အပိုင်း(၂၆) သူက မိစ္ဆာတစ်ကောင်ပဲ
စထရုဆန်(streusen)၏ဝိညာဉ်သစ်သီးစွမ်းရည်ကြောင့် ကြီးမားလှသည့် အစားအစာပန်းကန်ကြီးနှစ်လုံးမှာ မကြာခင်မှာပင် အဆင်သင့်ဖြစ်သွားခဲ့သည်။ ထိုဟင်းလျာများတွင် စစ်မှန်သော အစားအစာများ၏ အရသာမျိုး မရှိသော်လည်း ဆာလောင်မှုကို ပြေပျောက်စေရန်အတွက်မူ လုံလောက်လှပေသည်။ ပါးနပ်သော သင်္ဘောသားအချို့က ပန်းကန်ပြားကြီးနှစ်ချပ်ကို သယ်ဆောင်လာပြီး ဘော့ဘ်နှင့် ကိုင်ဒိုတို့၏ ရှေ့တွင် ချပေးလိုက်သည်။
မိမိရှေ့ရှိ အစားအစာများကို ကြည့်ရင်း ဘော့ဘ်သည် တုံ့ဆိုင်းမနေဘဲ ညာဘက်လက်ဖြင့် ဆွဲယူကာ လောဘတကြီး စတင်စားသောက်တော့သည်။ ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ ဘေးနားရှိ ကိုင်ဒိုက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ချက်ချင်းပင် လက်နှစ်ဖက်လုံးကို အသုံးပြုကာ အစားအစာများကို ပါးစပ်ထဲသို့ အငန်းမရ ထိုးထည့်လေသည်။
ထမင်းစားဆောင်အတွင်း စုဝေးနေကြသော ပင်လယ်ဓားပြများသည် မိမိတို့၏ အစားအစာများအပေါ် စိတ်ဝင်စားမှု လုံးဝမရှိတော့ဘဲ ထိုနှစ်ဦးထံသို့သာ အာရုံအားလုံး ကျရောက်နေကြသည်။ အချို့သော ပင်လယ်ဓားပြများကမူ ၎င်းတို့ကို အားပေးကူညီပင် ပြုလုပ်လာကြသည်။ မကြာမီအချိန်အတွင်းမှာပင် အကဲခတ်နေသူများ၏ ဦးဆောင်မှုကြောင့် တစ်ကိုယ်လုံးကို တုန်ခါသွားစေလောက်သည့် ဆူညံသော အားပေးသံများမှာ ဆူနာမီလှိုင်းလုံးကြီးတစ်ခုကဲ့သို့ ထမင်းစားဆောင်တစ်ခုလုံးတွင် ဟိန်းထွက်သွားခဲ့သည်။
ပင်လယ်ဓားပြအချို့ကမူ ဘယ်ဘက်ရှိ ဘော့ဘ် နိုင်မလား၊ ညာဘက်ရှိ ကိုင်ဒို နိုင်မလားဆိုသည်ကို လောင်းကြေးများပင် ထပ်လာကြသည်။ အားပေးသံများမှာ ဘော့ဘ်ဘက်သို့ အပြတ်အသတ် သာလွန်နေသော်လည်း ၎င်းတို့၏ လုပ်ရပ်များကမူ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။ ထိုသူများအားလုံးသည် ကိုင်ဒို၏ အောင်ပွဲအတွက်သာ လောင်းကြေးထပ်ခဲ့ကြသည်။
အခြားအရာများကို ထည့်မတွက်ထားလျှင်ပင် ၎င်းတို့နှစ်ဦး၏ ခန္ဓာကိုယ်တည်ဆောက်ပုံ ကွာခြားချက်က အထင်အရှား ရှိနေသည် မဟုတ်ပါလား။ ထိုအချက်ကို ကြည့်ရုံမျှဖြင့်ပင် ကိုင်ဒိုသည် အဆုံးအဖြတ်အထိ ကြံ့ကြံ့ခံနိုင်မည့်သူ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
တစ်ဖက်တွင်မူ လောင်းကစားပြုလုပ်နေကြသည်ကို မသိရှိသော ဘော့ဘ်သည် မိမိထံသို့ ဦးတည်လာသော အားပေးသံများကို ကြားရသောအခါမှ အခြေအနေကို သတိပြုမိသွားခဲ့သည်။ သူသည် ကိုင်ဒိုကို လှမ်းကြည့်လိုက်ရာ ကိုင်ဒို၏ လက်ရှိအခြေအနေကို မြင်ပြီး ချက်ချင်းပင် သဘောပေါက်သွားသည်။ ထို့ကြောင့် စိတ်ပျက်လက်ပျက်ဖြင့် မတွေးဘဲ မနေနိုင်တော့ပေ။
'ဒီ ကိုင်ဒိုကတော့ တကယ်ကို ပြဿနာပဲ၊ ထမင်းစားတာကိုတောင် ပြိုင်ပွဲတစ်ခု ဖြစ်အောင် လုပ်နေရတယ်လို့။'
သို့သော် စိတ်ပျက်နေပေမဲ့သူသည် ဆက်လက်စားသောက်နေရဆဲ ဖြစ်သည်။ အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ၎င်းတို့၏ ဗိုက်များသည် အောက်ခြေမရှိသော ချောက်နက်ကြီးများကဲ့သို့ ရောက်ရှိလာသမျှ အစားအစာအားလုံးကို ဝါးမြိုပစ်နေခဲ့သည်။ စထရုဆန်မှာမူ မောပန်းနွမ်းနယ်လွန်းသဖြင့် မီးဖိုချောင်အတွင်း ကြမ်းပြင်ပေါ်၌ပင် လှဲလျောင်းနေရရှာသည်။
၎င်းတို့၏ ရှေ့တွင် ပန်းကန်ပြားများနှင့် ခွက်များမှာ တောင်ပုံရာပုံ မြင့်တက်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း မပြီးဆုံးသေးချေ။ ပြိုင်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး ၎င်းတို့ထဲမှ မည်သူတစ်ဦးမျှ ရပ်တန့်မည့် အရိပ်အယောင် မရှိကြပေ။
ထမင်းစားဆောင်အတွင်းရှိ လူအုပ်ကြီးမှာ ပိုမိုကြီးထွားလာပြီး အပြင်ဘက်မှ သင်္ဘောသားများပင် ဆွဲဆောင်ခြင်း ခံလိုက်ရသည်။ လူတိုင်းသည် စားပွဲပေါ်ရှိ ပန်းကန်ပြား တောင်ကြီးကို ကြည့်ကာ အံ့အားသင့်လျက် ရှိကြသည်။
"ဒီကောင်တွေ စားလိုက်တာမှ မနက်ဖြန်ဆိုတာ မရှိတော့မယ့်အတိုင်းပဲ။ ငါတို့လိုလူ ဆယ်ယောက်ပေါင်းရင်တောင် သူတို့လောက် စားနိုင်မှာ မဟုတ်ဘူး။"
"ကိုင်ဒို အစားကြီးတယ်ဆိုတာ ငါ သိပေမဲ့၊ တပ်ခွဲမှူး ဘော့ဘ်ကလည်း ဒီလောက်အထိ အစားပုတ်လိမ့်မယ်လို့ မထင်ထားမိဘူး။"
"တောက်စ်... သူတို့ ဒါကို ဘယ်လိုတောင် လုပ်လိုက်တာလဲ၊ အစားအစာ ဘယ်လောက်တောင် ကုန်သွားပြီလဲ။"
"ဘယ်သူ ဂရုစိုက်မှာလဲ၊ ဒါတွေ အားလုံးက နတ်ဆိုးသစ်သီးကနေ လုပ်ထားတဲ့ အစားအစာတွေပဲဥစ္စာ။"
"တောက်စ်…ဒီလောက်အထိ အများကြီး စားနေတာတောင် ဘော့ဘ်ရဲ့ ဗိုက်က နည်းနည်းလေးမှ ဖောင်းမလာဘူးနော်။"
အကဲခတ်နေကြသူ အချို့က ၎င်းတို့နှစ်ဦးကို၊ အထူးသဖြင့် ဘော့ဘ်ကို ဝေဖန်ပြောဆိုလာကြသည်။ အရပ် ၁.၈ မီတာခန့်သာ ရှိသော လူတစ်ယောက်က ဤမျှလောက်များပြားလှသည့် အစားအစာများကို မည်သို့ ဝါးမြိုနိုင်ရသနည်း။ ၎င်းမှာ တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလှပေသည်။
များစွာသော သူတို့သည် ထိုအခြင်းအရာကို နားမလည်နိုင်ကြသဖြင့် ဤဖြစ်ရပ်ဆန်းကို စကားလုံးတစ်လုံးတည်းဖြင့်သာ ဖွင့်ဆိုနိုင်ကြတော့သည်။
'မိစ္ဆာ!!'
"နေဦး... ဘော့ဘ်ရဲ့ ခန္ဓာကိုယ်ကို ကြည့်လိုက်ကြစမ်း။"
"အဲဒီ ဒဏ်ရာတွေက ဖြည်းဖြည်းချင်း ပြန်ကောင်းလာနေသလိုပဲ။"
“ဟာ…တကယ်ကြီးပဲဟ။"
မျက်စိလျင်သော ပင်လယ်ဓားပြအချို့က ဘော့ဘ်၏ ခန္ဓာကိုယ်ပေါ်မှ အပြောင်းအလဲများကို သတိပြုမိသွားကြသည်။ ရွှေခြေင်္သေ့နှင့် တိုက်ပွဲဖြစ်ပွားစဉ်အတွင်း သူရရှိခဲ့သော မြောက်မြားစွာသော ဒဏ်ရာများသည် ယခုအခါ တဖြည်းဖြည်းချင်း ပျောက်ကွယ်လာနေပြီး သွေးစွန်းရုံမျှသာ ကျန်ရှိတော့သည်။
အခြားသူများသည်လည်း ထိုသတိပြုမိမှုကြောင့် ဤဖြစ်ရပ်ဆန်းကို လှမ်းကြည့်လိုက်ကြသည်။ ထိုအရာကို မြင်လိုက်ရသောအခါ ပင်လယ်ဓားပြများသည် အံ့အားသင့်လွန်းသဖြင့် အသက်ရှူပင် မှားသွားကြတော့သည်။
ဘော့ဘ် စားသုံးလိုက်သော အစားအစာများသည် စွမ်းအင်အဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ကို ကုသပေးနေခြင်း ဖြစ်သည်။ ၎င်းသည် သူ ဤမျှလောက် အများကြီး စားနိုင်ရခြင်း၏ လျှို့ဝှက်ချက် ဖြစ်နေပေမလား။ တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှသည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံပင် ဖြစ်သည်။
သို့သော်လည်း ပင်လယ်ဓားပြများ၏ အံ့အားသင့်နေသော အကြည့်များကြားတွင် ဘော့ဘ်၏ အရှိန်မှာ လျော့ကျသွားမည့် အရိပ်အယောင် လုံးဝမပြဘဲ လောဘတကြီး ဆက်လက်စားသောက်နေခဲ့သည်။
သူ့ဘေးနားရှိ ကိုင်ဒိုမှာမူ...
ကိုင်ဒိုသည် အစပိုင်းတွင် ရှိခဲ့သော အရှိန်အဝါကြီးမားမှုကို ဆုံးရှုံးနေခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်နှာပေါ်မှ ပြင်းထန်သော အမူအရာများမှာ အခြားသော အသွင်အပြင်တစ်ခုဖြင့် အစားထိုးခြင်း ခံလိုက်ရသည်။ ၎င်းမှာ အစားအစာ အလွန်အကျွံ စားမိသူများ၌သာ တွေ့ရတတ်သည့် ထူးခြားသော အမူအရာပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူ၏ လက်လှုပ်ရှားမှုများသည် အသားတစ်တုံးကို လှမ်းယူလိုက်စဉ်မှာပင် တဖြည်းဖြည်း နှေးကွေးသွားခဲ့သည်။ ကိုင်ဒိုသည် မျက်တောင်ခတ်လိုက်ပြီး ထိုအသားတုံးကို ပါးစပ်ထဲသို့ ထိုးထည့်ရန် ကြိုးစားလိုက်သည်။ သို့သော် ရုတ်တရက်ပင် သူသည် ပျို့အန်ချင်စိတ် တဖွားဖွား ဖြစ်ပေါ်လာပြီး ယခုလေးတင် စားထားသည်များကို ပြန်အန်ထုတ်မိလုနီးပါး ဖြစ်သွားခဲ့သည်။
သားရဲတစ်ကောင်ကဲ့သို့ ဆက်လက်စားသောက်နေဆဲဖြစ်သော ဘော့ဘ်ကို လှမ်းကြည့်ရင်း ကိုင်ဒိုသည် ထိတ်လန့်တုန်လှုပ်သွားရသည်။
'ဒါက ရယ်စရာကောင်းလှချည်လား၊ စားတဲ့နေရာမှာ ဘော့ဘ်ကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး ထင်တယ်ဟ။'
ကိုင်ဒိုသည် မျက်လုံးများကို အသာဝေ့ယမ်းလိုက်ရင်း အစီအစဉ်တစ်ခုကို တွေးတောလိုက်သည်။ စားခြင်းဖြင့် အနိုင်မရနိုင်မှတော့ သောက်ခြင်းဖြင့် ပြိုင်ကြတာပေါ့။
"ဟွန့်... စားနိုင်တာက ဘာမှ မဟုတ်ပါဘူး၊ မင်းမှာ သတ္တိရှိရင် သောက်တဲ့နေရာမှာ ပြိုင်ကြမလား။"
ထိုသို့ပြောပြီးနောက် သူသည် အသားတုံးကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။
"သောက်နိုင်တဲ့သူမှသာ တကယ့် ယောက်ျားစစ်ကွ။"
ကိုင်ဒိုသည် မယုံကြည်နိုင်ဘဲ ရှိနေသည်။ ဘော့ဘ်သည် စားသည့်နေရာ၌ ဤမျှ ပြင်းထန်လှသော်လည်း သောက်သည့်နေရာတွင်ကော သူ့ကို အနိုင်ယူနိုင်ပါ့မလား။
ထိုစကားကို ကြားလိုက်ရသောအခါ စားသောက်နေဆဲဖြစ်သော ဘော့ဘ်မှာ ခေတ္တမျှ ရပ်တန့်သွားသည်။ ၎င်းသည် ကောင်းမွန်သော အကြံပြုချက်တစ်ခု ဖြစ်ပုံရပေသည်။ သူသည် အများကြီး စားထားသဖြင့် ရေငတ်သလို ခံစားနေရချိန်လည်း ဖြစ်သည်။ ထို့ကြောင့် သူက -
"ကောင်းပြီလေ၊ အရက်ယူလာခဲ့စမ်း။" ဟု ဘော့ဘ်သည်လည်း စားခြင်းကို ရပ်တန့်ကာ အော်ဟစ်လိုက်သည်။
ဤအချိန်တွင် ဘော့ဘ်သည် မိမိကိုယ်မိမိ ခြောက်ဆယ်ရာခိုင်နှုန်းခန့်သာ ဗိုက်ပြည့်သေးသည်ဟု ခံစားနေရသည်။ အရက်အချို့ သောက်လိုက်ပြီး အနည်းငယ် ထပ်စားလိုက်လျှင် ကွက်တိဖြစ်သွားပေလိမ့်မည်။
ထိုစကားကို ကြားလိုက်ရသောအခါ...
ပတ်ဝန်းကျင်ရှိ ပင်လယ်ဓားပြများသည် ဝမ်းမြောက်ဝမ်းသာ အားပေးကြတော့သည်။ အစားကိုမူ မည်သူမဆို စားနိုင်သော်လည်း အရက်ကိုမူ လူတိုင်း မသောက်နိုင်ကြချေ။ ၎င်းမှာ မည်သူက ပိုကြီးသော ဗိုက်ရှိသနည်းဆိုသည်ထက် မည်သူက အရက်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိသနည်းဟူသော အချက်ပေါ်တွင်သာ မူတည်ပေသည်။
မကြာမီမှာပင် ပြင်းထန်ပြီး မွှေးကြိုင်လှသော အရက်စည်ကြီးနှစ်စည်ကို သယ်ဆောင်လာခဲ့ကြသည်။ ထို့အပြင် ကြီးမားသော ခွက်ကြီးနှစ်လုံးလည်း ပါရှိပြီး တစ်ယောက်လျှင် စည်တစ်စည်၊ ခွက်တစ်လုံးစီ ရရှိကြသည်။
သို့သော်လည်း ကိုင်ဒိုသည် ခွက်ကို လုံးဝဂရုမစိုက်ဘဲ ရှိနေသည်။ သူသည် စည်ကို တိုက်ရိုက်မကာ ပါးစပ်ထဲသို့ တဂွတ်ဂွတ် လောင်းထည့်တော့သည်။
ကိုင်ဒိုနှင့် နှိုင်းယှဉ်ပါက ဘော့ဘ်မှာမူ ဆာလောင်မွတ်သိပ်မှုဒဏ် မရှိတော့သဖြင့် ပိုမိုသိမ်မွေ့ တည်ငြိမ်လှပေသည်။ ဘော့ဘ်သည် စည်ထဲမှ အရက်များကို အေးအေးလူလူပင် ငှဲ့ယူကာ တစ်ခွက်ပြီးတစ်ခွက် သောက်သုံးနေခဲ့တော့သည်။