အပိုင်း (၃၇) မင်းက ငါ့ကို ဘာလုပ်ရမယ်ဆိုပြီး ဆရာလာလုပ်နေတာလား။
ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်များ လိုက်ပါလာသည့် ဆန်းပြားအဆင့်မြင့်လှသော သင်္ဘောကြီးပေါ်တွင် သေမင်းတမျှ တိတ်ဆိတ်ခြင်းက လွှမ်းမိုးထားသည်။ ဘော့ဘ်၏ စကားလုံးများသည် သူတို့၏ နှလုံးသားဆီသို့ ရိုက်ခတ်သွားပြီး လူတိုင်း ကိုယ်စီ တောင့်တင်းသွားကာ တိတ်ဆိတ်စွာ ခေါင်းငုံ့လိုက်ကြသည်။ ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်များသည် သည်ပင်လယ်ဓားပြလောကကို အုပ်ချုပ်မင်းလုပ်လာခဲ့သည်မှာ နှစ်ပေါင်း ရှစ်ရာကျော်ပင် ရှိခဲ့ပြီ ဖြစ်သည်။ သည်ကမ္ဘာတွင် သူတို့သည် အစစ်အမှန် အထက်တန်းလွှာများ ဖြစ်ကြပြီး၊ သာမန်အရပ်သားများမှာမူ ကြာမြင့်လှသော အချိန်ကာလတစ်လျှောက် အလိုအလျောက် ဦးနှောက်ဆေးခြင်း ခံထားရသကဲ့သို့ ရှိနေကြသည်။ ထို့ကြောင့်ပင် မိမိတို့ကိုယ်ကိုယ် နိမ့်ကျလှသော သာမန်လူတန်းစားများအဖြစ် စိတ်ထဲတွင် လုံးဝ အသားကျနေခဲ့ကြပြီ ဖြစ်သည်။ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင် တစ်ဦးမှာ အလောင်းကောင်တစ်ခု ဖြစ်သွားသည့်တိုင်အောင် သူတို့သည် ရှေ့သို့ တစ်လှမ်းတိုးရန်ပင် မဝံ့မရဲ ဖြစ်နေကြသေးသည်။ သူတို့၏ နှလုံးသားထဲတွင် ကြီးမားလှသော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ စိတ်ထဲတွင် စွဲထင်နေသော အယူဝါဒသည် သူတို့ကို တင်းကျပ်စွာ ပိတ်လှောင်ထားသည့် သံလှောင်အိမ်ကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။ လှောင်အိမ်၏ သော့ခလောက် ပျက်စီးသွားခဲ့လျှင်ပင် စိတ်ပိုင်းဆိုင်ရာ သော့ခလောက်ကမူ ရှိနေစဲ ဖြစ်သည်။ သူတို့သည် လှောင်အိမ်ထဲမှ ရုန်းထွက်ရန် မဝံ့ရဲကြချေ။ မည်သူမျှ တုံ့ပြန်ခြင်းမရှိသည်ကို မြင်သောအခါ ဘော့ဘ်က ခေါင်းခါလိုက်ပြီး လှုပ်ရှားရန် ပြင်လိုက်သည့်အချိန်တွင် ကလေးငယ်တစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
"ကျွန်တော် လုပ်ပါ့မယ်။"
ထိုအသံနှင့်အတူ လူတိုင်း၏ အကြည့်များသည် တစ်ပြိုင်နက်တည်း ကျရောက်သွားကြသည်။ သူသည် အသက် ဆယ်နှစ်ကျော်မျှသာ ရှိသေးသော မရိန်း ရဲဘော်လေးတစ်ဦး ဖြစ်သည်။ သူ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲနေပြီး အခုတင် ငိုထားသည့်နှယ် ရှိသည်။ ဘော့ဘ်က ဘာမှမပြောဘဲ ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။ ထိုမရိန်း ရဲဘော်လေးက ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်ထံသို့ လျှောက်လှမ်းသွားစဉ် ဘေးပတ်ဝန်းကျင်ရှိ မရိန်းများ၏ အကြည့်များအားလုံးသည် သူ၏အပေါ်သို့ ကျရောက်နေသည်။
သည်ကလေးသည် ရေတပ်ဗိုလ်ချုပ်ဒုတိယအဆင့် စီတီ၏ သားဖြစ်သူ ဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူကဲ့သို့ မရိန်းထဲသို့ ဝင်ရောက်ကာ ဖခင်နည်းတူ တရားမျှတမှုကို ထိန်းသိမ်းသော သူရဲကောင်းတစ်ဦး ဖြစ်လာရန် ရည်မှန်းခဲ့သည်။ ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်များကို ကာကွယ်စောင့်ရှောက်ရမည့် သည်တာဝန်တွင် သူသည် ဖခင်ဖြစ်သူနှင့်အတူ လိုက်ပါရန် ဇွတ်အတင်း ပူဆာခဲ့ခြင်း ဖြစ်သည်။ ဒါသည် သူ၏ ပထမဆုံးအကြိမ် ပင်လယ်ပြင်ခရီးစဉ် ဖြစ်သည်။ သူ မသိခဲ့သည်မှာ ဒါသည် သူ၏ဖခင်ကို နောက်ဆုံးအကြိမ် တွေ့မြင်ရခြင်း ဖြစ်နေသည်ဟူသောအချက်ပင် ဖြစ်သည်။ သူတို့ ကာကွယ်စောင့်ရှောက်နေရသော ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်ကပင် သူ၏ "သူရဲကောင်း" ဖြစ်သော ဖခင်ဖြစ်သူကို သတ်ပစ်လိုက်သည်ကို သူ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။ ဘေးပတ်ဝန်းကျင်ရှိ ရေတပ်သားများကလည်း ဘာမှ မလုပ်ဆောင်ခဲ့ကြချေ။ သေနတ်ဒဏ်ရာဖြင့် လဲကျသေဆုံးသွားခဲ့သော သူ၏ ဖခင်ကဲ့သို့ပင်။ သူ၏ ယုံကြည်ချက်များသည် ထိုသေနတ်သံနှင့်အတူ ပြိုလဲပျက်စီးသွားခဲ့ရသလို၊ ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်များအပေါ် ထားရှိသော လေးစားမှုများလည်း ပျောက်ဆုံးသွားခဲ့ရသည်။
တစ်လှမ်းချင်း လျှောက်လှမ်းရင်းဖြင့် ထိုမရိန်းရဲဘော်လေးသည် ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်ထံသို့ ရောက်ရှိသွားသည်။ သေးငယ်သော လက်နှစ်ဖက်ဖြင့် အဝတ်အစားများကို ဆွဲကိုင်ကာ ကုန်းပတ်ပေါ်တွင် ဆွဲခေါ်သွားသည်။ သို့သော် သူ မည်မျှပင် ကြိုးစားပါစေ၊ ရွှေ့လျားအောင် မတတ်နိုင်ခဲ့ချေ။ အချိန်များသည် တစ်မိနစ်ပြီး တစ်မိနစ် ကုန်လွန်သွားသည်။ သင်္ဘော၏ လက်ရန်းကို မှီထားသော ဘော့ဘ်သည် ရှေ့သို့ တိုး၍ ကူညီခြင်းမရှိဘဲ အေးစက်စွာသာ စောင့်ကြည့်နေသည်။ နောက်ဆုံးတွင် အခြား မရိန်းတစ်ဦးက ဆက်၍ ကြည့်မနေနိုင်တော့ဘဲ မကြာမီ ရှေ့သို့ တိုးထွက်လာသည်။ ဒုတိယမြောက် တစ်ယောက်၊ တတိယမြောက် တစ်ယောက် စသည်ဖြင့် ဆက်တိုက် ထွက်ပေါ်လာကြသည်။
မရိန်းအင်အား ဆယ်ဂဏန်းခန့် ရှေ့သို့ ထွက်လာကြသည်။ သူတို့၏ အကူအညီဖြင့် အလောင်း လေးလောင်းသည် ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးထဲသို့နစ်မြုပ်ပျောက်ကွယ်သွားကြတော့သည်။ ကုန်းပတ်ပေါ်ရှိ သွေးကွက်များကိုလည်း ဆေးကြောသန့်စင်လိုက်ကြသည်။ ဒါတွေအားလုံး ပြီးဆုံးသွားသည်ကို မြင်သောအခါ ဘော့ဘ်က ပြုံးလိုက်သည်။
"အင်း၊ မဆိုးဘူးပဲ။"
"ခုနက ရှေ့ကို ထွက်လာတဲ့လူတွေ၊ မင်းတို့ အခု ထွက်သွားလို့ရပြီ။" ဟု ဘော့ဘ်က တည်ငြိမ်စွာ ပြောလိုက်သည်။
သည်လူများသည် အလောင်းကောင်များကို ကြောက်ရွံ့ခြင်း မရှိခဲ့ကြဘဲ သူတို့၏ နှလုံးသားထဲတွင် သတ္တိအချို့ ကျန်ရှိနေသေးသည်။ ထို့ကြောင့် ဘော့ဘ်က သူတို့ကို လွတ်မြောက်ခွင့်ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ကျန်ရှိနေသော သူများကိုမူ ဘော့ဘ်က လှည့်ကြည့်လိုက်သည်။ မည်သူမဆို ထုံထိုင်းအေးစက်နေကြပြီး သတ္တိကို ထားလိုက်ပါတော့၊ သူတို့၌ လူသားဆန်မှုပင် ကျန်ရှိတော့ပုံမရဟု ဘော့ဘ် ခံစားလိုက်ရသည်။ သူတို့ကို လွှတ်ပေးလိုက်ပါက ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်များ၏ ခွေးကောင်များသာ ဆက်ဖြစ်နေကြပေလိမ့်မည်။
"ကျန်တဲ့လူတွေကိုတော့၊ ကိုင်ဒို... မင်း လက်ထဲပဲ အပ်လိုက်မယ်။" ဘော့ဘ်က ဘေးနားရှိ ကိုင်ဒိုကို ကြည့်ကာ ခပ်အေးအေး ပြောလိုက်သည်။
"နားလည်ပြီ။" ကိုင်ဒို၏ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခု ပေါ်လာပြီး ဘော့ဘ်၏ ဆိုလိုရင်းကို သဘောပေါက်လိုက်သည်။ သူသည် သည်မရိန်းများကို ညှာတာထောက်ထားနေမည် မဟုတ်ချေ။
ထို့ကြောင့် ဆက်တိုက်ထွက်ပေါ်လာသော အော်ဟစ်သံများနှင့်အတူ ထိုလူများအားလုံးကို ရှင်းလင်းပစ်လိုက်ကြသည်။ ထိုမြင်ကွင်းသည် အလွန်ပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည်။ ရှေ့သို့ ထွက်လာခဲ့ကြသော မရိန်းများသည် ကျောချမ်းသွားရုံမျှမက မိမိတို့၏ စောစောက ဆုံးဖြတ်ချက်အတွက် သက်ပြင်းချကာ စိတ်သက်သာရာရသွားကြသည်။ ဘော့ဘ်၏ ခွင့်ပြုချက်ဖြင့် ထိုလူများသည် သင်္ဘောကြီးပေါ်မှ လှေတစ်စင်းကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ သို့သော် လှေကို ဆွဲထုတ်လိုက်သောအခါ ဘော့ဘ်ပင် အံ့အားသင့်သွားရသည်။ သည်လှေသည် အချို့သော ပင်လယ်ဓားပြသင်္ဘောများထက်ပင် များစွာ ပိုမိုဆန်းပြားအဆင့်မြင့်နေသည်။ ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်များသည် မည်မျှအထိ ဖြုန်းတီးသုံးဖြန်းကြသည်ကို အလွယ်တကူပင် စိတ်ကူးကြည့်နိုင်ပေသည်။
မကြာမီ လှေကို ရေထဲသို့ ချလိုက်ကြသည်။ သေမင်းလက်မှ လွတ်မြောက်လာကြသည့်နှယ် မရိန်းများသည် လှေပေါ်သို့ အလုအယက် တက်လိုက်ကြသည်။ ဘော့ဘ် စိတ်ပြောင်းသွားမည်ကို သူတို့ အလွန်ပင် ကြောက်ရွံ့နေကြပုံရသည်။ သူတို့ ထွက်ခွာသွားစဉ် သူတို့၏ မျက်လုံးများသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုနေကြသည်။ ဘော့ဘ်က ဒါကိုကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။ ကမ္ဘာသူကောင်းမျိုးတို့၏ သင်္ဘောကြီးဦးခေါင်းပိုင်းတွင် ရပ်နေရင်း လှေကလေး တဖြည်းဖြည်း ဝေးကွာသွားသည်ကို သူ စောင့်ကြည့်နေသည်။ အဝေးတစ်နေရာတွင် ကောင်လေးတစ်ဦးက လှေဦးဆီသို့ ရုတ်တရက် တက်လာပြီး ဘော့ဘ်ကို လက်လှမ်းပြလိုက်သည်။ ဒါကို မြင်သောအခါ ဘော့ဘ်က ပြုံးလိုက်ပြီး လက်မြှောက်ကာ ပြန်လည် လက်ပြလိုက်သည်။ ပင်လယ်လေသည် ဘော့ဘ်ဆီသို့ တိုက်ခတ်လာပြီး နွေးထွေးသော ခံစားချက်ကို ဆောင်ကျဉ်းပေးသည်။ သည်လူများအတွက် မည်သည့် ကံကြမ္မာက စောင့်ကြိုနေမည်ကို သူ မသိချေ။ လမ်းခရီးတွင် အခြား ပင်လယ်ဓားပြများနှင့် ဆုံတွေ့နိုင်သလို၊ ပြန်ရောက်သည့်အခါတွင်လည်း ကမ္ဘာ့အစိုးရ၏ အပြစ်ပေးခြင်းကို ခံရနိုင်သည်။ သို့သော် ဒါများသည် ဘော့ဘ် သောကရောက်ရမည့် အရာများ မဟုတ်ကြချေ။
"သူတို့ကို ဘာလို့ မသတ်လိုက်တာလဲ။" ကိုင်ဒိုက ဇဝေဇဝါ ဖြစ်နေသည်။ "ပင်လယ်ဓားပြတစ်ယောက်အနေနဲ့၊ မရိန်းတွေကို မြင်တာနဲ့ သတ်ပစ်ရမှာ မဟုတ်ဘူးလား။" သူတို့ကို လွှတ်ပေးလိုက်ခြင်းသည် ကမ္ဘာ့အစိုးရထံသို့ သတင်းပို့ရန် အခွင့်အရေးပေးလိုက်ခြင်း ဖြစ်သည်။
"မင်းက ငါ့ကို ဘာလုပ်ရမယ်ဆိုပြီး ဆရာလာလုပ်နေတာလား။" ဘော့ဘ်က သူ၏ အကြည့်ကို လွှဲလိုက်ပြီး ကိုင်ဒိုကို တစ်ချက်ကြည့်ကာ ခပ်အေးအေး ပြောလိုက်သည်။ ဒါကို ကြားသောအခါ ကိုင်ဒိုသည် ခေတ္တမျှ ဆွံ့အသွားရသည်။
သင်္ဘောပေါ်တွင် မရှင်းလင်းရသေးဘဲ ကျန်ရှိနေသော လူတစ်ဦး ရှိနေသေးသည်—သူကတော့ ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်က မြင်းကဲ့သို့ စီးနင်းခြင်း ခံခဲ့ရသော ကျွန် ဖြစ်သည်။ ဘော့ဘ်က သူ၏ ထံသို့ လျှောက်လှမ်းသွားပြီး တစ်ကိုယ်လုံးကို အကဲခတ်ကြည့်လိုက်သည်။ အမျိုးသားတစ်ဦး ဖြစ်ပြီး ကြွက်သား သန်မာတောင့်တင်းကာ ဆံပင်ရှည်များက မျက်လုံးများကို ဖုံးအုပ်ထားသည်။ ဘောင်းဘီတိုတစ်ထည်သာ ဝတ်ဆင်ထားပြီး လည်ပင်းတွင် ကြီးမားလှသော သံခြေကျင်းကြီးကို ဝတ်ဆင်ထားသည်။ သူ၏ ကြီးမားလှသော ကိုယ်ထည်ကို ကြည့်ခြင်းဖြင့် ဘီလူးလူသားမျိုးနွယ်စုမှ ဖြစ်ကြောင်း သိသာလှသည်။
"မင်း နာမည် ဘယ်သူလဲ။" ဘော့ဘ်က ဖြည်းညှင်းစွာ မေးလိုက်သည်။
အချိန်အတော်ကြာပြီးမှ ထိုကျွန်သည် မိမိကို မေးမြန်းနေခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။ ဘီလူးလူသား ကျွန်သည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး သက်မဲ့နေသော မျက်ဝန်းများဖြင့် ဆံပင်ရှည်များကြားမှ ဘော့ဘ်ကို ကြည့်လိုက်သည်။
"ဂျိုဂျိုအယ်လ်ဘတ်ဖ်…” သူက ပြောလိုက်သည်။ သူသည် စကားမပြောခဲ့ရသည်မှာ ကြာမြင့်နေပြီဖြစ်သလို၊ သူ၏ နာမည်ကို မေးမြန်းသူလည်း မရှိခဲ့သည့်နှယ် ဖြစ်သည်။ စကားလုံးများကို နှုတ်မှ ထွက်လာရန် အချိန်အတော်လေး ယူခဲ့ရပြီးနောက်တွင် သူသည် ခေါင်းကို ပြန်လည် ငုံ့လိုက်ပြန်သည်။
"ရော့ခ်ပင်လယ်ဓားပြအဖွဲ့ထဲကို ဝင်ပြီး ငါ့ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာဖို့ ဘယ်လိုလဲ။" ဘော့ဘ်က မေးလိုက်သည်။ ထိုကျွန်ကို မြင်လိုက်ရသည့် အချိန်တွင်ပင် သူ၌ သည်စိတ်ကူး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ မိမိ၏ အဖွဲ့တွင် ဘီလူးလူသားတစ်ဦး ရှိနေခြင်းသည် အလွန်ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်ပေလိမ့်မည်။ မူရင်းဇာတ်လမ်းတွင် ဘီလူးလူသားများ၏ နယ်မြေဖြစ်သော အယ်လ်ဘတ်ဖ်သည် ကမ္ဘာပေါ်တွင် အသန်မာဆုံး တိုင်းပြည် ဖြစ်သည်။ လူတစ်ဦးချင်းစီတိုင်းသည် ကြီးမားလှသော ခွန်အားများကို ပိုင်ဆိုင်ထားကြသည်။ သူ့ကို အဖွဲ့ဝင်တစ်ဦးအဖြစ် ရရှိခြင်းသည် သူတို့၏ လုပ်ငန်းဆောင်တာများတွင် ကြီးမားသော အထောက်အကူ ဖြစ်စေမည်မှာ သေချာလှသည်။
"ကောင်းပြီ။" ဂျိုဂျိုအယ်လ်ဘတ်ဖ်၏ ပြန်လည်ဖြေကြားချက်သည် တိုတောင်းလှပြီး စကားလုံးတစ်လုံးတည်းသာ ဖြစ်သည်။ သို့သော် ဒါကပင် လုံလောက်လှပြီ ဖြစ်သည်။
ရုတ်တရက် ဘော့ဘ်သည် သူ၏ သံမဏိခန္ဓာဟာကီကို အသက်သွင်းလိုက်သည်။ နောက်တစ်စက္ကန့်တွင် ဂျိုဂျိုအယ်လ်ဘတ်ဖ်၏ လည်ပင်းမှ သော့ခလောက်သည် ပြုတ်ထွက်သွားတော့သည်။ သူ၏ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ပင်လယ်ပြင်ပေါ်တွင် ကြီးမားလှသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသွားသည်။ သည်သံခြေကျင်းသည် မူရင်းဇာတ်လမ်းတွင် ပါဝင်ခဲ့ဖူးသဖြင့် ဘော့ဘ်က မြင်မြင်ချင်း မှတ်မိခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ဖယ်ရှားလိုက်သည့်အချိန် (သို့မဟုတ်) ၎င်း၏ အရှင်သခင်နှင့် အချို့သော အကွာအဝေးကို ကျော်လွန်သွားသည့်အချိန်တွင် ၎င်းသည် အလိုအလျောက် ပေါက်ကွဲပျက်စီးသွားတတ်သည်။
ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်နှင့်အမျှ ဘော့ဘ်က တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်း အခု လွတ်လပ်သွားပြီ။"