အပိုင်း (၃၄) ဘာလုပ်ရမှန်းမသိ ဖြစ်သွားရရှာသော စီပီဇီးရိုး (CP0)
လှေငယ်လေးပေါ်တွင် ဘော့ဘ်သည် တက်ခတ်ခြင်းကို ရပ်တန့်လိုက်လေသည်။ လှေငယ်လေးသည် တရွေ့ရွေ့နှင့် ငြိမ်သက်သွားပြီးနောက် သူသည် မတ်တတ်ရပ်ကာ မိမိတို့ထံ အရှိန်အဟုန်ပြင်းစွာ မောင်းနှင်လာနေသော ဇိမ်ခံသင်္ဘောကြီးကို စိုက်ကြည့်နေမိသည်။ သူက ပြုံးလိုက်ရင်း—
“သင်္ဘောကြီးတစ်စီး လာနေပြီဟေ့”
သူ့လေသံထဲတွင် ကြောက်ရွံ့ထိတ်လန့်ရိပ် အနည်းငယ်မျှပင် မရှိဘဲ စိတ်လှုပ်ရှားမှု အရိပ်အယောင်များသာ လွှမ်းမိုးနေလေသည်။ ထိုဇိမ်ခံသင်္ဘောကြီး ရှိနေခြင်းကို သူ စောစောစီးစီးကတည်းက သတိပြုမိခဲ့ပြီး ဖြစ်ကာ ၎င်းမှာ ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်များ၏ ရွှေတင်ဆောင်သည့် သင်္ဘောဖြစ်ကြောင်းလည်း ကောင်းစွာ သိရှိထားသည်။ အဆုံးအစမရှိ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးထဲတွင် ထိုမျှလောက် အဆောက်အအုံကြီးမားလှသည့် သင်္ဘောကို မမြင်ဘဲနေရန်မှာ ခဲယဉ်းလှပေသည်။
ပြီးခဲ့သည့် မရိမ်းရေတပ်အခြေစိုက်စခန်းကို တိုက်ခိုက်စဉ်က ရော့ခ်က ခေါင်းဆောင်များ အစည်းအဝေးတွင် ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်များသည် နိုင်ငံအသီးသီးမှ ကမ္ဘာ့အခွန်တော်များကို လိုက်လံကောက်ခံရန် လှည့်လည်သွားလာနေကြောင်း ပြောဆိုခဲ့ဖူးသည်။ ဤဇိမ်ခံသင်္ဘောကြီးမှာ ရော့ခ်ပြောခဲ့သည့် သင်္ဘောပင် ဖြစ်ရပေမည်။ ယခုကဲ့သို့ ရက်ပေါင်းများစွာ ကြာမြင့်ပြီးသည့်တိုင်အောင် ထိုလူများသည် ပင်လယ်ပြင်ထဲတွင် ဦးတည်ချက်မရှိ လှည့်လည်သွားလာနေဆဲ ဖြစ်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါအံ့နည်း။ သူသည် နိုင်ငံတစ်ခုမက ဝင်ရောက်ကာ နိုင်ငံအများအပြားထံမှ စည်းစိမ်ဥစ္စာများကို လုယက်သိမ်းပိုက်ခဲ့ပုံရသည်။
ယခုအခါ ဘော့ဘ်နှင့် လာရောက်တိုးနေပြီဖြစ်ရာ သူ အရေးယူဆောင်ရွက်ရတော့မည် ဖြစ်သည်။ သို့မှသာလျှင် ဤလောကထဲသို့ ရောက်ရှိလာပြီးနောက် ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်တစ်ဦးကိုမျှ မသတ်ရသေးသည့်အတွက် နောင်တရစရာ ဖြစ်မနေတော့ပေ။ မူလက ဘော့ဘ်သည် ၎င်းတို့နှင့် ပင်လယ်ပြင်ထဲတွင် အနည်းငယ် ပို၍ ဆော့ကစားရန် အစီအစဉ်ရှိခဲ့သော်လည်း ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်၏ သင်္ဘောသည် အရှိန်မြှင့်ကာ မိမိတို့ထံသို့ တည့်တည့်မတ်မတ် ဝင်တိုက်ရန် ဦးတည်လာနေသောကြောင့် ဘော့ဘ်သည် လှော်ခတ်နေတာကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“တောက်... ဘော့ဘ်၊ လှေကို အမြန်လှည့်စမ်းပါ”
“ဟိုသင်္ဘောကြီး ငါတို့ကို ဝင်တိုက်တော့မယ်”
ဘော့ဘ်၏ ဘေးတွင် ရပ်နေသော ကိုင်ဒိုသည် ဘော့ဘ်က တက်မကို ရုတ်တရက် ချလိုက်သည်ကို တွေ့သောအခါ ရှေ့မှ တိုးဝင်လာနေသော ဇိမ်ခံသင်္ဘောကြီးကို ကြည့်ကာ ပျာပျာသလဲ အော်ဟစ်လိုက်မိသည်။ သူ ကြောက်ရွံ့နေသည်မှာ ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်ကို မဟုတ်ဘဲ ထိုသင်္ဘောကြီး၏ ကြီးမားသောထုထည်နဲ့လာနေသောအရှိန်ကြောင့် ဖြစ်သည်။ ထိုမျှလောက် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်နှင့်သာ တိုက်မိပါက ရလဒ်က မည်သို့ဖြစ်မည်ကိုအထူးပြောနေရန် မလိုတော့ပေ။
တစ်ချိန်တည်းမှာပင် ဇိမ်ခံသင်္ဘောကြီး၏ ကုန်းပတ်ပေါ်တွင် ချားလ်မိန်းသည် မိမိတို့ တိုက်မိတော့မည့်အခြေအနေကို မြင်သောအခါ ရူးသွပ်ရက်စက်စွာ ရယ်မောလိုက်လေသည်။
“ဟားဟားဟား၊ ၎င်းတို့ကို တိုက်သတ်ပစ်စမ်း”
“အောက်တန်းစား အမှိုက်ကောင်တွေ၊ တန်ဖိုးမရှိတဲ့ အကောင်တွေ”
သူက လက်ထဲမှ သံကြိုးများကို ခါယမ်းလိုက်ရာ သူ့အောက်ရှိ ကျွန်သည် သဘောပေါက်သွားပြီး ကုန်းပတ်အပေါ်ဆုံးသို့ တွားသွားကာ တက်လာခဲ့သည်။ ကုန်းပတ်ကြမ်းပြင်ပေါ်တွင် သံကြိုးကြီးများကို တရွတ်တိုက် ဆွဲခေါ်သွားသံမှာ တကျိကျိနှင့် နားမခံသာအောင် မြည်ဟည်းနေသည်။ သူသည် ထိုနှစ်ယောက်ကို သင်္ဘောကြီးဖြင့် အစိမ်းလိုက်ကြိတ်ကာ အပိုင်းပိုင်းအစစ ဖြစ်သွားသည်ကို မျက်ဝါးထင်ထင် ကြည့်ရှုလိုနေခြင်း ဖြစ်သည်။
သူ့ဘေးတွင် စီပီဇီးရိုး (CP0) အေးဂျင့် သုံးဦးက ရိုသေကိုင်းညွတ်စွာ ရပ်နေကြပြီး ချားလ်မိန်းနှင့် အမြဲတမ်း တစ်သမတ်တည်း အကွာအဝေးကို ထိန်းသိမ်းထားကြသည်။ သို့သော် ရုတ်တရက်ဆိုသလို ၎င်းတို့၏ မျက်နှာဖုံးများနောက်ကွယ်မှ မျက်ဝန်းရိပ်များ ပြောင်းလဲသွားကာ အမူအရာများလည်း ပျက်ယွင်းသွားကြသည်။
“ဘော့ဘ်နဲ့ ကိုင်ဒိုပါလား”
စီပီဇီးရိုး (CP0) ဆိုသည်မှာ အတောင့်တင်းဆုံးသော ဒိုင်းနံရံ ဖြစ်ရုံသာမက ကမ္ဘာ့အင်အားအကြီးဆုံး စုဆောင်းရေးနှင့် ထောက်လှမ်းရေးအဖွဲ့လည်း ဖြစ်ပေသည်။ မကြာသေးမီက ကမ္ဘာ့အစိုးရ၏ အဓိက အာရုံစိုက်ခြင်းကို ခံထားရသည့် ဤပုဂ္ဂိုလ်ကို ၎င်းတို့ မမှတ်မိဘဲ မနေနိုင်ကြပေ။ သူသည် တစ်ချိန်က ရေတပ်ဗိုလ်ချုပ်ဒုတိယအဆင့် တစ်ဦးကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့ဖူးသူ ဖြစ်သည်။ ထို့ပြင် သူသည် ရော့ခ်ပင်လယ်ဓားပြအဖွဲ့၏ တပ်ခွဲမှုးတစ်ဦးလည်း ဖြစ်ရာ အလွန်တရာ အန္တရာယ်ကြီးမားသော လူပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခြင်း ခံထားရသည်။ သူ့ဘေးက ကိုင်ဒို၏ အင်အားကိုလည်း လျှော့တွက်၍ မရနိုင်ပေ။
“ဘော့ဘ်? ကိုင်ဒို?”
“သူတို့က ဘယ်သူတွေမလို့လဲ”
ချားလ်မိန်းက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ သူ့မျက်စိထဲတွင် ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်များမှလွဲ၍ ကျန်ရှိသောသူများအားလုံးမှာ အောက်တန်းစား အမှိုက်သရိုက်များသာ ဖြစ်ကြသည်။ စီပီဇီးရိုး (CP0) များ၏ လေသံပြောင်းလဲသွားသော်လည်း သူကမူ မည်သည့်အထိန်းအကွပ်မျှ မပြဘဲ ရိုင်းစိုင်းနေဆဲ ဖြစ်သည်။ သူ့ဘေးက စီပီဇီးရိုး (CP0) များမှာ သူ့အသက်အန္တရာယ်ကို ကာကွယ်ရန် ရှိနေကြခြင်း ဖြစ်သော်လည်း သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေပါက တွန့်ဆုတ်မနေဘဲ ချက်ချင်း သတ်ပစ်မည့်သူမျိုး ဖြစ်သည်။
“သခင်ကြီး... ကိုင်ဒိုက ဘယ်ရီသန်း ၅၀၀ ဆုငွေထုတ်ခံထားရတဲ့ ပင်လယ်ဓားပြဖြစ်ပြီး ဘော့ဘ်ရဲ့ ဆုငွေကတော့ ဘယ်ရီသန်း ၇၀၀ အထိ ရှိပါတယ်၊ ကျွန်တော်တို့ အနိုင်ရဖို့ ရာနှုန်းပြည့် မသေချာပါဘူး၊ ဒါကြောင့် သခင်ကြီးအနေနဲ့ ဘေးကင်းရာကို အရင်ရွှေ့ပြောင်းပေးပါ၊ သခင်ကြီးရဲ့ ဘေးကင်းလုံခြုံရေးအတွက် မာရိန်းဂျွိုစ့်ဆီကနေ စစ်ကူတွေကို ချက်ချင်း ခေါ်ယူပေးပါ့မယ်”
စီပီဇီးရိုး (CP0) အေးဂျင့်တစ်ဦးက ရိုသေစွာ လျှောက်တင်လိုက်သည်။
“အသုံးမကျတဲ့ အကောင်တွေ”
“မင်းတို့ကလည်း ဟိုမရိန်းတွေလိုပဲ၊ ဘာမှလုပ်မရတဲ့ ဝက်အုပ်တွေပဲ”
စီပီဇီးရိုး (CP0) က သူ့ကို ထွက်ပြေးရန် အကြံပြုသည်ကို ကြားလိုက်ရသဖြင့် ချားလ်မိန်း၏ မျက်နှာတစ်ခုလုံး ဒေါသတကြီးဖြင့် နီမြန်းလာကာ အော်ဟစ်ဆဲဆိုတော့သည်။ သူသည်သူ့လက်ထဲကသေနတ်ကို ထိုစီပီဇီးရိုး (CP0) အေးဂျင့်၏ ဦးခေါင်းထံသို့ ချိန်ရွယ်လိုက်လေသည်။
ထိုအချိန်တွင် စီပီဇီးရိုး (CP0) အေးဂျင့် သုံးဦးသည် တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြပြီး ချက်ချင်းပင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်ကြသည်။ ၎င်းတို့အနက် တစ်ဦးက ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်ကို ဘေးလွတ်ရာသို့ အရင်ခေါ်ထုတ်သွားမည်ဖြစ်ပြီး ကျန်နှစ်ဦးက ဘော့ဘ်နှင့် ကိုင်ဒိုကို ပိတ်ဆို့တားဆီးရန် နောက်ချန်အင်အားအဖြစ် တာဝန်ယူမည် ဖြစ်သည်။
စီပီဇီးရိုး (CP0) အဖွဲ့၏ သာမန်အဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ စွမ်းရည်မှာ ရေတပ်ဗိုလ်ချုပ်ဒုတိယအဆင့်နှင့်သာ နှိုင်းယှဉ်နိုင်ရကား လှေငယ်လေးပေါ်က လူနှစ်ယောက်ကို အပြတ်အသတ် အနိုင်ရရှိရန် မသေချာပေ။ သို့ဖြစ်ရာ ၎င်းတို့၏ ပထမဦးစားပေး တာဝန်မှာ ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်၏ ဘေးကင်းလုံခြုံရေးကို ကာကွယ်ရန်သာ ဖြစ်သည်။ သူတို့ ပြန်ရောက်သည့်အခါ ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်က မိမိတို့ကို မည်သို့ အပြစ်ပေး အရေးယူမည်ကိုမူ သူတို့ မတွေးတောကြသလို၊ တွေးတောရန်လည်း မလိုပေ။ ဤသည်မှာ ငယ်စဉ်ကတည်းက ဦးနှောက်ဆေးခြင်း ခံထားရသည့် စီပီဇီးရိုး (CP0) ဟုခေါ်သော အသေခံစစ်သည်တော်များ၏ သဘာဝပင် ဖြစ်သည်။
သို့သော် ၎င်းတို့သည် ဘော့ဘ်၏ အင်အားကို လျှော့တွက်မိသွားကြသည်။
ဇိမ်ခံသင်္ဘောကြီးသည် လှေငယ်လေးကို ဝင်တိုက်မိခါနီးအချိန်မှာပင်—
“ဝုန်း”
သင်္ဘောဦးပိုင်းမှ ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ၎င်းတို့ရှေ့တွင် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ အောက်က လှေငယ်လေးမှာ ချက်ချင်းပင် အပိုင်းပိုင်းအစစ ကွဲအက်သွားပြီး သစ်သားစများ လွင့်စင်သွားကာ မီတာအနည်းငယ်မျှ အကွာသို့ လွင့်ထွက်သွားလေသည်။
၎င်းကို မြင်သောအခါ ချားလ်မိန်း၏ မျက်နှာပေါ်တွင် ရက်စက်ယုတ်မာသော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ သို့သော် နောက်တစ်စက္ကန့်တွင်မူ သူ့အပြုံးများ တောင့်တင်းသွားရတော့သည်။ အဘယ်ကြောင့်ဆိုသော် ဘော့ဘ်နှင့် ကိုင်ဒိုသည် မည်သို့မည်ပုံ ရောက်ရှိလာသည်မသိဘဲ သူ့ရှေ့တည့်တည့်သို့ ရောက်ရှိနေသောကြောင့် ဖြစ်သည်။
သင်္ဘောကြီးက လှေငယ်လေးကို ဝင်တိုက်တော့မည့် စဲစဲတွင် ကိုင်ဒို၏ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာအမူအရာနှင့်အတူ ဘော့ဘ်သည် ကိုင်ဒိုကို ဆွဲခေါ်ကာ သင်္ဘောပေါ်သို့ တစ်ချက်တည်းဖြင့် ခုန်တက်လာခဲ့ခြင်း ဖြစ်သည်။ မူလက ဘော့ဘ်သည် သင်္ဘောကြီးကို လက်သီးဖြင့်ထိုးကာ ရပ်တန့်ပစ်ရန် စဉ်းစားခဲ့သော်လည်း ထိုသို့ပြုလုပ်ပါက သင်္ဘောကြီး ပျက်စီးသွားနိုင်ပြီး မိမိတို့ ပြန်လှည့်ရန် သင်္ဘောမရှိတော့ဘဲ ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် နောက်ဆုံးမိနစ်တွင် အစီအစဉ်ကို ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
ယခုအခါ ဘော့ဘ်နှင့် ကိုင်ဒိုကို မြင်လိုက်ရသဖြင့် စီပီဇီးရိုး (CP0) အေးဂျင့် သုံးဦးလုံးသည် မူလအစီအစဉ်ကို ရပ်တန့်လိုက်ပြီး အမြင့်ဆုံး သတိပြုပြီး နိုးနိုးကြားကြား ရှိနေကြတော့သည်။
“ဘာလို့ ဒီလောက် တုန်လှုပ်နေကြတာလဲ”
“ငါတို့က ရန်မူဖို့ လာတာမဟုတ်ပါဘူး၊ လမ်းကြုံလို့ လိုက်စီးချင်ရုံတင်ပါ”
ဘော့ဘ်က စကားပြောရင်း ပင်လယ်ပြင်ပေါ်တွင် မျောပါနေသော လှေပျက်သစ်သားစများကို လှမ်းကြည့်လိုက်သည်။ ထိုအကြည့်မှာ ‘မင်းတို့က ငါ့လှေကို ဖျက်ဆီးပစ်လိုက်ပြီလေ’ ဟု ပြောနေသကဲ့သို့ပင်။ ထို့ကြောင့် လမ်းကြုံလိုက်စီးရန် တောင်းဆိုခြင်းမှာ တရားမျှတသည် မဟုတ်ပါလော။
စီပီဇီးရိုး (CP0) အေးဂျင့်များသည် ဇွတ်တရွတ် မလှုပ်ရှားရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်၏ ဘေးကင်းလုံခြုံရေးသည် အရေးကြီးဆုံး ဖြစ်နေသောကြောင့် ဖြစ်သည်။ ရန်သူကို တစ်ချက်တည်းဖြင့် အပြတ်အသတ် အနိုင်ပိုင်းနိုင်ရန် သေချာမှုမရှိဘဲနှင့် ၎င်းတို့၏ ဦးစားပေးမှာ အခြေအနေကို စောင့်ကြည့်ပြီး ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်ကို အချိန်ပြည့် ကာကွယ်ရန်သာ ဖြစ်သည်။
သို့သော် ဘော့ဘ်၏ စကားကို ကြားပြီးနောက် စီပီဇီးရိုး (CP0) အေးဂျင့် သုံးဦးစလုံးမှာ အံ့အားသင့်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြရရှာသည်။ သူတို့သည် ဘော့ဘ်၏ လုပ်ရပ်ကို နားမလည်နိုင်အောင် ဖြစ်နေကြသည်။ ဤသည်မှာ ဟန်ဆောင်နေခြင်းလော၊ သို့မဟုတ် တိုက်ပွဲဖြစ်ပွားခြင်းကို အမှန်တကယ် ရှောင်လွှဲလိုခြင်းလော။ အကယ်၍ ဒုတိယအချက်သာ မှန်ကန်ပါက ၎င်းတို့အနေဖြင့် လက်ခံရန် ရွေးချယ်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့သူကောင်းမျိုးနွယ်ဝင်ကို ကာကွယ်ရန်အတွက် ၎င်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သောကြောင့်ပင်။ ထို့နောက်မှ သန့်ရှင်းသောမြေ ‘မာရိန်းဂျွိုစ့်’ ထံမှ စစ်ကူများကို တောင်းခံကာ ဘော့ဘ်ကို အမြစ်ပြတ် ချေမှုန်းပစ်မည်ဟု တွေးတောနေကြလေသည်။