အပိုင်း (၄၁) ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်သင်္ဘောပေါ်ကလူနှစ်ယောက်
အမှတ်အသားပြုထားခြင်း မရှိသော ပင်လယ်ပြင်တစ်ခုတွင် ရော့ခ်ပင်လယ်ဓားပြအဖွဲ့၏ သင်္ဘောကြီးသည် ရေပြင်ကို ဖြတ်သန်းကာ တည်ငြိမ်စွာ ခရီးနှင်နေသည် ဖြစ်ပါသည်တကား။ ကုန်းပတ်ထက်၌ မုတ်ဆိတ်ဖြူသည် ပဲ့ပိုင်းကို မှီတွဲရပ်လျက် အဝေးသို့ မျှော်ငေးကြည့်ရှုနေသည်။ မိမိအနေဖြင့် ဘော့ဘ်အား မည်သည့်အသုံးဝင်သော အချက်အလက်မျှ မပေးနိုင်ခဲ့သည်ကို သတိပြုမိသွားပြီးနောက် မုတ်ဆိတ်ဖြူသည် အလွန်တရာ နောင်တရမိသွားသည်။ မိမိ၏ ညီနောင်အား လမ်းညွှန်အကြံဉာဏ် ပေးခဲ့မိကာမှ လုံးဝလွဲမှားနေသော အမှားကြီးတစ်ခု ဖြစ်သွားခဲ့သဖြင့် ဘော့ဘ်အပေါ် အဆုံးစွန် အားနာစိတ် ဖြစ်ပေါ်နေရသည်။ သူ၏ မျက်ဝန်းများသည် မိုးကုတ်စက်ဝိုင်းဆီသို့ စူးစိုက်ကြည့်နေရင်း ဝမ်းနည်းပူဆွေးသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေတော့သည်။
"ဂျီဟားဟားဟားဟား!"
"အက်ဒ်ဝါ့ဒ်... ဘော့ဘ်က အခုထိ ပြန်မလာသေးဘူးလား"
ရှီကီသည် နှုတ်ခမ်းတွင် ဆေးလိပ်ပြင်းတစ်လိပ်ကို ခဲလျက် မုတ်ဆိတ်ဖြူရှိရာဘက်သို့ အေးအေးလူလူ လျှောက်လှမ်းလာပြီး သူ၏ မျက်နှာထက်တွင်မူ စိတ်လှုပ်ရှားမြူးထူးမှုများ အပြည့်အလျှံ ဖြစ်ပေါ်နေသည်။ ဘော့ဘ်တစ်ယောက် မိန်းမလှလေးများ ရှာဖွေရန် သွားရောက်ခဲ့သော်လည်း အဆုံး၌ လူသူပြတ်လပ်သော အရပ်ဒေသတစ်ခုသို့သာ ရောက်ရှိသွားကြောင်း သိရှိရပြီးနောက် ရှီကီ၏ စိတ်အခြေအနေသည် အလွန်တရာ ကောင်းမွန်သွားခဲ့သည်။ ယခင်က ဘော့ဘ်၏ လက်ချက်ဖြင့် အရေးနိမ့်ခဲ့ရသော စိတ်ပျက်အားလျော့မှုများလည်း လုံးဝဥဿုံ လွင့်စင်ပျောက်ကွယ်သွားရသည်။
မုတ်ဆိတ်ဖြူကဲ့သို့ပင် ရှီကီသည်လည်း ဘော့ဘ် ထွက်ခွာသွားသည့် အချိန်မှစ၍ ကုန်းပတ်ပေါ်သို့ ခဏခဏ ရောက်ရှိနေခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ ဘော့ဘ်အား နွေးထွေးစွာ ကြိုဆိုရန်အတွက်မူ လုံးဝမဟုတ်ဘဲ ဘော့ဘ်တစ်ယောက် စုတ်ပြတ်သတ်သော အခြေအနေဖြင့် ပြန်လည်ရောက်ရှိလာသည်ကို မြင်တွေ့လိုသောကြောင့် ဖြစ်သည်။ ထိုသို့ မြင်တွေ့ရလျှင် ဘော့ဘ်အား လှောင်ပြောင် သရော်ပြီး သူ၏ စိတ်မသက်မသာ ဖြစ်မှုကို အရသာခံ ကြည့်ရှုရန်အတွက်သာ ဖြစ်သည်။
ဘော့ဘ်တစ်ယောက် ဘာမှမအောင်မြင်ဘဲ လှေငယ်လေးတစ်စင်းကို အားစိုက်ခတ်လျက် မျက်နှာပျက်ပျက်ဖြင့် ပြန်လှည့်လာမည့် ပုံရိပ်ကို စိတ်ကူးမိတိုင်း ရှီကီသည် တဟားဟားဖြင့် အော်ဟစ်ရယ်မောမိခြင်းကို မထိန်းချုပ်နိုင်တော့ပေ။ ရှီကီ၏ အတွေးသည် ရိုးရှင်းလှသည်။ လောလောဆယ်တွင် အစွမ်းသတ္တိပိုင်း၌ မိမိ၏ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်နိုင်ခြင်း မရှိသေးသဖြင့် ယခုကဲ့သို့ သေးငယ်သော ကိစ္စရပ်များတွင် အပျော်ရှာခြင်းသည်လည်း အတော်အတန် စိတ်လှုပ်ရှားစရာ ကောင်းသည်ဟု တွေးတောနေခြင်း ဖြစ်သည်။
"ဟူး... ဘော့ဘ်တို့တစ်သိုက် ဟိုဘက်မှာ ဘာတွေနဲ့ ကြုံတွေ့နေရလဲ မသိဘူး"
"ပုံမှန်အတိုင်းဆိုရင် အဲဒီမှာ ဘယ်ကောင်မလေဍကိုမှ မတွေ့ရင် ချက်ချင်း ပြန်လှည့်လာရမှာလေ။ ဘာလို့ ဒီလောက်အချိန်အကြာကြီးအထိ ပြန်မလာသေးတာလဲ"
မုတ်ဆိတ်ဖြူက မိမိ၏ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောဆိုသည်။ ဘော့ဘ်နှင့် ကိုင်ဒိုတို့ သွားရောက်ခဲ့သည်မှာ ဤမျှလောက် ကြာမြင့်နေပြီဖြစ်၍ တစ်စုံတခုသော အန္တရာယ်နှင့် ကြုံတွေ့နေရပြီလောဟု သူ စဉ်းစားမိနေသည်။
"ဂျီဟားဟားဟားဟား!"
"သူတို့ ပင်လယ်ထဲမှာ လမ်းပျောက်နေတာများလား"
"မဟုတ်ရင်လည်း ဘော့ဘ်နဲ့ ကိုင်ဒိုက အဲဒီနေရာရဲ့ တောချောင်တစ်နေရာရာမှာ တိရစ္ဆာန်လေးတွေနဲ့ ပျော်ပါးပြီး ကစားနေကြတာလည်း ဖြစ်နိုင်တာပဲလေ"
ရှီကီသည် ဤသို့ပြောဆိုရင်း မျက်နှာကို အောက်တန်းကျလှသော ပုံစံမျိုး လုပ်ပြလိုက်ရာ ထိုစကားကို ကြားရသူတိုင်း သူ ဘာကို ဆိုလိုနေသည်ကို အထင်အရှား သိရှိနိုင်ကြသည်။
"လစ်လိုက်စမ်းပါ"
"ရှီကီ... မင်းကို ပြီးခဲ့တဲ့အကြိမ်တုန်းက ဘော့ဘ် ဆုံးမခဲ့တာ နည်းသေးတယ်ထင်တယ်"
"သူ ပြန်လာရင်တော့ မင်း နောက်တစ်ခေါက် အတီးရဦးမှာပဲ"
ရှီကီ၏ စကားကို တုံ့ပြန်သည့်အနေဖြင့် မုတ်ဆိတ်ဖြူက သူ့အား စူးစိုက်ကြည့်လျက် အသံကျယ်ကျယ်ဖြင့် သရော်လိုက်ရန် မမေ့လျော့ခဲ့ပေ။ မုတ်ဆိတ်ဖြူက ဤကိစ္စကို ထုတ်ဖော်ပြောဆိုလိုက်သည်ကို ကြားရလျှင် ရှီကီ၏ ပျော်ရွှင်မြူးထူးနေသော မျက်နှာအမူအရာသည် ချက်ချင်းဆိုသလို အေးခဲတောင့်တင်းသွားသည်။ ဤသည်မှာ သင်္ဘောပေါ်တွင် သူ မကြားချင်ဆုံးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ မိမိ၏ ရှေ့မှောက်တွင် ဤအကြောင်းကို ပြောဆိုလာသူ မည်သူ့ကိုမဆို သူက သင့်လျော်သော "တုံ့ပြန်ဆုံးမမှု" တစ်ခု ပေးလေ့ရှိသည်။ ထိုခဏ၌ ရှီကီ၏ မျက်နှာထက်တွင် ဒေါသအရှိန်အဝါများ လျှံတက်လာတော့သည်။
"ဟွန်း... မင်းမှာ သတ္တိရှိရင် အခုပဲ အပြတ်ရှင်းလိုက်ကြစို့။ ငါက ဘော့ဘ်ကို မနိုင်ဘူးဆိုပေမဲ့ မင်းကို ကြောက်နေတယ်လို့တော့ မမှတ်လိုက်နဲ့"
ပြောပြောဆိုဆိုဖြင့် ရှီကီသည် သူ၏ ခါးတွင် ချိတ်ဆွဲထားသော အိုတိုနှင့် ကိုဂါရာရှီ ဓားမြှောင်နှစ်စင်းဆီသို့ လက်လှမ်းလိုက်သည်။ သို့သော်လည်း ရုတ်တရက်ဆိုသလိုပင်...
မုတ်ဆိတ်ဖြူ၏ စကားတစ်ခွန်းကြောင့် သူ၏ လက်များ ပြန်လည်ကျဆင်းသွားရတော့သည်။
"ဟိုဘက်ကို လှမ်းကြည့်လိုက်စမ်း။ သင်္ဘောတစ်စင်း ချဉ်းကပ်လာနေပြီ... အဲဒါ ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင် သင်္ဘောကြီးပဲ"
မုတ်ဆိတ်ဖြူက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။ သူ ကြည့်ရှုနေသော ဘက်သို့ လိုက်လံကြည့်ရှုကြရာ အလွန်တရာ ခမ်းနားထည်ဝါပြီး စည်းစိမ်ပြည့်စုံလှသော အပျော်စီးသင်္ဘောကြီးတစ်စင်းသည် ရော့ခ်ပင်လယ်ဓားပြအဖွဲ့ သင်္ဘော၏ ညာဘက်နောက်ကွယ်မှနေ၍ လျင်မြန်စွာ ချဉ်းကပ်မောင်းနှင်လာနေသည်ကို မြင်တွေ့ကြရသည်။ ထိုသင်္ဘော၏ ကြီးမားထည်ဝါမှုနှင့် ဆန်းပြားဆွဲဆောင်မှုရှိသော အပြင်အဆင်များကြောင့် အဝေးမှ လှမ်းကြည့်ရုံမျှဖြင့်ပင် ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်များ၏ သုံးဖြုန်းမှုပြင်းထန်လှသော အပျော်စီးသင်္ဘောကြီးဖြစ်ကြောင်း ချက်ချင်း သိရှိနိုင်သည်။ ဤမျှကျယ်ပြောလှသော ပင်လယ်ပြင်ကြီးထဲတွင် ထိုကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်များမှတစ်ပါး မည်သူမျှ ယခုကဲ့သို့ ကြွားဝါလှသော သင်္ဘောမျိုးကို စီးနင်းကာ ခရီးနှင်ရဲကြမည် မဟုတ်ပေ။
"မြန်မြန်... လူတွေအကုန်လုံးကို အကြောင်းကြားပြီး တိုက်ပွဲအတွက် ပြင်ဆင်ခိုင်းလိုက်"
မုတ်ဆိတ်ဖြူ၏ အမိန့်ပေးသံ ဆုံးသည်နှင့်တစ်ပြိုင်နက် ရွှေခြေင်္သေ့ ရှီကီသည်လည်း ချက်ချင်းပင် လှုပ်ရှားတော့သည်။ ယခုအချိန်သည် အသေးအဖွဲ ကိစ္စရပ်များအတွက် ငြင်းခုံနေရမည့် အချိန်မဟုတ်ပေ။
မကြာမီအချိန်အတွင်းမှာပင် သင်္ဘောတစ်စင်းလုံး လှုပ်ရှားသွားလာသံများဖြင့် ဆူညံသွားခဲ့သည်။ ကုန်းပတ်ထက်တွင် အဖွဲ့ဝင်များ၊ တပ်ခွဲမှူးများသာမက ခေါင်းဆောင် ရော့ခ်ကိုယ်တိုင်ပင် ပြည့်နှက်သွားတော့သည်။ ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်များ၏ ရုတ်တရက် တိုက်ခိုက်လာမှု သတင်းကို ကြားသိရလျှင် သူတို့သည် လုပ်ဆောင်လက်စ ကိစ္စရပ်များကို ချက်ချင်းရပ်တန့်ကာ ပြေးလွှားရောက်ရှိလာကြခြင်း ဖြစ်သည်။
ကုန်းပတ်ပေါ်တွင် ရပ်နေရင်း ရော့ခ်သည် အဝေးသို့ စူးစိုက်ကြည့်ရှုသည်။ သူ၏ မျက်နှာထက်တွင်မူ ကြောက်ရွံ့တုန်လှုပ်သော အရိပ်အယောင် အနည်းငယ်မျှ မရှိဘဲ ပြုံးဖြဲဖြဲဖြင့် အေးစက်စွာ ရယ်မောနေသည်။ ယေဘုယျအားဖြင့် ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်များသည် ရော့ခ်ပင်လယ်ဓားပြအဖွဲ့နှင့် ကြုံတွေ့ရလျှင် ရှောင်ကွင်းမောင်းနှင်လေ့ ရှိကြသည်။ အကြောင်းမူကား ရော့ခ်သည် သူနှင့် ကြုံတွေ့သမျှသော ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်တိုင်းကို သတ်ဖြတ်ပစ်လေ့ရှိသောကြောင့် ဖြစ်သည်။ ယခုအကြိမ်တွင် ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်များဘက်မှ စိန်ခေါ်သကဲ့သို့ တိုက်ခိုက်လာခြင်းသည် အဓိပ္ပာယ်တစ်ခုသာ ရှိနိုင်သည်။ ၎င်းတို့၏ သင်္ဘောပေါ်တွင် မရိန်းဌာနချုပ်မှ အားကိုးရလောက်သော အင်အားတောင့်တင်းသည့် စစ်သည်တော်များ ပါရှိလာပြီး ရော့ခ်ပင်လယ်ဓားပြအဖွဲ့ကို အလဲထိုးနိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိနေ၍ ဖြစ်ရမည်။
သို့သော်လည်း ဤအချက်ကို သိရှိသော်ငြား ရော့ခ်၏ မျက်ဝန်းများထဲတွင် အထင်သေးရွံရှာမှုများသာ ပြည့်နှက်နေသည်။ ယခုတစ်ခေါက် မရိန်းဘက်မှ မည်မျှအစွမ်းထက်သော အင်အားစုများကို စေလွှတ်လိုက်သည်၊ ထိုအင်အားစုများသည် မိမိ၏ စွမ်းအားအစစ်အမှန်ကို ထုတ်သုံးရန် ထိုက်တန်မှု ရှိမရှိကို သူ သိရှိလိုလှပြီ ဖြစ်သည်။
အဝေးမှ ချဉ်းကပ်လာနေသော ခမ်းနားထည်ဝါလှသည့် အပျော်စီးသင်္ဘောကြီးကို ကြည့်ရှုရင်း ရော့ခ်သည် သူ၏ ဘေးနားရှိ လူတစ်ဦးအား လက်ရိပ်ပြလိုက်သည်။ ပင်လယ်ဓားပြတစ်ဦးက သူ့ထံသို့ မှန်ပြောင်းတစ်လက်ကို ချက်ချင်း လှမ်းပေးလာသည်။ ရော့ခ်သည် မှန်ပြောင်းကို မျက်လုံးတွင် တပ်၍ စူးစိုက်ကြည့်ရှုလိုက်သည်။
မှန်ပြောင်း၏ ဝိုင်းဝန်းသော မြင်ကွင်းအတွင်း၌ ကြီးမားလှသော အပျော်စီးသင်္ဘောကြီးသည် နေရောင်အောက်တွင် တောက်ပစွာဖြင့် တုနှိုင်းမဲ့သော ဇိမ်ခံအပြင်အဆင်များကို ပြသလျက် ခရီးနှင်လာနေသည်ကို မြင်တွေ့ရသည်။ သို့သော်လည်း ကုန်းပတ်ထက်တွင်မူ မရိန်းစစ်သည် တစ်ဦးတစ်ယောက်ကိုမျှ သူ ရှာမတွေ့ခဲ့ပေ။ အချိန်အတော်ကြာ ရှာဖွေပြီးနောက်တွင်လည်း မည်သူ့ကိုမျှ တွေ့ရှိခြင်း မရှိသေးချေ။
ရော့ခ်၏ မျက်နှာအမူအရာသည် လျင်မြန်စွာ ပြောင်းလဲသွားသည်။ ထို့နောက် သူသည် အကြည့်ကို အပေါ်ဘက်သို့ ပင့်တင်လိုက်ရာ မယုံကြည်နိုင်စရာ ကောင်းသောအရာတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ သူ၏ မျက်နှာသည် ရုတ်တရက် အေးခဲတောင့်တင်းသွားတော့သည်။
အဘယ့်ကြောင့်ဆို’ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်’တံဆိပ်အမှတ်အသား ပါရှိသော အလံတိုင်၏ ထိပ်ဖျားတွင် ထိုင်နေသောလူနှစ်ဦးကြောင့်ဖြစ်သည်။
"ဘော့ဘ်? ... ကိုင်ဒို?"