အပိုင်း (၃၈) ကိုင်ဒို၏ ကံကြမ္မာအလှည့်အပြောင်း ဖြစ်စေခဲ့သော နတ်ဆိုးသစ်သီး
လည်ပင်းတွင် ခတ်ထားသော သံခြေကျင်းကို ဖြုတ်ပေးလိုက်သော်လည်း ဂျိုဂျိုအယ်လ်ဘတ်ဖ်ထံမှ မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ပေ။ သူသည် သင်္ဘောကုန်းပတ်ထက်တွင် လေးဘက်ထောက်လျက်သားအတိုင်း ငြိမ်သက်စွာ ဝပ်စင်းနေဆဲ ဖြစ်သည်။
သည်မြင်ကွင်းကို ကြည့်ပြီး ဘော့ဘ်က သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူသည် ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်များ၏ နှိပ်စက်ညှဉ်းပန်းမှုကို ခံရလွန်းသဖြင့် တစ်ကိုယ်လုံး ထုံကျင်အေးစက်နေသည့် ပုံပေါ်သည်။
‘တောက်စ်... သည်ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်တွေက တကယ့်ကို ယုတ်မာပက်စက်တဲ့ခွေးကောင်တွေပဲ။’
ပြန်တွေးကြည့်လျှင် သူသည် ထိုကောင်ကို အသက်ညှာလွန်းခဲ့သည်ဟု ထင်ရသည်။ သို့သော်လည်း အမှန်တကယ်တော့ ညှာတာခဲ့ခြင်း မဟုတ်ပေ။ အပြင်ပန်းကြည့်လျှင် ထိုကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်မှာ ဒဏ်ရာဒဏ်ချက် မရှိသကဲ့သို့ ထင်ရသော်လည်း ဘော့ဘ်၏ လျှို့ဝှက်အင်အားကြောင့် ဗိုက်အတွင်းရှိ ကလီစာအားလုံး ကြေမွပျက်စီးကာ အနှစ်များ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ မသေဆုံးမီ အချိန်အတော်ကြာအထိ ပြင်းထန်သော ဝေဒနာကို ခံစားသွားရမည် ဖြစ်သည်။
သည်လိုတွေးကြည့်မှ ဘော့ဘ်က ဝေဒနာခံစားရချိန် ပို၍ ကြာသင့်သည်ဟု တွေးမိကာ နာကျင်ရသည့် အချိန်အပိုင်းအခြားမှာ တိုတောင်းလွန်းသည်ဟု ခံစားလိုက်ရသည်။
သူသည် ဂျိုဂျိုအယ်လ်ဘတ်ဖ်ကို ကြည့်ကာ နောက်တစ်ကြိမ် ထပ်မံ၍ ပြောလိုက်သည်။
“ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင် သေပြီ။ မင်း လွတ်လပ်ပြီ”
ယခုတစ်ကြိမ်တွင်မူ သူက ‘ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်’ ဆိုသည့် စကားလုံးကို အထူးပြု၍ လေးလေးနက်နက် ပြောလိုက်ခြင်း ဖြစ်သည်။
သည်စကားကို ကြားပြီးနောက် အတော်ကြာမှပင် ‘ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင် သေပြီ’ ဆိုသည့် စကားလုံးများက သူ၏ စိတ်ဝိညာဉ်အတွင်းပိုင်း အနက်ရှိုင်းဆုံးရှိ သံခြေကျင်းများကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်သည့်အလား ဂျိုဂျိုအယ်လ်ဘတ်ဖ်၏ ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမနိုင်သိမ်းမရ တုန်ရင်လာခဲ့သည်။ စိတ်လှုပ်ရှားမှုကြောင့်လော သို့မဟုတ် စိတ်သက်သာရာရသွားခြင်းကြောင့်လော မပြောတတ်ပေ။
သူသည် ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်သည်။ အချိန်အတော်ကြာ ဝပ်စင်းနေခဲ့ရသဖြင့် ထရပ်လိုက်ချိန်တွင် ခြေလှမ်းများ ယိုင်နဲ့နေသော်လည်း သူ မတ်တတ်ရပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ဖရိုဖရဲကျနေသော ဆံပင်အုပ်အုပ်ကြားမှ သူ၏ မျက်လုံးများထဲတွင် အရောင်အဝါတစ်ခု ဖြတ်ပြေးသွားသည်ကို မြင်တွေ့လိုက်ရသည်။
သည်မြင်ကွင်းကို မြင်မှ ဘော့ဘ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။ သည်လူ့ထံတွင် မျှော်လင့်ချက် ရှိသေးသည်။ အကယ်၍ သူသာ ယခင်အတိုင်း အသက်မဲ့သော မျက်ဝန်းများ၊ သေဆုံးနေသော စိတ်ဝိညာဉ်တို့ဖြင့် ရှိနေမည်ဆိုပါက ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်များအပေါ် ကြောက်ရွံ့စိတ်မှာ သူ၏ အရိုးထဲအထိ စွဲထင်နေပြီ ဖြစ်ကြောင်း သို့မဟုတ် ဘဝအပေါ် လုံးဝမျှော်လင့်ချက် ကင်းမဲ့သွားပြီဖြစ်ကြောင်း သက်သေပြနေခြင်း ဖြစ်သည်။
အကယ်၍ ထိုသို့သာဆိုလျှင် ဘော့ဘ်အနေဖြင့် သူ့ကို ခေါ်ဆောင်ထားမည် မဟုတ်သည်မှာ သေချာသည်။ သူ၏ သင်္ဘောသားအဖြစ် လျှောက်သွားနေသည့် အလောင်းကောင်တစ်ခုကို မမွေးချင်ပေ။ ကြင်နာတတ်သော ဘော့ဘ်သည် သူ့ကို ရုပ်ပိုင်းဆိုင်ရာအရပါ ကယ်တင်ခြင်းအစစ်အမှန် ပေးလိုက်မိပေလိမ့်မည်။
“နောက်ဘက်ကိုသွားရအောင်”
“စိတ်လှုပ်ရှားစရာအကောင်းဆုံး အချိန်ကို ရောက်ပြီလေ”
“သည်ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်ဆီမှာ ရတနာ ဘယ်လောက်တောင် ရှိလဲဆိုတာ သွားကြည့်ရအောင်”
ကိစ္စအားလုံးကို ရှင်းလင်းပြီးနောက် ဘော့ဘ်သည် ကျော်ကြားလှသော ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်များထံ ဆက်သသည့် ရတနာများအကြောင်းကို တွေးမိကာ စိတ်လှုပ်ရှားလာခဲ့သည်။ နိုင်ငံအပြည့်အစုံမှ ဓားပြတိုက် ယူဆောင်လာသော စည်းစိမ်ဥစ္စာများမှာ မတွေးဝံ့စရာ ပမာဏ ဖြစ်ပေလိမ့်မည်။
သူ့ဘေးနားရှိ ကိုင်ဒိုသည်လည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ ပင်လယ်ဓားပြလုပ်သည်ဆိုသည်မှာ ရတနာများအတွက် မဟုတ်ပါလော။ ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်များထံ ဆက်သသည့် သည်ရတနာများအကြောင်းကို ပင်လယ်ဓားပြများ ပြောဆိုကြရာတွင်သာ ကြားဖူးခဲ့ခြင်း ဖြစ်သည်။ ယခုမူ သည်ရတနာများ တင်ဆောင်လာသည့် သင်္ဘောနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ရပြီး မိမိတို့မျက်စိရှေ့မှောက်သို့ ရောက်ရှိလာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
အချိန်ဆိုင်းမနေတော့ဘဲ ဘော့ဘ်နှင့် ကိုင်ဒိုတို့သည် သင်္ဘောအနောက်ဘက်ဆီသို့ အမြန်လျှောက်လှမ်းသွားကြသည်။ ဂျိုဂျိုအယ်လ်ဘတ်ဖ်သည်လည်း ခြေလှမ်းများ မခိုင်ချင်သေးသော်လည်း ဘော့ဘ်၏ နောက်မှ ကပ်လျက် လိုက်ပါလာခဲ့သည်။ သူ၏ ခြေလှမ်းများမှာ ရှည်လျားလှသဖြင့် ဘော့ဘ်၏ အရှိန်ကို မမှီဘဲ မနေခဲ့ပေ။
ခဏအကြာတွင် အလွန်ဆန်းပြား ခမ်းနားလှသော အပျော်စီးသင်္ဘောကြီးအတွင်းမှ အံ့ဩမှင်သက်သွားသည့် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဝါး...”
ထိုအသံသည် ပင်လယ်လေနှင့်အတူ လွင့်ပါးသွားခဲ့သည်။
သူတို့သုံးဦး၏ ရှေ့မှောက်တွင် အမျိုးမျိုးသော ရတနာပုံကြီး ရှိနေသည်။ ကျောက်မျက်ရတနာများ၊ ရွှေများ၊ ပုလဲများ၊ ကျောက်စိမ်းများ... အလင်းရောင်စုံ ဖြာထွက်နေကြသည်။ စိတ်ကူးထဲရှိသမျှ အရာအားလုံး ထိုနေရာတွင် ရှိနေသည်။
ဘော့ဘ်သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့သော်လည်း မိမိမျက်စိဖြင့် တပ်အပ်မြင်လိုက်ရချိန်တွင် အံ့ဩမှင်သက်သွားရဆဲ ဖြစ်သည်။ ဒါဟာ ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်တွေဆီ ဆက်သတဲ့ ရတနာတွေလား။ သည်လောက် ရတနာအမြောက်အမြား ရှိနေမှတော့ ဘယ်သူက ပင်လယ်ဓားပြ ဆက်လုပ်ချင်တော့မှာလဲ။
စိတ်လှုပ်ရှားမှုကို အတန်ငယ် ထိန်းချုပ်လိုက်ရင်း ဘော့ဘ်က လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။
“ကိုင်ဒို... သည်ရတနာတွေ ဘယ်လောက်တန်မယ်လို့ မင်းထင်လဲ”
ဘော့ဘ်သည် သည်ကမ္ဘာရှိ ရတနာများ၏ တန်ဖိုးကို ကျွမ်းကျင်စွာ မသိရှိသဖြင့် နာမည်ကျော် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ကိုင်ဒိုဘက်သို့ လှည့်ကာ အကဲဖြတ်ခိုင်းလိုက်ခြင်း ဖြစ်သည်။
“အာ... အများကြီး တန်မှာပေါ့၊ ဟုတ်တယ်မလား”
ကိုင်ဒိုသည် ဘော့ဘ်က သည်လိုမေးခွန်းမျိုး ရုတ်တရက် မေးလာလိမ့်မည်ဟု မထင်ထားသဖြင့် စကားများ ထစ်ငေါ့ကာ တိတိကျကျ မပြောနိုင်ခဲ့ပေ။ သူက ဘယ်လိုလုပ် သိနိုင်မည်နည်း။ အသက် ၂၀ ပင် မပြည့်သေးသည့် လူငယ်တစ်ဦးအနေဖြင့် သည်မျှများပြားသော ငွေကြေးပမာဏကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ရော့ခ်ပင်လယ်ဓားပြအဖွဲ့၏ ရတနာတိုက်ခန်းအတွင်း၌ပင် သည်ကဲ့သို့ အရာမျိုးကို သူ တစ်ခါမျှ မတွေ့ဖူးခဲ့ပါ။
“တကယ်ကို ဘာမှမသိတဲ့ အူတူတူကောင်ပဲ၊ ပင်လယ်ဓားပြတစ်ယောက်အနေနဲ့ တကယ်ကို အရှက်ခွဲတာပဲ” ဘော့ဘ်က ရွှတ်နောက်နောက် ပြောလိုက်သည်။
သည်စကားကို ကြားတော့ ကိုင်ဒိုမှာ စကားမဲ့သွားရသည်။
‘မင်း သိရင်လည်း ငါ့ကို ဘာလို့ လာမေးနေသေးလဲ၊ စောက်ရူးရဲ့’ ဟု စိတ်ထဲတွင်သာ ကျိန်ဆဲဝံ့တော့သည်။
ထိုစဉ် ဘော့ဘ်သည် ရုတ်တရက် မျက်မှောင်ကုတ်သွားခဲ့သည်။ ရတနာပုံကြီး၏ ဘေးနားတွင် သစ်သားသေတ္တာတစ်လုံး ရှိနေသည်ကို သူ သတိပြုမိသွားခြင်း ဖြစ်သည်။ လင်းလက်တောက်ပနေသော ရတနာပုံကြီးအလယ်တွင် ရိုးရှင်းလှသော သေတ္တာတစ်လုံး ရှိနေခြင်းမှာ ကြည့်ရသည်မှာ တစ်မျိုးကြီး ဖြစ်နေသည်။
စူးစမ်းလိုစိတ်ဖြင့် ဘော့ဘ်က အနားသို့ လျှောက်သွားပြီး သေတ္တာကို အသေအချာ ကြည့်လိုက်သည်။ သစ်သားသေတ္တာတစ်ခုလုံးမှာ အဝေးက မြင်ရသကဲ့သို့ပင် ရိုးရိုးရှင်းရှင်း ရှိနေပြီး မည်သည့် ထူးခြားမှုမျှ မရှိပေ။
‘သည်ထဲမှာ လျှို့ဝှက်ကျမ်းစာတစ်စောင်စောင် ရှိနေတာများလား’ သူ ခေါင်းခါလိုက်မိသည်။ အား... ဖွင့်ကြည့်လိုက်ရင် ဘာရှိလဲဆိုတာ သိရမှာပဲ။ ဘာလို့ အများကြီး တွေးနေမှာလဲ။
ထို့ကြောင့် ဘော့ဘ်သည် ဆက်မတွေးတော့ဘဲ လက်လှမ်း၍ သေတ္တာကို ဖွင့်လိုက်သည်။ သို့သော်လည်း အတွင်း၌ ရှိနေသောအရာကို မြင်လိုက်ရချိန်တွင် သူ ဆွံ့အမှင်သက်သွားခဲ့ရသည်။
သေတ္တာထဲတွင် ရတနာများ ရှိမနေဘဲ သစ်သီးတစ်လုံးသာ ငြိမ်သက်စွာ ရှိနေသည်။ ထိုသစ်သီး၏ လိမ်ယှက်နေသော အကိုင်းအခက်များသည် နဂါးချိုနှစ်ခုနှင့် တူညီနေပြီး အောက်ဘက်ရှိ ဆန်းပြားသော ပုံသဏ္ဌာန်ရှိသည့် သစ်သီးနှင့် ဆက်စပ်နေသည်။ အပြင်ဘက်မျက်နှာပြင်မှာ နဂါးအကြေးခွံများကဲ့သို့ ရှိနေပြီး ထူးဆန်းသော ကောက်ကြောင်းလိုင်းများ ရှိနေသည်။
တစ်ချက်ကြည့်ရုံဖြင့် ဘော့ဘ် သိလိုက်သည်။ ဒါဟာ ငါးငါးသစ်သီး (Fish-Fish Fruit) ပဲ။ ဇိုအန်အမျိုးအစား (Zoan-type) မစ်သီကယ်လ်ဘိစ် (Mythical Beast) ဖြစ်သည်။
ဒါဟာ အနာဂတ်ရဲ့ ပင်လယ်ဧကရာဇ် ကိုင်ဒို စားသုံးမယ့် နတ်ဆိုးသစ်သီးပဲ။ သည်နေရာမှာ တိုက်တိုက်ဆိုင်ဆိုင် တွေ့ရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ မူလဇာတ်လမ်းအရဆိုလျှင် သည်နတ်ဆိုးသစ်သီး ပေါ်ထွက်လာသည့် အချိန်မှာ သည်လောက်မစောပေ။ ဂေါ့ဒ်ဗာယ်လီ (God Valley) ဖြစ်ရပ်အပြီးကျမှ မားမားကြီးက ကိုင်ဒိုကို ပေးခဲ့ခြင်း ဖြစ်သည်။ ယခုမူ သူ၏ တည်ရှိမှုကြောင့်... သူက အရင်ဆုံး ဝင်ရောက်စီးနင်းမိသွားခြင်း ဖြစ်သည်။
ရုတ်တရက် သူ၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာခဲ့သည်။ ဘော့ဘ်က မလှမ်းမကမ်းတွင် ရတနာများကို ငေးမောကြည့်ရှုနေဆဲ ဖြစ်သော ကိုင်ဒိုဘက်သို့ လှည့်ကြည့်လိုက်သည်။ မည်သည့်တုံ့ဆိုင်းမှုမျှ မရှိဘဲ သူသည် ထိုနတ်ဆိုးသစ်သီးကို အသာအယာ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။
ထို့နောက် ဘာမှမဖြစ်ခဲ့သည့်အလား ကိုင်ဒို၏ ဘေးနားသို့ ပြန်လျှောက်လာခဲ့သည်။
“မင်း ဟိုဘက်မှာ ဘာတွေ ခိုးကြောင်ခိုးဝှက် လုပ်နေတာလဲ” ကိုင်ဒိုက ချဉ်းကပ်လာသော ဘော့ဘ်ကို ကြည့်ကာ မျက်မှောင်ကုတ်၍ မေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး။ ဟိုဘက်က သေတ္တာထဲမှာ ကောင်းနိုးရာရာ အရာများ ရှိမလားလို့ သွားကြည့်တာပါ”
“ဘာမှမရှိတာနဲ့ပဲ ပြန်လာခဲ့တာ” ဘော့ဘ်က တည်ငြိမ်သော အမူအရာကို ဆက်ထိန်းထားရင်း ပြန်ပြောလိုက်သည်။ ထို့နောက် စကားလမ်းကြောင်းလွှဲကာ ဆက်ပြောလိုက်သည် -
“မင်း ကြည့်နေခဲ့လိုက်ဦး၊ ငါ အပေါ်တက်တော့မယ်”
“အောက်ထပ်မှာက အရမ်းမွမ်းကျပ်တယ်၊ ကုန်းပတ်ပေါ်မှာက ပိုပြီး နေလို့ကောင်းတယ်”
ပြောပြောဆိုဆိုဖြင့် ဘော့ဘ်သည် လက်နှစ်ဖက်ကို ခေါင်းနောက်တွင် ပိုက်လျက် ကုန်းပတ်ပေါ်သို့ တက်ရာ လှေကားထံသို့ လျှောက်သွားခဲ့သည်။ ဂျိုဂျိုအယ်လ်ဘတ်ဖ်သည်လည်း သူ၏ နောက်မှ ကပ်လျက် လိုက်ပါသွားသည်။
ဘော့ဘ် ထွက်သွားသည်ကို မြင်တော့ ကိုင်ဒိုလည်း ထိုနေရာတွင် ဆက်မနေတော့ပေ။ ရတနာများကို အစောပိုင်းက မြင်တွေ့ခဲ့ရသည့် စိတ်လှုပ်ရှားမှုမှာ တကယ်ကို ကောင်းမွန်ခဲ့သော်လည်း ခဏအကြာတွင် ထိုအံ့ဩမှင်သက်မှုများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ကုန်းပတ်ပေါ်သို့ ပြန်ရောက်သော် သူတို့သုံးဦးသည် တန်းစီရပ်လျက် ပင်လယ်လေညင်းကို ခံစားနေကြသည်။
“အာ... အပြင်မှာက တကယ် နေလို့ကောင်းတာပဲ၊ လေကလည်း လတ်ဆတ်တယ်” ဘော့ဘ်က ပျင်းရိစွာ အကြောဆန့်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“နေလို့ကောင်းတာတော့ ဟုတ်ပါပြီ၊ ဒါပေမဲ့...”
“သည်သင်္ဘောက အခု ဘယ်ဘက်ကို ဦးတည်မောင်းနေတာလဲ” ကိုင်ဒိုက ဘော့ဘ်ကို ကြည့်ကာ ဇဝေဇဝါဖြင့် သည်မေးခွန်းကို ရုတ်တရက် တွေးမိသွားသည်။ သည်အလွန်ဆန်းပြား ခမ်းနားလှသော သင်္ဘောကြီးဦးတည်မောင်းနှင်နေသည့် လမ်းကြောင်းသည် ရော့ခ်ပင်လယ်ဓားပြသင်္ဘောနှင့် တူညီနေမည် မဟုတ်သည်မှာ သေချာသည်။ သို့ဆိုလျှင် ဘယ်ကို သွားနေသနည်း။
ကိုင်ဒို၏ စကားကို ကြားမှ ဘော့ဘ်လည်း သည်ကိစ္စကို သတိပြုမိတော့သည်။ သူသည် လော့ဂ်ပိုစ့် (log pose) ကို ထုတ်ယူပြီး မြေပုံကို ဖြန့်ကာ ဟိုကြည့်သည်ကြည့်ဖြင့် အသေအချာ စစ်ဆေးလိုက်သည်။
“ဒါ... မာရိန်းဂျွိုစ့် (Mariejois) ဘက်ကို ဦးတည်နေတဲ့ လမ်းကြောင်းပဲ”
သည်စကားကို ကြားလိုက်ရချိန်တွင် ကိုင်ဒို၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး။
“ဘာ… အမြန်ဆုံး လမ်းကြောင်းပြောင်းမှ ဖြစ်မယ်”
“တောက်စ်... သင်္ဘောတက်မကို ထိန်းဖို့ လူတစ်ယောက် ချန်ထားခဲ့ဖို့ မေ့သွားတယ်”