလိုက်သည့် စစ်သည်များပင် ဖြစ်ကြသည်။
“ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်တစ်ယောက် သေဆုံးသွားပြီ။ ကောင်းကင်ဘဏ္ဍာတော်တွေလည်း အလုခံလိုက်ရတယ်”
“မင်းတို့တစ်တွေ ဘာလုပ်နေကြလဲ”
အနက်ရောင် ဝတ်စုံဝတ်ဆင်ထားပြီး လမ်းလျှောက်တုတ်ကို ကိုင်ဆောင်ထားသော ငါးပါးသောအကြီးအကဲထဲမှ တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ ကျန်ရှိသော အကြီးအကဲ လေးဦး၏ မျက်နှာများမှာလည်း ခက်ထန်နေကြသည်။ ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်တစ်ဦး သေဆုံးမှုသည် အလွန်တရာ ကြီးမားသော တာဝန်ရှိမှု ဖြစ်ပြီး ကမ္ဘာ့အစိုးရ၏ အာဏာစက်ကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။
“ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အသေးစိတ် ပြန်ပြောစမ်း”
မုတ်ဆိတ်ရှည်နှင့် အခြားအကြီးအကဲတစ်ဦးက အမိန့်ပေးသည့် လေသံဖြင့် ပြောကြားလိုက်ရာ နာခံရန်မှတစ်ပါး အခြားမရှိချေ။
ထိုစကားကို ကြားလိုက်ရသောအခါ မရိန်းစစ်သည်များသည် ချွေးစေးများ ပြန်လာပြီး မျက်နှာများလည်း ထိန်းမနိုင်သိမ်းမရ တုန်ရင်လာကြသည်။ ၎င်းတို့ထဲမှ အနည်းငယ် တည်ငြိမ်မှုရှိသော စစ်သည်တစ်ဦးက စတင်၍ လျှောက်တင်လေသည်။
“နိုင်ငံအတော်များများဆီက ကမ္ဘာ့ဘဏ္ဍာတော်တွေကို ကောက်ခံပြီးနောက်မှာ သခင်ကြီး ချားလ်မိန်းဟာ သန့်ရှင်းသောမြေမြတ် မာရိန်းဂျွိုစ့်ကို ပြန်လာနေခဲ့တာပါ။ ခရီးစဉ်အတွင်းမှာပဲ အရှိန်အဟုန်ပြင်းစွာနဲ့ မောင်းနှင်လာပြီး ကျွန်တော်တို့သင်္ဘောကြီးနားကို ကပ်လာတဲ့ လှေငယ်တစ်စင်းကို လှမ်းမြင်လိုက်ရပါတယ်”
“ဒါကို မြင်တော့ သခင်ကြီး ချားလ်မိန်းက အဲဒီလှေငယ်ကို တိုက်ပစ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ တိုက်မိတဲ့အချိန်မှာ အဲဒီလှေပေါ်က လူနှစ်ယောက်ဟာ ပင်လယ်ထဲမှာ သေဆုံးမသွားဘဲ သင်္ဘောပေါ်ကို ရုတ်တရက် ရောက်ရှိလာခဲ့ပါတယ်”
“ဝရမ်းထုတ်ထားတဲ့ ပိုစတာတွေအရ ဆိုရင်တော့ သူတို့ဟာ ရော့ခ်ပင်လယ်ဓားပြအဖွဲ့က ဘော့ဘ်နဲ့ ကိုင်ဒိုတို့ ဖြစ်ကြပါတယ်”
ထိုစကားကို ကြားရသောအခါ ငါးပါးသောအကြီးအကဲများသည် မျက်မှောင်ကုတ်သွားကြသည်။ ဘော့ဘ်သည် ရော့ခ်ပင်လယ်ဓားပြအဖွဲ့၏ တိုက်ခိုက်ရေးသမားတစ်ဦးနှင့် တပ်ခွဲမှုးတစ်ဦးအဖြစ် ယခင်က မရိန်းအခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့စဉ်ကတည်းကပင် အတော်အတန် အားကောင်းသော အင်အားကို ပြသခဲ့ပြီး ဖြစ်သည်။
“ဘော့ဘ်က သခင်ကြီး ချားလ်မိန်းရဲ့ သင်္ဘောပေါ်ကို တက်ချင်တယ်လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ သဘောထားက သိသိသာသာကို ယုံကြည်မှုလွန်ကဲနေပြီး သခင်ကြီး ချားလ်မိန်းနဲ့ ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်တွေအပေါ် အလွန်ရိုသေတဲ့ ပုံစံပြခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနောက်မှာ ကိုင်ဒိုက သခင်ကြီး ချားလ်မိန်းကို... ကို... ဝက်ပေါကြီးလို့ ခေါ်လိုက်ပါတယ်”
ဤနေရာသို့ ရောက်သောအခါ မရိန်းစစ်သည်က စကားကို ခေတ္တရပ်ပြီး ငါးပါးသောအကြီးအကဲများကို လှမ်းကြည့်လိုက်သည်။ ၎င်းတို့၏ မျက်နှာများမှာ ညိုမှောင်နေသော်လည်း ဆက်ပြောရန် အချက်ပြခဲ့ကြသည်။
“စော်ကားခံလိုက်ရပြီးနောက်မှာ သခင်ကြီး ချားလ်မိန်းဟာ အလွန်အမင်း ဒေါသထွက်ပြီး လဲကျလုနီးပါး ဖြစ်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘော့ဘ်က သူ့ကို ကြင်ကြင်နာနာနဲ့ တွဲကူပေးခဲ့လို့ လဲမကျခဲ့ပါဘူး”
“ဒါပေမဲ့... ဒါပေမဲ့ အဲဒီနောက်မှာ သခင်ကြီး ချားလ်မိန်းဟာ ဘာကြောင့်ရယ်မသိ ရုတ်တရက် သွေးတွေအန်ပြီး လဲကျသေဆုံးသွားခဲ့ပါတယ်”
“သူက ချားလ်မိန်းကို ထိလိုက်တာလား။ ပြီးတော့မှ ချားလ်မိန်းက သေသွားတာပေါ့”
ငါးပါးသောအကြီးအကဲထဲမှ တစ်ဦးက မုန်တိုင်းထန်တော့မည့် တိမ်တိုက်များကဲ့သို့ ညိုမှောင်နေသော မျက်နှာထားဖြင့် အေးစက်တည်ငြိမ်စွာ မေးမြန်းလိုက်သည်။
“မှန်လှပါ၊ ကျွန်တော်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတာပါ”
“ကျွန်တော်လည်း မြင်ခဲ့ပါတယ်၊ ကွက်တိပါပဲ”
အခြားမရိန်းစစ်သည်များကလည်း ဖြစ်ရပ်မှန်ကို ထောက်ခံသည့်အနေဖြင့် တစ်ယောက်တစ်ပေါက် ဝင်ပြောကြသည်။
ထိုစကားကို ကြားလိုက်ရသောအခါ ငါးပါးသောအကြီးအကဲများသည် သိသိသာသာပင် တုန်လှုပ်သွားကြသည်။ ရုတ်တရက်ဆိုသလို ၎င်းတို့ထဲမှ တစ်ဦးသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်သည်။
“ဒါဟာ သံမဏိခန္ဓာဟာကီရဲ့ အဆင့်မြင့်အသုံးချမှုဖြစ်တဲ့ ‘စီးဆင်းခြင်းဟာကီ (Ryuou)’ ရဲ့ အတွင်းပိုင်း ဖျက်ဆီးမှုပဲ ဖြစ်ရမယ်”
“သူကပဲ ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်ကို တိုက်ရိုက် သေစေခဲ့တာပဲ”
ကျန်ရှိသော အကြီးအကဲ လေးဦးလည်း အလားတူ အံ့အားသင့်သွားကြသည်။ အဆင့်မြင့် သံမဏိခန္ဓာဟာကီ အသုံးချမှုကို ၎င်းတို့ မသိကျွမ်းသည်တော့မဟုတ်၊ ၎င်းတို့ကိုယ်တိုင်လည်း အသုံးပြုနိုင်သည်။ သို့သော်လည်း ဤအခြေအနေတွင် မည်သူမျှ ချက်ချင်းတွေးမမိခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် ထိုမျှလောက် ငယ်ရွယ်သူတစ်ဦးက အတွင်းပိုင်း ဖျက်ဆီးမှုကို တတ်မြောက်ထားသည်ဟူသောအချက်မှာ တစ်ခါမျှ မကြားဖူးခဲ့သောကြောင့် ဖြစ်သည်။
“ဘော့ဘ်ရဲ့ အင်အားက တို့တွေ ထင်ထားတာထက်တောင် ပိုပြီး ကြောက်စရာကောင်းနေနိုင်တယ်”
“ချားလ်မိန်းကို ကာကွယ်ပေးနေတဲ့ စီပီဇီးရိုး (CP0) အေးဂျင့် သုံးယောက်ကော ဘာဖြစ်သွားလဲ”
ဤအချိန်တွင် မုတ်ဆိတ်ရှည်နှင့် အကြီးအကဲသည် ထိတ်လန့်နေဆဲဖြစ်သော်လည်း စီပီဇီးရိုး အေးဂျင့် သုံးဦး ရှိနေခဲ့သည်ကို သတိရသွားသည်။
မရိန်းအရာရှိမှာ အနည်းငယ် ဝေခွဲမရဖြစ်သွားပြီး သူ ဘာကို ဆိုလိုသည်ကို လုံးဝ သေချာမသိချေ။ ခေတ္တမျှ စဉ်းစားပြီးနောက် “စီပီဇီးရိုး အေးဂျင့် သုံးယောက်” ဟူသော စကားကို သတိရသွားကာ မျက်နှာဖုံးစွပ်ထားသည့် လူသုံးယောက်ကို ဆိုလိုခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။
“သူတို့ထဲက တစ်ယောက်ကတော့ ဘော့ဘ်ရဲ့ လက်သီးတစ်ချက်တည်းနဲ့ လက်မောင်း ကြေမွသွားခဲ့ပြီး အဲဒီနောက် သုံးယောက်စလုံး ရင်ဘတ်ကို အထိုးခံရပြီး သေဆုံးသွားခဲ့ပါတယ်”
“ဘာ”
အကြီးအကဲများသည် မယုံကြည်နိုင်ဘဲ ရေရွတ်လိုက်ကြသည်။ ထိုစီပီဇီးရိုး အေးဂျင့် သုံးဦး သေဆုံးသွားလောက်ပြီဟု ၎င်းတို့ သိထားသော်လည်း ဤမျှလောက် လွယ်လွယ်ကူကူဖြင့် တစ်ယောက်ချင်းစီ၏ ရင်ဘတ်ကို ဘော့ဘ်က ထိုးဖောက်သတ်ဖြတ်လိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။
ထိုစီပီဇီးရိုး အေးဂျင့် သုံးဦး၏ တစ်ဦးချင်း အင်အားသည် ရေတပ်ဗိုလ်ချုပ်ဒုတိယအဆင့် ခန့်သာ ရှိသော်လည်း ၎င်းတို့သည် ငယ်စဉ်ကတည်းက အတူတူ လေ့ကျင့်ခဲ့ကြသူများဖြစ်ရာ အဖွဲ့အစည်း စည်းလုံးမှုမှာ ထူးခြားစွာ မြင့်မားလှသည်။ ရေတပ်ဗိုလ်ချုပ်တစ်ဦးပင်လျှင် ၎င်းတို့ အတူတကွ တိုက်ခိုက်လာပါက အလွယ်တကူ သတ်ဖြတ်နိုင်မည် မဟုတ်ချေ။
“ဒီဘော့ဘ်ဆိုတဲ့ကောင်က အလွန်အမင်း အင်အားကြီးမားတယ်။ သူ့ကို ဒီထက်ပိုပြီး ကြီးထွားခွင့် ပေးလို့မဖြစ်ဘူး။ ရှင်းလင်းပစ်ရမယ်”
“ပြီးတော့ ရော့ခ်ပင်လယ်ဓားပြအဖွဲ့ကိုလည်း ကိုင်တွယ်ရမယ်”
“ဒီတစ်ကြိမ်မှာ ရေတပ်မှာ ကြီးမားတဲ့အခြားတာဝန်တွေရှိပေမဲ့ အရေးကြီးဆုံး ဦးစားပေးကတော့ ရော့ခ်ပင်လယ်ဓားပြအဖွဲ့နဲ့ ဘော့ဘ်ကို ရှင်းလင်းဖို့ပဲ”
“ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင် သေဆုံးတဲ့ သတင်းကို လုံးဝ ဖုံးဖိထားလိုက်။ ကိုင်ဒိုရဲ့ ဝရမ်းပြေးဆုကြေးကို သန်း ၇၀၀ အထိ တိုးမြှင့်ပြီး ဘော့ဘ်ရဲ့ ဆုကြေးကိုတော့ ၁.၃ ဘီလီယံအထိ တိုးမြှင့်လိုက်”
...
အစီရင်ခံစာအပြည့်အစုံကို ကြားနာပြီးနောက် ကမ္ဘာ့အစိုးရ၏ ငါးပါးသောအကြီးအကဲများသည် ရေတပ်ဌာနချုပ်၏ ဗိုလ်ချုပ်ဖြစ်သူ ဆန်ဂိုးကုထံသို့ ချက်ချင်း ဖုန်းခေါ်ဆိုလိုက်ကြသည်။ ၎င်းတို့သည် အပြစ်တင်စကားများဖြင့် စတင်ကာ ဘော့ဘ်နှင့် သူ၏အဖွဲ့သားများကို ကြောက်ရွံ့မိကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
“နားလည်ပါပြီ”
တယ်လီဖုန်းခရု (Den Den Mushi) မှတစ်ဆင့် ဆန်ဂိုးကု၏ တိုတောင်းပြီး ပြတ်သားလှသော တုံ့ပြန်မှု ထွက်ပေါ်လာပြီးနောက် ဖုန်းလိုင်းမှာ ချက်ချင်း ပြတ်တောက်သွားခဲ့သည်။
ရေတပ်ဌာနချုပ်တွင်မူ အကြီးအကဲများ၏ ဆူပူကြိမ်းမောင်းမှုကို ခံလိုက်ရသဖြင့် ဆန်ဂိုးကု၏ မျက်နှာမှာ ပြာနှမ်းနေခဲ့သည်။ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ရော့ခ်ပင်လယ်ဓားပြအဖွဲ့ကို ကိုင်တွယ်ရန်မှာအလောတကြီးလုပ်၍မရနိုင်ကြောင်း ကောင်းစွာ သဘောပေါက်လိုက်သည်။ ၎င်းတို့ကို အမြစ်ပြတ် ချေမှုန်းနိုင်ရန်အတွက် ရေရှည်မဟာဗျူဟာတစ်ရပ် ချမှတ်ရန် အမှန်တကယ် လိုအပ်မည် ဖြစ်သည်။