အပိုင်း (၂၇) ကျွန်တော်က ထမင်းတစ်နပ်ပဲ စားချင်ခဲ့တာ၊ ဘယ်လိုဖြစ်ပြီး စားသောက်ပွဲကြီး ဖြစ်သွားရတာလဲ?
ရော့ခ်ပင်လယ်ဓားပြအဖွဲ့ သင်္ဘောပေါ်ရှိ အခန်းတစ်ခန်းအတွင်း၌ ဖြစ်သည်။ လူဟောင်းကြီးသုံးဦးဖြစ်သော ဝမ်ကျိ၊ ဂျွန် နှင့် ဆေးဗားအိတ်စ်တို့သည် ရွှေခြေင်္သေ့နှင့် ဘော့ဘ်တို့၏ အစောပိုင်းက တိုက်ပွဲအကြောင်းကို မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးနေကြသည်။ သူတို့တစ်ယောက်ချင်းစီမှာ စိတ်လှုပ်ရှားတက်ကြွနေကြပြီး အကယ်၍သာ ဘော့ဘ်နှင့် ရင်ဆိုင်ရပါက ရွှေခြေင်္သေ့လောက် ကစဉ့်ကလျား ဖြစ်သွားမည်မဟုတ်ကြောင်း ကြွေးကြော်ဝါကြွားနေကြသည်။ ဝမ်ကျိတစ်ယောက် အားရပါးရ ပြောဆိုနေစဉ်မှာပင် တံခါးခေါက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ တံခါးကို ဖွင့်လိုက်သောအခါ ပြင်ပတွင် ရပ်နေသော ဝမ်ကျိ၏ တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့လိုက်ရသည်။
"ဘာကိစ္စလဲ? ဘာဖြစ်လို့လဲ?"
ဝမ်ကျိသည် သူ၏ ထုံးစံအတိုင်း အရှိန်အဝါကြီးမားသော လက္ခဏာရပ်များကို ပြန်လည်ဖော်ဆောင်ကာ မျက်မှောင်ကုတ်လျက် အေးစက်စွာ မေးမြန်းလိုက်သည်။
"တပ်ခွဲမှုး! အခု ဘော့ဘ်က ကိုင်ဒိုနဲ့ ပြိုင်ပွဲလုပ်နေတယ်ဗျ!"
ထိုတပ်ဖွဲ့ဝင်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် ဝမ်ကျိ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်ကိုပင် လုံးဝ သတိမပြုမိချေ။
"ဘာလဲ? ဘော့ဘ်နဲ့ ကိုင်ဒို ဟုတ်လား?"
ဝမ်ကျိ စကားမဆိုနိုင်သေးခင်မှာပင် ဂျွန်က နောက်ကနေ ဖြတ်ပြောလိုက်သည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူက ဆက်လက်၍ -
"ဘော့ဘ်ရဲ့ အင်အားအဆင့်အတန်းနဲ့ဆို ကိုင်ဒိုက သူနဲ့ ယှဉ်ပြိုင်ဖို့ တန်လို့လားဗျာ?"
"အင်အားချင်း ပြိုင်နေတာ မဟုတ်ဘူးဗျ၊ အခု စားသောက်ဆောင်ထဲမှာ အရက်သောက်ပြိုင်နေကြတာ၊ အစားအသောက်တွေလည်း အခုတင် စားလို့ပြီးသွားကြပြီ!"
"အမလေးဗျာ... အခြေအနေကတော့ သူတို့တစ်သက်လုံး ထမင်းမစားခဲ့ရတဲ့အတိုင်းပဲ!"
ထိုတပ်ဖွဲ့ဝင် စကားပင်မဆုံးသေးမီမှာပင် သူတို့သုံးဦးမှာ သူ့ကို ဘေးသို့ တွန်းဖယ်ကာ စားသောက်ဆောင်ဆီသို့ အလောတကြီး ပြေးထွက်သွားကြတော့သည်။
တစ်ချိန်တည်းမှာပင် ချားလော့တ် လင်လင် (မားမားကြီး) ၏ အခန်း၌ ဖြစ်သည်။
"တပ်ခွဲမှုး လင်လင်၊ အခု စားသောက်ဆောင်ထဲမှာ အရမ်းစည်ကားနေပြီး ပြိုင်ပွဲတစ်ခု လုပ်နေတယ်ဗျ!"
"အဲ့ဒီမှာ ပြိုင်ပွဲလုပ်တာ ဘာစိတ်လှုပ်ရှားစရာ ရှိလို့လဲ? ဆူဆူညံညံ မလုပ်စမ်းနဲ့!"
"ဘော့ဘ်နဲ့ ကိုင်ဒို အရက်သောက်ပြိုင်နေကြတာပါ!"
ဘော့ဘ်ဟူသောအမည်ကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက်... ရှူးခနဲ! ချားလော့တ် လင်လင်သည် လျှပ်တပြက်အတွင်း အခန်းထဲမှ ဝူးခနဲ ပြေးထွက်သွားခဲ့သည်။
အခြားသော တပ်ခွဲမှုးများ၏ အခန်းများတွင်လည်း ဤကဲ့သို့သော မြင်ကွင်းမျိုးပင် ဖြစ်ပွားနေသည်။ မကြာမီအချိန်အတွင်းမှာပင် တပ်ခွဲမှုးအားလုံး စားသောက်ဆောင်ဆီသို့ ဦးတည်ကာ အပြေးအလွှား ရောက်ရှိလာကြသည်။
ထိုအချိန်၌... စားသောက်ဆောင်အတွင်းတွင် ဖြစ်သည်။
အရက်နံ့ကြောင့် ပတ်ဝန်းကျင်ရှိ ပင်လယ်ဓားပြအချို့မှာ မအောင့်အီးနိုင်ကြတော့ချေ။ စင်ပေါ်တွင် ကိုင်ဒိုနှင့် ဘော့ဘ်တို့ ရူးသွပ်စွာ သောက်စားနေကြသည်ကို ကြည့်ရင်း သူတို့သည်လည်း မီးဖိုချောင်ထဲမှ အရက်ကောင်းများကို ယူဆောင်ကာ သူတို့နှင့်အတူ လိုက်လံသောက်စားကြတော့သည်။ ရုတ်တရက်ဆိုသလို စားသောက်ဆောင်တစ်ခုလုံး ရူးသွပ်မှုများဖြင့် လွှမ်းမိုးသွားခဲ့သည်။ အန်စာတုံးခေါက်သံများ၊ ဖန်ခွက်ချင်း တိုက်သံများ၊ နှင့် အော်ဟစ်ဆူညံသံများမှာ အဆုံးမရှိ ပဲ့တင်ထပ်နေခဲ့သည်။
ရောက်ရှိလာသော တပ်ခွဲမှုးများသည် ထိုမြင်ကွင်းကို ကြည့်ပြီး မှင်တက်သွားကြရသည်။
"ဒီမှာ ဘာတွေ ဖြစ်ပျက်နေတာလဲ? စားသောက်ပွဲကြီး ကျင်းပနေတာလား?"
သူတို့သည် ဘော့ဘ်နှင့် ကိုင်ဒိုကို မြင်လိုက်ရသောအခါ သို့လောသို့လော ပို၍ပင် ဖြစ်သွားကြသည်။ ထိုနှစ်ဦးရှေ့ရှိ ပန်းကန်များနှင့် အရက်စည်ပိုင်းများမှာ လျှံကျနေပြီး ကြမ်းပြင်ပေါ်တွင်လည်း အစားအသောက်အကြွင်းအကျန်များ ပြန့်ကျဲနေသည်။ ၎င်းမှာ တုန်လှုပ်ချောက်ချားဖွယ် မြင်ကွင်းတစ်ခုပင် ဖြစ်သည်။ သူတို့ မည်မျှအထိ စားသောက်ခဲ့ကြသနည်း? ထိုအချက်က ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ထိုနှစ်ဦးမှာ ရပ်တန့်မည့် အရိပ်အယောင် လုံးဝမပြသသေးချေ။ ဘော့ဘ်သည် အရက်ကို တစ်ခွက်ပြီးတစ်ခွက် ဆက်လက်ငှဲ့သောက်နေဆဲဖြစ်ပြီး ကိုင်ဒိုမှာမူ ယိမ်းထိုးခါယမ်းလျက် သစ်သားစည်ပိုင်းကြီးကို ကိုင်ကာ ကခုန်ရင်း သောက်နေသည်။ သူ၏ မျက်ဝန်းများမှာ မှုန်မှိုင်းနေပြီး အသိစိတ်လွတ်နေပြီဖြစ်ရာ သူ အမှန်တကယ် မူးယစ်နေပြီဖြစ်ကြောင်း ထင်ရှားလှသည်။
"ဂူရာရာရာရာ... ဘော့ဘ်၊ မင်းက ငါ့ကိုမခေါ်ဘဲ အရက်သောက်နေရတယ်လို့?"
"လာစမ်းပါ၊ ကိုင်ဒိုကတော့ သွားရှာပြီ၊ ငါ မင်းနဲ့အတူ သောက်မယ်!"
ထိုသို့ပြောပြီး မုတ်ဆိတ်ဖြူသည် မီးဖိုချောင်ထဲမှ အရက်စည်ပိုင်းအချို့ကို ဆွဲယူကာ ဘော့ဘ်၏ ဘေးတွင် ဝင်ထိုင်ပြီး အားရပါးရ သောက်စားတော့သည်။ ဤသည်ကို မြင်သောအခါ အခြားသော တပ်ခွဲမှုးများသည်လည်း ပူးပေါင်းပါဝင်လာကြပြီး ၎င်းတို့၏ ဖန်ခွက်များကို မြှောက်ကာ တစ်ကျိုက်တည်း မော့ချလိုက်ကြသည်။
ထိုစဉ်မှာပင် အခုတင် ရောက်ရှိလာသော ချာလော့တ် လင်လင်သည် ဘော့ဘ်ကို မြင်လိုက်ရသဖြင့် သူမ၏ မျက်ဝန်းများ တောက်ပသွားခဲ့သည်။ သူမသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ တိုးလာပြီး ဘော့ဘ်နှင့် မုတ်ဆိတ်ဖြူကြားထဲသို့ အတင်းတိုးဝင်လိုက်သည်။ အခြားသော တပ်ခွဲမှုးများသည် ဤမြင်ကွင်းကို ကြည့်ကာ ဘော့ဘ်တစ်ယောက် မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ကို သိရှိလိုသဖြင့် ရယ်ချင်စိတ်ကို အောင့်အီးထားကြသည်။
"ဘော့ဘ်... ငါ့ရဲ့ ယောက်ျား ဖြစ်လာရင် ဘယ်လိုလဲ?"
လင်လင်သည် စကားကို လှည့်ပတ်မပြောဘဲ တည့်တည့်တိုးကာ စကားစလိုက်သည်။
အရက်ကို တစ်ကျိုက်ကြီး သောက်ရုံရှိသေးသော ဘော့ဘ်သည် ဤစကားကို ကြားလိုက်ရသဖြင့် လန့်ဖျန့်ကာ အရက်များကို ကမန်းကတန်း ထွေးထုတ်လိုက်ရသည်။ သူ၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားခဲ့သည်။
တောက်စ်... ငါက မင်းကို အဒေါ်ကြီးလို သဘောထားတာ၊ မင်းက ငါ့ကို အနာဂတ်အိမ်ထောင်ဖက်လို သဘောထားနေတာလား? ဒါတော့ မဖြစ်နိုင်ဘူး!
"တော်စမ်းပါ! ဒါ လုံးဝ မဖြစ်နိုင်ဘူး!"
ဘော့ဘ်သည် ဘာမျှ ထပ်မံစဉ်းစားမနေတော့ဘဲ ထိုအကြံဉာဏ်ကို တိုက်ရိုက် ငြင်းပယ်လိုက်သည်။ ထို့နောက် အကြံတစ်ခု ရုတ်တရက် ရရှိသွားသည့်အလား သူက မူးယစ်ရီဝေနေဆဲဖြစ်သော ကိုင်ဒိုကို လက်ညှိုးထိုးပြကာ -
"ဟိုက ကိုင်ဒိုကိုရော ဘယ်လိုလဲ? မင်း သူ့ကို စမ်းကြည့်ပါလား?"
ဘော့ဘ်က စမ်းသပ်သည့်သဘောဖြင့် မေးမြန်းလိုက်သည်။ ၎င်းမှာ ချက်ချင်းတွေးမိသော အကြံပြုချက်တစ်ခုဖြစ်သော်လည်း စိတ်ရင်းမှန်ဖြင့် ပြောကြားခြင်း ဖြစ်သည်။ ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ အင်အားနှင့် အနာဂတ်အောင်မြင်မှုများအရ ထိုနှစ်ဦးမှာ ကောင်းကင်က ဖန်ဆင်းပေးထားသည့် အစုံအလင်ပင် ဖြစ်သည်။ အကယ်၍ သူသာ အနာဂတ်၏ ပင်လယ်ဧကရာဇ် နှစ်ဦးကို ဖူးစာဆုံပေးနိုင်ခဲ့လျှင် ရရှိမည့် အောင်မြင်မှုခံစားချက်မှာ အတိုင်းအထက်အလွန် ဖြစ်ပေလိမ့်မည်။
"မရဘူး! လင်လင်က ဘော့ဘ်ကိုပဲ လိုချင်တာ!"
လင်လင်၏ အသံတွင် ငိုသံစွက်နေပြီး သူမသည် အော်ဟစ်ငိုယိုကာ သောင်းကျန်းပါတော့သည်။
"ငါ ဘော့ဘ်ကို လိုချင်တယ်! ငါ ဘော့ဘ်ကို လိုချင်တယ်!"
ချာလော့တ် လင်လင်၏ အခြေအနေမှာ တဖြည်းဖြည်းနှင့် ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီး သူမ၏ မျက်ဝန်းများမှာ ရက်စက်မှုနှင့် ရူးသွပ်မှုများဖြင့် ပြည့်နှက်လာသည်။ သူမ၏ အသံမှာလည်း ပို၍ ပို၍ ကျယ်လောင်လာခဲ့သည်။ သူမ၏ အစာငတ်မွတ်မှု ရောဂါအကြောင်းကို သိရှိထားသော ဘော့ဘ်မှာ ဆွံ့အသွားရတော့သည်။
တောက်... သူမက ငါ့ကို အချိုပွဲအဖြစ် သဘောထားနေတာလား?
"ဟူး... စိတ်ရှုပ်စရာကြီး!"
ဘော့ဘ်သည်အချိန်ဆွဲမနေတော့ဘဲ သူ၏ လက်သီးကို သံမဏိခန္ဓာဟာကီဖြင့် ဖုံးအုပ်လိုက်သည်။ သူသည် မုတ်ဆိတ်ဖြူကို တစ်ချက်လှမ်းကြည့်လိုက်ရာ မုတ်ဆိတ်ဖြူကလည်း သူ၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။ သူတို့နှစ်ဦးစလုံးသည် ဘာမျှ ချန်လှပ်မထားဘဲ ဘယ်နှင့်ညာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ မုတ်ဆိတ်ဖြူသည် သူ၏ အင်အားမလုံလောက်မည်ကို စိုးရိမ်သဖြင့် တုန်ခါမှုသစ်သီး၏ စွမ်းအားကိုပင် ထည့်သွင်းအသုံးပြုလိုက်သေးသည်။
"ဝုန်း!!"
ချားလော့တ် လင်လင် တစ်ယောက် ကြမ်းပြင်ပေါ်သို့ လဲပြိုကျသွားချိန်တွင် တစ်ကမ္ဘာလုံး ငြိမ်းချမ်းသွားသည့်အလား ရှိတော့သည်။ စားသောက်ဆောင်အတွင်းရှိ ဆူညံသံများမှာ ယခုအခါ ဂီတသံစဉ်တစ်ခုကဲ့သို့ သာယာနေတော့သည်။
"ကောင်းတယ်ဟေ့!"
တပ်ခွဲမှူးအားလုံးသည် ဘော့ဘ်ကို တစ်ပြိုင်နက်တည်း လက်မထောင်ပြလိုက်ကြသည်။
"လူအချို့ကို ခေါ်ပြီး သူမကို သယ်ထုတ်သွားလိုက်ကြစို့။ ငါတို့ ဆက်သောက်ကြမယ်!"
ဘော့ဘ်သည် ဖလားကြီးကို မြှောက်လိုက်ပြီး အစောပိုင်းက ဖြစ်ပျက်ခဲ့သည့် ကိစ္စအပေါ် စိုးစဉ်းမျှ စိတ်အနှောင့်အယှက် ဖြစ်ပုံမရချေ။ မားမားကြီးကို ခေါ်ထုတ်သွားရန် လူအချို့ကို ညွှန်ကြားပြီးနောက် သူသည် အခြားသူများနှင့်အတူ ဆက်လက် သောက်စားနေခဲ့သည်။
တစ်ချိန်တည်းမှာပင် အခန်းတွင်း၌ ရော့ခ်သည် မျက်မှောင်ကုတ်ထားသည်။ သူသည် အာရုံခံဟာကီကို အသုံးပြု၍ စားသောက်ဆောင်အတွင်းရှိ အခြေအနေကို အနီးကပ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ဘော့ဘ်တစ်ယောက် အစားအသောက်နှင့် အရက်များကို ဤမျှအထိ အမြောက်အမြား စားသောက်နိုင်သည်ကို မြင်တွေ့ရသဖြင့် သူ အံ့အားသင့်သွားရသည်။ ထို့ထက်ပို၍ သူ၏ ဒဏ်ရာများမှာ လုံးဝ ဥဿုံ ပျောက်ကင်းသွားခဲ့ပြီ ဖြစ်သည်။ ဘော့ဘ်က ချားလော့တ် လင်လင်ကို တိုက်ချက်တစ်ချက်တည်းဖြင့် နှိမ်နင်းလိုက်သည်ကို မြင်သောအခါ သူကိုယ်တိုင်ပင် အံ့ဩလေးစားစိတ် ဖြစ်ပေါ်လာရတော့သည်။ အကယ်၍ သူကိုယ်တိုင်က ကြီးမားလှသော အင်အားကြောင့် "နတ်ဆိုးကောင်" ဟု ခေါ်တွင်ခံရလျှင် ဘော့ဘ်သည် ထို "နတ်ဆိုးကောင်" ဟူသော စကားလုံး၏ အနှစ်သာရကို အမှန်တကယ် ပိုင်ဆိုင်ထားသူပင် ဖြစ်သည်။
စားသောက်ဆောင်အတွင်းရှိ ပြိုင်ပွဲမှာ ကိုင်ဒို လဲကျသွားသည့် အခိုက်အတန့်မှာပင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ စားသောက်ဆောင်အတွင်းရှိ မည်သူမျှ ပြိုင်ပွဲ၏ ရလဒ်ကို ဂရုမစိုက်ကြတော့ချေ။ ဘော့ဘ်နှင့် ကိုင်ဒိုတို့၏ ဦးဆောင်မှုအောက်တွင် သာမန်ထမင်းတစ်နပ် စားသောက်ခြင်းမှသည် အပြည့်အဝ စည်ကားလှသော စားသောက်ပွဲကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
လှိုင်းတံပိုးသံများနှင့် ညကောင်းကင်ယံအောက်တွင် ရယ်မောသံများနှင့် အော်ဟစ်သံများမှာ လှိုင်းလုံးကြီးများကဲ့သို့ တက်လိုက်ကျလိုက်ဖြင့် ဆူညံလျက် ရှိနေတော့သည်။