အပိုင်း (၃၀) ကိုင်ဒို၊ လာစမ်း... သွားပျော်ပါးကြစို့
"ဘယ်လိုလဲ... မကြာသေးခင်က တပ်ခွဲမှူး ဘော့ဘ် ဘာတွေလုပ်နေလဲ"
"ထူးထူးခြားခြားတော့ မရှိပါဘူးဗျာ၊ ထုံးစံအတိုင်း စားလိုက်သောက်လိုက်ပါပဲ"
"တပ်ခွဲမှူးတချို့နဲ့ စကားစမြည်ပြောပြီးတော့ အခန်းထဲကနေ ကပျာကယာ ပြေးထွက်သွားတယ် ပြီး မျက်စိတစ်မှိတ်အတွင်းမှာတင် ပျောက်ခြင်းမလှ ပျောက်သွားတာပဲ"
ပထမဆုံး စကားဆိုလိုက်သူမှာ သင်တန်းဆင်း သင်္ဘောသားအဆင့်သာ ရှိသေးသည့် ကိုင်ဒို ဖြစ်သည်၊၊ ပြီးခဲ့သည့် ပြိုင်ပွဲတွင် ရှုံးနိမ့်ပြီးနောက် သူသည် အစီအစဉ်တစ်ခု ဆွဲခဲ့သည်၊၊ ဘော့ဘ်၏ သတင်းအချက်အလက်များကို စုံစမ်းထောက်လှမ်းကာ မိမိထံ ပြန်လည်သတင်းပို့ရန် သင်္ဘောပေါ်ရှိ အဖွဲ့သားတစ်ဦးကို ရတနာအချို့ပေး၍ ငှားရမ်းခဲ့ခြင်း ဖြစ်သည်၊၊ ဤသို့လုပ်ရသည့် ရည်ရွယ်ချက်မှာ ဘော့ဘ်၏ လှုပ်ရှားမှုများကို အချိန်နှင့်တစ်ပြေးညီ သိရှိနေစေရန်နှင့် နောင်တစ်ချိန်တွင် သူ့ကို ကျော်ဖြတ်နိုင်ရန်အတွက် ဖြစ်သည်၊၊ ‘ရန်သူ့အကြောင်းကို သိ၊ မိမိအကြောင်းကို သိလျှင် တိုက်ပွဲပေါင်း ရာချီတိုင် စစ်မရှုံးနိုင်' “မင်းကို ငါက ဘာအတွက် ပိုက်ဆံပေးထားရတာလဲ၊ အသုံးမကျတဲ့ကောင်"
"အသုံးဝင်မယ့် သတင်းတစ်စွန်းတစ်စတောင် မပါဘူး"
ကိုင်ဒိုသည် တံခါးအပြင်ဘက်တွင် ရပ်နေသော သင်္ဘောသားကို ရက်စက်ကြမ်းကြုတ်သော မျက်နှာပေးဖြင့် စိုက်ကြည့်လိုက်သည်၊၊ ထိုအခြင်းအရာကို မြင်လျှင်ပင် တစ်ဖက်လူမှာ ကြောက်လန့်တုန်လှုပ်သွားရသည်၊၊ သူသည်လောင်းကစားတွင် ငွေကြေးအားလုံး ဆုံးရှုံးပြီး အကြွေးပတ်လည်ဝိုင်းမနေပါက ကိုင်ဒိုထံမှ မည်သည့်အလုပ်ကိုမျှ လက်ခံလိမ့်မည်မဟုတ်သလို၊ ကိုင်ဒိုအတွက်လည်း အခိုင်းအစေ အလုပ်လုပ်ပေးချင်လိမ့်မည် မဟုတ်ပေ၊၊
"တပ်ခွဲမှူး ဘော့ဘ်က တကယ်ပဲ နေ့တိုင်း ဒါတွေပဲ လုပ်နေတာပါဗျာ"
"ကျွန်တော်လည်း ဘာမှမတတ်နိုင်ဘူး"
ထိုသင်္ဘောသားသည် မိမိကိုယ်ကိုယ် ထပ်မံကာကွယ်ပြောဆိုရန် ကြိုးစားသေးသည်၊၊ သို့သော် ကိုင်ဒိုက တိုက်ရိုက်ပင် ဖြတ်ပြောလိုက်သည်၊၊
"တော်စမ်း၊ တော်စမ်း... လစ်တော့"
သူက စိတ်မရှည်ဟန်ဖြင့် ပြောဆိုကာ မြန်မြန်ထွက်သွားရန် လက်ကာပြလိုက်သည်၊၊
"ဟို... ပိုက်ဆံက..."
ထိုသင်္ဘောသားမှာ မျက်နှာပျက်ပျက်ဖြင့် စကားကို ထစ်ထစ်ငေါ့ငေါ့နှင့် တိုးတိုးလေး ဆိုရှာသည်၊၊
"လစ်တော့လို့ ပြောနေတယ်မလား"
ကိုင်ဒိုသည် ခါးကြားမှ ငွေအိတ်ငယ်တစ်ခုကို ထုတ်ယူကာ ထိုလူ့ထံသို့ ပစ်ပေးလိုက်သည်၊၊ ငွေရသည်နှင့်တစ်ပြိုင်နက် ထိုသင်္ဘောသားသည် ခြေဦးတည့်ရာသို့ အစွမ်းကုန် ပြေးတော့သည်၊၊ အဘယ့်ကြောင့်ဆိုနောက်တစ်စက္ကန့်တွင် ကိုင်ဒို စိတ်ပြောင်းသွားပြီး ငွေပြန်သိမ်းရုံတင်မကဘဲ သူတုတ်ကြီးဖြင့်ပါရိုက်နှက်မည်ကို စိုးရိမ်နေမိသောကြောင့်ဖြစ်သည်၊၊
ဤအချိန်တွင် မလှမ်းမကမ်း၌ ဘော့ဘ်၏ နှုတ်ခမ်းအစုံသည် အနည်းငယ် ကွေးညွတ်သွားပြီး ပြုံးလိုက်မိသည်၊၊ မုတ်ဆိတ်ဖြူထံမှ ထွက်လာပြီးနောက် ဘော့ဘ်သည် ကိုင်ဒိုရှိရာဆီသို့ ရောက်ရှိလာခြင်း ဖြစ်သည်၊၊ အာရုံခံဟာကီဖြင့် စောင့်ကြည့်နေမှုကြောင့် ကိုင်ဒိုနှင့် ထိုသင်္ဘောသားတို့ကြား ဖြစ်ပျက်သမျှ အရာအားလုံးသည် သူ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေသည်၊၊ ကိုင်ဒိုက အမှန်တကယ် ငွေပေးလိမ့်မည်ဟု ဘော့ဘ် မျှော်လင့်မထားခဲ့ပေ၊၊ မူရင်းဇာတ်လမ်းထဲတွင်မူ ကိုင်ဒိုသည် ဤမျှ စကားပြောရလွယ်ကူသူ မဟုတ်ချေ၊၊ ငွေပေးဖို့ နေနေသာသာ... သူတုတ်ဖြင့်မထုသည်ပင် ကံကောင်းလှပြီ ဖြစ်သည်၊၊ ငယ်ရွယ်သေးသော ကိုင်ဒိုသည် အနှစ်လေးဆယ်အကြာမှ ကိုင်ဒိုနှင့် တော်တော်လေး ကွဲပြားခြားနားနေပုံရသည်၊၊
မှန်ပေသည်... အနှစ်လေးဆယ်ဆိုသည့် အချိန်ကာလသည် လူတစ်ယောက်ကို ပြောင်းလဲစေရန် လုံလောက်သည်၊၊ ဤအချက်က ဘော့ဘ်၏ စိတ်ဝင်စားမှုကိုလည်း နှိုးဆွပေးလိုက်သည်၊၊ အနှစ်လေးဆယ် အရွယ်ရောက်သွားသော ကိုင်ဒိုသည် မည်သို့သောသူ ဖြစ်လာမည်နည်း၊၊
သင်္ဘောသားကို မောင်းထုတ်ပြီးနောက် ကိုင်ဒိုသည် တံခါးပိတ်၍ အခန်းထဲသို့ ပြန်ဝင်ရန် ပြင်လိုက်သည်၊၊ ထိုအခိုက်တွင် မလှမ်းမကမ်းမှ လျှောက်လှမ်းလာသူတစ်ဦးကို သူ မြင်လိုက်ရသည်၊၊ ဆံပင်အမည်း၊ မျက်လုံးအမည်းနှင့် ထောက်ပံ့ရေးဌာနမှ ရရှိထားသော တပ်ခွဲမှူး ယူနီဖောင်းကို ဝတ်ဆင်ထားသူ... ဘော့ဘ် ပါတကား၊၊
ချက်ချင်းပင် ကိုင်ဒိုသည် အလွန်အမင်း ထိတ်လန့်သွားရသည်၊၊ တံခါးပိတ်သည့် အရှိန်မှာလည်း သိသိသာသာ မြန်ဆန်သွားသည်၊၊ နောက်တစ်စက္ကန့်တွင်မူ အေးအေးလူလူ လမ်းလျှောက်နေသော ဘော့ဘ်သည် ကိုင်ဒို၏ ရှေ့တည့်တည့်တွင် ရုတ်တရက် ရောက်ရှိရပ်တန့်နေသည်၊၊ လက်တစ်ဖက်က တံခါးကို ထောက်ထားပြီး ကျန်လက်တစ်ဖက်ကိုမူ အိတ်ကပ်ထဲ ထည့်ထားသည်၊၊ ကိုင်ဒို မည်မျှပင် အားစိုက်ထုတ်ပါသော်လည်း တံခါးမှာနည်းနည်းမျှ ရွေ့လျားမသွားပေ၊၊
"ဟိုး... ကိုင်ဒို၊ မင်း မကြာသေးခင်က ငါ့ကို တော်တော်လေး စိတ်ဝင်စားနေတာပဲ"
"အခု ငါ ဒီကို ရောက်နေပြီပဲဥစ္စာ... မင်း ငါ့ကို နွေးနွေးထွေးထွေး ကြိုဆိုရမှာ မဟုတ်ဘူးလား"
ဘော့ဘ်သည် မျက်ခုံးတစ်ဖက်ကို ပင့်ကာ လေညင်းလေးတစ်ခုအလား ပေါ့ပါးသော လေသံဖြင့် ဆိုလိုက်သည်၊၊ သို့သော် ကိုင်ဒို၏ နားထဲတွင်မူ လုံးဝ ခြားနားသော မြင်ကွင်းတစ်ခု ဖြစ်နေသည်၊၊
"လုံးဝ မလုပ်ဘူး၊ ငါ လုပ်စရာ ရှိသေးတယ်၊ ထွက်သွားပေးပါ"
ကိုင်ဒိုသည် ဘော့ဘ်၏ မကြာသေးမီက လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေခဲ့သော်လည်း ၎င်းမှာ ဘော့ဘ်ကို တွေ့ဆုံချင်၍ မဟုတ်ပေ၊၊ သူ၏ ပန်းတိုင်မှာ ဘော့ဘ်ကို ကျော်ဖြတ်ရန် အမြဲဖြစ်ခဲ့သော်လည်း... ပထမဆုံးပွဲတွင် ဘော့ဘ်၏ လက်ချက်ဖြင့် ချက်ချင်း ရှုံးနိမ့်ခဲ့ရသည်မှသည်၊ ရွှေခြေင်္သေ့နှင့် ဘော့ဘ်တို့၏ တိုက်ပွဲ၊ ထို့နောက် ပြီးခဲ့သည့် ပြိုင်ပွဲအထိ၊ ကိုင်ဒို၏ စိတ်ထဲတွင် စိတ်ဒဏ်ရာ အတော်အတန် ရရှိသွားခဲ့သည်၊၊ ဘော့ဘ်ကို အနိုင်ယူနိုင်မည့် ခွန်အားအဆင့်သို့ မရောက်မချင်း ကိုင်ဒိုသည် သူ့ကို ရင်ဆိုင်ရန် လုံးဝ ဆန္ဒမရှိပေ၊၊ အဆုံးစွန် ပြောရသော် သူသည် တိုက်ခိုက်ရာတွင်လည်း မနိုင်၊ အစားစားရာတွင်လည်း မမီ၊ အရက်သောက်ရာတွင်လည်း မယှဉ်နိုင်ပါချေ၊၊ ကဏ္ဍစုံတွင် သူသည် လုံးဝ ရှုံးနိမ့်နေရသည်၊၊
"အဲလို မဟုတ်ရင်တောင်... မင်း ငါ့ကို အထဲဝင် ထိုင်ဖို့တော့ ဖိတ်ခေါ်သင့်တာပေါ့"
"ငါက ဘာပဲပြောပြော တပ်ခွဲမှူးတစ်ယောက်လေ"
ထိုသို့ပြောပြီးနောက် ကိုင်ဒို သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဘော့ဘ်သည် သူ၏ လက်မောင်းကို အားစိုက်ကာ တံခါးကို ဆွဲဖွင့်လိုက်သည်၊၊ ဤသည်ကို မြင်လျှင် ကိုင်ဒိုသည် မိမိအနေဖြင့် ဘော့ဘ်ကို မခုခံနိုင်မှန်း သိသွားသဖြင့် သူ့ကို တားဆီးရန် ကြိုးစားမှုကို လက်လျှော့လိုက်တော့သည်၊၊
ဘော့ဘ်သည် အခန်းထဲသို့ ဝင်ရောက်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်၊၊ သူ၏ မျက်စိထဲသို့ ပထမဆုံး ဝင်လာသည်မှာ ကြီးမားလှသော လေ့ကျင့်ခန်းသုံး ပစ္စည်းအချို့ ဖြစ်သည်၊၊ ၎င်းတို့မှာ အလွန်ပင် မျက်စိကျစရာ ကောင်းနေပြီး တစ်ခုချင်းစီမှာ တန်ချိန်ပေါင်းများစွာ လေးလံမည့်ပုံ ပေါ်သည်၊၊ ၎င်းတို့ပေါ်ရှိ ချောမွေ့ပြောင်လက်နေသော ပွတ်တိုက်မှု အမှတ်အသားများကို ကြည့်ခြင်းအားဖြင့်... ကိုင်ဒိုသည် နေ့စဉ် လေ့ကျင့်ခန်း လုပ်ရာတွင် ၎င်းတို့ကို အသုံးပြုနေရမည် ဖြစ်သည်၊၊ လေ့ကျင့်ခန်းသုံး ပစ္စည်းများအပြင် ကြီးမားသော ကျောက်သားကုတင်ကြီးတစ်ခုလည်း ရှိနေသည်၊၊ ကိုင်ဒို၏ လက်နက်ဖြစ်သော ဆူးပါသောတုတ်ကြီးကို ကုတင်ဘေးတွင် ချထားသည်၊၊ သစ်သားရတနာသေတ္တာ အနည်းငယ်ကိုမူ ထောင့်တစ်နေရာတွင် ဝှက်ထားသည်၊၊ ၎င်းတို့ထဲတွင် ကိုင်ဒို နှစ်ရှည်လများ လုယက်သိမ်းပိုက်ခဲ့သော စည်းစိမ်ဥစ္စာများ ရှိနေနိုင်သည်၊၊ တစ်ခန်းလုံးကို အလွန်ပင် ရိုးရှင်းစွာ ပြင်ဆင်ထားသည်၊၊
ဘော့ဘ်သည် ထိုင်ရန် နေရာတစ်ခုကို အေးအေးလူလူ ရှာဖွေထိုင်လိုက်သည်၊၊ ထို့နောက် အေးဆေးသော လေသံဖြင့် စကားဆိုသည်၊၊
"ကိုင်ဒို... မင်း ငါ့အပေါ် မကျေနပ်ချက်တွေ တော်တော်များများ ရှိနေပုံရတယ်နော်"
ဤစကားကို ကြားလျှင် ကိုင်ဒို၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးသွားပြီး ဘော့ဘ်ကို စိုက်ကြည့်ကာ နှုတ်ဆိတ်နေမိသည်၊၊ ယခုအချိန်တွင် 'ဟုတ်တယ်' ဟု ပြောရန်လည်း လုံးဝ မဖြစ်နိုင်သလို၊ 'မဟုတ်ဘူး' ဟု ပြောရန်လည်း မရပေ၊၊ အဘယ်ကြောင့်ဆိုသော် ဘော့ဘ်သည် သူ၏ စောစောက စကားပြောသံကို ကြားခဲ့ပြီးဖြစ်ရမည် ဖြစ်သည်၊၊ ထို့ကြောင့် သူသည် နှုတ်ဆိတ်နေရုံသာ တတ်နိုင်တော့သည်၊၊
"ငါတို့ နှစ်ယောက်လုံးက ပင်လယ်ဓားပြအဖွဲ့တစ်ခုတည်းကပဲဥစ္စာ"
"မင်း ငါ့အပေါ်မှာ တစ်ခုခု အဆင်မပြေတာ ရှိရင်လည်း ပွင့်ပွင့်လင်းလင်း ပြောပေါ့"
"အဲဒါမှ အဆင်မပြေရင်လည်း ငါတို့ ချကြတာပေါ့၊ မကျေနပ်ချက်မှန်သမျှကို ငါတို့ရဲ့ လက်သီးတွေနဲ့ ရှင်းလိုက်လို့ ရတယ်"
ထိုသို့ပြောပြီးနောက် ဘော့ဘ်သည် သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ လေထဲတွင် ဟန်အချို့ ပြလိုက်သည်၊၊
၎င်းကို ကြားရသောအခါ ကိုင်ဒို၏ မျက်လုံးများမှာ ပြာသွားပြီး စိတ်ထဲမှ ကျိန်ဆဲမိသည်၊၊ 'ချရမယ်ဟုတ်လား... အခု မင်းနဲ့ ချရမှာက တစ်ဖက်သတ် အရိုက်ခံရဖို့ သွားတောင်းဆိုတာနဲ့ အတူတူပဲ'
သူသည် ဘာမှ ပြန်မပြောမိသေးချေ၊၊ ဘော့ဘ်သည် ဤနှုတ်ဆိတ်နေသော လူအူတူတူကို ကြည့်ကာ မျက်မှောင်ကုတ်လိုက်မိသည်၊၊ သူက စိတ်ထဲမှ တွေးလိုက်သည်၊၊ 'ဘာလဲဟ... မင်းရဲ့ ပါးစပ်က စားဖို့ပဲ အသုံးဝင်တာလား၊ မင်းကို အပျော့ဆွဲနဲ့ ကိုင်လို့တော့ ရမှာမဟုတ်ဘူး၊ ဒါဆိုရင်တော့ အင်အားသုံးရတော့မှာပဲ'
တစ်စုံတစ်ယောက်က မိမိထံမှ စည်းစိမ်ဥစ္စာ အမြောက်အမြား အကြွေးတင်နေသည့်အလား ကိုင်ဒို၏ စိတ်ပျက်လက်ပျက် ဖြစ်နေသော မျက်နှာအမူအရာကြားထဲတွင်ပင်... ဘော့ဘ်သည် သူ့ကို နောက်ထပ် တစ်ကြိမ် ထပ်မံ ရိုက်နှက် ပေးလိုက်သည်၊၊
"..."
"မနက်ဖြန် ငါနဲ့အတူ အပြင်ထွက်ခဲ့၊ မင်းကို ပျော်စရာကောင်းတဲ့နေရာဆီ ငါ ခေါ်သွားမယ်"
"မင်း မလာရင်တော့... နောက်နောင် မင်းကို မြင်တဲ့အချိန်တိုင်း ငါ မင်းကို ချမှာပဲ"
ဤစကား နှစ်ခွန်းကို ချန်ထားခဲ့ပြီးနောက် ဘော့ဘ်သည် ထွက်ခွာသွားတော့သည်၊၊ အခန်းထဲတွင်မူ အရိုက်ခံထားရသဖြင့် ထောင့်တစ်နေရာတွင် တစ်ယောက်တည်း ဖရိုဖရဲ ဖြစ်ကျန်ရစ်ခဲ့သော ကိုင်ဒိုသာ ရှိနေတော့သည်၊၊